Sunday, November 15, 2015

လက်သန်းပြာလေးတွေ အာဏာရှင်ကို တောက်ထုတ်လိုက်တဲ့နေ့ (သို့) နိုဝင်ဘာ၊၈၊၂၀၁၅



ဒီနေ့နံနက်မှာ စောစောစီးစီးပဲ နှိုးစက်မလိုဘဲ နှိုးလာခဲ့တယ်…။ ဒီနေ့မှာ ဘ၀မှာ ပထမဆုံးအကြိမ်အဖြစ် မဲပေးရမှာလေ…။ ၂၀၀၈ အခြေခံဥပဒေ ဆန္ဒခံယူပွဲတုန်းက မဲမပေးခဲ့ဥလို ၂၀၁၀ မှာလည်း ကိုယ်ယုံကြည်တဲ့ပါတီ မရှိခဲ့လို့ မဲမပေးဖြစ်ခဲ့ဘူး။ ဒီနေ့တော့ ကိုယ့်နိုင်ငံသားတစ်ယောက် ဖြစ်ခြင်းရဲ့ အမြင့်ဆုံး အခွင့်အာဏာကို အပြည့်အ၀ အသုံးချဖို့ ဖြစ်လာခဲ့ပြီပေါ့…။

ကိုယ်နေတာက လှိုင်သာယာ၊ အမှတ် (၆) ရပ်ကွက်။ ကိုယ်မဲပေးရမဲ့ မဲရုံက အမှတ် (၁၈)။ ကိုယ်တွေရပ်ကွက်က အလယ်တန်းကျောင်းလေးထဲမှာပေါ့။ မဲရုံ အမှတ် (၁၆) ကနေ (၃၀) အထိ စုစုပေါင်း (၁၅) ရုံ တစ်နေရာတည်းမှာပဲ ဖွင့်ထားတာ။ ကျောင်းက စာသင်ခန်းတွေ ကျဉ်းတာလည်း ပါတာပေါ့..။ မဲရုံတစ်ရုံကို လူ ၃၀၀ နှုန်းသတ်မှတ်ထားတယ်။ အနေအထားအရ အစောကြီးတန်းစီစရာမလိုမှန်း သိလို့ ကိုယ်အိမ်မှာအေးဆေးပဲ Facebook ပေါ်ကနေ ဒီနေ့မဲပေးကြတဲ့ သတင်းတွေ ကြည့်နေတယ်။ ကိုယ့် News Feed တစ်ခုလုံးမှာ လက်သန်းပြာလေးတွေချည်းပဲ။

နေ့လည် ထမင်းစားပြီးချိန်လောက် မဲရုံကို ထွက်လာခဲ့တယ်။ ကိုယ်တို့မဲရုံမှလူရှင်းလို့။ မဲရုံမှုးကို ဘယ်နှစ်ယောက် မဲလာပေးသွားပြီလည်းလို့ မေးကြည့်တော့ အယောက် (၈၀) လောက်ပဲ မဲလာပေးသွားသေးတယ်တဲ့။ ဒါနဲ့ပဲ ကိုယ်မဲပေးစရာရှိတာ ပေးပေါ့။ ရွေးကောက်ပွဲမစခင်ကတည်းက ကိုယ်ပါဝင်တဲ့ Independent Youth For Change ဆိုတဲ့ အဖွဲ့လေးနဲ့ တတ်နိုင်သလောက် လှိုင်သာယာ၊ ရွှေပြည်သာ၊ ဒလ၊ မှော်ဘီ စတဲ့မြို့တွေမှာ မဲပေးနည်းလမ်းညွှန်အကြောင်း၊ ခိုင်လုံမဲ ဘယ်လိုပေးမလည်းဆိုတဲ့ အကြောင်း မျှဝေခဲ့ကြသေးတယ်လေ။ ကိုယ်ကိုယ်တိုင်ပေးတဲ့ အချိန်မှာ ရင်တွေ တုန်လိုက်တာဆိုတာ။ ငါဟာ ကိုယ့်အစိုးရကို ကိုယ်တိုင်ရွေးနိုင်ပြီဆိုတဲ့ ပီတိအဟုန်နဲ့ပေါ့။ ပြည်ထောင်စုလွှတ်တော်၊ အမျိုးသားလွှတ်တော် နဲ့ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်တွေအတွက် အသဲကြားက မဲသုံးကြိမ်ပေးအပြီး ကိုယ့်လက်သန်းလေး မှင်အိုးထဲနှစ်၊ မှင်ပြာလေးတွေ စွန်းသွားတဲ့ လက်သန်းလေးကိုကြည့်ပြီး ငါတာဝန်ကျေပြီလို့ ခံစားလိုက်ရတယ်။

