“ငါတွေးသည်။ ထို့ကြောင့်ငါရှိသည်”
တဲ့… ဒေးကားရဲ့အဆိုကို ကျမငြင်းဆိုတယ်။ ကမ္ဘာကြီးတစ်ခုလုံးနဲ့မဟုတ်ပေမဲ့ ကျမအတွက် ကျမငြင်းဆိုတယ်။
ကျမရှိတယ်။ ဒါကြောင့် ကျမတွေးတယ်။ ကျမခု ပစ္စုပ္ပန်မှာရှိနေတယ်။ ဒါပေမဲ့ ကျမ အနာဂတ်ကို
တွေးနေတယ်။ ကျမအတွေးမှာ ရှင်ပါလာတယ်။ တစ်ကယ်က ရှင်က အတိတ်မှာ ကျန်ခဲ့တာ ကြာပေါ့။ ကျမ
အတိတ်ကို မတွေးဘူး။ ဒါပေမဲ့ ကျမ မမေ့ဘူး။ မေ့ဖို့လည်း မကြိုးစားဘူး။ ကျမဘ၀ထဲ ရှင်ဝင်ရောက်လာဖို့က
ကျမပဲ လမ်းဖွင့်ပေးခဲ့တာလေ။ ပြီးတော့ ကျမ ရှင့်ကိုထားသွားတယ်။ ကျွန်မတို့နှစ်ဦးကြားမှာ
ချစ်ခြင်းအပြင် မတူတာတွေကို ညှိယူဖို့ ခက်ခဲတာတွေ့ရှိနေလို့။ ကျမရင်မဆိုင်ရဲလို့ပဲ
ထားလိုက်ပါတော့။ ကျမရင်ထဲ ဟာလာဟင်းလင်းကျန်တယ်။ ရှင့်မှာတော့ ခိုဝင်စရာ ရင်ခွင်များစွာ…။
အို… ဒါတွေက အတိတ်တွေ။ ကျမ ဘာကြောင့်တွေးနေမိပါလိမ့်။ ကျမက အနာဂတ်ကိုပဲ တွေးရမှာ…။
အနာဂတ်တဲ့။ ကျမတွေးတယ်။ တွေးရင်းနဲ့မေးတယ်။ အနာဂတ်ဆိုတာ ရေရာလား။ မသေချာ။ မရေရာတာကို
ကျမ ဆက်မတွေးချင်ဘူး။ ကျမ အတွေးတွေရပ်သွားတယ်။ သူပေါ်လာတယ်။ ကျမရှေ့ရောက်နေတယ်။ ကျမ
သူနဲ့စကားတွေ ပြောနေတယ်။ ကျမသိစိတ်က သူ့ဆီမှာ။ ကျမ ဘာမှမတွေးတော့ဘူး။ ဒါပေမဲ့ ကျမကိုယ်ကျမ
မသိလိုက်ခင် ရှင့်ကိုတွေးမိတယ်။ ဘာလို့ ကျမ သူ့ကားပေါ်လိုက်မသွားတာလည်း။ ရှင့်ကယ်ရီယာခုံ
မပါတဲ့ စက်ဘီးလေးက ကျမအတွေးထဲ ရောက်လာတယ်။ ကျမတစ်ခါမှ မစီးခဲ့ဘူးတဲ့ ရှေ့ဘားတန်းပေါ်မှာ
ရှင်ဟာဘယ်မိန်းမကို တင်ခေါ်သွားမှာလည်း။ ဟာ….. ဘာကြောင့် ကျမနဲ့ မဆိုင်တာတွေကို တွေးနေရတာတုန်း။
ကျမရှေ့မှာ သူရှိတယ်။ သူ့ကိုလှမ်းခေါ်တယ်။ ဒါပေမဲ့ လှမ်းခေါ်မိတဲ့ နာမ်စားဟာ ရှင့်ကို
ကျမ မြတ်မြတ်နိုးနိုးခေါ်ဖူးတဲ့ နာမ်စားဖြစ်နေတယ်။ ကျမ နှုတ်ကထွက်သွားတာလား။ မသေချာဘူး။
ကျမတော့ ကြားလိုက်သလိုပဲ။ ရှင်ရယ်…. အတိတ်မှာ နေခဲ့ပါတော့။ ကျမ အနာဂတ်ကို ကျမ ထွက်ပြေးပါရစေ။
ကျမပြေးတယ်။ သူ့လက်ကိုတွဲပြီးပြေးတယ်။ ပြေးရင်းဘေးကို ကြည့်လိုက်တယ်။ သူဘယ်မှာလည်း။
ကျမပြေးတယ်…။ ဒါပေမဲ့ ကျမခြေထောက်တွေ မရွေ့ဘူး။ ကျမ မောလာတယ်။ ကျမ စိတ်ကပြေးနေတာလား၊
ကိုယ်က ပြေးနေတာလား။ ကျမစိတ်က ကျန်ခဲ့တာလား၊ ကိုယ်က ကျန်ခဲ့တာလား။ အဲဒီအချိန် ရင်ခွင်ရှိန်းရဲ့
ကဗျာတစ်ပိုဒ်က ကျမကို ပြေးဆောင့်တယ်။
“တစ်ယောက်ကို တစ်ယောက်
လွမ်းဆွတ်သတိရတယ်ဆိုတဲ့
အခိုက်အတန့်မှာ
တစ်ယောက်မရှိတဲ့ ခုံတန်းလေးမှာ
တစ်ယောက်တည်း ထိုင်နေတုန်း
မိုးသားတွေက လှလိုက်တာနော်လို့
တူနှစ်ကိုယ် ပြောခဲ့ဘူးတဲ့ မြင်ကွင်းထဲ
တစ်ကောင်ထဲ လွင့်ပျံလာတာတဲ့
ငှက်ကလေးကအစ
အရာရာဟာ တိုက်ဆိုင်စွာ
ကျကွဲရတာပေါ့”
ကျမရှင့်ကို သတိမရချင်ဘူး။
ဒါပေမဲ့ သတိရစိတ်က တားဆီးလို့မှ မရတာ။ ကျမ ရှင်နဲ့အတူရှိခဲ့တဲ့ ကံ့ကော်တောမှာ။ ကျမ
ဒီနေရာက မပြေးနိုင်ဘူး။ သူက ဒီနေရာကို ရောက်လာတာ။ သူက ရှင်မဟုတ်ဘူး။ ကျမ ပြေးချင်နေပြီ။
သူ့ကိုခေါ်ပြီး ပြေးချင်တာ။ ဟိုး အနာဂတ်ဆီ။ ကျမ မသိစိတ်ကို ကျမသိစိတ်က နိုင်ရမှာပေါ့။
ပြေးနေတုန်းရှိသေး။ သီချင်းသံ သဲ့သဲ့ကြးလိုက်တယ်။ ကိုငှက်ရဲ့ သီချင်း…။ အို…. ဘာ တဲ့…
“ငါနဲ့ငါ့ကြား ဗျာများနေဆဲငါ”
“ငါနဲ့ငါ့ကြား ဗျာများနေဆဲငါ”
“လူ၏ ပြဿနာမှာ အတိတ်ရှိနေခြင်းကို
အသိအမှတ် ပြုနေရခြင်းသာ
ဖြစ်သည်”
မြင့်သန်း
ကိုဇေ
February 21, 2015
2:54 AM
ညီမလေး “ကြွက်” နေရာ ကိုယ်ဝင်သွားတော့
ကိုယ့်အတ္တကို ကိုယ်ထုဆစ်ခဲ့တာ။ ကျေးဇူးပါ ညီမလေး ကြာညိုသင်း…။