Friday, May 29, 2015

ဘုရားသခင် Suicide လုပ်သွားပြီ


ကမ္ဘာမှာ လူဆိုတာ ရှိလာတဲ့ အချိန်လောက်ကတည်းကပေါ့။ လူတွေဟာ ကိုယ်စွမ်းအား ဥာဏ်စွမ်းအား မမှီတာတွေနဲ့ ရင်ဆိုင်နေရတယ်၊ သူတို့ ဘယ်ကလာမှန်းလည်း မသိဘူး။ သေတာကိုတော့ သိတယ်။ သေပြီးဘာရှိသေးလည်းကိုလည်း မသိဘူး။ ဒါနဲ့ပဲ သူတို့ ကိုယ်သူတို့ မကိုးကွယ်ရဲတော့ဘဲ ကိုးကွယ်ရာလိုက်ရှာကြတယ်ပေါ့။ သူတို့ ကောင်းကင်ကိုပဲ ကိုးကွယ်ရမလို မြေကြီးကိုပဲ ကိုးကွယ်ရမလိုဖြစ်နေတယ်။ နှစ်ပေါင်းများစွာကြာအောင်ပေါ့။ အဲ့ဒီလိုနဲ့ တစ်ချိန်မှာ ဘုရားသခင်တစ်ပါး ပေါ်ထွန်းလာတယ်။ ဘုရားက လူဆိုတာ သူဖန်ဆင်းထားတယ်ပေါ့။ သူ့ကို အားကိုးကြပေါ့။ သူ့ကို ကိုးကွယ်ကြပေါ့။ လူတွေကလည်း ယုံကြည်ကြတာပေါ့လေ။ ကိုးကွယ်ကြတာပေါ့။ ကိုယ်လိုက်မမှီတဲ့အရာတွေ အတွက် ဘုရားသခင်ကို အားအကြီးကြီးကိုးကြတာပေါ့။ ဇာတ်လမ်းအရ ဘုရားရှိမှတော့ ဘုရားကို ဖျက်လိုဖျက်ဆီး လုပ်လိုတဲ့သူလည်း ရှိမှာပဲလေ။ အဲဒီမှာ မာရ်နတ်ပါ ထပ်ပေါ်ထွန်းလာတာပေါ့။ ဘုရားကို မာရ်နတ်က မကျေနပ်ဘူး။ မာရ်နတ်က ဘုရားသခင်ကို စစ်ကြေညာတယ်။ ဒါပေမဲ့ဘုရား သခင်က ဖန်ဆင်းရှင်လေ။ ရုပ်ရှင်တွေထဲမှာလို ဘယ်တုန်းက ဗီလိန်ဟာ မင်းသားကို နိုင်ဘူးလို့လဲ။ ဒါနဲ့ပဲ မာရ်နတ် စစ်ရှုံးတာပေါ့။ ဒါပေမဲ့ ဘုရားသခင်ဟာ ကရုဏာ ကြီးမြတ်တော်မူတယ်။ သူ့ကို စစ်ခင်းခဲ့တဲ့ မာရ်နတ်ကို သနားကြင်နာတယ်။ ဂရုဏာထားတော်မူတယ်။ ဒါနဲ့ ဘုရားသခင်ဟာ မာရ်နတ် ကို အပြစ်မှ ခွှင့်လွှတ်တယ်။ ဘုရားသခင်ဟာ မာရ်နတ်ကို ပိုက်ဆံအဖြစ် ဖန်ဆင်းပေးလိုက်တယ်။ ပြီးတော့ လူ့လောက ထဲလွှတ်လိုက်တယ်။ ဘုရားသခင်ဆိုတာ မဟာကရုဏာရှင်လေ။ ဒါဟာ ဘုရားသခင်ရဲ့ အကြီးဆုံးအမှားပဲ။ ဒီလိုနဲ့ ပိုက်ဆံ လူ့လောကထဲ ရောက်လာကတည်းက လူတွေဟာ ဘုရားသခင်ကို မကိုးကွယ်တော့ဘူး။ ဘုရားသခင်ဟာ လူသားတွေကြား ပျောက်ဆုံးသွားတယ်။ လူတွေဟာ ဘယ်ကလာတယ် သေရင် ဘယ်ကိုသွားရမယ်မှန်းလည်း စိတ်မ၀င်စားတော့ဘူး။ သူတို့ ကိုယ်စွမ်းအား ဥာဏ်စွမ်းအား မမှီတာတွေကို ပိုက်ဆံက ဖြေရှင်းပေးမယ်လို့ ယုံကြည်နေကြတယ်။ ပိုက်ဆံ တစ်ဖြစ်လည်း မာရ်နတ်ကို ယုံယုံကြည်ကြည်ကိုးကွယ် ဆည်းကပ်ကြတာပေါ့။ မာရ်နတ်ဟာ ခုတော့ လူ့လောကမှာ ဘုရားဖြစ်သွားပြီ။ လူတွေက မာရ်နတ်ကို ကိုးကွယ်ကြတယ်။ မာရ်နတ်ဟာ ဘုရားသခင်ရဲ့ စေတနာမှာ ဘုရားအစစ်ဖြစ်လို့ မာရ်နတ်ကျေနပ်နေတယ်ပေါ့။ ဒုက္ခရောက်နေတာက မာရ်နတ်ကို ဘုရားသခင်ထင်ပြီး ကိုးကွယ်နေသူတွေ။ လူသားဆန်မှုတွေလည်း ပျောက်ဆုံးလို့။ မာရ်နတ် ကအစစ်အမှန် ငြိမ်းချမ်းမှုကို မပေးနိင်ဘူးလေ။ ပူလောက်သောကတွေပဲ ပေးတယ်။ ဒါပေမဲ့ မာရ်နတ်ကို ကိုးကွယ်ယုံကြည်နေမှတော့ ဒုက္ခကိုလည်း သုခလို့ပဲ မြင်နေကြတာပေါ့။ ဘုရားသခင်ဟာ သူမှားခဲ့တဲ့ ကရုဏာတွေ ခွင့်လွှတ်သည်းခံမှုတွေ ချစ်ခြင်းတွေအတွက် နောင်တရသွားတယ်။ သူမာရ်နတ်ကို ကမ္ဘာက ပျောက်ကွယ်သွားအောင်လည်း မဖန်ဆင်းနိုင်တော့ဘူး။ သူ့ကို ယုံကြည်ကိုးကွယ်မှု မရှိတော့လို့ သူ့ ပါဝါကျသွားတာလည်း ဖြစ်ချင်ဖြစ်မှာပေါ့။ ဒါမှမဟုတ် စိတ်ကုန်သွားတာလည်း ဖြစ်ချင်ဖြစ်မှာပေါ့။ ဥပက္ခာပြုလိုက်တာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ နောက်ဆုံး ဘုရားသခင်ဟာ Suicide လုပ်သွားတယ်။ ခုတော့ ကမ္ဘာမှာ မာရ်နတ်သာ ထာဝရ ဘုရားသခင်ပေါ့။ ဒါပေမဲ့ဘုရားသခင်က ကမ္ဘာ ပျက်မဲ့နေ့ကို ကြိုသိခဲ့တယ်။ သူဘယ်သူ့ကိုမှ မပြောခဲဘူး။ မာရ်နတ်မသိဘူး ၊ မာရ်နတ်ကို ကိုးကွယ်နေသူတွေ မသိဘူး၊ လောလောဆယ်တော့ ပိုက်ဆံ သို့မဟုတ် မာရ်နတ်သည်သာ ထာဝရ ဘုရားသခင်။ လူသားတွေဟာ မာရ်နတ်ကို ကိုးကွယ်နေရင်း မာရ်နတ်ကြိုးစွဲရာ မှာ အလိုက်သင့်ကရင်းနဲ့ ကမ္ဘာကြီးပျက်သုံးမဲ့နေ့ကို မသိဘဲ စောင့်ဆိုင်းလို့။ ဘုရားသခင်ဟာ တစ်ကယ် Suicide လုပ်သွားခဲ့ပြီ။


ကိုဇေ
May 28,2015 (Thursday)

9:48 PM