Tuesday, December 31, 2013

ဒီနှစ်ရဲ့ ၃၆၆ မြောက်ရက်ကို နောက်နှစ်အဖြစ် လွှဲပြောင်းပေးလိုက်ခြင်း


၃၆၅ ခါထက်မကတဲ့
အဖြစ်တွေ၊ အပျက်တွေ
ပျော်ရွင်မှုတွေ၊ ဝမ်းနည်းခြင်းတွေ
ကြင်နာခြင်းတွေ နာကျင်ခြင်းတွေ
ရယ်မောခြင်းတွေ၊ ငိုကြွေးခြင်းတွေ
ခွင့်လွှတ်ခြင်းတွေ၊ ဥပက္ခာတွေ
ချစ်ခြင်းတွေ၊ မုန်းခြင်းတွေ
ကိုယ်ရင်ဆိုင်ခဲ့ပြီးပြီ။
အချို့ကို ကိုယ်လွှတ်ချခဲ့တယ်။
(လွတ်ကျခဲ့တာလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်)
အချို့ကို ဆက်လက်ထမ်းပိုးရင်း
ကိုယ် ဒီဘက်နှစ်ကို ခုန်ကူးလိုက်တယ်။
မနေ့ကနဲ့ ဒီနေ့ပဲ ပြောင်းလဲသွားတာပါ။
သိပ်တော့လည်း မထူးခဲ့ပါဘူး။

ကိုဇေ
December 31, 2013 (Tuesday) 12:36PM

Monday, December 30, 2013

တစ်ခါတုန်းက


နေညိုပြီဆို လေကပြိုလာတယ်
ဖေ့ဘုတ်ကနေ မတ်ဆေခ်ျ့တွေပို့ကြ
ဖုန်းတွေဆက်ကြနဲ့
၁၉ လမ်းမှာပဲ စော်အလန်းလေးတွေကြည့်ရင်း
သွားဆော်ရင်ကောင်းမလား
မသိန်းမှာပဲ ကြက်ဂွေးတောက်နဲ့
သွားဆော်ရင်ကောင်မလား
စိန်သရီးမှာပဲ ဘောပွဲလေးကြည့်ရင်း
သွားဆော်ရင်ကောင်မလား
ခန့်ကိုအိမ်မှာပဲ အင်တာနက်လေးသုံးရင်း
သွားဆော်ရင်ကောင်မလား..
ဘယ်မှာဆော်ဆော်
သွားဆော် ကိုယ်ဆော် နဲ့
တစ်ညတစ်ခါ ဆော်ပြီး
အကုန်ပျော်ခဲ့ကြတဲ့ညတွေ
ရှိခဲ့ဘူးတယ်လေ။

ဒီလိုနဲ့ပဲ
ကိုလောကဓံက ကြည်စယ်လို့
ဘဝတစ်ကွေ့လေးမှာ
အချစ်ဆိုတာလေးကို
တစ်ခါလေးပဲ သောက်လိုက်မိပါတယ်
တစ်ညစာမကလို့
တစ်ဘဝလုံးစာ မူးယစ်ရီဝေခဲ့ရပြီ ။ . . . ။

.
ကိုဇေ
December 30, 2013 (Monday)
3:03PM

Thursday, December 26, 2013

အသဲကွဲခြင်း အတတ်ပညာ


ကျွန်တော်လည်း အသဲကွဲဖူးတယ်။ ခင်ဗျားလည်း အသဲကွဲဖူးတယ်။ အသဲကွဲတယ်ဆိုတာ ရင်ထဲ ပန်းတွေပွင့်သွားသလို ဆွတ်ပျံ့ကြည်နူးဖွယ်ကောင်းတဲ့ ခံစားချက်မဟုတ်မှန်း ကျွန်တော်တို့သိတယ်။

အသဲကွဲတာမှာ အသက်အရွယ်မရှိပါဘူး။ ဆယ်ကျော်သက်ဘဝမှာလည်း အသဲကွဲနိုင်သလို လေးဆယ်ကျော်မှလည်း ကွဲချင် ကွဲနိုင်တာပဲလေ။ အသဲဘာလို့ကွဲလည်း ဆိုရင် ချစ်မိလို့ အသဲကွဲတယ်။ ဘာလို့ချစ်မိလည်း ဆိုရင်တော့ ကျွန်တော်တို့က ပုထုစဉ်လူသားတွေ ဖြစ်ပြီး မရှောင်နိုင်လို့ပေါ့ဗျာ။ ချစ်မိမှတော့ အနိုင်အရှုံးဆိုတာလည်း မစဉ်းစားပါနဲ့။ အချစ်ဆိုတာ ပြိုင်ပွဲတစ်ခုမှ မဟုတ်တာ။ ချစ်မိရင် ကိုယ်လည်း ပြန်အချစ်ခံချင်မယ်။ ဒါသဘာဝပဲလေ။ အဲ... ရည်းစားထားမယ် ဆိုရင် အကြီးဆုံးယူရတဲ့ RISK က အသဲကွဲဖို့ပဲလေ။ ကျွန်တော်တို့  ချစ်တဲ့သူတွေက ပြန်မချစ်တဲ့ အခါ အသဲကွဲနိုင်တယ်။ ချစ်သူတွေဖြစ်ပြီး နားလည်မှုလွဲလို့ ထားခဲ့ခံရရင်လည်း အသဲကွဲနိုင်တယ်။. တစ်ခါတစ်လေ (မိန်းကလေးတွေ) စထားသွားပြီးတော့လည်း ကိုယ်က ပြန်ပြီး အသဲကွဲနိုင်တယ်။ (မိန်းကလေးဆိုတာက သူကို့စထားသွားခံရမှာ သိပ်ကြောက်တာကို… ရှေ့ဆက်ရင်လည်း မဝံ့မရဲဖြစ်၊ ပိုခံစားရနိုင်မယ်မှန်း သိတဲ့အခါ ကိုယ်က ထားသွားပြီး အသဲကွဲတတ်ကြတယ်လေ) တစ်ခါတစ်လေ တစ်ဖက်ပဲ အသဲကွဲတယ်။ များသောအားဖြင့်တော့ နှစ်ဖက်လုံး အသဲကွဲတတ်ကြပါတယ်။ 

အသဲကွဲတဲ့အခါ ဖြစ်တတ်တဲ့ လက္ခဏာတွေက မပျော်မရွင်ဖြစ်လာမယ်။ စားချင် သောက်ချင်စိတ်ပျောက်မယ်။ တစ်မှိုင်မှိုင်ဖြစ်နေမယ်။ ဘာမှလုပ်ချင်ကိုင်ချင်စိတ် မရှိတော့ဘူး။ သူများအတွဲတွေကို တွေ့ရင် ကြည်နူးသလိုလိုနဲ့ ဝမ်းနည်းလာတတ်တယ်။ တစ်ခါတစ်လေ အပြင်ပန်းမှာ ဟန်ဆောင်နေနိုင်ရင်တောင်မှ ရင်ထဲမှာတော့ ပဒိုင်းသီးတွေ သီးနေမှာ အမှန်ပဲ။

အသဲကွဲပြီးတဲ့အခါ လုပ်တတ်တာတွေက စိတ်ပြေလက်ပျောက် လျှောက်လုပ်မိမယ်။ အရက်သောက်ချင် သောက်ဖြစ်လိမ့်မယ်။ အချို့ဆို ကိုယ့်ကိုယ်ကို ပြန်နှိပ်စက်မိလိမ့်မယ်။ အမှတ်တရ နေရာလေးတွေမှာ ယောင်တီးယောင်တောင် နဲ့သွားစောင့်မိမယ်။ (အဲအချိန် အခန့်မသင့်ရင် မျက်ရည်ကျမယ်) အသဲကွဲတယ်ဆိုတာ တော်တော်ကြီးကို စိုးရွားတဲ့ ခံစားချက်ကြီးပါ။ တစ်ခါတစ်လေ အချို့ဆို အမုန်းနဲ့ မဟုတ်ဘဲ လမ်းခွဲလိုက်တဲ့အခါ စိတ်မထိန်းနိုင်ဘဲ ပြသနာရှာမိလို့ အခန့်မသင့်ရင် ပြန်အဆင်ပြေနိုင်တဲ့ အခြေအနေကနေ အမုန်းဘက် လည်း ကူးပြောင်းသွားတတ်ပါသေးတယ်။

ယောက်ျားလေးတွေ အရက်သောက်တာကတော့ ထွက်ပေါက်ရှာတဲ့နည်းအစစ်မဟုတ်ပါဘူး။ မူးရင် သက်သာမယ်ဆိုတာ အထင်ပါ။ တစ်ကယ်တော့ မူးမှ ဝေဒနာတွေက ပိုဆိုးတာ။ အဲအချိန်ကိုယ်က အရက်ကို မထိန်းချုပ်နိုင်ဘဲ အရက်က ကိုယ့်ကို ထိန်းချုပ်သွားရင် အမှားပါတတ်ပါတယ်။ အဲတော့ ပျော်မယ်ထင်ရင် အရက်သောက်ပါ။ စိတ်ညစ်နေလို့တော့ အရက်မသောက်ပါနဲ့။ ပိုပြီးတော့ စိတ်ညစ်သွားလိမ့်မယ်။

တစ်ကယ်တော့ အပေါ်မှာ ပြောခဲ့တာတွေက စစ်မှန်တဲ့ ဖြေရှင်းနည်း မဟုတ်တာတော့ သေချာတယ်။ အဲဒါတွေလုပ်လို့ ပြန်အဆင်ပြေမှလားဆိုရင် ပိုဆိုးသွားဖို့ပဲရှိတယ်။ အသဲကွဲတာဟာ မဖြေရှင်းနိုင်တဲ့ ပုစ္ဆာတစ်ပုဒ်ပဲလား။ အဲလိုတော့လည်း မဟုတ်လောက်ပါဘူး။ သူ့ကို ဖြေရှင်းလို့ရနိုင်ပါတယ်။ ဖြေရှင်းနည်းမှားရင်သာ ပြသနာရှိနေနိုင်တာပါ။

အချစ်ဆိုတာမျိုးက စာရွက်အကောင်းစားပေါ် မှာ ခဲတံခပ်ညံ့ညံ့နဲ့ ခပ်ဖွဖွ စာရေးမိသလိုပါပဲ။ အချိန်ကာလ တစ်ခုကြာရင် မှာ စာရွက်ပေါ်က စာတွေ ပျောက်သွားမယ်။ အဲဒီအပေါ် overwrite လုပ်ဖြစ်လိမ့်မယ်။ တစ်ခါထပ်ပျောက်သွားပြီး နောက်တစ်ခါ ထပ်ရေးချင်ရေးဖြစ်လိမ့်မယ်။ အချိန်ကာလတစ်ခုတော့ စောင့်ရမှာပေါ့။ အဲလိုအလှည့်အပြောင်းတစ်ခု ကြားမှာ အသဲကွဲမိ တတ်ကြတယ်လေ။ အသဲကွဲလို့ ဘဝကို နစ်မွန်းခံလိုက်မယ်ဆိုရင်….. အထူးသဖြင့် ဆယ်ကျော်သက်၊ နှစ်ဆယ်စွန်းစ လူငယ်တွေဟာ ဘဝမှာ ရွေးချယ်ပိုင်ခွင့် အများကြီးရှိပါသေးတယ်။ ဒါပေမဲ့ အချိန်က ရပ်မနေခဲ့ဘူးလေ။ အဲတော့ ဒီအတိုင်းနေရင် ဆုံးရှုံးခြင်းတွေချည်းပဲ ဖြစ်လာလိမ့်မယ်။ အသဲကွဲခြင်းကို အတတ်ပညာ တစ်ခုလို့ သဘောထားကြည့်ရအောင်ဗျာ။