ဒီထက်ပိုပြီး ဘာလုပ်နိုင်ဦးမလည်းဆိုတော့ ညနေမဲရုံပိတ်ချိန် မဲရေတဲ့အခါ မဲပေးသူ ၄ ဦးသက်သေအနေနဲ့ မဲရုံအတွင်း ၀င်ခွင့်ရှိတယ်ဆိုတာ ကိုယ်သိထားတယ်လေ။ ဒါနဲ့ မဲရုံမှုးကို ကျွန်တော်ညနေ လာခဲ့မယ်လို့ ခွင့်တောင်းတော့ မဲရုံမှုးကလည်း ၀မ်းပန်းတသာ ကြိုဆိုတယ်။ အခြားမဲရုံတွေကိုလည်း လှည့်ပတ်ကြည့်။ ကိုယ်အားမရတာတစ်ခုက မဲပေးခွင့်ရှိတဲ့ လူတိုင်းမဲလာမပေးကြတာကိုပဲ…။

ဒါနဲ့ပဲ ကိုယ်အိမ်ခနပြန် Facebook ပေါ်မှာ သတင်းတွေကြည့်ပေါ့။ ညနေ ၃ နာရီခွဲလောက် မဲရုံကို ကိုယ့်ညီနဲ့အတူ ပြန်လာခဲ့တယ်။ အဲအချိန်မှာ မိုးကရုတ်တရက် ထရွာတယ်…။ အာဏာရှင်စနစ်ကို ဆေးကြောသန့်စင်တဲ့မိုးလား…။ အတွေးတစ်စ ကွန့်မြူးကြည့်မိတယ်။ မဲရုံပိတ်ချိန် မဲရုံမှုးနဲ့ သက်ဆိုင်ရာ တာဝန်ရှိသူတွေ၊ အသိသက်သေအဖြစ် ကိုယ်တို့ ညီအစ်ကိုရယ်ပေါ့။ မဲပေးခွင့်ရှိတဲ့ လူ ၃၀၀ မှာ ၁၀၂ ဦးပဲ လာပေးတာတော့ စိတ်မကောင်းစရာတစ်ခုပေါ့။

ပထမဆုံး ကြိုတင်မဲတွေ ဖောက်ရေတွက်တယ်။ စုစုပေါင်းက နေရာတစခုစီအတွက် (၈) ဆောင်တည်းပါ။ ပြနာတစ်ခုက စာအိတ်ကို ကော်နဲ့ပိတ်တဲ့အခါ မဲလက်မှတ်ပါ ကပ်နေတာ။ ပယ်မဲမဖြစ်ရလေအောင် သေချာဂရုစိုက်ပြီး ဖောက်ကြရတယ်။ အဲဒီ (၈) စောင်တည်းနဲ့ နာရီဝက်ကျော်လောက် အချိန်သုံးလိုက်ရတယ်။ နေရာသုံးခုစလုံးမှာ NLD က (၆) မဲ၊ USDP က (၂) မဲစီရတယ်။ အဲဒီနောက် ပြည်ထောင်စုလွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော် အတွက် တစ်ဗုံးစီ ဖောက်ပြီးမဲရေကြတယ်။ ထူးခြားတာတစ်ခုက ပယ်မဲက အရမ်းနဲခဲ့တာပဲ။

ကိုယ်တွေမဲရုံရဲ့ ရလာဒ်ကို ပြောရရင် မဲဆန္ဒရှင် ၁၀၂ ဦး + ကြိုတင်မဲ ၈ဦး = စုစုပေါင်း ၁၁၀ ဦးမှာ ပြည့်သူ့လွှတ်တော်အတွက်က NLD -  ၈၉ မဲ၊ USDP - ၁၄ မဲ၊ အခြားပါတီများက ၅ မဲ နဲ့ ပယ်မဲက ၂မဲ၊ အမျိုးသားလွှတ်တော်မှာ NLD - ၈၉ မဲ၊ USDP - ၁၅မဲ၊ အခြားပါတီ ၃ မဲနဲ့ ပယ်မဲ ၃မဲ၊ တိုင်းဒေသကြီးလွှတ်တော်မှာ NLD - ၈၉ မဲ၊ USDP -၁၄ မဲ၊ အခြားပါတီ ၄ မဲနဲ့ ပယ်မဲ ၃မဲပေါ့။

