Tuesday, October 7, 2014

ထဘီကြောက် ရောဂါ


27.9.2014 ကနေ 1.10.2014 အထိ Pansodan Scene Gallery မှာ ပန်းချီဇွဲရန်နိုင် ရဲ့ To Value Something ဆိုတဲ့ တစ်ကိုယ်တော် ပန်ချီပြပွဲလုပ်သွားခဲ့တယ်။ အဲဒီပြပွဲမှာ မြန်မာနိုင်ငံအလံဟောင်းကို ထဘီရေလျားလုပ်ထားတဲ့ မိန်းမ တစ်ယောက်ကျောပေးထားပီး ရှေ့မှာယခု လက်ရှိအလံပုံ နဲ့ ပန်းချီကားတစ်ချပ်ပါတယ်။ Irrawaddy Blog မှာအဲဒီပုံကို ဖွလိုက်တယ်။ ဆဲသံဆိုသံတွေညံလို့။ Blog ပေါ်ကတစ်ဆင့် Facebook စာမျက်နှာတွေထက်မှာ တစ်ခါမှ ကိုယ်နာမည် မကြားဘူးတဲ့ စာရေးဆရာဆိုသူတွေရော၊ Artist ဆိုသူတွေကပါ ဘာဖြစ်တယ် ညာဖြစ်တယ်။ ပန်းချီဆရာ မိုက်ရိုင်းတယ်။ အလံကို စော်ကားတယ်ပေါ့ဗျာ။ ထားပါ… သူတို့ ဘာလို့ ဆဲတယ် ဆိုတယ် လက်မခံနိုင်ဖြစ်တယ်ဆိုတာကို ကိုယ်က ဥာဏ်မှီသလောက် တွေးကြည့်တယ်။ အလံကို စော်ကားပါတယ်ဆိုတာ ဘာကြောင့်လည်း။ တစ်ကယ်လို့ မိန်းမတစ်ယောက်က အလံကို တိုင်မှာချည်ပြီး ဝှေ့ရမ်းကိုင်ထားမယ်၊ ဒါမှမဟုတ် အားကစားမယ်တစ်ယောက်က ပခုံးမှာ စူပါမန်းဝတ်ရုံလို လွှမ်းထားမယ်၊ ဒါမှမဟုတ်လည်း ခေါင်းမှာစည်းထားမယ်ဆိုပါတော့ဗျာ…။ ဘယ်သူတွေက ဘယ်လိုဝေဖန်ကြဦးမှာလည်း…။ သေချာပါတယ်။ သူတို့ ဖြစ်နေတဲ့ ပြနာက အလံကို ထဘီလုပ်ဝတ်လို့ မခံမရပ်နိုင်ဖြစ်နေတာ။ ထဘီဆိုတာကို ယုတ်ညံ့တယ် လို့ စွဲနေတဲ့ ပြနာ။ တစ်နည်း ပြောရရင် ထဘီကြောက်နေတဲ့ ရောဂါ ဖြစ်နေတာပေါ့ဗျာ…။



ဟိုးငယ်စဉ် ကလေးဘ၀ ကိုယ့်ဖာသာ ဘာကိုမှ စဉ်းစားဆုံးဖြတ်နိုင်စွမ်း မရှိတဲ့ အချိန်တုန်းက လူကြီးသူမတွေ အမြဲ ပြောတဲ့ ဆုံးမစကားတစ်ခွန်းရှိတယ်။ ထဘီတန်းအောက် မ၀င်နဲ့။ ဘုန်းနိမ့်လိမ့်မယ်တဲ့။ ဘုန်းဆိုတာ ဘာလည်းတော့ မသိဘူးပေါ့နော်။ ဒါပေမဲ့ ယောက်ျားဆိုတာ ဘုန်းရှိတယ်။ မိန်းမဆိုတာ ဘုန်းနိမ့်တယ်ပေါ့။ ကိုယ်လူလားမြောက်ခဲ့တဲ့ လူ့အဖွဲ့အစည်းမှာ အဲလိုခွဲခြားခဲ့တယ်လေ။ ယုတ်ဆွအဆုံး ကိုယ့်အမေတောင်မှ သူ့သား၊ သူ့ယောက်ျား အ၀တ်တွေကို သူ့ထဘီတွေနဲ့ အတူရော မလျှော်ခဲ့ဘူးလေ။