အသဲကွဲတဲ့အခါမှာ အနားမှာ ကိုယ့်ကိုဖေးမနိုင်မဲ့ မိတ်ဆွေကောင်းတွေ ရှိနေရင်တော့ အကောင်းဆုံးပေါ့ဗျာ။ သူတို့ဆီကနေ သင်ယူနိုင်စရာ အများကြီးရပါတယ်။ အရင်ဆုံးတော့ ကိုယ့်ကိုယ်ကို အမှန်အတိုင်း ဝန်ခံဖို့လိုတယ်။ ငါ့မှာ ဘာအားနည်းချက်တွေရှိလည်း။ ငါ့မှာ ဘာချို့ယွင်းချက်တွေရှိလည်း။ ကိုယ့်ကိုယ်ကို ဘာတွေညာမိထားလည်း။ အဲတာတွေ သိတဲ့ အခါ ကျွန်တော်တို့ ပြုပြင်ယူနိုင်တာတွေ ရှိတယ်။ ယောက်ျားလေးတွေဆို သူကပြန်ကြိုက်ချင်မှပြန်ကြိုက်မှာ လက်ခံချင်မှ လက်ခံမှာ ဖြစ်ပေမဲ့… ကိုယ့်ကိုယ်ကို မိန်းမတစ်ယောက် အားကိုးနိုင်ဖို့၊ လေးစားခံနိုင်ဖို့အတွက် ရှေ့ဆက်ရမယ်လေ။ မိန်းမတွေကိုယ်တိုင်ကလည်း သူတို့ ပျော့ညံ့တဲ့ ယောက်ျားမျိုးကို မကြိုက်ပါဘူးတဲ့။ သေချာတာက ကိုယ့်ဆီသူပြန်မလာတောင် ကိုယ်က ပျော့ညံ့နေရင် သူကကိုယ့်ကို ပိုအထင်သေးသွားပြီး သူလမ်းခွဲတာအရမ်းမှန်တယ်လို့တောင် ထင်ချင်ထင်သွားမှာ။ ရင်ထဲမှာ မုန်တိုင်းတိုက်နေတာ တိုက်နေလို့ရပါတယ်။ အပြင်ပန်းမှာတော့ ကိုယ်လုပ်စရာ ရှိတာလုပ်နေရဦးမှာပဲလေ။ သူပဲ ပြန်လာလို့ ဖြစ်စေ၊ ကိုယ်ပဲ နောက်တစ်ချိန် နောက်တစ်ယောက်တွေ့ခဲ့လို့ ဖြစ်စေ၊ ကိုယ့်ကို ယုံကြည်အောင်၊ အားကိုးထိုက်အောင်၊ လေးစားအောင် ကိုယ်က ရှိနေမှ တော်ရာကျမှာပေါ့။ မိန်းကလေးတွေ အနေနဲ့ကလည်း မကောင်းတဲ့ ယောက်ျားတစ်ယောက်ကြောင့် အသဲကွဲခဲ့ရတယ်ဆိုရင်တောင် ယောက်ျားတိုင်း မကောင်းဘူးဆိုတဲ့ အမြင်မျိုး ဖြစ်မသွားဖို့ အရေးကြီးပါတယ်။ ကောင်းတဲ့ ယောက်ျားတွေ အများကြီးရှိပါတယ်။ ပြီးတော့ အတိတ်မှာ ဘာတွေဖြစ်ခဲ့ဖြစ်ခဲ့ တစ်ကယ်ချစ်တဲ့ ယောက်ျားတွေက အားလုံးကို ခွင့်လွှတ်နားလည်ပေးနိုင်ပါတယ်။ ကိုယ့်ကိုယ်ကို မနစ်မွန်းစေဖို့ အရေးကြီးပါတယ်။

ဒီစာကို ရေးချင်လို့သာ ရေးလိုက်တာပါ။ တစ်ကယ်တော့ ကျွန်တော်ကိုယ်တိုင်ကိုက အချစ်နဲ့ ပတ်သက်ရင် ဆရာကြီးတစ်ဆူတော့လည်း မဟုတ်ခဲ့ပါဘူး။ ရည်းစားလည်း လက်ချိုးပြီး မရည်နိုင်လောက် အောင် ထားခဲ့ဘူးတာ မဟုတ်ဘူး။ ကိုယ့် ပြသနာကို တောင် ဖြေရှင်းဖို့ မနဲ ကြိုးစားနေရတာပါ။ အဲတော့ ကျွန်တော် ပြောတာ အချို့က လွဲချင်လွဲလိမ့်မယ်။ အသဲကွဲတာကို ဖြေရှင်းဖို့ နည်းလည်း ကျွန်တော် မသိပါဘူး။ ကျွန်တော်က အသည်းကွဲတာကလည်း ကွဲတာ။ လုပ်စရာရှိတာလုပ်သင့်တာက လည်းလုပ်ကိုလုပ်ရမှာ ဆိုတာ ခွဲခြားပြီး မြင်သွားတာလေး တစ်ခုပါ။ အသဲကွဲပြီးတဲ့ နောက်မှာ သင်ပိုရင့်ကျက်သွားဖို့တော့လိုပါတယ်။ လဲကျမသွားပါစေနဲ့။ ဒီလိုမှ မဟုတ် နောက်တစ်ကြိမ်အသဲကွဲတာက ပိုဆိုးပါလိမ့်မယ်။ ကျွန်တော်တို့တွေ အသဲကွဲခြင်းဆီကနေ ဘဝနေနည်းတွေ သင်ယူလိုက်ကြရအောင်ဗျာ။


ကိုဇေ

December 26, 2013 (Thursday) 2:05PM

Monday, December 23, 2013

ပယင်းရောင် သို့ တမ်းချင်း


အော်… ဆောင်းညတွေက ကပိုကရိုနဲ့ ရောက်လာခဲ့ပြန်တယ်။ ဆောင်းကအေးပေမဲ့ ကျွန်တော့အနား ကောင်မလေး တစ်ယောက် (ချစ်သူတစ်ယောက်) အနွေးဓာတ်လေးပေးဖို့ မရှိခဲ့ဘူး။ စိတ်ကူးသာယဉ်နေတာပါ။ ဒီအရွယ်အထိ ဘယ်ဆောင်းကာလမှာမှ အနားမှာ ချစ်သူရှိခဲ့ဘူးတာမှ မဟုတ်တာ။ ပယင်းရောင်ကလွဲလို့ပေါ့။ ခုလိုဆောင်းညတွေမှာ ပယင်းရောင်က ကျွန်တော့ကို အဖော်ပြုပေးခဲ့ဘူးတယ်လေ။

ပယင်းရောင်ကို ကျွန်တော်မချစ်ဘူး။ ဒါပေမဲ့ ကြိုက်တယ်။ ဒီထက်ပိုပြောရရင် ပယင်းရောင်ရဲ့ ရီဝေဝေအထိတွေ့တွေကို သဘောကျတယ်။ ပယင်းရောင်ရဲ့ ယုယုယယ အပြုအစုတွေကို နှစ်ချိုက်တယ်။ ကျွန်တော်ကလည်း ပယင်းရောင် အကြောင်းနောကျေပြီး အကိုင်အတွယ်တတ်တာလည်း ပါလိမ့်မပေါ့။ (ပယင်းရောင်က အကိုင်အတွယ် တတ်ဖို့လိုတယ်လေ၊ သူ့ကို အကိုင်အတွယ်မတတ်ရင် ဒုက္ခရောက်တတ်တယ်။ အခန့်မသင့်ရင် သေတတ်တယ်။ ကိုယ်အကိုင်အတွယ်မတတ်ဘဲ ဒုက္ခရောက်မှ လူတွေက ပယင်းရောင်ကို အပြစ်ပုံချတတ်သေးတယ်လေ) ပယင်းရောင်က ကျွန်တော် သူ့ကိုမလိုတဲ့ နေ့ဘက်တွေဆို အလိုက်တသိ ရှောင်ပေးတယ်။ ဒါပေမဲ့ ညနေနေညိုရင် ပယင်းရောင်ကို တမ်းတလို့ပေါ့။ ကျွန်တော့်ရဲ့ ညတွေ ပယင်းရောင်နဲ့ ညစဉ်ရက်စက် ပျော်ပါးခဲ့ဘူးတယ်လေ။ တစ်ခါတစ်လေဆို မိုးတောင်လင်းခဲ့ရော…။

ပယင်းရောင်က အသဲမခွဲတတ်ဘူး။ ဒါပေမဲ့ သူက အသဲတစ်ခုလုံးကို စားပစ်ချင်တာလေ…။

ဒီအချိန်မှာပဲ ကျွန်တော် မစိုက်ပျိုးခဲ့ဘူးပေမဲ့ ဘယ်အချိန်ကတည်းက ပေါက်မှန်းမသိပေါက်နေတဲ့ ရင်ထဲက အပင်လေးက အဖူးလေး ငုံလာတယ်။ ကျွန်တော် သတိထားမိတော့ အမြစ်တောင် တော်တော်တွယ်နေပြီလေ။ ကျွန်တော် အဲအချိန် စိတ်တွေလှုပ်ရှားလိုက်တာ။ ကျွန်တော်က ပန်းတွေ ပွင့်တော့မယ်ပေါ့… မျှော်လင့်နေလိုက်တာ။ အပျော်လွန်ပြီး ပယင်းရောင်ကိုတောင် မေ့နေခဲ့တယ်လေ။ ပယင်းရောင်ရဲ့ အထိအတွေ့ အယုအယတွေအားလုံး စိတ်ထဲကတောင် ပျောက်နေတယ်။ အပင်လေးရဲ့ အမြစ်ကလည်း နှလုံးသားထဲအထိ တွယ်သွားပြီး အဲအချိန်ကစလို့ မူးယစ်ရီဝေလာလိုက်တာ တစ်ဘဝလုံးစာကို လုံလောက်သွားတယ်။

ဒီလိုနဲ့ . . . ပန်းတွေပွင့်ဖို့ မျှော်လင့်နေတုန်း…. ရုတ်တရက်ကြီး သီးလာတဲ့ အသီးတွေက…. အား….. ခုတော့ ဆူးမှာကြောက်လို့ စားလိုက်၊ ရူးမှာကြောက်လို့ ဆုတ်လိုက်နဲ့… ဘဝတစ်ခုလုံး ချာချာလည်ခဲ့ပြီလေ။

ပယင်းရောင်က သဝန်မတိုတတ်ဘူး။ ကျွန်တော် ပြန်လာမယ်ဆိုလည်း ဘယ်အချိန်ဖြစ်ဖြစ် ကြိုနေမှာပဲ။ အသည်းကို အစားခံနိုင်မယ်ဆိုရင် အရင်လို နူးညံ့တဲ့ အထိအတွေ့ ယုယမှုတွေ ပေးနေဦးမှာ။ ရံဖန်ရံခါ ပြန်သွားချင်ပေမဲ့ တစ်ဘဝလုံးစာတော့ ကျွန်တော် မပေးချင်ဘူးလေ။ သစ်ပင်လေးက ဒီဘဝတင်မက သံသရာတစ်ခုစာ မူးယစ်ရီဝေမှုတွေ ပေးထားခဲ့ပြီပဲ။

ကျွန်တော့်သစ်ပင်လေးဆီက ဘာတွေပဲ ဖူးပွင့်လာပါစေ။ အဆိပ်သီး သီးခဲ့ရင်လည်း ရဲရဲကြီးစားမယ်။ ပန်းတွေပွင့်လာခဲ့ရင်လည်း ယုယစွာ နမ်းရှိုက်မယ်။ အဲဒီအပင်လေး ရှင်သန်နေရင်ပဲ ကျွန်တော် ကျေနပ်ပါပြီ။ သူ့ကို အမြစ်က ဆွဲနှုတ်ဖို့ ကျွန်တော် ကြိုးစားမှာ မဟုတ်ဘူး။ သူ့အလိုလိုရှင်သန်နေပေမဲ့ ဒီထက်ပိုပြီး ဖွင့်ထွားအောင် ကျွန်တော် ရေလောင်းပေါင်းသင်ပေးနေဦးမှာပဲ။

ပယင်းရောင်က ကျွန်တော့်ကို သစ္စာဖောက်လို့ မစွပ်စွဲခဲ့ပါဘူး။ ပယင်းရောင်က ဘုရားသခင်တွေအားလုံးကို လွန်ဆန်ပြီး ကျွန်တော့်ကို ချစ်တယ်။ ကျွန်တော်တို့ကို ချစ်တယ်။ ဒါပေမဲ့ . . . ခွင့် လွှတ် ပါ တော့ . . . ။

တစ်ခါတစ်လေ (ကြုံတောင့်ကြုံခဲ) မှာ ပယင်းရောင်နဲ့ ကျွန်တော်တို့ ညီအစ်ကို တစ်ဖွဲ့ လာရောက်ပျော်ပါးပါဦးမယ်။ မျှော်နေမယ်ဆိုတာ သိပါတယ် ပယင်းရောင်ရယ်။          ။

(October 4, 2010 တုန်းက Khant Ko ပေးခဲ့တဲ့ နာမည်လေးတစ်ခု ယူသုံးသည်)


ကိုဇေ
December 23, 2013 (Monday) 6:47AM

(စကားတစ်ခွန်းကိုကြားယောင်ကာ ဝိုင်တစ်ပုလင်းကိုကြည့်ရင်း ခံစားမိခြင်း)



Friday, December 20, 2013

ကောင်းကင်ရဲ့အတောင်ပံ


ကောင်းကင်ရဲ့အတောင်ပံ
(For my lovely Honey)

မောင်လှမျိုး (ချင်းချောင်းခြံ)

နီးရက်နဲ့ ဝေးရတာကိုက
ချစ်သူတို့ရဲ့
အဖြစ်ဆိုးပါကွယ်။

လမင်းကိုငေးကြည့်လျှင်
ချစ်သူ့မျက်နှာလို့ ထင်ချင်စရာ…
တစ်ခါတစ်ခါ
အနီးကပ်ဆုံး ကြယ်တစ်ပွင့်အဖြစ်
ချစ်သူ့အနားမှာ
လင်းလဲ့ပစ်လိုက်ချင်တယ်။
လမိုက်သွားပြန်ရင်တော့
ကြယ်ပွင့်လေးလည်း… ခေါင်းငိုက်
ကိုယ့်ကမ္ဘာလည်း
မှောင်မိုက်သွားပေါ့ကွယ်။
(၁၉.၆.၉၉)

Friday, December 13, 2013

ဆွေး


ကမ်းနှင့်အလှမ်းဝေး ရွက်လှေလေး
ဘယ်ဆီကိုရောက် လမ်းလည်းပျောက်
လေနောက်လိုက်ပြေး ကမ်အဝေးဆီ
လှိုင်းလုံးတွေကြား တအားပြေးလေပြီ။

သူလည်းပြေးလွှား တောအုပ်ကြားဝယ်
ဘယ်ကိုမြန်းမည် မသေချာသည့်
သခင်မပါ ကြိုးသားပါ ဖြူကြားနှင့်ခွေး
သူလည်းအဝေး တအားပြေးလေပြီ။

နွမ့်မှည့်ရင့်ခြောက် သစ်ရွက်တို့လည်း
ပင်ယံထက်တွင် သခင်လက်မခံ
လေအဝှေ့တွင် မြေ၌စံဖို့
မြေဆီသို့ တဝေးလွင့်လေပြီ။

ထိုသို့တူစွာ လွမ်းသူမှာလည်း
ချစ်သူလက်မခံ နွမ်းသည့်ပန်းနှယ်
ဝေးလွင့်ပြည်ဖို့ စိတ်လိုရာသို့
လွင့်မြောဖို့ တအားဆွေးလေပြီ။



ကိုဇေ
(၉၆/၉၇ ပတ်ဝန်းကျင်လောက်က ရေးဖြစ်ခဲ့တာ)

မာနမဲ့စွာ


ပြက်ရယ်မှုကိုခံရသည့်အခါ
အားငယ်သွားတတ်သော်လည်း
မည်သည့်အခါမှ စိတ်မဆိုးရက်ပါလေ။

အနိုင်ကျင့်မှုကိုခံရသည့်အခါ
ဝမ်းနည်းသွားတတ်သော်လည်း
မည်သည့်အခါမှ မနာကြဉ်းရက်ပါလေ။

တန်ဖိုးမထားမှုကိုခံရသည့်အခါ
မကျေနပ်မှုကိုခံစားရတတ်သော်လည်း
မည်သည့်အခါမှ မငြိုငြင်ရက်ပါလေ။

စွန့်ပစ်သွားခြင်းကိုခံရသည့်အခါ
ကျွမ်းမြေ့လောင်မြိုက်စွာ ပူပင်ရသော်လည်း
မည်သည့်အခါမှ မေ့လျော့၍မရနိုင်လေ။

စတွေ့သည်မှ
ငါသည်သင့်အား
မာနတရားကို ပေးအပ်ထားခဲ့သောကြောင့်တည်း။          ။


မောင်စိန်ဝင်း (ပုတီးကုန်း)

Tuesday, December 3, 2013

ဆုတောင်း


ဝေခဲ့တဲ့နေ့တွေမှာ
ကြွေရမဲ့အကြောင်း
ခပ်ရေးရေးတောင်
မတွေးမိခဲ့ပါဘူး။

လေအဝှေ့မှာ ကြွေကာကျ
မြေပြင်ဆီ စံကာမြန်းမှတော့
ပင်မြင့်စံ ဂေါ်သဇင်လို
ဘဝင်မှာ လေမဟပ်နိုင်ပါဘူး။

တစ်ယုတစ်ယနဲ့
ကောက်ယူကာမနမ်းခဲ့တောင်မှ
ရှူရှိုက်သူရင် ဘဝင်ခိုက်
ခရေပန်းလေးတော့ ဖြစ်ပါရစေ။

ကိုဇေ
December 3, 2013 (Tuesday) 6:24PM

ပလုံ


ရေထဲကိုခဲကျသွားတာလည်းဖြစ်နိင်တယ်....
ရေထဲက ငါးခုန်တက်လာတာလည်း ဖြစ်နိင်တယ်....
တစ်နေ့မှာ ငါ့အထ္ထုပ္ပတ္တိကို ငါဖွင့်ကြည့်လိုက်တယ်....
ဘယ်လိုဖြစ်သွားသလဲမသိဘူး...
“ပလုံ”

တာရာမင်းဝေ

(တာရာမင်းဝေနောက်ဆုံးရေးခဲ့တဲ့ ကဗျာပါ။ ဒီလင်ခ့် ကနေကူးယူဖော်ပြပါတယ်)

Saturday, November 30, 2013

မိတ်ဆွေတစ်ဦးအကြောင်း


ဘယ်တစ်ချက် ညာတစ်ချက်
အဲကောင်စောက်ခွက်
အားပါးတရ ထိုးလိုက်ချင်ပေမဲ့
ဒင်းကတော့ အပြုံးပျက်မှာမဟုတ်
ငါ့မှာသာ လက်နာပြီးကျန်ခဲ့မှာ။

အခါးတွေစားရပါများလို့
တစ်ဘဝစာခါးပါတော့မယ်ဆိုမှ
အချိုဆိုတဲ့အရာသာအလှည့်အပြောင်း
စွဲမက်ဖွယ်ဖြစ်အောင် ဒင်းကထိုးကျွေးတယ်။

အချိုတွေငါ့ကိုလာကြွေးလို့
စားလက်စပန်းကန်ထဲ
ဒင်းကသဲပက်ထည့်တတ်တယ်။

ဒင်းနာမည်ကိုက ကိုလောကဓံတဲ့
မြင့်နေတုန်း တာဝတိံသာအထိပို့တတ်သလို
နိမ့်နေတုန်းလည်း အဝီဇိအထိ
စောင့်ကန်ချတတ်တယ်။

လူဆိုတာကလည်း
အကောင်းပဲကြိုက်တတ်တဲ့ သတ္တဝါမို့
ဒင်းမကောင်းတဲ့အချိန်
အပြင်တင်မိတာလည်း မဆန်းပါဘူး။

ဒီသံသရာလည်နေသမျှ
ဒင်းစိုးမိုးချယ်လှယ်သမျှ
မလွတ်ကင်းနိုင်မှန်းသိမှတော့
ရန်သူလိုဖြစ်မဲ့အစား မိတ်ဆွေတော်လိုက်ပြီ။

အချိုပဲစားရစားရ အခါးပဲစားရစားရ
ကျုပ်လျှာကတော့ဖြင့် ထုံသွားပြီ
ဒင်းဆိုးပြီး ပြန်ကောင်းမဲ့အချိန်
မသေသေးရင်းစောင့်နေမယ်
ကဲ… လာချင်ရာသာလာခဲ့။        ။

ကိုဇေ

November 30, 2013 (Saturday) 5:28PM

Thursday, November 28, 2013

လက်ထပ်ပွဲ


အကြင်နာဟာ
ဖိတ်စာကို ကမ်းပြီး
တစ်လှမ်းချင်း လာနေတယ်။

ပြောင်ပြောင်လက်လက်တွေ မလိုဘူး
ပြိုးပြိုးပြက်ပြက်တွေ မလိုဘူး
အဆောင်အယောင်တွေ
အယောင်ဆောင်တွေ မလိုပါဘူးကွယ်။

ဟိုပုဂ္ဂိုလ်ကြီး စွပ်ပေးမဲ့ပန်းကုန်းမှ မဟုတ်ဘူး
ဟိုကတော်ကြီး စွပ်ပေးမဲ့ လက်စွပ်မှ မဟုတ်ဘူး
ဟိုခမ်းခမ်းနားနား
ဟိုတယ်ခန်းမကြီးမှ မဟုတ်ပါဘူးကွယ်။

လက်ထပ်တယ်ဆိုတာ
ဘဝနှစ်ခု တစ်ခုထဲ ထပ်လိုက်တာ
လက်ထပ်တယ်ဆိုတာ
အသက်ရှူသံ တစ်ခုထဲ ထွက်တော့ထာ
ပြီးတော့
လက်ထပ်တယ်ဆိုတာ
နှစ်ကိုယ်ကြား နားလည်မှုဘာသာဗေဒနဲ့
ယုံကြည်သက်ဝင်စွာ
တိမ်းမူးရူးသွပ်စွာ
ချက်မက်မြတ်နိုးစွာ
ကမ္ဘာသစ်တစ်ခုကို ဖန်တီးကြခြင်းသာ ဖြစ်တယ်။

ခေလွန်း

မူရင်းလင့် ဒီမှာ

မှန်ကြည့်ဖြစ်သောအကြောင်း


လူ့အဖွဲ့အစည်းကြီးက

ကိုယ်ငိုနေတဲ့ အချိန် လှောင်ရယ်ပြီး

ကိုယ်ပျော်တဲ့ အချိန် မဲ့ပြနေကြလို့

မှန်တစ်ချပ်ဆောင်ထားမိသွားရင်း

မှန်ကြည့်တဲ့ အလေ့အကျင့်ရလာခဲ့တယ်။



ကိုဇေ
November 28, 2013 (Thursday) 11:42 AM

Tuesday, November 19, 2013

ကိုဇေ ဒိုတာ မုန်းသောအကြောင်းရင်းများ


ဖြစ်ရပ်(၁)။ ကိုဇေနှင့်အရမ်းခင်သော ကောင်လေးကောင်မလေး အတွဲတစ်တွဲရှိပါသည်။ ကောင်လေးသည် ကောင်မလေးအား ခဏခဏ ချိန်းပါသည်။ ချိန်းတိုင်း ကောင်မလေးမှစောရောက်ပါသည်။ ကောင်လေးသည် အမြဲနောက်ကျပါသည်။ တစ်ခါတစ်ရံ ရောက်မလာတတ်ပါ။ ထိုအခါကောင်မလေးမှ ကောင်လေးရှိတတ်သော ဂိမ်းဆိုင်သို့လိုက်သွားပါသည်။ ထိုအခါတွင်လည် ဒိုတာသမားများ၏ ဖရုသ၀ါစစကားများကိုနားထောင်ရင်း ထိုင်စောင့်ပေးရတတ်ပါသည်။ မတတ်သာသည့်အဆုံး ကောင်မလေးနောက် ကောင်လေးပါသွားသော အခါ ဆိုင်ထဲတွင်ကျန်ခဲ့သော သကောင့်သားများမှ မကြားတကြား စောင်းမြောင်းပုတ်ခတ် ပြောဆိုတတ်ပါသည်။ ကြာသောအခါကောင်မလေးတွင် ညည်းခံနိုင်မှု ကုန်ဆုံးသွားသောအခါ ကောင်လေး ကိုဖြတ်ပစ်လိုက်ပါသည်။

ဖြစ်ရပ်(၂)။ ထိုအတွဲကဲ့သို့နောက်တစ်တွဲရှိပါသည်။ ထိုကောင်လေး သည် အပေါ်မှကောင်လေးလောက်တော့မဆိုးပါ။ ကောင်မလေးသည် အလုပ်ရှုပ်သောကြောင့်သိပ်လည်းမတွေ့ဖြစ်ပါ။ သူသည် နေ့မှန်းညမှန်းမသိဒိုတာခုတ်ပါသည်။ သူကောင်မလေးမွေးနေ့ကိုမေ့သွားပါသည်။ ကောင်မလေးက ကြိုပြောထားရက်နှင့်ညဘက်ဒိုတာခုတ် အိပ်ပျော်ပီး နေ့စွဲမေ့ပီး မေ့သွားခြင်းဖြစ်ပါသည်။ ကောင်မလေးလုံးဝခွင့်မလွှတ်ပါ. ခွင့်လွှတ်စရာအကြောင်းလည်းမရှိပါ။ ကောင်မလေးများ မွေးနေ့ကဲ့သို့နေ့များကိုတန်ဖိုးထားတတ်မှန်း ကောင်လေးများသိသင့်ပါသည်။

ဖြစ်ရပ်(၃)။ ကောင်မလေးသည် အော်ဇီတွင်ကျောင်းတက်နေပါသည်။ သူရန်ကုန်ပြန်ဖြစ်ဖို့သေချာမသေချာ ဖြစ်နေပါသည်။ သေချာသွားသောနေ့တွင် သူ့ကောင်လေးကိုဂျီတော့တွင်တွေ့သဖြင့် ၀မ်းသာအားရလှမ်းခေါ်၍ ပြောပြလိုက်ပါသည်။ ၂နာရီအတွင်း ကောင်လေးထံမှ ဘာမှပြန်ခြင်းမရှိပါ။ ကောင်မလေးစိတ်တို၍ ကိုဇေအားတိုင်ပါသည်။ ၂နာ၇ီခွဲလောက်ကြာမှ ထိုကောင်လေးတက်လာပါသည်။ ဒိုတာခုတ်နေလို့ခနစောင့်ပါဟုသာ ပြောသွားပါသည်။ ကောင်မလေးအားချော့ခြင်းလည်းမရှိပါ. ကိုဇေ ထိုကောင်လေး၏ကောင်းကြောင်းများကို ကောင်မလေးအားများစွာပြောပြပေးဘူးပါသည်။ သို့သော်......