မဲရေတွက်ပြီးချိန်မှာ တော်တော်မှောင်နေပြီ။ ဒါပေမဲ့ မဲရုံမှာ မီးမရှိဘူး။ အချို့အိမ်ကယူလာတဲ့ အားသွင်းမီးအိမ်လေးတွေရယ် ကိုယ်တွေဖုန်းက flesh light ရယ်နဲ့ပဲ မဲရုံမှုးက စာရင်းတွေဖြည့်သွင်းတယ်ပေါ့။ မဲရုံမှုးက ပြောစရာမရှိပေမဲ့ ဒုမဲရုံမှုးရယ် ကျန်အကူကလေးတွေရယ်ဟာ သင်တန်းအတွေ့အကြုံမှာ အားနဲခဲ့ပုံပဲ။ ကျန်တဲ့ စောင့်ကြည့်ရေးအချို့နဲ့ ကိုယ်တို့တွေ ဘေးကကူညီခဲ့ရတယ်။ ၇နာရီခွဲကျော်ကျော်လောက်မှ လက်စသတ်နိုင်တယ်။ ကိုယ်တွေ အလယ်တန်းကျောင်းက မဲရုံ ၁၅ ရုံလုံးထဲမှာ ဒုတိယမြောက် အစောဆုံး ပြီးခဲ့တာပေါ့။ အချို့မဲရုံတွေက မဲရေတုန်း။ အချို့တွေက အချက်အလက်တွေ ဖြည့်သွင်းတုန်း။ အားလုံးပြီးရင် လှိုင်သာယာ မယက ရုံးကို ပို့ရမှာတဲ့။ ဘာနဲ့ပို့မလည်းမေးကြည့်တော့ ကော်မရှင်က ဘာမှစီစဉ်မပေးထားဘူး။ ဆရာမတွေလည်း အရမ်းပင်ပန်းနေကြပြီ။ နောက်ဆုံးတော့ ကိုယ့်အစီအစဉ်နဲ့ ကိုယ်ပို့မယ်ဆိုပြီး မဲရုံသုံးရုံ က မဲရုံမှုးသုံးယောက်စီက တက်စ်စီတစ်စီးစီငှား၊ လုံခြုံရေးရဲ ၂ ယောက်က မဲရုံမှုးတွေနဲ့ အတူလိုက်။ တစ်ယောက်က ဆိုင်ကယ်နဲ့လိုက်သွားကြတယ်။ အဲဒီလိုနဲ့ပဲ အဆင်ပြေခဲ့ကြတယ်ပေါ့။

ကိုယ်တွေမဲရုံ ၁၅ ရုံလုံးက ပုံစံ ၁၉(က) ကိုကြည့်မိတော့ NLD က အနီးကပ်ဆုံး ပြိုင်ဘက်ပါတီကို ခြောက်ဆကျော် အပြတ်အသက် အနိုင်ရနေတယ်လေ။ ကိစ္စတွေပြီးလို့ Facebook ကိုဖွင့်အကြည့် ကိုမင်းကိုနိုင်ရဲ့ ကဗျာလေးတစ်ပုဒ် News Feed မှာ တက်လာတာတွေ့တယ်။

“ဒီနေ့ဟာ
သူရဲကောင်းတို့ အရိုးတွေ
အိုးဝေလို့ ထတွန်တဲ့နေ့။” တဲ့။

ဟုတ်တယ်။ ဒီနေ့ဟာ နိုင်ငံသားတစ်ယောက်ရဲ့ တာဝန် ကျေပြွန်သူတွေရဲ့ လက်သန်းပြာလေးတွေဟာ အာဏာရှင်စနစ်ကို တောက်ထုတ်လိုက်တဲ့နေ့။ မြန်မာနိုင်ငံရဲ့ သမိုင်းဝင်မဲ့နေ့။ နိုဝင်ဘာ (၈) ၂၀၁၅။


ကိုဇေ
November 14, 2015 at 7:31PM



အမည်ရင်း                -         ကျော်ဇေယျာအောင်
မဲထည့်ဝင်ခဲ့သည့်မဲရုံ     -         မဲရုံအမှတ် (၁၈)
အမျိုးသားမဲဆန္ဒနယ်မြေ -         အမှတ် (၁၁)
ရပ်ကွက်                   -         အမှတ် (၆) ရပ်ကွက်
မြို့နယ်                    -         လှိုင်သာယာ မြို့နယ်
တိုင်းဒေသကြီး            -         ရန်ကုန်တိုင်းဒေသကြီး


Wednesday, November 4, 2015

ငြိမ်းချမ်းရေး



နှစ်ဖက် ဗိုလ်ချုပ်နှစ်ယောက်
စာရွက်တစ်ရွက်ပေါ်
လက်မှတ်ထိုးလိုက်တယ်
ငြိမ်းချမ်းရေးတဲ့

ဒိုင်း ဒိုင်း ဒိုင်း
သူတို့ တပ်သားတွေမှာ
ဘောပင်မှ မရှိတာ
သေနတ်ပဲရှိတာကို...

နှစ်ဖက်ပစ်လိုက်တဲ့
ကျည်ဆံတွေဟာ
ကိုယ့်ရန်သူ့တပ်သား
နှလုံးသားကို ဖောက်ဝင်ပီး
ထို ဗိုလ်ချုပ်နှစ်ယောက်
ရင်ဝမှာ လာစိုက်တယ်
ဆုတံဆိပ်အဖြစ်

ဘာသာတိုင်းကပြောတယ်
လူမသတ်နဲ့
"ရဲသော်မသေ သေသော်ငရဲမလား"
ဘယ်သူ့စကား နားထောင်မှာလည်း။

ဂျိုးငှက်လေးဟာ
သပြေခတ်ကို ထိုးဆိတ်လို့
သူလည်း ဗိုက်ဆာနေမှာပေါ့။            ။


ကိုဇေ

November 4,2015 at 1233AM

-


Rape လုပ်ခံရတဲ့ စိတ်မှာ
ရလာတဲ့ သန္တေသားက
နာ ကျင် မှု

သွေးသားဆိုတော့လည်း
တစ်ယုတစ်ယ
မွေးမြူမိပြန်ပေါ့...။


ကိုဇေ

November 3, 2015 at 12:53AM