ဟိုတစ်လောက ကိုတည်တံ့ ရေးထားတဲ့ ပိုစ့်လေးတစ်ခု ဖတ်လိုက်ရတယ်။
လူ့အဖွဲ့အစည်းအရပ်အတွင်းမှာ လူတန်းစား ဖိနှိပ်မှု၊ လိင်အရ ဖိနှိပ်မှုစတဲ့ မညီမျှချက် မှန်သမျှတို့ဟာ ပြောင်တင်းတဲ့ အမိန့်အာဏာနဲ့ ပြဌန်းထားတာ မဟုတ်ဘဲ ပျော့ပြောင်းတဲ့ “သင်္ကေတ သရုပ်ပြ ဖိနှိပ်မှု” (Symbolic Violence) သဘောဆောင်တယ်။ မိန်းမတွေဟာ ယောက်ျားတွေထက် ယုတ်နိမ့်သူတွေ ဖြစ်တယ်ဆိုတဲ့ အယူအဆမှာ ယောက်ျားတွေဟာ ဘုန်းတန်ခိုးရှိပြီး ပိုမိုမြင့်မြတ်တဲ့ လူသားတွေ ဖြစ်ကြောင်း သိပ္ပံနည်းကျအရရော၊ ဇီဝဗေဒအရပါ သက်သေပြလို့ မရဘူး။ ထုံးတန်းစဉ်လာအားဖြင့် အစဉ်အဆက် ကျင့်သုံးလက်ခံလာခဲ့တဲ့ လူတစ်စုတို့ရဲ့ “လူမှုအလေ့အထဟန်ချက်” အတွင်းမှာ သွတ်သွင်းလာတဲ့ အယူဓလေ့ တစ်ရပ်မျှသာ ဖြစ်တယ်။ သို့သော် အစဉ်အလာ စံနှုန်းတစ်ခုအဖြစ် အကာအကွယ်ယူ အလုပ်လုပ်နေတဲ့ “သင်္ကေတ သရုပ်ပြ ဖိနှိပ်မှု” ကတော့ ဒါကို လူမှုအစစ်အမှန်တရားလို့ ထင်မှတ်လာအောင် ဖုံးကွယ်ပေးနေတယ်။ ဒါကြောင့် “သင်္ကေတ သရုပ်ပြ ဖိနှိပ်မှု” အားဖြင့် လွှမ်းမိုးခံထားရတဲ့ အမျိုးသမီးတွေ ကိုယ်တိုင်မှာတောင် သူတို့ဟာ ယောက်ျားတွေထက် နိမ့်ကျသူတွေ ဖြစ်တယ်ဆိုတဲ့ အချက်ကို စဉ်းစားတွေးခေါ်မှုမပြုဘဲ သဘာဝတရားအဖြစ် လက်ခံလိုက်ကြတာပဲ။ ယောက်ျားနဲ့ မိန်းမအကြားက ကွာခြားချက်လို့ဆိုတဲ့ “ဘုန်းတစ်ခိုး” ဆိုတဲ့ အယူအဆဟာ သင်္ကေတ သဘောဆောင်ပြီး လွှမ်းမိုးထားတဲ့ ပါဝါဆက်သွယ်ချက်တစ်ခုပဲ။ ဒါ့အပြင် ဘာသာရေး နယ်မြေတွေမှာ တွေ့ရတဲ့ “အမျိုးသမီးများ ၀င်ရောက်ခွင့်မရှိ” ဆိုတဲ့ ဘာသာရေး တားမြစ်ချက်တွေက အစ၊ “သားကိုသခင်၊ လင်ကိုဘုရား” စတဲ့ စကားပုံဆိုရိုးတွေ အလယ်၊ အမျိုးသမီးတွေရဲ့ အမှတ်လက္ခဏာကို မီးဖိုချောင်နဲ့ ယှဉ်တွဲဖော်ပြတဲ့ တီဗွီကြော်ငြာတွေအဆုံး အားလုံးတို့ဟာ နေ့စဉ်ဘ၀ထဲက လိင်မှုဆိုင်ရာ ကွဲပြားချက်အမြင်ကို ဆက်လက်လည်ပတ်အောင် ပုံဖော်ပေးနေတဲ့ သင်္ကေတသရုပ်တွေအဖြစ် အလုပ်လုပ်တယ်။ အမျိုးသမီးတွေအနေနဲ့ သူတို့ဟာ အမျိုးသားတွေထက် တစ်ဆင့်နိမ့်ကျသူတွေ ဖြစ်တယ်ဆိုတဲ့ အစစ်အမှန်တရားဟာ သူတို့ရဲ့ နေ့စဉ်ဘ၀ အတွေ့အကြုံထဲမှာ ထပ်ပြန်တလဲလဲ တည်ဆောက်ခံနေရတယ်။