ဖြစ်ရပ်(၄)။ တစ်နေ့ကိုဇေinbox ထဲသို့မတွေ့တာကြာပီဖြစ်သော သူငယ်ချင်းမှအိမ်လာမည်ဟူသော မေးတစ်စောင်ကို အချိန်နီးမှကပ်ရပါသည်။ ထိုနေ့တွင် ကိုဇေအရေးတစ်ကြီးကိစ္စြုဖင့် အပြင်သွားစရာရှိပါသည်. သို့သော် သူငယ်ချင်းကိုတွေ့ချင်သဖြင့် ထိုင်စောင့်နေပါသည်. နေ့လည် ၁၂နာရီ အိမ်တွင်ထမင်းပါစားမည်ဟု ပြောထားသောသူငယ်ချင်းသည် ညနေ၄နာရီအထိ ပြန်မလာပါ။ ကိုဇေသည် သူငယ်ချင်းဝက်သားကြိုက်မှန်းသိသဖြင့် ကိုယ်တိုင် မစားပေးမဲ့ ချက်ထားပါသည်။ နောက်နေ့ညမှ offline msg တစ်စောင်ရပါသည်. ချိန်းပွဲဖြစ်လို့ စောရီးတဲ့။ ကိုဇေတွင်လည်း ဒိုတာထက်အရေးတစ်ကြီးကိစ္စများရှိတတ်ပါသည်။

ဖြစ်ရပ်(၅)။ ကိုဇေအုတ်ကျင်းတွင်နေပါသည်. စမ်းချောင်းတွင်ကိုဇေအရမ်းခင်သော သူငယ်ချင်းတစ်ယောက်ရှိပါသည်။ မိုးရွာနေသော တစ်ညနေတွင် အွန်လိုင်းတွင်ကိုဇေနှုင့်ထိုသူငယ်ချင်းတွေ့ရာ သူမှ ပြောစရာရှိသဖြင့် သူ့ဆီင်္လာရန်ပြောပါသည်။ မိုးရွာထဲတွင်ကိုဇေအရောက်သွားပါသည်။ သူ့ချိန်းသောနေရာမှာ မြေနီကုန်းမှတော်တော်လမ်းလျှောက်ရပါသေးသည်။ တွေ့ရုံရှိ၍ လက်ဖက်ရည်ဆိုင်ထိုင်ရုံရှိသေး ထိုသူငယ်ချင်း၏ ဂိမ်းဆော့ဖော်များမှ ပွဲရှိ၍ ဆိုပီးလာခေါ်ပါသည်။ ကိုဇေအားရှိသည်ဟုပင်သဘောမထားပါ။ အလွန်ရိုင်းပြသောအမူအရာများဖြင့်လာခြင်းဖြစ်ပါသည်။ ကိုဇေသူငယ်ချင်းသည်လည်း ကိုဇေကိုခေါ်ထားပေးမဲ့ ထိုယဉ်ကျေးမှုမရှိသောသူများ ခေါ်ရာသို့လိုက်သွားပါသည်။ စောရီးလို့ပြောပေမဲ့ ကိုဇေသည် စမ်းချောင်းသို့ ဒိုတာဟူသောအသံကြားလျှင်လုံးဝခြေဦးလှည့်တော့မည် မဟုတ်ပါ။

ဖြစ်ရပ် (၆)။ ကိုဇေသုံးနေကြအင်တာနက်ဆိုင်တွင် အတူတူသုံဖော်သုံးဖက် အ၇မ်းခင်သောကောင်မလေးတစ်ယောက်ရှိပါသည်။ ထိုကောင်မလေးအား propose လုပ်ထားသောသူတစ်ယောက်ရှိပါသည်။ တစ်နေ့ ဘေးချင်ယှဉ်သုံးနေခိုက် ထိုကောင်မလေးအား ကောင်လေးမှ ဂျီတော့ခေါ်၍စကားပြောနေသည်ကို တွေ့ရပါသည်။ ကိုဇေသုံး၍ ပီးပီဖြစ်သဖြင့် ဘာတွေပြောနေလည်း ဆိုပီး MIC တစ်ဖက်ယူ၍ စပ်စုပါသည်။ ဘယ်လိုမှမမျှော်လင့်ထားသောစကားတစ်ခွန်းကြားခဲ့ရပါသည်။ "!@#$%^& မင်းစောက်ကောင်မက အရေးကြီးလား ပွဲကအရေးကြီးလား !@#$%^&*' မိုက်မိုက်ရိုင်းရိုင်းကိုဆဲဆိုပြောခြင်းဖြစ်ပါသည်။ ထိုကောင်လေးသည်ကောင်မလေးအားခန ဆိုပီး ဂျီတော့ချသွားပါသည်။ ကိုဇေသည် ကောင်မလေဂျီတော့မှနေ၍ ထိုသကောင့်သားထံ စာတစ်ကြောင်းရိုက်ခဲ့ပါသည်။ ဒိုတာမဖြတ်မချင်းငါကိုဘာမှလာမပြောနဲ့ ဆှို၍ block ခဲ့ပါသည်။ တစ်ကယ်ဆိုမိမိ ချစ်ခွင့်ပန်ထားသော မိန်းကလေးကို ထိုထက်ပို၍လေးစားသင့်ပါသည်။ ထိုသကောင့်သား သာအနားရှိပါက စောက်ခွက်ကို ၄ ၅ ချက်ဆင့်ရိုက်မိမည်လားမပြောတတ်ပါ။

အထက်ပါဖြစ်ရပ်များအပြင် ကိုဇေစိတ်ကသိကအောက်ဖြစ်ရသောကိစ္စလည်း များစွာရှိပါသည်။ ကိုဇေအ၇မ်းခင်သော သူငယ်ချင်းများ ညီလေးများလည်းရှိပါသည်. ဘာမှမပြောပါ။ သို့သော်ကိုဇေအားလည်း ဒိုတာနဲ့ပါတ်သတ်၍ ဘာမှလာမပြောပါနဲ့။ ကိုဇေညီမလေးများအားလည်း လာ၍မစည်းရုံးပါနှုင့်။ ကိုဇေညီမလေးများအားပြောဆိုသော ကိစ္စများတွင်ဘာမှဝင်၍ မစွက်ဖက်ပါနှင့်။ ကိုဇေချစ်သောညီမလေးများ ဒိုသာသမားများကြောင့်မျက်ရည်ကျမည်ကိုမမြင်ချင်ပါ။ ကြိုတင်၍ကာကွယ်ထားပါသည်။ ဒိုတာဆော့မည် ဆိုလျှင်ညီမလေးများကို လာ၍မပါတ်သတ်ပါနဲ့။ (စည်းနဲ့ကမ်းနဲ့ဆော့သောသူ အချို့ကိုမဆိုလိုပါ၊) ကိုဇေညီမလေးများအား နေ့မှန်းညမှန်းမသိ၊ အချိန်မလေးစားသော ဒိုတာသမားများနှင့်လုံးဝသဘောမတူုပါ။ မဆိုင်သူများဘာမှတ်ချက်မှလာမပေးပါနှင့်.။ ညီမလေးများ နှင့် ညီလေးအချို့အားပြောပြနေခြင်းဖြစ်ပါသည်။ ကိုဇေကို ဒိုတာအကြောင်းဘာမှလာမပြောပါနှင့်။ ကိုဇေ ဒိုတာအရမ်းမုန်းပါသည်။

ကိုဇေ
July 20, 2010

(အဲဒီတုန်းက တော်တော်ပေါက်ကွဲပြီး Facebook မှာ ရေးဖြစ်သွားတာ... ခုမှ သတိတရ ပြန်တင်လိုက်တာ.. ကွန့်မန့်တွေပါ ဖတ်ချင်ရင် ဒီမှာကလစ် )

Thursday, November 14, 2013

ထာဝရ


ပွင့်လျှင်လည်းနမ်း

နွမ်းလျှင်လည်းကောက်

ခြောက်လျှင်လည်းသိမ်း

တိမ်းညွတ်တွယ်မက်

သည်တစ်သက်မှာ

တစ်ပွင့်သာလေ

စွဲလမ်းနေမည်

ဝေဝေကြွေကြွေ မြတ်နိုး၏...။


မောင်စိန်ဝင်း (ပုတီးကုန်း)

Monday, November 11, 2013

ချစ်သူ


တစ်ယောက်ရဲ့စိတ် တိမ်ညိုတွေအုံ့မှိုင်းလျှင်
တစ်ယောက်က အလင်းရောင်ယူဆောင်ပေးသည်
ထို့ကြောင့်ချစ်သူဟု ခေါ်သည်။

တစ်ယောက်က ယုံကြည်မှုတွေပေးလျှင်
တစ်ယောက်က နားလည်မှုတွေပေးသည်
ထို့ကြောင့်ချစ်သူဟု ခေါ်သည်။

တစ်ယောက်ကမတူတာတွေ ညှိဖို့ကြိုးစားလျှင်
တစ်ယောက်က တူညီမှုတွေခိုင်မြဲစေသည်
ထို့ကြောင့်ချစ်သူဟု ခေါ်သည်။

တစ်ယောက်က စိတ်ကောက်လျှင်
တစ်ယောက်က ပြန်ချော့သည်
ထို့ကြောင့်ချစ်သူဟု ခေါ်သည်။

တစ်ယောက်က မြတ်နိုးစွာချစ်လျှင်
တစ်ယောက်က ယုယစွာအချစ်ခံသည်
ထို့ကြောင့်ချစ်သူဟု ခေါ်သည်။

တစ်ယောက်က ဂရုစိုက်လျှင်
တစ်ယောက်က နွေးထွေးလုံခြုံကြည်နူးသည်
ထို့ကြောင့်ချစ်သူဟု ခေါ်သည်။

တစ်ယောက်နှင့်တစ်ယောက် လူခြင်းဝေးနေလျှင်
တစ်ယောက်နှလုံးသားထဲ တစ်ယောက်အမြဲရှိသည်
ထို့ကြောင့်ချစ်သူဟု ခေါ်သည်။

ကိုဇေ

November 11, 2013 (Monday) 1:32AM

Monday, November 4, 2013

အိပ်မက်


ပုံရိပ်များက ဝေဝါးဝါး
ဖြစ်ရပ်များက မပြတ်သား
ဖမ်းဆုတ်ကိုင်၍လည်း မရ
ကောင်းခန်းရောက်စဉ်လန့်နိုး
ဆိုးခန်းရောက်လည်း တစ်ခန်းရပ်
ပြီးတော့ တစ်သသကျန်
မိုးလင်းတဲ့အခါ အားလုံးပျောက်ကွယ်သွား။           ။

ကိုဇေ

Nov 2 2013 (Saturday) 5:53PM
(ရန်ကုန်-ပခုက္ကူကားပေါ် ညောင်ဦးမြို့အနီး)

Thursday, October 31, 2013

ထီထိုးခြင်း


တစ်သက်တာ ဖြစ်မလာသမျှ

တစ်လစာ စိတ်ကူးယဉ်နိုင်ဖို့

လက်ဖက်ရည်တစ်ခွက်ဖိုး

ငါရင်းခဲ့တယ်။            ။


ကိုဇေ
October 31, 2013 (Thursday)

Wednesday, October 23, 2013

ဓာတ်ပုံ


အချို့က ရောက်ဖူးခဲ့တဲ့နေရာတွေအတွက် မှတ်တမ်း
အချို့က ရခဲ့ဖူးတဲ့အမှတ်တရတွေအတွက် မှတ်တမ်း
အချို့က သဘာဝရဲ့ ရှုမျှော်ခင်းတွေအတွက် မှတ်တမ်း
အချို့က သတင်းထူးတွေအတွက် မှတ်တမ်း
အချို့က အတင်းပြောဖို့သက်သက်အတွက် မှတ်တမ်း
အချို့က ဂုဏ်သိက္ခာအတွက် မှတ်တမ်း
အချို့က သမိုင်းကိုဖော်ပြဖို့အတွက် မှတ်တမ်း
အချို့က ဆုတံဆိပ်တွေအတွက် မှတ်တမ်း
အချို့က ပျော်ရွှင်မှုတွေဖြစ်လာဖို့အတွက် မှတ်တမ်း
အချို့က နာကျင်မှုတွေဖြစ်လာဖို့အတွက် မှတ်တမ်း
အချို့က (ကောင်မလေးအများစုက) သူတို့ရဲ့ အလှအပအတွက် မှတ်တမ်း
အချို့က ဝါသနာအတွက် မှတ်တမ်း
အချို့က စီးပွားရေးအတွက် မှတ်တမ်း
အချို့က မိမိဖြစ်တည်မှုကိုပြဖို့အတွက် မှတ်တမ်း

ဘာလိုပဲဖြစ်ဖြစ် ခလုတ်တစ်ချက်နှစ်ပြီးတာနဲ့
အဲဒီမှတ်တမ်းတွေက အတိတ်အဖြစ်ကျန်ခဲ့ပြီ။


ကိုဇေ
October 23, 2013 (Wednesday) 1:25AM

Monday, October 21, 2013

တိမ်ပြာပြာနေ့တစ်နေ့ တနင်္ဂနွေမှာကွယ် မင်္ဂလာပွဲလေး ကျင်းပနေပါတယ်


လူကြီးတစ်မျိုးက ပန်းကုံးစွပ်ပါ
လူကြီးတစ်မျိုးက လက်စွပ်လဲပေးပါ
လူကြီးအမျိုးမျိုးကို ရှေ့ဆုံးမှာနေရာပေးပါ
ကျွန်တော်ကျွန်မတို့ ဆင်းလာတာကို ထိုင်စောင့်ပါ
သြဘာလေကြောပြတ်မှ လက်ခုပ်တီးပါ
စားချင်တာလေးတွေ "ပဲ" ပေးပြီးမှစားပါ
ဝိုင်းထဲမှာမသိလည်း တစ်ယောက်နဲ့တစ်ယောက် ပြုံးကြပါ
ကိုယ့်မှမရှိလည်း ချေးငှားပြီး ဝတ်ခဲ့ပါ
လက်ဖွဲ့လေးတွေ လှလှထုတ်ခဲ့ပါ
ကားအကောင်းစားကြီး ငှားထားပြီး ပန်းတွေတပ်ထားပါ
ဟောဒီမှာ ဓာတ်ပုံရိုက်မယ် ပြုံးပြုံးလေးနေပါ။

မြေမှုန်လွင်

Friday, October 18, 2013

မွေးရာပါအကြွေး (သို့မဟုတ်) သေခြင်း


သေခြင်းနဲ့ပတ်သက်ပြီး ဘဝမှာပထမဆုံး ခံစားမှု… ပြန်တွေးကြည့်မိတော့ ရေးတေးတေးလေးပဲ မှတ်မိတော့တယ်။ ကျွန်တော် သုံးနှစ်သားလောက်တုန်းကပေါ့။ အဲဒီတုန်းက ကျွန်တော်က မေမြို့မှာ။ ကျွန်တော့်အဖိုး (အဖေရဲ့အဖေ) ဆုံးလို့ဆိုပြီး ကျွန်တော်တို့ မိသားစု (အဖေ၊အမေ၊ကျွန်တော်) တို့ အဖိုးဆုံးတဲ့ မလှိုင်မြို့ကို လိုက်သွားကြတယ်။ အဖိုးပေမဲ့ အနေစိမ်းတယ်။ သေချာတာတစ်ခုက ခုချိန်ပြန်တွေးလည်း ဘာမှမခံစားရသလို အဲဒီတုန်းကလည်း ဘာမှထွေထွေထူးထူး မခံစားရလောက်ပါဘူး။ ကလေးပီပီ ပျော်လို့ရွှင်လို့ပဲနေမှာပေါ့။ ခံစားရတာက အဖိုးရက်လည်ပြီး အပြန်မှာဗျ။ ကျွန်တော်တို့ တစ်မိသားစုလုံး ခရီးထွက်မှာ မို့လို့ အိမ်မှာမွေးထားတဲ့ တယ်ရီယာခွေးလေး ဂျင်ဘရောင်းကို မေမြို့ဂျီအီးတပ်ထဲက ရဲဘော်တွေဆီမှာ အပ်ထားခဲ့ရတာလေ။ ပြန်ရောက်တော့ ဂျင်ဘရောင်းမရှိတော့ဘူး။ အဆိပ်မိလို့ သေသွားပြီတဲ့။ အဲဒီမှာ ကျွန်တော်ချုံးပွဲချငိုတာ ခုချိန်ထိ ပြန်ခံစားလို့ ရနေတုန်းပဲ။ ဂျင်ဘရောင်းဆိုတာက ကျွန်တော်နဲ့ ဆော့ဖော်ဆော့ဖက်လေ။ ညအိပ်ရင် တစ်အိပ်ယာထဲ အတူတူအိပ်တဲ့ခွေးလေး။ ခုချိန်ထိ အမေဆိုပြောတုန်း။ ကျွန်တော့်ကို တော်တော်ချော့ခဲ့ရတာတဲ့။ တစ်ကယ်တော့ ကလေးတွေရဲ့ ခံစားချက်က စစ်မှန်ပါတယ်။ လူရယ်၊ ခွေးရယ် မရှိဘူး။ ကိုယ်သံယောဇဉ်တွယ်တဲ့ အသက်တစ်ချောင်းကို နှမြောတယ်။ ဆုံးသွားတဲ့ အဖိုးကပြန်မှ မရှင်တော့တာ။ သူ့အသုဘသာ မသွားခဲ့ရင် ဂျင်ဘရောင်းလည်း သေချင်မှ သေမှာ။ အဲလိုဆို သုံးနှစ်သားလေး ကျွန်တော်လည်း ဝမ်းနည်းကြေကွဲရမှာ မဟုတ်ဘူးပေါ့။


လူအပါအဝင် သတ္တဝါတိုင်ဟာ မွေးလာကတည်းက တစ်နေ့ကျိန်းသေ ပြန်ဆပ်ရမဲ့ အကြွေးတစ်ခုတင်ခဲ့တယ်။ ဘယ်လိုဘာကြောင့် မွေးလာခဲ့တယ်ဆိုတာကတော့ ကိုယ့်ရဲ့ ယုံကြည်မှုအလိုက် ဝိဝါဒကွဲပြားနေဆဲပေါ့။ တင်နေတဲ့ အကြွေးကို ဘယ်အချိန် ဘယ်နေရာမှာ ဘယ်လိုပုံစံနဲ့ ပြန်ပြီးဆပ်ရမယ်ဆိုတာ ဘယ်သူမှ မသိကြဘူး။ အော် အကြွေးရှင်နာမည်က ကိုသေမင်းတဲ့။ သူက တစ်ခုပဲတောင်းတယ်။ အသက်တစ်ခုတည်းပါပဲ။

ဒါပေမဲ့ သူကအသက်ကိုလည်းယူသွားလိုက်ရော ကျန်ခဲ့တဲ့ ခန္တာကိုယ်ကြီးက ယိုယွင်းပျက်စီးပြီး ဘာမှသုံးလို့မရတော့ဘူးခင်ဗျ။ ပြီးတော့ ကိုသေမင်ယူသွားတဲ့ အသက်နဲ့ပတ်သက်ပြီးလည်း ဝိဝါဒကွဲပြားဆဲပဲဗျ။ အသိဥာဏ်အမြင့်ဆုံး လူတွေသာ လျှောက်စဉ်းစားကြတာပါ။ ကျန်တိရိစ္ဆာန်တွေကတော့ ဘာသိမှာလည်း။ အသိဥာဏ်တွေကလည်း အမျိုးမျိုးဆိုတော့ ယုံကြည်မှုတွေကလည်း အမျိုးမျိုးပေါ့နော်။ လူဆိုတဲ့ သတ္တဝါတွေက ကိုသေမင်းကို အကြွေးမပေးချင်ဘဲ ပေးနေရတာလေ။ သူတို့ပေးလိုက်ရတဲ့ အကြွေးဘာဆက်ဖြစ်မှာလည်းဆိုတာ ဟိုးရှေးပဝေသတီကတည်းက စဉ်းစားကြမှာပေါ့။ အဲဒါကြောင့်မို့လို့ ဘာသာတရားတွေကို ကိုးကွယ်ကြတာပေါ့ဗျာ။ တစ်ကယ်ဟုတ်မဟုတ် သူတို့မသိကြပေမဲ့ ကိုသေမင်းတောင်းတောင်း သွားတဲ့ အကြွေးဟာ ဒီလိုဒီလို ဖြစ်သွားပါတယ်ဆိုတာကို သူတို့အကြွေးမပေးရသေးခင်မှာ ယုံကြည်နေချင်ကြတယ်လေ။ ဒီထက်ပိုစဉ်းစားလိုက်ရင် ကျွန်တော်တို့လူသားတွေ ကိုးကွယ်ယုံကြည်မှုတွေကို မျိုးစေ့ချပေးခဲ့တဲ့ ဘုရားတွေ၊ တမာန်တော်တွေ ကိုယ်တိုင် ကိုသေမင်းကို အကြွေးပေးခဲ့ရတာပါပဲဗျာ။

ကဲ လူတစ်ယောက်သေသွားပါပြီဆိုပါတော့… သူဘာကျန်ခဲ့လည်း…။ နာမည်လား? စည်းစိမ်တွေလား? ပညာတွေလား? အကြွေးတွေလား? ကျွန်တော့်စိတ်ထဲတော့ သေသွားပါပြီဆိုမှတော့ ဘာမှမကျန်ခဲ့ဘူးလို့ပဲ ယူဆတယ်။ ခန္တာကိုယ်လည်း ပျက်စီး ဝိညာဉ်လည်းပျက်သုံးသွားမှတော့ ဒီထက်ပိုပြီးဘာများကျန်ခဲ့စရာ ရှိသေးလို့တုန်း။ အကုန်ထားခဲ့ရမှာပဲ မဟုတ်လား။ မသေသေးဘဲ အသက်ရှင်ကျန်ခဲ့တဲ့သူတွေသာ သူကိုသေမင်းခေါ်တော့ ထားခဲ့ရတဲ့ ရုပ်ဝတ္ထုတွေ ဒါမှမဟုတ် ဥာဏစွမ်းအားနဲ့ ဖန်တီးခဲ့တာတွေအပေါ်မှာ တက်မက်နေကြတာပါ။ အဲတော့လည်း သေရင်ဘာကျန်ခဲ့မှာလည်းဆိုတာ ကိုယ်စဉ်းစားစရာ ကိစ္စမဟုတ်ဘူးလို့ မြင်မိတယ်။ ဘာမှမကျန်ခဲ့ဘူးဆိုရင်… ဘာများပါသွားမှာလည်း…။ အဲဒါတော့ ကျွန်တော်လည်း ကျိန်းသေ ပြောမပြတတ်ဘူး…။ ခင်ဗျားနဲ့ ကျွန်တော် ကိုးကွယ်ယုံကြည်မှုက တူချင်မှ တူမှာလေ။

သေတယ်ဆိုတဲ့စကားကလည်း ပြောလို့သာ လွယ်တာ။ တစ်ကယ်တော့ တော်တော်ကြီးကျယ်တဲ့ အလုပ်ဗျ။ ဖြစ်သွားရင်လည်း တစ်ကယ့်ကို လွယ်လွယ်လေးပဲ။ အကြောင်းမဲ့တော့ မဖြစ်ပါဘူး။ လူဆိုတာသေဖို့အတွက် အကြောင်းပြချက်တစ်ခုတော့ လိုတယ် လေ။

လူရယ်လို့ ဖြစ်လာရင် လုပ်ဖို့က အဓိကအားဖြင့် ၂ မျိုးပဲရှိပါတယ်။ ရှင်ဖို့အတွက် လုပ်တဲ့အလုပ်နဲ့ သေဖို့အတွက်လုပ်တဲ့ အလုပ်ဆိုပြီး။ သေချာစီစစ်လိုက်ရင် အဲ၂မျိုးထက် ပိုမရှိပါဘူး။ လူတိုင်း ရှင်ဖို့အတွက်တော့ မျိုးစုံလုပ်နေကြတာပဲလေ။ အချို့က သေဖို့အတွက် ဘာလုပ်ရမှန်းသိတယ်။ အချို့က မသိဘူး။ ဒီလောက်ပါပဲ။ 

ခင်ဗျားဘယ်လိုပဲ ရှင်လာလာ ခင်ဗျားရဲ့ မွေးရာပါအကြွေး (သို့မဟုတ်) သေခြင်းအတွက်ကတော့ စိတ်ပူနေရဦးမှာပဲ။ ခင်ဗျားမှာ မသေအောင်လုပ်ဖို့ အဖြေမရှိဘူး။ သေကိုသေရမှာ။ ရှင်နေတုန်း သေဖို့အတွက် စိတ်သောကလည်း မဖြစ်ချင်ဘူးဆိုရင် အဖြေက တစ်ခုတော့ ရှိတယ်ဗျ။ ဘာသာတစ်ခုခုကို အနှစ်သာရနားလည်အောင် (မိရိုးဖလာမဟုတ်ဘဲ) ကြိုးစားပြီး ကိုးကွယ်လိုက်။ ဒါမှမဟုတ် ကိုယ့်ကိုယ်ကို ယုံယုံကြည်ကြည်နဲ့ ကိုးကွယ်လိုက်။ အဲဒီလိုဆိုရင်တော့ အကြွေးပေးရဲသွားပါလိမ့်မယ်။


ကိုဇေ
October 18, 2013 (Friday) 11:00AM

( October 12,2013 မွေးနေ့မတိုင်ခင်တစ်ရက်မှာ ရေးဖို့ စဉ်းစားမိပြီး အစပျိုးထားတာ၊ ခုမှ အကြောင်းတစ်ခု တိုက်ဆိုင်လို့ အဆုံးသတ်နိုင်ခဲ့တယ်) 

ပထမတစ်ခါ ရေးဖြစ်ခဲ့တဲ့ သေခြင်းအက်ဆေးတစ်ခု ဖတ်ချင်ရင် ဒီမှာကလစ်

Tuesday, October 15, 2013

ဇေတစ်ခွက်လောက်

ကမ္ဘာကြီးနဲ့ဘယ်လိုတွေ့မလည်း
အမေ့ဝမ်းကြာတိုက်ထဲကနေ
ရုန်းကန်တိုးထွက်လာခဲ့ရ
နာမည်တစ်ခုအခေါ်ခံရတယ်
အပျော်လွန်နေ့တွေရှိသလို
အငိုများတဲ့ ညခါးခါးတွေရှိတယ်
မေတ္တာတရားရက်စက်မှုနဲ့
အမှားအမှန် လူဆန်ဖို့
အမေရဲ့ နို့ရည်စွမ်းအား
ကမ္ဘာမြေကြီးပေါ်မှာ ရှင်သန်မောင်းနှင်ခဲ့ရတဲ့
နှစ်ကာလတွေ
ခလုတ်ကန်သင်းတွေများများ
ဒုက္ခပျားရည်ချိုချို
ဓားသွားပေါ်က ကံတရားလှလှ
နာကျင်ရတယ် ကြင်နာရတယ်...
ပြင်မရတဲ့ အသက်တွေ
တစ်နှစ်ပြီး တစ်နှစ်ထပ်ကြီး
ဘဝဟာ အမြည်းရတဲ့ ဟာလဝါ မဟုတ်ခဲ့တော့
ဇေတစ်ခွက်လောက်နဲ့
ကိုယ်ဖျောက်ဖျက်ခဲ့ရတဲ့ ဝေဒနာတွေ
မြူခိုးတွေလင်းသွားတဲ့ မနက်မှာ
ကိုယ်တစ်နှစ်ထပ်ကြီးပြင်းရပြန်ပြီ။              ။

မိုးလှိုင်ည

(ကိုယ့်ရဲ့ ၃၂ နှစ်ပြည့်မွေးနေ့မှာ မိုးလှိုင်ည ပေးခဲ့တဲ့ အမှတ်တရ ကဗျာလက်ဆောင်...)

Tuesday, October 8, 2013

မိုဘိုင်းဖုန်း၊ အင်တာနက် နှင့် ပေါင်းသင်းဆက်ဆံရေး Vs အာရုံငါးပါး


သက္ကရာဇ် ၂၀၀၀ မတိုင်ခင်က ကျွန်တော်တို့ အင်တာနက် ဆိုတာ ဘာလည်း မသိဘူး။ ဆယ်လူလာဆိုတဲ့ ဖုန်းတွေကလည်း အင်မတိ အင်မတန် ချမ်းသာတဲ့ သူဌေးကြီးတွေပဲ ကိုင်ကြတာလေ။ ဆယ်လူလာတစ်လုံးက ဆန်နီပစ်ကပ်ကားတစ်စီးထက် တန်ဖိုးကြီးနေတာကို။ ၂၀၀၃ လောက်ကစလို့ အင်တာနက်က တစ်နေ့တစ်ခြား ခေတ်စားလာခဲ့သလို ၂၀၁၀ နောက်ပိုင်းမှာ တော်တော်များများ ဖုန်းကိုင်နိုင်တဲ့ အခြေအနေတစ်ခု ဖြစ်ခဲ့တယ်။ အဲဒီမှာ ကျွန်တော် မိုဘိုင်းဖုန်း၊ အင်တာနက် မတွင်ကျယ်ခင် အခြေအနေ က ပေါင်းသင်းဆက်ဆံမှုတွေနဲ့ တွင်တွင်ကျယ်ကျယ် ဖြစ်လာတဲ့ အခြေအနေက ပေါင်းသင်းဆက်ဆံမှုတွေကို ဘယ်လိုကွာခြားသွားလည်းဆိုတာကို ယှဉ်ကြည့်မိလိုက်တယ်။

ပထမဆုံး သူငယ်ချင်းအချင်းချင်းကြားက အချိန်းအချက် ကိစ္စလေးတွေကို သတိထားကြည့်မိတယ်။ ကျွန်တော်တို့ ဟိုးအရင်တုန်းက သူငယ်ချင်းတွေ ဆုံဖို့ ချိန်းကြရင် တစ်ပါတ်လောက်အလိုကတည်းက ဘယ်နေ့ ဘယ်အချိန် ဘယ်နေရာမှ အတိအကျတွေ့မယ်ဆိုပြီး ချိန်းဆိုကြတယ်။ ကြားထဲ တစ်ယောက်နဲ့ တစ်ယောက်လည်း ပြန်မတွေ့ဖြစ်ကြတာများတယ်။ ဒါပေမဲ့ အဲလိုချိန်းပြီးရင် ဘယ်သူမှ နောက်မကျဘူး။ အချိန်အတိအကျနဲ့ ဆုံမှတ်ကိုရောက်အောင်လာကြတယ်။ တစ်ကယ်တော့ ကျွန်တော်တို့ ဘာမှ အခက်အခဲ မရှိကြပါဘူး။ ခုခေတ်ရောက်တော့ ချိန်းတဲ့အခါ နေရာကို အတိအကျ မချိန်းကြတော့ဘူး။ အချိန်လည်း မတိကျကျတော့ဘူး။ အဲနားရောက်ရင် ဖုန်းဆက်လိုက်ကွာဆိုတဲ့ စကားက အစားထိုးဝင်ရောက်လာတယ်။ အဲဒီမှာ ပြသနာက စတာပဲ။ ဆက်သွယ်ရေးက လူကြီးမင်းခေါ်ဆိုသော ဖုန်းမှာ ဘာညာကွိကွ ပြောတဲ့ မိန်းမနဲ့ တွေ့တဲ့အခါမျိုးဆို ပြသနာကတက်ရော။ ဒီထက်ဆိုးတာက ကျွန်တော်လို ဟန်းဖုန်းမရှိတဲ့ ငမွဲခဗျာ အဲလိုနေရာတွေရောက်သွားရင် ဆက်စရာ PCO ဖုန်းမရှိလို့ လည်း ပြသနာကတက်တတ်တယ်ဗျ၊ ဥပမာ တစ်ခုပြောရရင် နယူးရီးယားညတုန်းက ကျွန်တော့်ညီတစ်ယောက် အိမ်ကိုသွားဖို့ အကြောင်းပေါ်လာတယ်။ သူ့အိမ်က အင်းစိန် မညက ဘက်မှာ။ သူကျွန်တော့်ကို လိပ်စာမပေးလိုက်ဘူး။ ထိပ်ရောက်ရင် ဖုန်းဆက်လိုက်၊ လာခေါ်မယ်တဲ့။ သူပြောတဲ့ ထိပ်တော့ရောက်ပါတယ်။ ခက်တာက နယူးရီးယားဖြစ်နေတော့ ဆိုင်တွေ အကုန်ပိတ်လို့.. ဆက်စရာဖုန်းမရှိဘူး.. ဒါနဲ့ လမ်းလျှောက်လာလိုက်တာ အင်းစိန်ဆေးရုံဘက်ပြန်ရောက်သွားတယ်။ ကျွန်တော်ကမရှက်တတ်လို့သာပေါ့။ ဆက်စရာဖုန်းမရှိပေမဲ့ စတိုးဆိုင်တစ်ခုက အန်တီကြီးကို အကူအညီတောင်းပြီး သူ့ဖုန်းနဲ့ ဆက်လိုက်တာ အဆင်ပြေသွားလို့ပေါ့။ အဲနောက်ပိုင်း အဲလိုမျိုးကြုံရတာတွေ ခဏခဏ ပါပဲဗျာ။ တစ်ကယ်က ဖုန်းတွေပေါလာတဲ့ အတွက် ဆက်သွယ်ရ ပိုပြီးအဆင်ပြေရမှာ..။ ဒါပေမဲ့ သိပ်မထူးပါဘူး။ ဘာကြောင့်လည်းဆိုတော့ ကျွန်တော်က လွယ်လာတော့ လူတွေလည်း အလွယ်လိုက်လာလို့ပဲလို့ ထင်မိသွားတယ်။ အစကတည်းက သေသေချာချာ ဘာမှ မလုပ်ချင်ကြတော့ဘူး။ ဒီလိုနဲ့ ကျွန်တော်တို့ရဲ့ ပေါင်းသင်းဆက်ဆံရေးတွေက လွယ်ကူမလိုနဲ့ အေးခဲလာခဲ့တယ်။

တယ်လီဖုန်းထက် အင်တာနက်က ဆက်သွယ်ရေးမြန်တယ်လို့ ဆိုကြပြန်တယ်။ ဟုတ်လည်း ဟုတ်ပါတယ်။ အင်တာနက် ပေါ်မှာ အင်တာနက်ပေါ်က လူနဲ့ ဆက်သွယ်ရေး မြန်ပါတယ်။ ဒါပေမဲ့ အပြင်လောကထဲ ဝင်ကြည့်လိုက်တဲ့အခါမှာ . . . ။

ကျွန်တော် အဲအချိန်မှာ အာရုံငါးပါးအကြောင်းသွားတွေးမိတယ်။ လူဆိုတာ အမြင်အာရုံ၊ အကြားအာရုံ၊ အနံ့အာရုံ၊ ရသာအာရုံ၊ အထိအတွေ့အာရုံ အဲဒီအာရုံငါးပါးလုံးကို လက်တွေ့ခံစားနိုင်တာက အပြင်လောကလေ။ အင်တာနက်ပေါ်မှာ ခံစားနိုင်တာက အမြင်အာရုံ နဲ့ အကြားအာရုံ အဲနှစ်ခုပဲရှိတာကို…။ အဲတော့ အခြားအာရုံသုံးပါးအစား စကားလုံးတွေကို လိုက်ခံစားကြတယ်။ အရိုးရှင်းဆုံး ဥပမာအနေနဲ့ ပြရင် သမီးရည်းစားတွေကိုပဲပေါ့။

ကျွန်တော်တို့ လူပျိုပေါက်တုန်းက မိန်းကလေးတစ်ယောက်ကို သဘောကျရင် အပြင်မှာပဲ စာလိုက်ပေးတယ် (သို့မဟုတ်) စကားလိုက်ပြောမယ်။ ကောင်မလေးက လက်မခံရင် သူ့သိက္ခာ၊ ကိုယ့်သိက္ခာငဲ့ပြီး နောက်ပြန်ဆုတ်လာမယ်။ ကောင်မလေးက လက်ခံရင် ဘေးနားက ကပ်လိုက်သွားရုံပဲပေါ့။ တစ်ယောက်နဲ့ တစ်ယောက် အနေဝေးနေရင် အဆင်ပြေရင် လိုင်းဖုန်းကနေ ဖုန်းဆက်မယ်။ (ဘယ်သူမှ အကြာကြီးအလွမ်းမသယ်နိုင်ပါဘူး) စာတစ်တန် ပေတစ်တန်နဲ့ အလွမ်းသယ်ကြမယ်။ အဲနေရာမှာ အနေဝေးလို့ သွေးအေးသွားတယ်ဆိုတာလည်း မရှိဘူး။
အင်တာနက်ပေါ်စ အခြေအနေက ကျွန်တော်တို့ MIRC သုံးတယ်၊ ပြီးတော့ Gtalk ပေါ်လာတော့ သုံးတယ်။ အဲဒီကနေ Friendster, Zopia, Hi5 အစရှိသဖြင့် social website တွေကအစ ခု Facebook ထိရောက်လာတယ်။ ရုပ်မြင်ချင်ရင် VZO သုံးတယ်. Skype သုံးကြတယ်။ လူဆိုတာ အရှက်ဆိုတာ မျက်နှာမှာပဲရှိတာလား ဆိုတာလည်း စဉ်းစားမိတယ်ဗျ…။ ပြီးတော့ ကိုယ့်ကိုယ်ကို ဘယ်သူမှန်းမသိရင် မဟုတ်တာ ပိုပို လုပ်ရဲလာသလိုပဲ။ ခုကျွန်တော်တို့ ခင်ဗျားတို့ သုံးကြတဲ့ Facebook နဲ့ပဲ ယှဉ်ပြောကြည့်ရအောင်ဗျာ။

မိန်းမဆိုတာ အလှအပ ကြိုက်တယ်။ မလှဘူးဆိုရင်တောင် လှတယ်လို့ အပြောခံချင်တယ်။ သူတို့မှာ အလှပြင်ဖို့ အတွက် အချိန်ကို ကောင်းကောင်း management လုပ်တတ်တယ်။ မလှပေမဲ့ လှအောင် နည်းမျိုးစုံသုံးပြီး လုပ်ကြတယ်။ ခုခေတ်ပေါ် software တွေနဲ့ဆို အဆင်ကိုပြေလို့ပေါ့ဗျာ။ ကောင်မလေးတွေက လှချင်လှမယ်၊ လှချင်ယောင်ဆောင်ချင်လည်း ဆောင်မယ်။ အလှကြိုက်တဲ့ ကိုကိုသကောင်းသားများက အမြင်အာရုံတစ်ခုတည်း နဲ့ရင်ခုန်မယ်။ အသံမပါသေးခင် စပ်ကြား စကားလုံးလှလှ လေးတွေနဲ့ ချုပ်မယ်။ အဲဒီကနေ ဖုန်းနံပါတ်တောင်းပြီး MPT ကိုအလုပ်အကျွေးပြုမယ်။ ချစ်တယ်ဆိုတဲ့ စကားကို ကီးဘုတ်လေးနှိပ်ပြီး လွယ်လွယ်လေး ပြောလိုက်မယ်။ သို့မဟုတ် ဖုန်းတည်းကနေ ပြောလိုက်မယ်။ ဒီလိုနဲ့ပဲ အင်တာနက် နဲ့ ဖုန်းထဲမှာတင် သမီးရည်းစား ဖြစ်သွားကြမယ်။ တစ်ကယ်က ရင်ခုန်သံ စစ်မှန်ဖို့ဆိုတာ အမြင်အာရုံ အကြားအာရုံ ၂ ခုတည်းနဲ့ တော့ မပြည့်စုံဘူးဗျ။ အမြင်အာရုံကလည်း ဟန်ဆောင်လိမ်ညာထားလို့ရနေတဲ့ ခေတ်ကြီးလေ။ အဲတော့ အပြင်မှာလည်း တွေ့ကြရော .jpg formet နဲ့ လှပနေတဲ့ ကောင်မလေးတွေက ဝဝကြီးတွေလည်း ဖြစ်ချင်ဖြစ်နေရော။ ခေတ်စကားနဲ့ ပြောရင် feel ကျဲသွားနိုင်ခြေဖြစ်သွားပြီလေ။ အစကတည်းက မစစ်မှန်ခဲ့တဲ့ ရင်ခုန်သံ ရပ်သွားလည်း အထူးအဆန်း မဟုတ်ပါဘူး။ အဲဒါကြောင့် အွန်လိုင်းပေါ်မှာတင် ချစ်ကြိုက်လာတဲ့ ဇာတ်လမ်းတွေကို ကျွန်တော် အယုံအကြည်မရှိတာ။

ကဲပါ… အခြားအခြေအနေနဲ့ ချစ်ကြိုက်နေတဲ့ သမီးရည်းစားတွေကရော။ ခင်ဗျားတို့ သတိထားမိမလား မသိဘူး။ အပြင်မှာ တွေ့နေတဲ့ သမီးရည်းစားတွေ စိတ်ကောက် စိတ်ဆိုး ရန်ဖြစ်တဲ့ အချိန် တော်တော်နဲတယ်ဗျ။ ရန်ဖြစ် စိတ်ကောက် စိတ်ဆိုး ပြီဆို အင်တာနက် ဒါမှ မဟုတ် ဖုန်းထဲမှာပဲ ဖြစ်နေကြတာ။ ကဲ အပြင်မှာ ချစ်သူက စိတ်ဆိုးပြီးဆိုပါတော့… သူ့မျက်လုံးကို ကြည့်လိုက်… သူကိုယ့်မျက်လုံးထဲက အချစ်ရိပ်တွေ တွေ့သွားရုံလေးနဲ့ တင်တစ်ဝက်လောက် ပြေသွားပြီ။ အဲဒီနောက် သူ့ခေါင်းကို ကိုယ့်ပခုန်းလေးပေါ် မှီခိုင်းလိုက်… သိပ်ပြီး ထူးထူးထွေထွေ ချော့ဖို့ မလိုပါဘူးဗျာ။ ခင်ဗျားတို့ ၂ ယောက်ဒီလိုမှ မဟုတ်ဘဲ အင်တာနက်ပေါ်မှာ (ဂျီတော့ဖြစ်စေ VZO ဖြစ်စေ) ရန်ဖြစ်နေပြီဆိုပါတော့။ ခင်ဗျားချော့လို့ကောင်းတုန်း ကိုကွန်နက်ရှင်က အလိုက်ကန်းဆိုးမသိဘဲ ကျသွားပြီဆိုပါတော့… ခင်ဗျားပါ ဒေါသဖြစ်ပြီ.. စိတ်ဆိုးပြေကာနီး ဟိုဘက်ကတစ်ယောက်ကလည်း ပြီးအောင် မချော့ဘူးဆိုပြီး အတိုးနဲ့ ကောက်ပြီ။ အဲတော့ ချော့တဲ့သူကလည်း စိတ်မရှည် ကောက်တဲ့သူကလည်း စိတ်မရှည်နဲ့ ရှည်တာက သံသရာဖြစ်သွားပြန်ရော။ ပြီးတော့ အသံတစ်ခုပဲ အာရုံရှိတဲ့ အပေါ်မှာဆို အသံတစ်ခုကိုပဲ လိုက်ခံစားမှာလေ။ ဒီထက်ဆိုးတဲ့ အာရုံငါးပါးထဲမပါတဲ့ ကီးဘုတ်ကစကားလုံးတွေပဲဆို အဲဒီစကားလုံးတွေကိုပဲ လိုက်ခံစားစရာရှိတာလေ။

အခြားကိစ္စတစ်ခု သွားကြည့်ကြရအောင်…။ ကျွန်တော်တို့ လူသားတွေ ဖြစ်တဲ့ အတွက် လွတ်လပ်စွာ ကွဲပြားခွင့်ရှိပါတယ်။ လက်ဖက်ရည်ဆိုင်မှာ အရက်ဆိုင်မှာ ကျွန်တော်တို့ မတူတာတွေကို ငြင်းကြမယ်၊ မကျေနပ်ရင် ထပဲထိုးမလား၊ နောက်နေ့ အခင်အမင် မပျက်သွားပါဘူး။ ကျွန်တော်တို့ စိတ်ထဲ ကျွန်တော်တို့ မျက်လုံးထဲ တစ်ယောက်နဲ့ တစ်ယောက် သံယောဇဉ်တွေ ရှိကြတယ်လေ။ ဒီလိုမှ မဟုတ်ဘဲ အွန်လိုင်းပေါ်မှာဆိုပါဆို့…။ ကျွန်တော်တို့ စကားလုံးတွေကို လိုက်ခံစားကြမယ်။ တစ်ယောက်နဲ့ တစ်ယောက် စပ်စပ်ထိမခံနိုင်အောင် စကားလုံးတွေ အတွက်နာကျင်ကြမယ်။ ငယ်သူငယ်ချင်းတွေ ရန်သူတွေ ဖြစ်သွားနိုင်တယ်။ ရခိုင်ကိစ္စ၊ မိတ္ထိလာကိစ္စ၊ စတဲ့ကိစ္စတွေမှာ ကျွန်တော်တို့ အွန်လိုင်းကနေ စကားလုံးတွေကြောင့် မိတ်ဆွေတွေ ဘယ်လောက်ဆုံးရှုံးရခဲ့သလည်း။ တစ်ကယ့်အပြင်မှာ ငြင်းခုန်ကျရင် ကျွန်တော်တို့ မိတ်ဆွေအနေနဲ့ ဆုံးရှုံးရနိုင်ပါ့မလား။ ကျွန်တော်တို့ ဆုံးရှုံးရတာက ကီးဘုတ်ပေါ်က နှိပ်လိုက်တဲ့ လက်ကွက်လေးတွေကြောင့်ပါ။ တစ်ယောက်နဲ့ တစ်ယောက် အမြင်ချင်းမတူတာထက်ကို ဆိုးသွားတယ်။ ကျွန်တော်တို့ အပြင်မှာဆို ဘယ်လိုမှ မဆဲရဲတဲ့ လူတစ်ယောက်ကို အွန်လိုင်းပေါ်မှာ ကီးဘုတ်က ခလုတ်လေး ငါးခုလောက် နှိပ်ပြီး ဆဲလို့ရတယ်လေ။

တစ်ကယ်တော့ မိုဘိုင်းဖုန်း အင်တာနက်ဆိုတာတွေက ကျွန်တော်တို့အတွက် TOOLS တွေပါ။ ကျွန်တော်တို့ ပေါင်းသင်းဆက်ဆံရေးတွေ လွယ်ကူအောင်၊ ကမ္ဘာကြီးဘာတွေ ဖြစ်နေပြီလည်း ဘယ်ကိုသွားနေတာလည်းဆိုတာသိအောင် ချိတ်ဆက်ပေးထားတဲ့ ရုပ်ဝတ္ထုပစ္စည်းတွေပါ။ ကျွန်တော်တို့ ကသူတို့ကို အသုံးချရမှာပါ။ ဒါပေမဲ့ ပြောင်းပြန်ဖြစ်သွားခဲ့တယ်။ သူတို့က ကျွန်တော်တို့ကို ပြန်အသုံးချသွားခဲ့တယ်။ ကျွန်တော်တို့ရဲ့ အာရုံငါးပါးစလုံးကို သူတို့ သိမ်းပိုက်သွားခဲ့တယ်။ အဲဒါကြောင့် လွယ်မလိုနဲ့ ပိုပို ခက်ခဲတဲ့ အခြေအနေတွေဆီကို ရောက်ရှိခဲ့ကြရတယ်။ အဲတာကြောင့်ပဲ ကိုယ်ကသူ့ကို သုံးပြီး သူကပြန်သုံးကာနီး အချိန်ကျရင် အပြင်လောကထဲ ပြန်ထွက်ခဲ့ကြပါ။ ကျွန်တော်တို့ရဲ့ အာရုံငါးပါးကို 360 မသုံးတဲ့ Photoshop မသုံးတဲ့ လောကကြီးကို ခံစားဖို့ အချိန်ပေးလိုက်ကြရအောင်ဗျာ….။ ခင်ဗျားချစ်သူလေးနဲ့ MPT ကိုအလုပ်အကျွေးပြုနေတဲ့ ပိုက်ဆံတွေကို တစ်ကယ်ဆာလောင်နေတဲ့ ကလေးငယ်တွေကို အာဟာရ ဖြည့်တင်းပေးရင်း ကြည်နူးကြည့်လိုက်ပါ။

အစီအငေါ့မတည့်ရင်လည်း ခွင့်လွှတ်ပါ။ စိတ်ကူးထဲပေါ်ရာလေးတွေကို ချရေးလိုက်တာပါ။ ကျွန်တော့်ရဲ့ သူငယ်ချင်းမလေး ကျောင်းအစ်မ ဆုဝေ ရဲ့ ကဗျာလေးနဲ့ ဒီစာစုလေးကို အဆုံးသတ်လိုက်ပါတယ်။ သူ့ကိုလည်း အပြင်လောကမှာ ရှာနိုင်မှ ကော်ဖီတစ်ခွက် +အတိုးတစ်ခွက် အကြွေးရမှာလေ။

အပြင်လောကထဲထွက်ခဲ့
ပူချင်ပူမယ်… ဆူချင်ဆူမယ်
ဒါပေမဲ့
သဘာဝအမှန်တရားက
အတုအယောင်အေးမြခြင်းထက်
လူကိုပိုပြီး
လတ်ဆတ်ရှင်းသန့်စေတယ်ဆိုတာ
မင်းကိုလက်တွေ့ပြမယ် သူငယ်ချင်း….။

ကိုဇေ

October 8, 2013 (Tuesday) 3:26PM

Friday, October 4, 2013

ထို platform ည

မင်းသိပြီးပြီလား

ယမကာတို့ရဲ့ ကခုန်တဲ့ပွဲ

စားသုံးသူတွေလည်း ရှိတယ်
စားသုံးခံရသူတွေလည်း ရှိတယ်

ငါတွေလည်းရှိတယ်
ငါရှာနေတဲ့သူတွေလည်းရှိတယ်

အိမ်ကြောက်သူတွေလည်းရှိတယ်
အိမ်ပျောက်သူတွေလည်းရှိတယ်

မဟုတ်ဘူးဆိုတဲ့ နောက်ကွယ်တိုင်းမှာ
တစ်ခုခုက ကပ်ပါနေသလို…

ဒိုင်ယာရီအဟောင်းလေးကို ပြန်လှပ်ဖြစ်ခဲ့

အိပ်မက်က
သူမရှိနေရင် သိပ်ကောင်းမှာပဲတဲ့

စကားတွေက တောင်စဉ်ရေမရ
လူငယ်တွေရဲ့ စကားဝိုင်းတိုင်းမှာ
လိင်ကိစ္စနဲ့ အဆဲလေးက ဖွားဖက်တော်

ဘာမှတော့ မဟုတ်ပါဘူး

လူသားတစ်ယောက် ၂၄ နှစ်ဆိုတဲ့
သက်မှတ်ချက်တစ်ခုကို ရောက်သွားသတဲ့။

သူ့ရဲ့ဦးနှောက်မှာ ဘောင်ခတ်ထားမှုက တစ်ဝက်
တီထွင်ကြံဆမှုက တစ်စက်လောက် ရောလို့

မပြောလည်းသိရမှာ
ကျန်တစ်ဝက်က ဗလာဆိုတာ

ဘယ်လိုပဲဖြစ်ဖြစ်ပေါ့လေ
ရန်ကုန်ရဲ့ညတွေကို ဖြတ်သန်းဖို့ဆို
ကိုယ့်ရဲ့မီးခိုးငွေ့လေးတွေက အဖော်အမွန်ကောင်းပါ ။       ။

Thursday, October 3, 2013

ကြောင်လေးတစ်ကောင်


ငါကြောင်လေးတစ်ကောင် မွေးမယ်လေ။
တစ်ခုခုကို စိုးရိမ်နေတာထက်စာရင်
နားမလည်နိုင်တဲ့ ချစ်ခြင်းတရားတွေအတွက်
နားမလည်ခြင်းတွေထဲ ဝဲလည်နေတာထက်စာရင်
ကြောင်လေးတစ်ကောင်ကိုမွေးရတာ ပိုကောင်းမလားလို့။
နေသာတဲ့ မနက်ခင်းတွေဆို မြက်ခင်းပြင်မှာ
ကြောင်လေးကစားတာကို ငါထိုင်ကြည့်မယ်။
ကြောင်လေးက မြက်ခင်းတွေပေါ်ပြေးလွှားရင်း
မမီမကမ်းနဲ့ လိပ်ပြာလေးတွေကို လိုက်ဖမ်းတဲ့အခါ
ငါကတထိတ်ထိတ်နဲ့ လိပ်ပြာလေးအတွက် စိုးရိမ်သလို
ကြောင်လေးအတွက် အားမလိုအားမရဖြစ်မိတယ်။
ကြောင်လေးက တစ်မြှောင်မြှောင်အော်တဲ့အခါ
ငါကစားစရာတွေ ချချကျွေးလို့။
ကြောင်လေးကငါ့ကို ချွဲနွဲ့တိုးခွေ့တဲ့အခါ
ငါ့မှာကြောင်လေးကို မြတ်နိုးစွာအချစ်ပိုလို့
ငါအိမ်ပြန်လာတဲ့အခါ
ငါ့ကိုစောင့်နေမဲ့ကြောင်လေးကို
ငါကဦးစွာနှုတ်ဆက်လို့။
ကြောင်လေးက ငါ့ကို တမြှောင်မြှောင်နဲ့ အစာတောင်းတဲ့အခါ
ငါကကြောင်လေးကို ကြင်နာစွာကျွေးမွေးလို့။
အေးစက်တဲ့ဆောင်းညတွေဆို
ကြောင်လေးချမ်းမှာစိုးလို့ ငါခြုံတဲ့စောင်ခြုံထဲထွေးသိပ်လို့။
ကြောင်လေးရဲ့ လက်ရဲရဲလေးတွေကို ငါကတို့ထိကစားမိတဲ့အခါ
ကြောင်လေးနိုးသွားမှာ စိုးရိမ်မှာပေါ့။
ငါကကြောင်လေးကို ချစ်တာကြောင်လေးသိသလို
ကြောင်လေးက ငါ့ကိုချစ်တာ ငါကသံသရမဖြစ်ဘူး။
ကြောင်လေးဘယ်ကိုသွားသွား
ငါပြန်လာမဲ့အချိန်ကို ကြောင်လေးက စောင့်နေမှာလေ။
ကြောင်လေးကငါ့ကို ပွတ်သပ်ချွဲနွဲ့ပြီး မြှောင်လို့တစ်ချက်အော်လိုက်ရင်
ငါ့ကိုချစ်တယ်လို့ ပြောသလိုမျိုး ငါဟာကျေနပ်လို့။
ကြောင်လေးတစ်ကောင်မွေးလိုက်တဲ့အခါ
ပျော်ရွှင်ခြင်းတွေ ငါ့ဆီရောက်လာလို့
ငါဟာ ငါအဖြစ် အရာရာပြည့်စုံသွားသလိုမျိုး။
ဒါကြောင့်ဒီမနက်ခင်းမှာ ငါစဉ်းစားတာ
ငါကကြောင်လေးတစ်ကောင်ကိုမွေးဖို့။
ကြောင်လေးတစ်ကောင်က ငါ့ကိုမွေးဖို့။

Congratulations ဆိုတဲ့စကားကို လှောင်ရယ်သံတွေလို ခံစားနေရတယ် . . .

Congratulations… Congratulations… Congratulations… Congratulations…

ကျွန်တော်တို့နေ့စဉ်ကြားနေကြ စကားလုံးတွေထဲမှာ ဒီစကားလုံး တစ်လုံးလည်းပါတယ်။ Congratulations နဲ့ တွဲနေတဲ့ စကားလုံး တစ်လုံး ရှိတယ်။ အဲဒီစကားက Success ဆိုတဲ့ စကားလုံးပါပဲ…။ အရင်ဆုံး ကျွန်တော်ဖတ်ခဲ့ဘူးတဲ့ Sex Joke လေးတစ်ခုကို မျှဝေချင်ပါတယ်။ (နဲနဲ ရိုင်းတယ်ထင်ရပေမဲ့ တစ်ကယ့်ကို ထင်သာမြင်သာရှိပါတယ်)


SUCCESS IS LIKE PRENANACY. EVERYBODY CONGRATULATES YOU BUT NOBODY KNOWS HOW MANY TIMES YOU GOT FUCK TO ACHIEVE IT.


ဟုတ်ပါတယ်… တစ်ယောက်ယောက် အောင်မြင်တဲ့ အခါမှာ (သို့မဟုတ်) ကိုယ်ကသူ့ကိုအောင်မြင်တယ်လို့ထင်တဲ့ အခါမှာ Congratulations ဆိုတဲ့ စကားတစ်ခွန်းနဲ့ လူတွေက ဂုဏ်ပြုကြပါတယ်။ အဲလိုအောင်မြင်အောင် ဘယ်လိုတွေရင်းခဲ့ရတယ် ဘယ်လိုတွေ ပေးဆပ်ခဲ့ရတယ် ဘယ်လိုတွေ နာကျင်ခဲ့ရတယ်ဆိုတာကို ဘယ်သူမှ မေးမကြည့်ခဲ့ကြပါဘူး။  ပြီးတော့ အောင်မြင်မှုဆိုတာ ဘာပေတဲ့ နဲ့ တိုင်းတာမှာလည်း။ ကိုယ်ထားတဲ့ စံကရော အဲဒီလူအတွက် စစ်မှန်ပါ့မလား။

Jean Paul Sartre ဟာ စာပေဆိုင်ရာ နိုဗယ်လ်ဆုကို ငြင်းဆန်ခဲ့တယ်။ နိုဗယ်လ်ဆုဆိုတာ တစ်ကမ္ဘာလုံးက စံထားရတဲ့ တန်ဖိုးထားရတဲ့ဆု။ ဒါပေမဲ့ Sartre အတွက်တော့ အဲဆုဟာ အောင်မြင်မှုလို့ မယူဆဘူး။ သူ့ကိုဆုတစ်ခုခုပေးပြီး အမွှန်းတင်တာဟာ ပကတိ တန်ဖိုး ပျက်အောင် လုပ်တာပဲလို့ သူက ယူဆတယ်။ ခင်ဗျားတို့ Satrte ကို Congratulations လို့သွားလုပ်မှာလား… အဲလိုဆိုရင်တော့ ခင်ဗျားတို့ သူ့ကို လှောင်ရယ်လိုက်တဲ့ အတိုင်းပဲ။ သူကိုယ်တိုင်ခါးခါးသည်းသည်း ငြင်းထားခဲ့တဲ့ ဆုလေ။ သူ့အတွက် မက်မောစရာ တစ်ခုမှ မရှိဘူး။ ဒီလိုဆို ခင်ဗျားတို့ သူ့ကို လူမိုက်လို့ ပြောမှာလား ဆဲမှာလား။ ခင်ဗျားတို့ အတွက်က အဲဆုလာဘ်ကြီးက မက်မောစရာကြီးဖြစ်နေခဲ့တာကို။

အောင်မြင်မှုဆိုတာကရော ဘာကြီးလည်း။ သုဒေါဒန မင်းကြီးကတော့ သူ့သား သိဒတ္ထကို စကြ်ာဝတေးမင်းဖြစ်ရင် အောင်မြင်တယ်လို့ ထင်ခဲ့တာပဲ။ သိဒတ္ထကတော့ သတ္တဝါတွေကယ်တင်နိုင်မဲ့ သစ္စာတရားကို ရှာပုံတော် ဖွင့်ခဲ့တယ်။ သိဒတ္ထက ဗုဒဖြစ်ခဲတယ်။ သိဒတ္ထအတွက် အောင်မြင်မှုလို့ ပြောလို့ရပေမဲ့ သူ့ဆွေမျိုးအသိုင်းအဝိုင်းတွေက ချက်ချင်းပဲ Congratulations လုပ်ကြလို့လား။ သူတို့မျက်စိထဲမှာ စကြာ်ဝတေးမင်း စည်းစိမ်ကို စွန့်ပစ်တဲ့ ငမိုက်သားပဲပေါ့။ ဒါတောင် ဒါက သိဒတ္ထ သစ္စာတရားကို ရှာတွေ့ခဲ့လို့သာပေါ့။ နောင်တစ်ချိန်မှာ သိဒတ္ထကိုကြီးစွာသော ချီးကျုးမှုတွေလုပ်ကြတာ။ မတော်တဆ ဒုက္ခရစရိယ ကြားမှာ မျှောသွားခဲ့ရင် သိဒတ္ထဟာ ဆွေစဉ်မျိုးဆက် လူမိုက်ကြီးစာရင်းဝင်ဖြစ်သွားမှာ။

ကဲနောက်ဆုံး ခင်ဗျားတို့ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ တွေ့နေရတဲ့ Congratulations ….. Facebook က positive ဆန်တဲ့ life event တွေဆို အမြဲ High Light လုပ်ပေးတယ်။ ခင်ဗျားတို့ သူငယ်ချင်းတွေထဲက In a relationship တို့ Married တို့ ဖြစ်သွားရင် ဝိုင်းပြီး Congratulations လုပ်ကြတယ်။ ကျွန်တော် Facebook သုံးလာတဲ့ ငါးနှစ်လုံးမှာ စသုံးကတည်းက ခင်ခဲ့တဲ့ သူတွေဆို ၅ ယောက်မက ပြောင်းသွားကြတာတွေလည်း ရှိတာပဲ။ ကိုဇူကာဘတ်မှာ တစ်ကွက်တော့ရှိတယ်ဗျ။ ခင်ဗျား In a relationship ကနေ single ပြန်ချိန်းတဲ့ life event ကိုကျအမြဲ Hide လုပ်ပေးထားတယ်။ အဲဒီမှာ အချို့ဆို စိတ်ကောက်လို့ single ပြန်လုပ်လိုက်.. ပြန်ပီး ဟိုချိတ်ဒီချိတ်လိုက်တောင် တွေ့ရတယ်။ လူတွေက ဝိုင်းပြီး Congratulations လုပ်ကြတယ်။ ဘယ်အတွဲက တစ်ရက်မှာ ၂၄ နာရီလုံး ပြုံးပျော်ရွှင်နေမှာလည်း ကြည်နူးနေမှာလည်း။ သူတို့လည်း သူတို့အတိုင်းအတာနဲ့ သူတို့ကြားမှာ ပြနာလေးတွေ ရှိနေမှာပေါ့လေ။ ကျွန်တော်တို့ အပေါ်ယံသာ Congratulations လုပ်နေကြတာ။ တစ်ကယ့် ရင်ဆိုင်နေရတဲ့ ပြနာတွေ အတွက် ဘာတွေများ ဖြေရှင်းပေးနိုင်လို့လည်း။ အင်းပေါ့လေ ကျွန်တော်တို့ကိုယ်တိုင်ကလည်း ကိုယ်ပိုင် ပြနာတွေနဲ့ကို… ကြီးတယ်ငယ်တယ်ဆိုတာကတော့ သူ့အထွာနဲ့သူပေါ့။ ဆပ်ပြာဗူဗောင်းအတွက်လည်း အပ်တစ်ထောက်စာဆိုတာ မစားသာဘူးလေ။ ကျွန်တော့်အာရုံငါးပါးလုံးအတွက်တော့ Congratulations ဆိုတာကို လှောင်ရယ်သံတွေလိုခံစားနေရတုန်းပဲ။

အမြဲတန်းပဲ ကြားနေရဦးမှာပါ။
ရာထူတက်သွားပြီ Congratulations… (Pressure များလာတာ ကျွန်တော်နဲ့ မဆိုင်ပါ)
အိမ်ထောင်ကျသွားပြီ Congratulations… (တိုက်ခန်းခ မီတာခ စတာတွေ ကျွန်တော်နဲ့ မဆိုင်ပါ)
ကလေးမွေးလာပြီ Congratulations… (ကလေးစာရိတ်လိုနေတာ ကျွန်တော်နဲ့မဆိုင်ပါ)
စကော်လာရလာပြီ Congratulations… (စာနောက်လိုက်နေတာနဲ့ သီးချိန်တန် မသီးနိုင်သေးတာ ကျွန်တော်နဲ့ မဆိုင်ပါ)
ရည်းစားရလာပြီ Congratulations… (မတူတာတွေများနေလို့ ညှိရခက်တာ ကျွန်တော်နဲ့ မဆိုင်ပါ)
ဟိုဟာဖြစ်လာပြီ Congratulations… (ဒီဟာ ဖြစ်တာ ကျွန်တော်နဲ့ မဆိုင်ပါ)
ဒီဟာဖြစ်လာပြီ Congratulations… (ဟိုဟာ ဖြစ်တာ ကျွန်တော်နဲ့ မဆိုင်ပါ)

ဟုတ်ပါတယ်… ကျွန်တော့်နားထဲ ကျွန်တော့်ကို လှောင်ရယ်သံတွေကို ဖြစ်စေ၊ ကျွန်တော် ချစ်တဲ့သူတွေကို လှောင်ရယ်သံတွေ ဖြစ်စေ၊ ကျွန်တော်မုန်းတဲ့သူတွေကို လှောင်ရယ်သံတွေ ဖြစ်စေ… အမြဲပဲ ကြားနေရဦးမှာပါ။

Congratulations,

ကိုဇေ
October 3, 2013 (Thursday) 3:43AM