ကိုယ်ငယ်ငယ်တုန်းက ဘုရားအထက်ပစ္စယံပေါ် မိန်းမတွေ လည်းတက်သင့်တယ်ဆိုပြီး ငြင်းဘူးတယ်။ မိန်းမတွေကိုယ်တိုင်ကိုက ကိုယ့်ကို အထူးအဆန်းကြည့်လို့။ ဘာကြောင့်ဆိုတဲ့ ဆင်ခြေကို ကိုယ်ဥာဏ်မှီသလောက် ရှာကြည့်တယ်။ စေတီတော်တော်များများက ထုံးဖြူပဲသုတ်ထားတာပဲလေ။ မိန်းမဆိုတာက တစ်လတစ်ခါ ဓမ္မတာ လာတတ်တယ်လေ။ ဟိုးအရင်ခေတ်တွေက ခုလို pad တွေဘာတွေလည်း ရှိတာမှ မဟုတ်တာ။ အဲတော့ မိန်းကလေးတွေ စေတီတွေရဲ့ အထက်ပစ္စယံမှာ ရောက်နေတုန်း ဓမ္မတာလာရင် ထုံးဖြူစွန်းသွားမှာစိုးလို့ပဲ တားမြစ်ခဲ့တာလား။ ကိုယ်က ဖြစ်နိုင်ခြေတစ်ခု တွေးကြည့်ခဲ့တာပါ။ ဒါမှမဟုတ်လည်း အဲလိုပြဌန်းတာတွေက ယောက်ျားတွေ ဖြစ်နေတာကို။ သူတို့ဘာသာ တမင်ခွဲခြားခွဲခြား လုပ်ချင်လို့ ပြဌန်းတာလည်း ဖြစ်မှာပါ။ ပြီးတော့ မိန်းမဆိုတာက သွေးလန့်တတ်သေးတယ်လေ။ 

ခေတ်တွေလည်း ပြောင်းကုန်ပါပြီ။ မြို့ပြမှာလည်း အထပ်မြင့် တိုက်ကြီးတွေ ဟီးကုန်ပါပြီ။ ထမိန်တန်းတင် မကတော့ပါဘူး။ ကိုယ့်တွေရဲ့ ခေါင်းပေါ်မှာ ထဘီတွေတင်မကတော့ပါဘူး။ ထဘီဝတ်တဲ့ မိန်းမတွေပါ ရောက်ကုန်ပါပြီ။ ကွန်ကရစ် အထပ်လေးတွေ ခြားထားတာနဲ့ တန်းအောက်ဝင်တာ ဘာမှတော့လည်း သိပ်မထူးခြားတော့ပါဘူး။ ထဘီကြောက်တတ်တဲ့ ရောဂါတွေလည်း ပျောက်ကင်းသင့်ကြပါပြီ။

ခုချိန်ထိ ထဘီဆိုတာ ယုတ်ညံ့တယ်လို့ ထင်နေကြသေးရင်လည်း ဘုန်းမြင့်သော ယောက်ျားအပေါင်းတို့က ထဘီဖြင့် ဖုံးကွယ်ထားသော အရာကို လက်ဖြင့်လည်း မထိပါနှင့်၊ ခေါင်းဖြင့်လည်း ထိုးမထည့်ပါနှင့်၊ နှုတ်ခမ်းဖြင့်လည်း မနမ်းပါနှင့်၊ ဘာဆိုဘာနဲ့မှ မထိပါနှင့်။ အိုဗျာ နောက်ဆုံး စိတ်နဲ့တောင် မပြစ်မှားပါနှင့်။


ကိုဇေ
October 7, 2014 (Tuesday)
4:18PM


No comments: