Monday, December 29, 2014

ရွှေရတုဆိုတာ ရွှေရည်စိမ် အတုအယောင်

  

(၁)

ပစ်တယ်... သတ်တယ်...
မသေဘူး...
RIT ကနေ YIT ဖြစ်လာတယ်။

ရိုက်တယ်... ဖမ်းတယ်...
လွတ်မြောက်ဆဲ...
YIT ကနေ YTU ဖြစ်လာတယ်။

သန်လျင်၊ မှော်ဘီ၊ လှိုင်သာယာ၊ ပြည်၊ မန္တလေး၊
ဒီကောင်တွေ သွေးခွဲပြီး
ကျောင်းပိတ်ပစ်လိုက်တယ်...
1964 မှသည် ရွှေရတုမတိုင်ခင်
ဆယ်စုနှစ်တစ်ခုအလိုဆီ...။


(၂)

တစ်နှစ်၊ နှစ်နှစ်၊ သုံး၊ လေး၊ ငါး၊ ခြောက်၊ ခွန်၊ ရှစ်နှစ်...
သမိုင်းကိုဖျောက်လို့
ကျောင်းပြန်ဖွင့်လိုက်ပြီ။


(၃)

အိုညီငယ် ညီမငယ်တို့
ပစ်တိုင်းလည်း မသေ
ဖမ်းတိုင်းလည်း မမိခဲ့ဘူး။

ကိုယ်တို့ ကျောင်းဟာ သူပုန်ထတယ်။
ကိုယ်တို့ ကျောင်းဟာ သူပုန်ဖြစ်တယ်။

မတရားတဲ့ အစိုးရကို ဆန့်ကျင်တဲ့
သူပုန်တွေ ကိုယ်တို့ကျောင်းက
ရှေ့ဆုံးကနေ ထွက်လာခဲ့ဘူးတယ်။

အိုညီငယ် ညီမငယ်တို့
RIT - YIT - YTU
နောင်တော်တွေနောက် လိုက်ခဲ့ပါ။

သက္ကရာဇ် နှစ်ထောင့်သုံးဆယ့်ကိုးမှာ
သူပုန်တွေကျင်းပတဲ့ စိန်ရတုသဘင်
အစစ်အမှန် မြင်ချင်မိတယ်ကွယ်။               ။


ကိုဇေ
December 27, 2014

11:12PM


အဲဒီနံရံကပ် ကာတွန်းbox ကပုံလေးကနေ ဆက်တွေးကြည့်မိလိုက်တာ

Tuesday, December 23, 2014

အလှူ


ဘာညာ သီချင်းတွေဖွင့်ပြီး ကိုယ့်နားကို လော်စပီကာနဲ့ မုဒိန်းကျင့်တဲ့ အလှူခံတွေကို ကိုယ်အမြဲ ဥပက္ခာပြုတယ်။ သနားကြပါ ဘာညာ သူတောင်စားတွေကို ကိုယ်မသနားတတ်ဘူး။ သူတို့ ကိုယ့်ထက် ၀င်ငွေကောင်းတာ ကိုယ်သိတယ်။ ဘောင်ချာတွေမှာ နိဗ္ဗာန်ရောက်စေသော်ဝ် ဘာညာ ဘာအလှူခံတဲ့ မျက်နှာသိတွေကို ကိုယ်မထည့်ဘူးလို့ ငြင်းတယ်။

မရှိလို့ မလှူ မလှူလို့ မရှိဆိုလားဘာလား။ မရှိပါဘူးဆိုမှ ကိုယ့်ခန္တာကိုယ်မှာရှိတဲ့ ဘာညာတွေကို ရင်းပြီး လိင်အလှူပေးရမှာလား ဘာလား။

ကိုယ်ဟာဒါနသီလကို လုံးဝ မကျင့်သုံး မဆောက်တည်တဲ့ ကောင်ကြီးလား။ ဒါနဘာလည်း။ စောဒီပါ။ ကိုယ့်အရက်ဖိုးကို ကိုယ်က အလှူခံနေတဲ့ကောင်လေ။

ကိုယ်ဒီနေ့ သူငယ်ချင်းတစ်ယောက်အိမ်မှာ သောက်ပြီး အမှိုက်ကူပစ်ပေးတယ်။ ထုံးစံအတိုင်း ကိုယ့်သူငယ်ချင်းလေ။ ပစ်စရာအမှိုက်က ဘီယာပုလင်းခွံနဲ့ အရက်ပုလင်းခွံတွေပဲရှိတာပေါ့။ အများမှ အများကြီး။ ကိုယ်တွေက မူးကလည်းမူး။ လေးကလည်းလေး။ အမှိုက်ပုံကလည်း အဝေးကြီး။

ဒီလိုနဲ့ လမ်းမှာ ကလေးမလေး တစ်ယောက်တွေ့တယ်။ ဦးတို့ လွန့်ပစ်မလို့လား။ သမီးတို့ကို ပေးပါလားတဲ့။ အိုခေ သမီး သယ်နိုင်သလောက် သယ်သွားဆိုတော့ ကလေးမလေးက ကိုယ်တွေ ပစ်ဖို့ထားတာတွေကို ကြည့်ပြီး အံ့သြသွားတယ်။ ပြီးတော့ ခဏလေးစောင့်ပေးပါတဲ့။ အဖွားကြီးတစ်ယောက်ကို ခေါ်လာတယ်။ ကိုယ်တွေရဲ့ အမှိုက် ပုလင်းခွံတွေကို အကုန်သယ်သွားတယ်။ ပြီးတော့ ကျေးဇူးပါတဲ့။ ကလေးမလေးနဲ့ အဖွားကြီးရဲ့ မျက်ဝန်းတွေဟာ ရွှန်းလဲ့လို့။

ကိုယ်တွေရဲ့ အမှိုက်ဟာ အမှိုက်ပုံအထိ မရောက်လိုက်ဘူး။ ကိုယ်တွေကလည်း လက်ညောင်းတာ သက်သာခဲ့တယ်။

ခုမှကိုယ့်ဖက်က ကြည့်တာ။ ကလေးမလေးနဲ့ အဖွားကြီး ပုလင်းတွေ ယူနေချိန် ဖြစ်လာတဲ့ ရင်ထဲကပီတိ... ကိုယ့်မှာ ပြောပြဖို့ စကားလုံးမရှိ။

ကိုယ်အရမ်းကြည်နူးတယ်။ ကိုယ်ဘာဆုမှလည်း မရခဲ့ဘူး။ နိဗ္ဗာန်ရောက်ပါစေ ဘာညာ ဘာဆုမှ မရခဲ့ဘူး။ ကိုယ့်နားကို ဘာညာ လော်ကြီးနဲ့ အမျိုးပျောက်မှာ စိုးကြောက်နေတဲ့ သီချင်းတွေနဲ့လည်း Rape လုပ်မသွားဘူး။

ကိုယ်က အရက်သောက်တယ်။ ကြိုက်တာကို။ ပုလင်းခွံဟာ ကိုယ့်အတွက် အဖိုးမတန်ဘူး။ ဒါပေမဲ့ ကိုယ်တို့ စွန့်ပစ်တဲ့ ပုလင်းခွံဟာ သူတို့ ပြန်သွင်းရင် တစ်ထောင် ဒါမှမဟုတ် နှစ်ထောင်ထက် မပိုတဲ့ ငွေလောက်ပဲ တန်ပေမဲ့ ကလေးမလေးနဲ့ အဖွားကြီးရဲ့ မျက်ဝန်းတွေနဲ့တင် ကိုယ်အလှူလုပ်ခဲ့ပြီ။

အဲဒီပိတီကို ဒီအမူးသမားတွေ အမှိုက်ပုံမရောက်ခင် လက်ညောင်းသက်သာတယ်လို့ လှောင်ချင်လည်း လှောင်ပါ။ လက်မညောင်းချင်လို့ ကြုံရာပေးခဲ့တယ်လို့လည်း စွပ်စွဲပါ။ ဘာညာပေါ့။

ကိုယ်က သဒ္ဒါနည်းတဲ့ကောင်ပါ။ ဒါနပါရမီမဖြည့်နိုင်လောက်အောင် ညနေဆို အရက်ဖိုး စပွန်ဆာ ရှာနေတဲ့ကောင်ပါ။

ဒီညတော့ ကိုယ်လှူလိုက်တယ်။

ကိုယ်အလှူတစ်ခု လုပ်လိုက်တယ်။              ။


ကိုဇေ
December 22, 2014

10:22 PM

Monday, December 15, 2014

ကဗျာ


အချို့သော ခံစားချက်တွေက နှလုံးသားထဲ စီးဝင်သွားတယ်။

ပြီးတော့ လက်ချောင်းတွေကနေပြီး စကားလုံးတွေအဖြစ် ပြန်ထွက်ကျလာတယ်။

အဲဒီစကားလုံးတွေကို “ကဗျာ” လို့ နာမည်ပေးလိုက်တယ်။



ကိုဇေ
December 11, 2014

3:03PM

လောင်ကျွမ်းခြင်း


(က)
ဟုတ်ကနဲ့ လောင်တယ်
တစ်ကူးတစ်က ငြိမ်းသတ်ရန်မလို
စစခြင်းကတည်း အရှိန်ပြင်းသလိုလို
ဒါပေမဲ့ တစ်ခဏအတွင်း သူ့ဘာသာ ငြိမ်းသွားတယ်
ဘာဆိုဘာမှ မကျန်ခဲ့။

(ခ)
တစ်ငွေ့ငွေ့နဲ့လောင်တယ်
ကြာရှည်လောင်ကျွမ်းတယ်
ပြာဖြစ်သွားသည်အထိ အသုံးဝင်တယ်
ရေဖြင့်လောင်းလျှင် ငြိမ်းတယ်
မလောင်ကျွမ်းရသေးတဲ့ အပိုင်းအစတွေ စိုပြီးကျန်ခဲ့တယ်။


(ဂ)
အပေါ်ယံငြိမ်သက်နေတယ်
ဟိုးအောက်ခြေမှာ လှိုက်လောင်ပြီး အပူရှိန်ပြင်းတယ်
မလောင်ရန် ကာကွယ်တားဆီး၍မရ
အပူလွန်ကာမှ လောင်နေမှန်း သိတယ်
ငြိမ်းသတ်ရန် အလွန်ခက်ခဲတယ်။

(ကခဂ)
ကိုယ်တို့လည်း လောင်ကျွမ်းရအောင်။
အချစ်အတွက်…
ခင်မင်မှုအတွက်…
သံယောဇဉ်အတွက်…
ယုံကြည်မှုအတွက်…
လိင်ကိစ္စအတွက်…
ဘာအတွက်… ညာအတွက်…ပေါ့
လောင်ကျွမ်းကြရအောင်လေ။
ဒါပေမဲ့
ကောက်ရိုးမီးလို လောင်ကျွမ်းမှာလား။
ဖွဲမီးလို လောင်ကျွမ်းမှာလား။
ကျောက်မီးသွေးပုံကမီးလို လောင်ကျွမ်းမှာလား။
ဘယ်လိုလောင်ကျွမ်းကြမလည်း။                     ။


ကိုဇေ
December 10, 2014
7:55PM


Thursday, November 20, 2014

စာမေးပွဲကျခွင့် မရှိခဲ့တဲ့ ကျောင်းသားများအကြောင်း


စာမေးပွဲဆိုတာ ရှိနေသမျှ အောင်ခြင်း သို့ ကျခြင်း ဆိုတဲ့ Result ရှိမှာပဲ…။ ကျန်တဲ့ ပယောဂတွေ ခဏဖယ်ထားရင် အောင်အောင်ဖြေနိုင်ရင် အောင်မယ်။ မဖြေနိုင်ရင် ကျမယ်။ ကျတယ်ဆိုရင် အဲဒီအတန်းမှာ နောက်တစ်နှစ် တက်ခွင့်ရှိတယ်။ တစ်တန်းမှာ နှစ်နှစ် (သို့) သုံးနှစ်အထိ ကျခွင့်ရှိတယ်။ အဲဒီအထိ မအောင်ရင်တောင် external ဆိုပြီး ပညာဆက်လက် ဆည်းပူးခွင့်ရှိတယ်။ စာမေးပွဲကျခွင့်ဆိုတာလည်း ကျောင်းသားတစ်ယောက်ရဲ့ အခွင့်အရေးပဲဗျာ။ ဒါပေမဲ့ စာမေးပွဲကျရင် ကိုယ့်ကျောင်းမှာ ကိုယ်တက်စရာ အတန်းမရှိတော့တဲ့၊ တစ်နည်း ကိုယ့်ရဲ့ အငယ်တန်း (junior) တန်းမရှိတော့တဲ့ တက္ကသိုလ်တစ်ခု မြန်မာနိုင်ငံမှာ ရှိခဲ့ဘူးပြီး ထိုတက္ကသိုလ်ရဲ့ နောက်ဆုံးbatch ကျောင်းသားတွေဟာ ကျောင်းသားတွေရဲ့ မဟာအခွင့်အရေးဖြစ်တဲ့ စာမေးပွဲကျခွင့် ဆုံးရှုံးခဲ့ဘူးပါတယ်။

ဒီအကြောင်းတွေကို စပြောရရင် ကိုယ်တွေရဲ့ခေတ်က သင်ရိုးတွေနဲ့ တက္ကသိုလ်ဝင်ခွင့်တွေက စရလိမ့်မယ်။ ကိုယ်တွေနှစ်တွေ တုန်းက သင်ရိုးက မြန်မာစဘာသာာ၊ အင်္ဂလိပ်စာဘာသာာ၊ သချာင်္ဘာသာ၊ ရူပ၊ဓာတု၊ဇီဝပေါင်းပြီး သိပ္ပံဘာသာ၊ သမိုင်း၊ပထ၀ီ၊ဘောဂ ပေါင်းပြီး ၀ိဇ္ဇာဘာသာ ဆိုပြီး ၅ ဘာသာရှိတယ်။ တက္ကသိုလ်ဝင်ခွင့်က အမှတ်နဲ့ပဲ။ ရန်ကုန်၊ မန္တလေး ဆေးတက္ကသိုလ်ပေါင်းပြီး ကျောင်းသား ၅၀၀ လက်ခံတယ်။ ပြီးရင် ကိုယ်တွေရဲ့ ကျောင်းသားသမိုင်းမှာ အစဉ်အလာကြီးခဲ့တဲ့ RIT ကနေ ဆင်းသက်လာတဲ့ ရန်ကုန်၊မန္တလေး နည်းပညာတက္ကသိုလ် ၂ရပ်ပေါင်းပြီး ကျောင်းသား ၁၅၀၀ လက်ခံတယ်။ စာသင်နှစ်က ခြောက်နှစ်။

၁၉၉၆ ခုနှစ်ဒီဇင်ဘာမှာ ကျောင်းသားအရေးအခင်း တစ်ခုလှည်းတန်းမှာ ဖြစ်တယ်။ လူအသေအပျောက် မရှိပေမဲ့ စစ်အစိုးရက ရက်ရက်စက်စက် ရုပ်ရုပ်မာမာ ဖြိုခွဲပြီး ခေါင်းဆောင်ပိုင်းတွေကို ထောင်နှစ်ရှည်ချပြစ်တယ်။ တက္ကသိုလ်တွေကိုလည်း အကန့်အသတ်မရှိ ပိတ်ပြစ်ပြီး ရန်ကုန်ဧရိယာထဲက တက္ကသိုလ်တွေကို မြို့ပြင်ရွှေ့ပစ်တဲ့ စီမံကိန်းကြီး စတင်တယ်။  ၁၉၉၆ မှာကိုယ်က ကိုးတန်း။

၁၉၉၈ မှာ ကိုယ်ဆယ်တန်းအောင်တယ်။ ဖြေပြီးကတည်းက ကိုယ့်အခြေအနေကို ကိုယ်သိတယ်။ ကိုယ်ဆယ်တန်း အထိ ကိုးတန်း ပထမလပတ်တုန်းက တစ်ကျောင်းလုံးမှာ ၈၀% လောက် ဆရာမေးခွန်းကွန့်ထုတ်လို့ ကျခဲ့ဘူးတဲ့အထဲ ပါခဲ့တာက လွဲလို့ ဖြေပြီးတာနဲ့ အောင်စာရင်းဆိုတာကို ရင်ကို မခုန်ခဲ့တာလေ။ ကိုယ်ဖြေပြီးတာနဲ့ ကိုယ့်အခြေအနေကိုယ်သိတယ်။ ကိုယ်သိထားတဲ့ အတိုင်းပါပဲ result က။ ကိုယ်ဆေးကို အမှတ်မမှီဘူး။ နည်းပညာ တက္ကသိုလ်မှီတယ်လေ။ အဲ့တုန်းက ကိုယ်က အင်ဂျင်နီယာ ဖြစ်ချင်ခဲ့တယ် (ဖြစ်ချင်တယ်လို့ ထင်ကောင်းထင်ခဲ့တာလည်း ဖြစ်နိုင်တယ်) လေ။ ဒါနဲ့ပဲ ကိုယ် တက္ကသိုလ်ဝင်ခွင့်မှာ နည်းပညာတက္ကသိုလ်ကို ဦးစားပေးလျှောက်တယ်။ လျှောက်တဲ့အတိုင်းရတယ်။ ဒါပေမဲ့ တက္ကသိုလ်တက်ဖို့ သုံးနှစ်လောက် ထိုင်စောင့်ခဲ့ရတယ်လေ။ ရန်ကုန်ဧရိယာထဲကကျောင်းတွေ မဲဇာပို့ပြီးအောင် အတွက်ပေါ့။

၁၉၉၈ မတ်လမှာ ဆယ်တန်းဖြေအပြီး၊ သြဂုတ်လမှာ အောင်စာရင်းသိအပြီး၊ ဒီဇင်ဘာမှာ ဘယ်တက္ကသိုလ် တက်ရောက်နိုင်တယ်ဆိုတာ သိအပြီး ဖြစ်ပေမဲ့ ၂၀၀၁ ခုနှစ် ဇန်န၀ါရီလ တစ်ရက်နေ့မှ တက္ကသိုလ် ကျောင်းသားဖြစ်ခဲ့တယ်။ နည်းပညာ တက္ကသိုလ်အတွက် ကျောင်းသား တစ်ထောင့်ငါးရာ ဆိုပေမဲ့ မတက်တဲ့ သူအချို့လည်း ရှိသေးတယ်ပေါ့။ အဲဒီတုန်းက GTI တွေကနေ GTC ပေါင်းကူးဆိုပြီး စနေတဲ့ ခေတ်ဦးမှာပေါ့။ ကိုယ်တွေဟာ တက္ကသိုလ်ဆိုတဲ့ ဆိုင်းပုဒ်ကြီးအောက် မှာ စစခြင်း မရောက်ခဲ့ရပါဘူး။ ရန်ကုန်က ကျောင်းသားတွေဟာ မှော်ဘီ GTC နဲ့ သန်လျှင် GTC တို့မှာ ပထမနှစ် နဲ့ ဒုတိယ နှစ်ကို တက်ခဲ့ရတယ်လေ။ (အဲဒီတုန်းက YIT မှာက ပထမ နဲ့ ဒုတိယ ကို Major မခွဲဘဲ တတိယနှစ်မှ မေဂျာခွဲတာလေ)။ ကိုယ်က မှော်ဘီမှာ တက်ခဲ့ရတော့ မြင်သာမြင်ရ မကြင်ရတဲ့ ကြို့ကုန်းကျောင်းကြီးကို နေ့စဉ် နံနက်ဝေလီဝေလင်းမှာ ငေးမောလို့ပေါ့။ ကိုယ်တို့တွေကို နိုင်ငံတော် က ဘယ်လောက်တောင် ချစ်လဲဆိုတော့ Senior နဲ့ Junior တောင်မှ သွေးခွဲသေးတယ်လေ။ ကျောင်းအုပ်မကြီးက ကိုယ်တွေကို အကြီးတန်းတွေနဲ့ မပေါင်းနဲ့ ဘာညာပေါ့။ ဒါပေမဲ့ ကိုယ်တွေက ရာဇ၀င်တစ်လျှောက် စည်းလုံးခဲ့ပြီးသားလေ။ ဒီလိုနဲ့ အပြင်နှစ်ကာလ တစ်နှစ်ခွဲ အကြာ ကိုယ်တို့ ပထမနှစ်နဲ့ ဒုတိယနှစ် ပြီးတော့ ရန်ကုန်နည်းပညာတက္ကသိုလ် ဆိုပြီး လှိုင်သာယာ မြို့အစွန်က တက္ကသိုလ်ကြီးကို ရောက်ခဲ့တယ်။ ကိုယ်တို့တွေလည်း Major အသီးသီး ကွဲလို့ပေါ့။

ကိုယ်တွေရဲ့ Senior တွေက ကိုယ်တွေကို Flesher Welcome တွေလုပ်ပေးတယ်။ ဒါပေမဲ့ ကိုယ်တွေမှာ Junior ဆိုတာ မရှိခဲ့ဘူး။ ကိုယ်တွေမှာ ညီလေး၊ ညီမလေး ခေါ်ဖို့အတွက် နောက်တစ်တန်းမရှိတော့ဘူး။ တစ်သက်လုံး ကျောင်းသားလှုပ်ရှားမှုတိုင်းကို ဦးဆောင်ခဲ့တဲ့ Rangoon Institute of Technology (RIT)၊ Yangon Institute of Technology (YIT)၊ ကနေဆင်းသက်လာတဲ့ Yangon Technological University  (YTU) ဆိုတဲ့ အစဉ်အလာ ကြီးမားခဲ့တဲ့ တက္ကသိုလ်ကြီးကို နအဖ စစ်အစိုးရက ရည်ရွယ်ချက်ရှိရှိနဲ့ ဖျက်သိမ်းပြီး အင်ဂျင်နီယာ မျိုးဆက်တစ်ခုကို သတ်ပစ်ခဲ့တယ်လေ။ ကိုယ်တွေကိုလည်း မြန်မြန်မတွေ့လေ ကောင်းလေဆိုပြီး ၁၈ ပါတ် သို့မဟုတ် ၄ လခွဲကို စာသင်နှစ် တစ်နှစ်၊ သက္ကရာဇ် တစ်နှစ်မှာ ပညာသင်နှစ် နှစ်နှစ်အပြီးတဲ့…။ အဲလိုအဲလို အချစ်ခံခဲ့ရတယ်။

ကိုယ်တွေမှာ နောက်အတန်းမရှိရင်လည်း ကျောင်းသားဆိုတာ စာမေးပွဲကျခွင့်ရှိတယ်လေ။ အဲဒီအခွင့်အရေးကိုလည်း ဒီတက္ကသိုလ်ကြီး မြန်မြန်မရှိလေ စိတ်ချမ်းသာလေဆိုတဲ့ စစ်အစိုးရရဲ့ စေတနာအောက်မှာ ကျရင် GTC ကိုသွားတဲ့။ ခက်တာက YTU ရဲ့ Major အချို့ဟာ GTC မှာ မရှိသေးဘူး။ Archi တို့ Aero တို့ Mining တ၊ို့ Textile … တို့ပေါ့။ အဲဒီအထဲကမှ Archi မှာ ကျောင်းသားများတယ်လေ။ ပညာရေး စနစ်ကြီးမှာ ကိုယ်တွေကို မျက်နှာလွဲခဲပစ် မဖြစ်အောင် အခွင့်အရေး တစ်ခုတော့ ပေးထားပါတယ်။ Re-exam ဆိုပြီး ကျတဲ့ဘာသာတွေကို နောက်တစ်ကြိမ် ပြန်ဖြေခွင့်…။ ဘာပဲ ဖြစ်ဖြစ် ပြန်ပဲ ဖြေရဖြေရ မဖြေဘဲ ပဲနေရနေရ.. ကျောင်းသားဆိုတာ ပေခွင့်ရှိတယ်။ တေခွင့်ရှိတယ်။ တစ်တန်းမဖြေခွင့်ရှိတယ်။ စာမေးပွဲ ကျခွင့်ရှိတယ်။ ဒါပေမဲ့ ကိုယ်တွေက ကျောင်းသာအခွင့်အရေး ဆုံးရှုံးခဲ့တယ်လေ။

Archi ကိုစိတ်ဝင်စားတဲ့သူတွေများတယ်။ ဒါပေမဲ့ Archi ယူဖို့လုပ်ပြီးမှ Ec ပြောင်းယူခဲ့တဲ့သူတွေများခဲ့တယ်။ ဘာလို့လည်း ဆိုတော့ ကျရင်တောင် Ec က GTC မှာသွားတက်လို့ရသေးတယ်။ ပြီးတော့ Ec က ကျောင်းသားတွေကို စာမေးပွဲ မချဘူး။ ဆရာ၊ဆရာမတွေက စာတတ်ခြင်း မတတ်ခြင်းဆိုတာထက် ကျောင်းသားတစ်ယောက် ရသွားမဲ့ စိတ်ဒဏ်ရာကို နားလည်တယ်။ ဒါကြောင့်ပဲ ဘွဲ့လွယ်လွယ်ရတဲ့ Ec ဟာ လူများတာထက်ပိုပြီး လူများခဲ့တယ်။ (ကိုယ်လည်းအပါအ၀င်ပေါ့)   

ကိုယ်တွေ 4th Year Final Exam ဖြေကာနီးမှာ နိုင်ငံရေး လှုပ်ရှားမှု သေးသေးလေး တစ်ခုမှာ ကိုယ်တို့ ကျောင်းက ကျောင်းသား အချို့ဟာ ခင်ညွှန့်ရဲ့ နာမည်ကြီး စစ်ကြောရေးကို ရောက်ခဲ့ကြသေးတယ်လေ။ ပြန်တော့လွတ်လာခဲ့ပါတယ်။ အဲအထဲက ကျောင်းသား အများစု စာမေးပွဲမှာ ပထမအဆင့်ကျလို့ Re-exam ဖြေရတယ်။ Re-exam မှာ Ec က ကိုယ်တွေရဲ့ Senior အစ်ကိုကြီးထပ်ကျတယ်။ သူကိုယ်တို့ batch မှာ အတန်းရှိပေမဲ့ သူ့ယုံကြည့်ချက်နဲ့ သူကျောင်းထွက်သွားခဲ့တယ်။ (သူယုံကြည်ရာ နယ်ပယ်မှာ ခုချိန် သူအောင်မြင်ခဲ့တယ်လေ)။ ပြီးတော့ Archi က ကိုယ့်သူငယ်ချင်းတစ်ယောက်.. သူ re-exam မှာ သူဖြေနိုင်တယ်လို့ပဲ ပြောရမှာပေါ့… အဲဒါ ဘေးက သူငယ်ချင်းကို သူ့ဆီက ကူးဖို့ ပြောတယ်။ ဘေးကတစ်ယောက်က ပျင်းတယ်ဆိုပြီး အကုန်တောင် မကူးဘူး။ စာမေးပွဲခန်းထဲမှာ အိပ်နေတယ်။ ကိုယ့်သူငယ်ချင်းက ကျတယ်။ သူ့ဆီက ကူးတဲ့သူက အောင်သွားတယ်။ ကိုယ်တွေမှာ Complain တက်ခွင့်မရှိဘူး။ GTC မှာ Archi မရှိဘဲ Archi က ကျတဲ့သူက GTC မှာ Civil ယူရမယ်တဲ့။ ဒါနဲ့ပဲ သူကျောင်းက ထွက်သွားတယ်။

ကိုယ်အမြဲအမှတ်ရမဲ့ စကားတစ်ခွန်း ပြောခဲ့ဘူးသေးတယ်လေ။ ကိုယ် 5th Year Re-exam မှာထင်တယ်။ (Re-exam ဖြေရတယ်ဆိုကတည်းက ပေပေတေတေ နေခဲ့တဲ့သူတွေ များတယ်ဆိုတာ ၀န်ခံပါတယ်။) Re-exam ပြန်ဖြေရတဲ့ တစ်ဘာသာ မှာ Civil က ဆရာတစ်ယောက်ရယ် ကိုယ်တွေနဲ့ အရမ်းခင်တဲ့ Ecက ဆရာမရယ်စောင့်တယ်။ ဆရာက ဆယ်တန်းမှာ ခိုးချတာ ဖမ်းသလိုကို ဖမ်းတာ။ ကိုယ်တွေ စာမေးပွဲဖြေချိန် တစ်နာရီလောက်အထိ ဘာမှ ဖြေလို့ မရသေးဘူး။ အဲဒီဘာသာက ဘာမေးရင် ဘာကူးမယ်ဆိုပြီး ပြင်ဆင်ထားတဲ့ ဘာသာလေ။ အလွတ်ကျက်ရ လည်း အရမ်းခက်တယ်။ မိနစ် ၂၀ လောက် ကောင်းကောင်း ကူးနိုင်ရင် အောင်တဲ့ဘာသာလေ။ အိမ်သာထဲ တစ်ခါသွား တစ်ခါဖမ်းနဲ့.. နောက်ဆုံး ကိုယ်က ကိုယ့်ဆရာမကို စကားတစ်ခွန်းထပြောခဲ့တယ်လေ။ 
“Teacher, သားတို့မှာ စာမေးပွဲကျရင် တက်စရာ ကျောင်းမရှိတော့ဘူးးနော်” လို့… 
ဆရာမ တစ်ချက်ငိုင်သွားတယ်။ ပြီးတော့ အဲဒီဆရာကို ဆူဆူပူပူလုပ်ပြီး ငါဘာမှ မသိဘူးနော် ရုပ်တော့ မပျက်စေနဲ့ဆိုပီး စာမေးပွဲခန်းထဲက ထွက်သွားတယ်။ အဲဒီကျမှ ကူးလို့ နောက်တစ်တန်းရောက်ခဲ့ဘူးတာလေ။ ကိုယ်ပြောခဲ့တဲ့ စကားကို ကိုယ်လည်း ခုထိ မမေ့သေးဘူး။


ကိုယ်တွေ ကျောင်းပြီးခဲ့တာ ၂၀၀၄ ဇွန်၊ ဘွဲ့ရတာ ၂၀၀၄ နိုဝင်ဘာဆိုတော့ ခုဆို ဆယ်စုနှစ်တစ်ခု ရှိခဲ့ပါပြီလေ။ အချို့ခုလက်ရှိ တက္ကသိုလ်ကျောင်းသားတွေလည်း ဟိုကောင် သန်းရွှေမြေး တက်ချင်တယ်ဆိုလို့ အသစ်ပြန်ဖွင့်တဲ့ West Yangon Technological University ဆိုတဲ့ ကျောင်းကြီးရဲ့ တစ်ချိန်က သမိုင်းကျောင်းတွေကို သိမှာ မဟုတ်တော့ပါဘူး။ ကိုယ်တွေ တက်ခွင့်မရခဲ့တဲ့ သမိုင်းအစဉ်အလာကြီးတဲ့ ကြို့ကုန်းကျောင်းကြီးတော့ ပြန်ဖွင့်မယ်လို့ ကြားမိတယ်။ အဲဒီကနေ အစဉ်အလာ ရှိတဲ့ ကျောင်းသားတွေ ဆက်လက်ထွက်ပေါ်လာဖို့ပဲ မျှော်လင့်မိပါတယ်လေ…။

PS : ကိုယ်ကျောင်းပြီးခဲ့တာ ဆယ်စုနှစ် တစ်ခုစာ အမှတ်တရလည်း ရေးချင်တယ်။ ပြီးတော့ ဘောလုံးနှစ်သင်းစာ ခွဲကန်လို့ရအောင် စာမေးပွဲ ကျထားတဲ့ ကိုယ့်ညီငယ်၊ ညီမငယ်လေးတွေကိုလည်း ကိုယ်တွေရဲ့ ကျောင်းသာဘ၀ ကိုပြောပြချင်တယ်။ ဒါကြောင့် ဒီစာလေး ရေးလိုက်တယ်။ ကိုယ်ပညာရေး စနစ်ကောင်းမကောင်းကို မပြောလိုဘူး။ ဘွဲ့ အကြောင်းမပြောလိုဘူး။ ဒါပေမဲ့ ကျောင်းသားမှန်ရင် စာမေးပွဲကျခွင့်ရှိတယ်၊ ကျတဲ့ ကျောင်းသားဟာ ကျတဲ့အတန်းမှာ နောက်တစ်တန်း ထပ်နေခွင့် ရှိတယ်ဆိုတာပါပဲ။ ဒါလည်း ကျောင်းသားတစ်ယောက်ရဲ့ စစ်မှန်တဲ့ အခွင့်အရေးလေ။



ကိုဇေ
November 20, 2014 (Thursday)
3:07PM

Tuesday, November 4, 2014

ဒစ္စကို ကထိန်


♫ ♫ အိုပါး ဂန်းနားစတိုင်… ရို့ ရို့
♫ ♫ ၀ါကာ ၀ါကာ့ အေ့အေ့…
♫ ♫ ကိုကြီး ကျော်.. ကိုကြီးကျော်.. ဒို့ကိုကြီးကျော်…
♫ ♫ လူလိမ် လူညာကြီးပေါ့ကွာ.. အာရွှီးတဲ့ ကို ကို …

အော် သီတင်းကျွတ်ပြီကို… ဒီအချိန်ဆို အလှူခံမဏ္ဍပ်တွေမှာ ဒီလို ဒစ်စကိုတေးသံတွေ အမြဲကြားရမြဲ… မဏ္ဍပ်တွေတင်မကပါဘူး… လှည့်ပြီးအလှူခံတဲ့ ကားတွေ၊ ဆိုက်ကားတွေ မှာလည်း လော်စပီကာနဲ့ ဒစ်စကို တေးသံတွေဟာ မြိုင်လို့…။ ဒီအချိန်က ကထိန်ရာသီကို…။ ကိုယ်ပထမဆုံး လေးစားမိတာ တစ်ခုက ကိုယ်တို့လူမျိုးတွေရဲ့ သဒ္ဒါ။ ဆိုက်ကားဂိတ်တိုင်းမှာ ကထိန်ရှိသလို၊ ဈေးတိုင်းမှာလည်း ကထိန်ရှိတယ်လေ။ သူတို့တွေက တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့သူတွေလေ။ အုံနာကြေးရဖို့ နေ့ပြန်ကြေးပေးဖို့ဆိုတာ တွက်ပြီးမှ သူတို့စားဖို့ဆိုတာ ရှာနိုင်တာ။ ဒါပေမဲ့ သူတို့ သဒ္ဒါတရားကတော့မသေးပါဘူး။

သဒ္ဒါက သဒ္ဒါပေါ့။ ဒါပေမဲ့ ကိုယ် အလှူခံတဲ့ ပုံစံကို မကြိုက်မိဘူး။ ဘယ်လိုမှ အလှူနဲ့ မအပ်စပ်တဲ့ သီချင်းတွေနဲ့။ ပြီးတော့ အလှူခံပုဂ္ဂိုလ်ဆိုသူ အများစုကလည်း အရက်ကမူးလို့။ ကွေးနေအောင်ကလို့။ အချို့ဆို မိန်းမအ၀တ်အစားတွေဝတ်ပြီး အခြောက်လိုလိုဘာလိုလိုနဲ့ကပြလို့။ လော်စပီကာသံကလည်း အိမ်မှာနားနားနေနေ အနားယူတဲ့ သက်ကြီးရွယ်အိုတွေအတွက် အနှောက်အယှက်ဖြစ်စရာ။ သဒ္ဒါထက်သန်သလောက် တစ်ဖက်မှာလည်း အပျော်တွေရောလို့။ ကိုယ်ကသဒ္ဒါဆိုပေမဲ့ အလှူခံအချို့ဆိုရင်လည်း အတင်းဓမြတိုက်နေသလား အောင့်မေ့ရတယ်။ မလှူရင်ဘဲ ဘ၀ဆက်တိုင်း ငရဲက ပြန်မတက်တော့မလိုလိုပြောဆိုနေပြီးတော့လေ။ ကိုယ်ဆိုလည်း ဖုန်းကောင်းကောင်းမွန်မွန် ပြောလို့မရ၊ စာအေးအေးဆေးဆေးဖတ်လို့မရ နဲ့ အဲဒီလော်တွေနဲ့ နှိပ်စက်နေတဲ့ အလှူခံတွေကို သိပ်တော့ အမြင်မကြည်လင်လှတော့ဘူး။

ကိုယ်အရင်ဆုံး ကထိန်ဆိုတာ ဘာလည်းဆိုတာကို ရှာဖွေလေ့လာကြည့်မိတယ်။ ပထမဆုံး လေ့လာမိတာက ကထိန်ခင်းခြင်းရဲ့ အဓိပ္ပာယ်ကိုပေါ့။

ကထိန်ခင်းခြင်းဆိုသည်မှာ လူများကခင်းရခြင်းမဟုတ်ဘဲ ရဟန်းတော်များကခင်းရခြင်းဖြစ်သည်။ လူများက ရဟန်းတော်များ ကထိန်ခင်းနိုင်ရန်အတွက် သံဃဒေးမ ဟုကထိန်သင်္ဃန်းကို လှူဒါန်းရသော အလှူရှင်များသာ ဖြစ်သည်။ သံဃာတော်များမှ ထိုကထိန်သင်္ဃန်းကို သိမ်ထဲတွင် ကထိန်းသင်္ဃန်းအလှူခံမည့် ကျောင်းတွင်ရှိသော ရဟန်းတစ်ပါးကို အားလုံးသဘောတူစွာ ရွေးချယ်ပြီး ထိုရဟန်းတော်မှ မိမိဝါဆိုတော်မူရာ ကျောင်းသို့ ပြန်ကြွပြီး ကထိန်သင်္ဃန်းအား ခင်းရခြင်းဖြစ်သည်။


ကိုယ်ဆက်ပြီး ကထိန်ဘယ်ကဘယ်လိုဖြစ်တယ်၊ ကထိန်အလှူမှာ ဘာတွေကန့်သက်ထာတယ်ဆိုတာတွေကို ဆက်ပြီးလေ့လာကြည့်မိတယ်။

ကထိန်ဟူသော ဝေါဟာရသည် ကထိန ဆိုသော ပိါစကားမှ ဆင်းသက်လာခြင်းဖြစ်သည်။ ကထိန သည်ခိုင်မြဲခြင်း မြဲမြံခြင်းဟု အဓိပ္ပာယ်ရပါသည်။ အခြားတစ်ဖက်တွင် လွန်မြောက်ခြင်း၊ ကင်းလွတ်ခြင်းဟုလည်း အဓိပ္ပာယ်ရသည်။ ဖွင့်ဆိုသော် ကထိန်ခင်းလှူသဖြင့် ရရှိသောအကျိုးတရားငါးပါးကို ပျက်စီးမသွားစေရန် ခိုင်ခန့်စေတတ်သောကြောင့် ကထိန် ဟုခေါ်သည်။ ဘုရားစသော သူတော်ကောင်းအပေါင်းတို့က လေးစားကြည်ဖြူ ချီးမွမ်းတော်မူကြသောကြောင့်လည်း ကထိန် ဟုခေါ်သည်။ဂေါမတဗုဒလက်ထက်တွင် ဘဒ္ဓ၀ဂ္ဂီမင်းသား သုံကျိတ်တို့သည် ကပ္ပါသိကတောအတွင်း အဖော်များဖြင့် ပျော်မြူးနေကြစဉ် ဗုဒနှင့်ဆုံပြီး တရားထူးကိုနားကြားရသဖြင့် ရဟန်းဘ၀သို့ ရောက်ကုန်ကြသည်။ ထိုရဟန်းတို့ သတင်းသုံးသည့် ဝေယျမြို့မှ ဗုဒသတင်းသုံးရာ သာဝတ္ထိမြို့တို့သည် အလွန်ဝေးကွာသည်။ ရဟန်းတို့သည် ဗုဒ္ဓထံပါးသို့ ဖူးမျှော်ရန် ခရီးထွက်ရာတွင် ခရီးအလွန်ဝေးကွာခြင်းကြောင့် လမ်းခရီးတွင်ရှိသော သာကေတမြို့တွင် ၀ါဆိုခဲ့ရသည်။ ၀ါဆိုပြီး ၀ါကျွတ်သော်ဇေတ၀န်ကျောင်းအသွား မိုးမိ၍ ရွှံ့ နှစ်ညွန်စေးညစ်ကြေးစွဲကပ်သောသင်္ကန်းဖြင့် ပင်ပန်းသောသဘောရှိသော ထိုရဟန်းတို့ ကိုမြင်လျှင် အလွန်ပင်သနားတော်မူလှ၍ နောင်လာ သံဃာတော် တို့ အားလည်း အကျိုးစီးပွါးများစေခြင်းငှါ  ၀ါကျွတ်သောအခါတွင် ကထိန်ခင်းခြင်းအမှုကို ခွင့်ပြုတော်မူခဲ့သည်။ ကထိန်အလှူဆိုသည်မှာ သီတင်းကျွတ်လပြည့်ကျော် (၁) ရက်နေ့မှစ၍ တန်ဆောင်မုန်းလပြည့်နေ့အထိ တစ်လတာ အချိန်ကာလအတွင်း၌ပင် ခင်းနိုင်သည်။  ထို့ပြင် ကထိန်သင်္ကန်းသည် တစ်နှစ်မှ တစ်လ၊ တစ်လမှ တစ်ရက်၊ တစ်ရက်မှ တစ်ကျောင်းတည်းတွင် တစ်ကြိမ်သာ လှူခွင့် ရှိလေသည်။ ကထိန်သင်္ဃန်းကို ယနေ့အလှူခံပြီး ယနေ့ကံဆောင်ကာ ခင်းရခြင်း ဖြစ်ပြီး နေ့ကူးသွားလျှင် ကထိန်ခင်းခြင်း အထမမြောက်တော့ခြင်းဖြစ်သည်။ ကထိန်ခင်းရာ၌ ကထိန်သင်္ကန်းကိုသာ ခင်းရခြင်း ဖြစ်သော်လည်း ရှေးဘိုးဘွားများမှ အစပြု၍ သင်္ဃာတော်များ အလိုရှိရာ သုံးနိုင်စေရန် သဒ္ဒါထက်သန်စွာဖြင့် ရည်ရွယ်၍ အခြားသောလှူဖွယ်ပစ္စည်းများနှင့် ရဟန်းတော်တို့၏ အသုံးအဆောင်များကို ကထိန်သင်္ဃန်း၏ အရံအဖြစ် ပဒေသာပင်များတွင် ပန်ဆင်၍ လှူဒါန်းကြပါသည်။ ကထိန်အလှူခံ ရဟန်းတော်တို့သည် သီတင်းကျွတ်လပြည့်ကျော် (၁) ရက်နေ့မှ  (၅)လအတွင်း ကထိန်သင်္ဃန်းကို အကြောင်းပြု၍ ၀ိနည်းတော်ထဲမှ (၅)ပါးကို ကင်းလွတ်ခွင့်ရပါသည်။ ကထိန်အလှူတွင် ဓမ္မကန့်သက်ချက်အနေဖြင့်  အလှူရှင်မှ သဒ္ဒါဖြင့် လှူဒါန်းသော သင်္ကန်းဖြင့်သာ ကထိန်ခင်းထိုက်ခြင်း၊ ရဟန်းသည် ဥပါယ်တံမျဉ်ဖြင့် ကထိန်သင်္ကန်းကို အလှူခံမှု မပြုရခြင်း၊ သင်္ကန်းမှလွဲ၍ အခြားသော အသုံးအဆောင် ပစ္စည်းများဖြင့် ကထိန်မခင်းနိုင်ခြင်း၊ ကထိန်ခင်းသော ရဟန်းသည် ၀ါဆိုဝါကပ်တော်မူပြီးဖြစ်ရခြင်း တို့ဖြစ်ပါသည်။ ကထိန်အလှူဟူသည်ကား ပုဂ္ဂိုလ်စွဲ ဂိုဏ်ဂဃစွဲမထားဘဲ သံင်္ဃာ့ဂုဏ်သက်သက်ကိုသာ ရည်ရွယ်၍ လှူဒါန်းရသော အလှူဖြစ်ပါသည်။

အဲဒီမှာကိုယ်သိလိုက်တာက ကထိန်ဆိုတာ ဘာသာရေးပွဲစစ်စစ်၊ ပျော်ဖို့ပါးဖို့မပါတဲ့ ဘာသာရေးပွဲ၊ တစ်နည်း ရဟန်းတွေ ဦးစီးဦးဆောင်လုပ်ရတဲ့ အပျော်မဖက်တဲ့ဘာသာရေးပွဲ…။ ကိုယ်အဲလိုနားလည်မိလိုက်တယ်။ ဒါပေမဲ့ ကိုယ်တွေရဲ့ ပတ်ဝန်းကျင်ကို ပြန်ကြည့်လိုက်တဲ့အခါ စိတ်ပျက်စရာတွေချည်းပဲ။ ဘာသာရေးပွဲဟာ ပျော်ပွဲရွှင်ပွဲစစ်စစ်ဖြစ်သွားတယ်။ ကထိန်ဆိုတာ ဘာဆိုတာကို သိချင်မှတောင် သိကြမဲ့အဆင့်။ ကိုယ်သူတို့ရဲ့ သဒ္ဒါအားကို စော်ကားလိုတာ မဟုတ်ပါဘူး။ ဒါပေမဲ့ ကထိန်တစ်ခုဟာ ကထိန်အင်္ဂါရပ်နဲ့ မညီညွတ်တော့ဘူး။ ကထိန်မမြောက်တော့ဘူးဆိုတာကို ပြောချင်လာတယ်။ ရိုးရာက ရိုးရာ၊ အလှူကအလှူ၊ သဒ္ဒါက သဒ္ဒါ၊ ဘာသာက ဘာသာ၊ အပျော်က အပျော်… အဲဒါတွေကို ဘယ်သူစပြီး ရောထွေးပြစ်ခဲ့လည်းတော့ မသိဘူး။ ကထိန်ဆိုတာ သင်္ကြန်မဟုတ်ဘူးလေ။ အဲဒီလို အပျော်နဲ့ ဘာသာရေး ရောထွေးပစ်လိုက်ကြတဲ့အခါ မူရင်းရည်ရွယ်ချက်တွေပျောက်လို့ အနှစ်သာရတွေ မဲ့ကုန်တယ်။ ကိုယ်တွေရဲ့ အမြင်တင်မက အခြား ဘာသာခြားတွေ အမြင်မှာပါ သူတို့ဘာသာရေးပွဲဟာ ဒီလိုလား ဆိုတဲ့ အထင်မျိုးတွေ ဖြစ်ကုန်တယ်။ မျက်စိထဲမှာလည်း ကိုးရို့ကားရား၊ နားလည်းကလော်ရတဲ့ အဖြစ်တွေဟာ ယဉ်ကျေးမှုတစ်ခု (Culture) တစ်ခုအဖြစ် ဆက်လက်စီးဆင်းသွားမှာ စိုးရိမ်မိတယ်။ ကိုယ်ကတော့ ဒီအတွက် လော်စပီကာတွေဆဲနေရုံကလွဲလို့ ဘာမှမတတ်နိုင်သေးဘူး…။

အို ပါး ဂန်း နား စ တိုင်.. ရို့ ရို့.. wow sexy lady..

ဟော ပြောရင်းဆိုရင်းပဲ ကထိန်လှည့်လာပြန်ပြီ… ရှေ့ဆုံးကနေ အမူးသမားတွေ PSY လိုကလို့



(အချို့အချက်များလွဲမှားခဲ့သော် ကျွန်တော်ရှာဖွေမှတ်သားမှု ညံ့ဖျင်း၍ ဖြစ်ပါသည်။ အမှန်ကိုထောက်ပြ စေလိုပါသည်)

Reference: Google , 
                http://www.dhammaweb.net/



ကိုဇေ
November 4, 2014 (Tuesday)
3:57PM



Thursday, October 30, 2014

မိုး ကို မုန်းတယ်


ကိုယ်တွေကျောင်းသားဘ၀က စာစီစာကုန်းရေးဆိုရင် မိုးနဲ့မလွတ်ကင်းခဲ့ဘူး။ တစ်ခါတစ်လေ ဆရာမက ခေါင်းစဉ်ကို သင်ကြိုက်နှစ်သက်သော ရာသီဥတုတစ်ခုဆိုပြီး ပေးထားတတ်ပေမဲ့ သူက မိုးရာသီအကြောင်းပဲ ဖွဲ့နွဲ့ရေးစေချင်တယ်လေ။ ဒီထက်ပိုပြီး ဒီမိုးရာသီအကြောင်း ဦးတည်ထားတဲ့ ခေါင်းစဉ်တွေကလည်း ရှိခဲ့သေးတယ်လေ။

အမှန်အတိုင်းပြောရရင် ခင်ဗျားတို့ ကိုယ့်ကို အဆိုးမြင်တယ်လို့ ပြောချင်လည်း ပြောလို့ရတယ်။ မြန်မာနိုင်ငံရဲ့ ရာသီဥတု သုံးခုလုံးကို ကိုယ်မကြိုက်ဘူး။ အဆိုးဆုံးက မိုးရာသီကို ကိုယ်က မကြိုက်ရုံထက်ပိုတဲ့အဆင့် မုန်းခဲ့တာလေ။

မြန်မာနိုင်ငံဟာ ဆန်စပါးစိုက်ပျိုးသောနိုင်ငံ၊ မိုးဟာလယ်သမားဦးကြီးတွေရဲ့ ကျေးဇူးရှင် စသည်ဖြင့် ကိုယ်တွေ ငယ်စဉ်က လော်ဘီလုပ်ခံခဲ့ရတယ်လေ။ ဒါပေမဲ့ ကိုယ်ဟာ မိုးကို တစ်စက်လေးမှ မကြိုက်ခဲ့ပါဘူး။ ကိုယ်က ရန်ကုန်သားဖြစ်နေတာလည်း ပါတာပေါ့။ ရန်ကုန်မြို့ကြီးမှာ စပါးမှ မစိုက်တာ။ အဲတော့ ကိုယ်နေတဲ့ မြို့အတွက် ကိုယ် မိုးကို ကျေးဇူးမတင်ပါဘူး။

အရင်ဆုံး ကိုယ့်အကြောင်းလေးပဲ ပြောပြပါဦးမယ်။ ကိုယ်က အဆုတ်သိပ်မကောင်းဘူးလေ။ မိုးနဲနဲမိလိုက်တာနဲ့ အအေးမိချင်မိ၊ အနဲဆုံးတော့ နှာစေးချောင်းဆိုး တော့ဖြစ်လိုက်တာပဲလေ။ ကိုယ်ဆယ်ခါဖျားရင် ခုနစ်ခါလောက်က မိုးနဲ့ပတ်သက်ပြီး ဖျားရတာလေ။ အဲတော့ ဒီမိုးကို ဘယ်သဘောကျမှာတုန်းဗျ။ ပြီးတော့ ကိုယ်က လမ်းလျှောက်ရင် လွတ်လွတ်လပ်လပ် လျှောက်ရတာကို ကြိုက်တာလေ။ ထီးဘယ်ကိုင်ချင်ပါ့မလည်းဗျာ။ ထီးဆောင်းလည်း လုံတာမှ မဟုတ်တာ။ ပြီးတော့ မိုးတိတ်သွားရင် အဲ့ထီးစိုစိုကြီးကို ဘယ်နားထားလို့ ထားရမှန်းမသိ။ အရမ်းစိတ်ရှုပ်ဖို့ကောင်းတာဗျ။ တစ်ခါတစ်လေ ကိုယ်တွေမှာက စာအုပ်တွေပါသေးတယ်လေ။ ပြီးတော့ ရေစိုရင် ပျက်စီးနိုင်တဲ့ အီလက်ထရောနစ် ပစ္စည်းတွေနဲ့လည်း ကင်းကွာတာမှ မဟုတ်တာ။ အဲဒီအတွက်လည်း မိုးရွာပြီဆိုရင် စိတ်ညစ်ရပြန်ရော။

တစ်ခါမှတ်မှတ်ရရပေါ့။ ကိုယ်လှည်းတန်းကနေ မြေနီကုန်းသွားတာ။ လှည်းတန်းမှာ မိုးအကြီးအကျယ်မိရော။ ထီးလည်းမပါ အခြားစိုရင် ပျက်စီးနိုင်တဲ့အရာ ဘာမှမပါတော့ ပိုက်ဆံအိတ်ကို ကျွတ်ကျွတ်အိတ်နဲ့ထုတ်ပြီး ဒီအတိုင်းပဲ မိုးရေထဲ ၄၈ ဟိုင်းလပ်တွယ်စီးခဲ့တာပေါ့။ ဟံသာဝတီလည်း ကျော်ရော.. မိုးက တစ်ဖြည်းဖြည်း ပါးလာလိုက်တာ.. မြေနီကုန်းမှာ နေက ချစ်ချစ်တောက်ပူလို့…။ ကိုယ့်ခဗျာ ရေစိုကြီးနဲ့ မြောင်းထဲပဲ ပြုတ်ကျလာသလိုလို ဘာလိုလို..။ အဲဒီကွက်ကျားမိုး ဆိုတာကြီးက အမုန်းတကာ အမုန်းဆုံးစာရင်းဝင်ပဲ။

ကဲ ကိုယ့်ပါဆင်နယ်တွေ ကြောင့်ပဲ မုန်းတယ်တော့ မဟုတ်ပါဘူး။ ကိုယ်တို့ ပတ်ဝန်းကျင်ကို တစ်ချက်လောက် ကြည့်လိုက်ရအောင်ဗျာ။ ရန်ကုန်မှာ မိုးရွာရင် ကားလမ်းတွေ ရေလျှံတယ်ဗျာ။ အထူးသဖြင့် သမိုင်းလို နေရာမျိုး၊ ကမ္ဘာအေးလို နေရာမျိုးတွေပေါ့။ ပိုပြီးဆိုးရင် အိမ်ထဲအထိ ရေ၀င်တယ်ဗျာ။ အလိုလိုမှ ကားလမ်းတွေ ပိတ်ပါတယ်ဆိုမှ မိုးရွာလိုက်ရင် မပြီးတော့ဘူး။ လူကရေစို အလုပ်ကနောက်ကျ။ ပြီးတော့ ကိုယ်တို့ရန်ကုန်မှာ ထုံးစံရှိတယ်လေ။ မိုးရွာပြီးတာနဲ့ EPC က ပြည်သူအများ လျှပ်စစ်အန္တရယ်မှ ကင်းဝေးနိုင်ရန်ဆိုပြီး မီးပါဖျက်ပေးတယ်လေ။ မီးပျက်တဲ့အချိန် အလိုလိုမှ နှေးပါတယ်ဆိုတဲ့ ကော်နက်ရှင်ကလည်း ထိုးထိုးကျသွားတတ်သေးတယ်လေ။ မြို့သစ်တွေဆိုလည်း ဗွက်ပေါက်လို့။ သွားရခက် လာရခက်။ စိတ်ပျက်ဖို့အရမ်းကောင်းပါတယ်ဗျာ။

မိုးအေးတဲ့ အချိန်အရက်သောက်လို့ ကောင်းတယ်တဲ့။ ဒါပေမဲ့ ကျွန်တော်က အရက်ကုမ္ပဏီ တစ်ခုမှာ လုပ်ခဲ့ဘူးတယ်လေ။ မိုးတွင်းဆို အရောင်းကျတယ်တဲ့။ မိုးတွင်းဆို ဂိုဒေါင်အပြည့်ပဲတဲ့။ မိုးတွင်းမှာ ဖြုန်းအားမရှိဘူးဆိုပဲ။ ဆက်စပ်ပြီး တွေးကြည့်ရင် ဟုတ်တယ်ဗျ။ မိုးတွင်းမှာ  အခြေခံလူတန်းစားတွေ အတွက် ပိုက်ဆံရှာရ အရမ်းခက်တာ။ မိုးရွာရင် တော်ရုံတန်ရုံကလည်း ကိစ္စမရှိဘဲ အပြင်မထွက်ကျဘူးလေ။ တက်စ်စီဆိုလည်း ဆွဲမကောင်းဘူး။ လက်ဖက်ရည်ဆိုင်လည်း မိုးဝင်ခိုတဲ့ သူလောက်ပဲရှိတယ်။ လမ်းဘေးဈေးသည်တွေဆို ပိုဆိုးပေါ့ဗျာ။ လက်ပွေ့ရောင်းတဲ့အသည်တွေလည်း အရင်းမှ ရရဲ့လားမသိ။ တော်တော်စိတ်ပျက်ဖို့ ကောင်းတယ်ဗျာ။

ဟော ပြောရင်းဆိုရင်း တစ်နေကုန် နေပူထားပြီး ရုံးဆင်းကာနီးမှာ ဒီမိုးက ဆိုင်းမဆင့် ဗုံမဆင့် ရွာချပြန်ပြီ။ တော်တော်သည်းသည်းမဲမဲပဲ။ ဒီတစ်ခါတော့ ကိုယ်အားရပါးရဆဲပါရစေ…

စောက်မိုး !@#$+_)(*&^%>?<


ကိုဇေ
October 30, 2014 (Thursday)

4:22PM

Monday, October 20, 2014

ရွေးချယ်ခွင့်


“ဆူး”  မှာကြောက်ရင်     “စား”
“ရူး” မှာ ကြောက်ရင်     “ဆုပ်”
“ဘ ၀”  မှာ    အဲ ဒီ လို
ရွေး   ချယ်      ခွင့်      ရှိ        တယ်။                ။


ကိုဇေ

Tuesday, October 14, 2014

မျှော်လင့်ချက်သာမထားခဲ့ရင်



မျှော်လင့်ချက်သာမထားခဲ့ရင် ♫ ♫
ကိုယ်ဒီလိုခံစားရမယ်မထင်ဘူး ♪ ♪

ကိုယ့်နားထဲ ကိုငှက်ရဲ့သီချင်းသံလေး တိုးဝင်လာတယ်။ ကိုယ်လိုက်ပါ စီးမျောရင်း ကိုယ့်အတွေးကို နယ်ချဲ့မိတယ်။

မျှော်လင့်ချက်တဲ့…
အချို့ကပြောကြတယ်… လူဆိုတာ မျှော်လင့်ချက်နဲ့ အသက်ရှင်နေကြတာတဲ့။
အချို့ကပြောကြတယ်… မျှော်လင့်ရတာ သိပ်ကိုပင်ပန်းတဲ့အလုပ်တဲ့။
အချို့ကပြောကြတယ်… မျှော်လင့်သလို ဖြစ်မလာရင် အရမ်းနာကျင်ခံစားရတယ်တဲ့။

အဲဒီခံစားချက်တွေကို ခြုံကြည့်လိုက်ရင် ကိုယ်တို့လူတွေဟာ နာကျင်ခံစားရဖို့အတွက် တစ်ကူးတစ်က အပင်ပန်းခံပြီး အသက်ရှင်နေကြတာလား… ? ? ?

အချို့က သူများကို နှစ်သိမ့်ကြတယ်။ ကိုယ့်ကိုယ်ကို နှစ်သိမ့်တာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။
ဘယ်အရာကိုမှ သိပ်ပြီးမမျှော်လင့်ပါနဲ့တော့တဲ့။
သိပ်ပီးတော့ နားထောင်ကောင်းတဲ့စကားလုံးလေး လိုလို ဘာလိုလို…။
ဒါပေမဲ့ မျှော်လင့်ချက်ဆိုတာကို ဘယ်သူများ ငြင်းပယ်နိုင်လို့လည်း။ လူဆိုတာ အတ္တရှိတယ်လေ။ ပုထုဇဉ်တွေချည်းပဲ။ ပြီးတော့ ဒီလောက် ဂင်္ဂါဝါလုသဲစုမကပွင့်ခဲ့သော ဘုရားရှင် အဆက်ဆက်လက်ထက်မှာတောင် ကျွတ်တန်းမ၀င်ခဲ့ဘဲ ဒီလောက် သံသရာအရှည်ကြီး မိုက်လုံးကြီးလို့ ဒီအတ္တကြီးကို စွဲမက်တွယ်ကပ်နေကြတဲ့သူတွေလေ… ကိုယ်ဆက်တွေးမိတယ်။

ကိုယ့်ပတ်ဝန်းကျင်က မိဘတွေဟာ (အများစုဟာ) သားသမီးတွေကို ကိုယ့်အတ္တနဲ့ယှဉ်ပြီး တစ်ခုခု မျှော်လင့်တတ်ကြတယ်။ သားသမီးကောင်းစားဖို့ ဆိုတဲ့အကြောင်းပြချက်ကောင်းလေးပါပေမဲ့ သူတို့အတ္တနဲ့တော့ ယှဉ်ခဲ့တာချည်းပဲလေ။ ဒါပေမဲ့ ခေတ်ကာလခြင်း စိတ်ခြင်း တွေးပုံခြင်း မတူကြတဲ့ သူတွေကြားမှာ မိဘရဲ့ မျှော်လင့်ချက်ဟာလည်း သားသမီးက ချိုးဖျက်ခဲ့သလို သားသမီးရဲ့ မျှော်လင့်ချက်မှန်သမျှဟာလည်း မိဘရဲ့အတ္တကြားမှာ ပျောက်ကွယ်ခဲ့ရတယ်။ လူဆိုတာ ကိုယ့်အတ္တနဲ့ကိုယ် ရှင်သန်နေကြတာလေ။ တစ်ခါတစ်ရံ ကိုယ့်အတ္တဟာ သူတစ်ပါးအတွက်လည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ကိုယ်ကသူ့အတွက် ဆိုတာနဲ့ သူကသူ့အတွက် ထားတဲ့အတ္တခြင်း ထိပ်တိုက်တည့်တည့်တိုက်မိတဲ့အခါ… တိုက်မိပြီဆိုမှတော့ နာကျင်မှာပေါ့လို့..။ ပြီးတော့ အနာတရလည်း ဖြစ်မှာပဲလေ။ ဒီတော့လည်း ဒီစကားလေးနဲ့ ပြန်နှစ်သိမ့်ရတာပေါ့။



မမျှော်လင့်ရဲသည့် အချစ်တွေနဲ့ ရင်မှာချစ်ခဲ့ပြီးသည့်နောက်မှာ ♫ ♫
♫ ♫  ကြင်နာတတ်သော အသည်းဟာ ဖြတ်တောက်မရတဲ့ ကြိုးတွေနဲ့
အခိုင်အမာ ငြိတွယ်ခဲ့ပြီပဲ ♫ ♫
♫ ♫ ရင်ခုန်တတ်သောအချစ်သာ ငါ့နှလုံးသားမီးအိမ်ငယ်
မျှော်လင့်ခြင်းနဲ့တောက်ပ အသက်ဝင်ခဲ့ ♫ ♫

ကိုယ့်ညီလေး တစ်ယောက်ပြောဘူးတဲ့ စကားလေးတစ်ခွန်း ကိုသတိရမိတယ်။ လူသားခြင်းပေါင်းစည်းခြင်း အနုပညာတဲ့။ မပေါင်းစည်းနိုင်ခဲ့လို့ ကွဲကွာသွားတဲ့အခါ သူများတွေ သုံးကြတဲ့ ရေစက်တို့ ဘာတို့ အတိတ်ဘ၀ ကုသိုလ်ကံတို့ စတဲ့ ကိုယ့်သိမှုနယ်ပယ်အပြင်က ကိစ္စတွေ၊ ကိုယ်လိုက်မတွေးနိုင်တဲ့အရာကို ကိုယ့်ဖြစ်တည်မှုမှာ သတ်မှတ်လိုက်တဲ့ ကိစ္စတွေ ကိုကိုယ်အယုံအကြည်မရှိဘူး။ သေချာပါတယ်။ လူသားနှစ်ဦးပေါင်းစည်းဖို့ ကြိုးစားရင်း ကွဲကွာခဲ့သည်ရှိသော် အနဲနဲ့ အများတော့ ခံစားရမှာပဲလေ။ အဲဒီအနည်းအများဆိုတာက မျှော်လင့်ချက် ဘယ်လောက်ထားခဲ့သလည်း ဆိုတဲ့အပေါ်တော့ မူတည်မှာပေါ့။ မျှော်လင့်ချက်လုံးဝ မထားခဲ့ပါဘူုးလို့တော့ မပြောပါနဲ့။ ကိုယ့်ကိုယ်ကို လိမ်ရတာ အရမ်းပင်ပန်းလှပါတယ်လေ။

ဘာကို မျှော်လင့်တာလည်း
ဘယ်အတိုင်းအတာအထိ မျှော်လင့်တာလည်း
ဘယ်အချိန်အထိ မျှော်လင့်မှာလည်း
နဲလား များလား… မျှော်လင့်ချက်ဆိုတာ အတ္တကို အခြေခံတယ်။
တစ်ယောက်နဲ့ တစ်ယောက် ဘာမှ မျှော်လင့်စရာ မရှိသေးတဲ့ အခြေအနေ သို့မဟုတ် ပေါင်းစည်းဖို့ မကြိုးစားခင် အခြေအနေ မှာတော့ သူ့အတ္တသူနေ ကိုယ့်အတ္တကိုယ်နေပေါ့…။ စပြီးပေါင်းစည်းဖို့ ကြိုးစားတယ်ဆိုကတည်းက လူချင်း၊ အချစ်ခြင်းတင်မှ မဟုတ် အတ္တခြင်းပါ ပေါင်းရတော့မှာပဲလေ။ ကိုယ်ကလေးဘ၀တုန်းက ပြောဘူးခဲ့တဲ့ စကားတစ်ခွန်းရှိတယ်။ မာနနဲ့ အတ္တသာ နှစ်ယောက်ကြားမှာ မရှိရင် ဘယ်အတွဲမှ မဝေးဘူးလို့… တော်တော်ကို စိတ်ကူးယဉ်ဆန်ခဲ့တဲ့ကိုယ်ပဲ။ ဒီလိုပျက်လုံးမျိုး ကိုယ်တွေးဖြစ်ခဲ့သေးတယ်ပေါ့လေ။ ကိုယ့်ဖြစ်တည်မှုနဲ့ သူ့ဖြစ်တည်မှုဟာ တူညီစရာအကြောင်းမှ မရှိတာ။ အတ္တချင်းလည်း ဘယ်တူပါ့မလည်း…။ တစ်ယောက်နဲ့ တစ်ယောက် လျှော့ပေးပြီး ညှိနှိုင်းယူကြပေမဲ့… ကိုယ်တို့ရဲ့ ရွေးချယ်ခွင့် တစ်နည်း ဖြစ်တည်မှုကို မူတည်ပြီး ဖြစ်လာတဲ့ အနှစ်သာရတွေအတွက် ဆန့်ကျင်ဘက်တွေရှိမှာပဲလေ။ ကိုယ်တို့ ကိုးကွယ်တဲ့ ဘာသာတရား၊ ကိုယ်တို့ ဖြစ်တည်တဲ့ လူမျိုး၊ ကိုယ်တို့ နေထိုင်တဲ့ နိုင်ငံ… ဒါတွေက ကြီးသွားပါပြီ။ ဒီထက်သေးသေး လေးတွေ အများကြီးရှိဦးမှာပါ။ ဒါတွေ အကုန်ညှိနှိုင်းနိုင်မလား၊ မတူနိုင်ရင်တောင် အချင်းချင်း လက်ခံပေးနိုင်မလား။ ပါတ်ဝန်းကျင် လူ့အဖွဲ့အစည်းရဲ့ ဓလေ့ထုံးစံတွေကို ပစ်ပယ်ပြစ်နိုင်ပြီလား။ တစ်စုံတစ်ခုမှာ လွဲချော်ခဲ့ရင်တော့ လည်း ဒီစကားလေးနဲ့ပဲ ဖြေသိမ့်ပေါ့….

ငါဟာဘ၀နဲ့ရင်းကာချစ်ခဲ့ ဘ၀နဲ့ရင်းကား ဆုံးရှုံးခဲ့ပြီပဲ
မျှော်လင့်ချက်သာ မထားခဲ့ရင်…

တစ်ခါတစ်လေ ကိုယ်တို့လူတွေ ရူးနေတာ တစ်ခုလည်း ရှိတတ်သေး…။ မဖြစ်နိုင်တာ တစ်ခုကို မျှော်လင့်မိတာလေ။ မဖြစ်နိုင်မှန်းကို စိတ်ကလက်ခံတဲ့အတွက် မျှော်လင့်ချက်က အရမ်းကြီးတော့ ကြီးမနေပါဘူး။ သေးသေးလေးပါ။ တစ်ခါတစ်လေ အဲဒီသေးသေးလေးတွေက ပိုနာတတ်တယ်လေ။

မျှော်လင့်ချက်သာ မထားခဲ့ရင်
ကိုယ်ဒီလို ငိုကြွေးရမယ်မထင်ဘူး

ကိုငှက်ဟာလည်း ကိုယ့်ကိုယ်ကို နှစ်သိမ့်တဲ့ သီချင်းတစ်ပုဒ်ကို ဆိုညည်းခဲ့တာပါ။ မထားခဲ့ရင်ဆိုပေမဲ့ ထားခဲ့တယ်လေ။ အဲတော့ ခံစားရတယ်၊ ငိုကြွေးရတယ်၊ နာကျင်ရတယ်။ ကိုယ်တို့လူတွေဟာ နာကျင်ခံစားရဖို့အတွက် တစ်ကူးတစ်က အပင်ပန်းခံပြီး အသက်ရှင်နေကြတာလေ။ နိဗ္ဗာန်ရောက်ကြောင်းတရားတွေ အားမထုတ်သေးဘူး မဟုတ်လား။ ဒီသံသရာမှာ ဆက်ပြီးကျင်လည်ချင်သေးတယ်ဟုတ်။ အဲတော့ မျှော်လင့်ခဲ့ပါ။ မျှော်လင့်နေပါ။ မျှော်လင့်ဆဲပါ။


(ကိုယ့်ညီမလေးတစ်ယောက်ရဲ့ စတေးတပ်တစ်ခုမှာ ကွန့်မန့်သွားပေးပြီးတဲ့နောက် အဲဒီသီချင်းလေးကို ကြားယောင်မိတယ်။ ဒါနဲ့ နားထောင်မိပြီး သီချင်းလေးနဲ့အတူ စီးမျောရင်း ကိုယ့်အတွေးတွေ တောင်ရောက် မြောက်ရောက် ရောက်ခဲ့တယ်။ ဒီတောင်ရောက်မြောက်ရောက် အတွေးတွေကို ဦးနှောက်က ဘာသာပြန်ပေးတဲ့အတိုင်း Key Board ပေါ်ကလက်ချောင်းတွေ လှုပ်ရှားသွားတယ်။ ဒါနဲ့ပဲ ဒီစာလေးတွေ ဖြစ်လာတယ်။ ဒီလောက်ပါပဲ။ လက်ခံတာ ငြင်းပယ်တာကတော့ ဒီစာလေးကို ဖတ်သွားသူတွေရဲ့ စိတ်ပါ။ ကိုယ်နဲ့ ထပ်တူကျဖို့ လုံးဝ မမျှော်လင့်ခဲ့ပါဘူးလို့… )


ကိုဇေ
October 14, 2014 (Tuesday)
1:15AM

Monday, October 13, 2014

ငေးရင်းတွေး

လူ၏ပြဿနာမှာ အတိတ်ရှိနေခြင်းကို အသိအမှတ်ပြုနေရခြင်းသာ ဖြစ်သည်။

#‎မြင့်သန်း


မေ့ဖို့ကြိုးစားခြင်းကိုက သတိရခြင်းပဲလေ။ ကိုယ်တွေမှာ ရှိခဲ့ဘူးတဲ့ အတိတ်ကို ဘာလို့ မေ့ဖို့တစ်ကူးတစ်က ကြိုးစားမှာလည်းကွယ်။ သတိရစရာရှိလည်း သတိရလိုက်ပေါ့။ လွမ်းစရာရှိလည်း လွမ်းလိုက်ပေါ့။ ကြေကွဲစရာရှိလည်း ကြေကွဲလိုက်ပေါ့။ ခံစားစရာရှိလည်း ခံစားလိုက်ပေါ့ကွယ်။ ဒီနာကျင်မှုတွေဟာ အသားကျသွားရင် ကြင်နာစရာတွေ ဖြစ်လာမှာပါ။

မနက်ဖြန်ဆိုတာတွေက သိပ်တော့လည်း မသေချာပါဘူး...။ ဒါပေမဲ့ ကိုယ်ခုချိန်မှာ တစ်ခုခုကြောင့် ကြည်နူးနေမိတယ်ဆိုရင် မနက်ဖြန်တစ်ရက်ရက်မှာ အဲဒီကြည်နူးမှုလေး ပျောက်ပျက်သွားမှာကိုပါ စိုးရိမ်နေမိတယ်။ ကိုယ်ဆိုတဲ့ကောင်က ခုကြည်နူးနေတာကိုတောင် မနက်ဖြန်ကိုတွေးပြီး နာကျင်နေတတ်တဲ့ကောင်ပါ။

အတိတ်တွေကတော့ ရှိခဲ့ပြီ။ မနက်ဖြန်ကတော့ မသေချာသေးဘူး။ ကိုယ်ခုဖြတ်သန်းနေတာ ဒီနေ့...။ ဒါပေမဲ့လည်း အတိတ်ကိုငေးရင်း ကိုယ်မနက်ဖြန်တွေကို တွေးကြောက်နေတယ်။


ကိုဇေ

တံငါဖြစ်ချင်သူသည် တံငါနားနီး၍ မုဆိုးဖြစ်ချင်သူသည် မုဆိုးနားနီးသည်


မြန်မာစကားပုံတစ်ခုရှိတယ်။ “တံငါနားနီးတံငါ၊ မုဆိုးနားနီးမုဆိုး” တဲ့။ အဲဒီစကားပုံကို ကိုယ်ငြင်းပယ်တယ်။ ပြီးတော့ ကိုယ်က ဒီလိုပြင်ဆင်ခဲ့တယ်လေ။

“တံငါဖြစ်ချင်သူသည် တံငါနားနီး၍ မုဆိုးဖြစ်ချင်သူသည် မုဆိုးနားနီးသည်”

ကိုယ့်ရဲ့ငယ်သူငယ်ချင်းတစ်ယောက် ငယ်ဘ၀တုန်းက တစ်နေရာစီခွဲခွာကာနီး အမှတ်တရလေးတွေ အပြန်အလှန်ရေးဖြစ်ကြတော့ သူကကိုယ့်စာအုပ်ထဲမှာ ဒီလိုလေးရေးပေးခဲ့ဘူးတယ်။ “တံငါနားနီးလို့ တံငါ ဖြစ်တာလား၊ တံငါဖြစ်ချင်လို့ တံငါနားနီးတာလား” တဲ့။ ဆယ့်ငါးနှစ်ကျော် ဆယ်ခြောက်နှစ်သား တစ်ယောက်ရဲ့ အတွေးထဲ အဲပုစ္ဆာကစွဲဝင်တွယ်ငြိလို့။ အဲဒီကတည်းက အဖြေရှာခဲ့တာ ကိုယ်အသက် ၂၅ လောက်မှာ တိကျတဲ့အဖြေတစ်ခုရခဲ့တယ်လေ။ ကိုယ်စာတစ်တန်၊ ပေတစ်ဖွဲ့ မရေးဖြစ်ခဲ့ပေမဲ့ ဒီအဖြေလေးဟာ ကိုယ့်အတွက် အမှတ်တရားတစ်ခု ဖြစ်ခဲ့တယ်။

“တံငါဖြစ်ချင်သူသည် တံငါနားနီး၍ မုဆိုးဖြစ်ချင်သူသည် မုဆိုးနားနီးသည်”

ကျား၊မ၊အဖြူ၊အမည်း၊လူမျိုး၊နိုင်ငံ စတဲ့ လူတစ်ယောက်ရဲ့ အခြေခံ ဖြစ်တည်မှုကို ပြောင်းလဲယူလို့မရဘူး။ သူ့ရဲ့ ရွေးချယ်ခွင့်ကနေ အနှစ်သာရတစ်ခုကို ကိုယ့်ဖာသာပဲ ပြောင်းလဲယူလို့ရနိုင်တယ်လေ။ တံငါနားနီးပေမဲ့ သူက ကွန်ပစ်ဖို့ဝါသနာမပါတဲ့ အခါ စိတ်မ၀င်စားတဲ့အခါ တံငါကောင်းဖြစ်လာမှာ မဟုတ်ဘူး။ သူက ဒူးလေးကိုင်စွဲပြီး  တောလိုက်ချင်တာလေ။ သူ့မှာ ရွေးချယ်ခွင့်ရှိမယ်ဆိုရင်၊ (သူကျင်လည်ရာ ပါတ်ဝန်းကျင်က မတားမြစ် မချုပ်ချယ်ဘူးဆိုရင်) သူဟာ ဒူးလေးကိုင်စွဲတဲ့ မုဆိုးတွေ ရှိရာအနားသွားမှာပဲ။ သူသားကောင်လိုက်နည်းကို သင်ယူမှာပဲ။ မုဆိုးဖြစ်ချင်တဲ့သူဟာ တံငါနားနီးနေလည်း တံငါဖြစ်မှာ မဟုတ်ဘူး။

“တံငါဖြစ်ချင်သူသည် တံငါနားနီး၍ မုဆိုးဖြစ်ချင်သူသည် မုဆိုးနားနီးသည်”

၂၀၁၁ လောက်မှာထင်တယ်။ Facebook မှာ Group ဆိုတဲ့ application တစ်ခု ထပ်တိုးခဲ့တယ်။ သူရည်ရွယ်တာက တူရာစုဖို့ပေါ့။ အဲ Group တွေကနေ လော်ဘီလုပ်တယ်၊ ဘာသာရေးတွေလုပ်တယ်၊ အသင်းအဖွဲ့တွေလုပ်တယ်၊ Troll လုပ်တယ်၊ အမုန်းတရားတွေ ဖြန့်ဝေတယ်…. ကိုယ့်ကို အချို့က Group တစ်ခုထဲ Add လိုက်တယ်ဆိုပါတော့။ ကိုယ် စိတ်သိပ်မ၀င်စားရင် ကိုယ်နဲ့ ပတ်သက်စရာမရှိရင် Leave Group ဆိုပြီး လုပ်ပစ်ခဲ့တာချည်းပဲ။



ကိုယ် ၂၀၁၄ ဇန်န၀ါရီလထဲကတစ်ရက်မှာ Facebook တစ်ခွင်ရှောက်သွားရင်းနဲ့ သူငယ်ချင်းတစ်ယောက် မေ့မှတ်စုဆိုတဲ့ ပေခ်ျ့ကပုံလေး တစ်ပုံ Share လိုက်တာတွေ့တယ်။ ထပ်ပြီးစိတ်ဝင်စားသွားလို့ မေ့မှတ်စုဆိုတဲ့ Page ထဲရောက်သွားတယ်။ အဲဒီကနေ ဟိုသွားဒီသွားနဲ့ ခေါင်းလောင်းသံဆိုတဲ့ Group လေးတစ်ခုတွေ့လိုက်တယ်လေ။ လျှောက်ကြည့်ရင်း စာပေနဲ့ ပတ်သက်လို့ မျှဝေထားတာလေးတွေ တွေ့လို့ Join Group ဆိုပြီးလုပ်ခဲ့တယ်လေ။ ကိုယ်က သဘောကျတာကို။ ပြီးတော့ စာပေနဲ့ပတ်သက်ပြီးလည်း စိတ်ဝင်စားတာကို။ ဒီလိုနဲ့ ကိုယ်ခေါင်းလောင်းသံ အဖွဲ့သားတစ်ယောက် ဖြစ်ခဲ့တယ်။

ကိုယ်Group တစ်ခုမှာ အမြဲ Active ဖြစ်ဖို့ဆိုတာက Admin တွေ၊ အခြား Members တွေ Active ဖြစ်နေဖို့လည်း လိုတယ်လေ။ ခေါင်းလောင်းသံဟာ စာပေအနုပညာနဲ့ပဲ ပတ်သတ်တဲ့ အဖွဲ့၊ မဆိုင်တဲ့ ကြော်ငြာတွေ ပိုစ့်တွေမမြင်ချင်ဘူး။ မြင်လည်း မမြင်ခဲ့ရဘူး။ ကိုယ်လာကြည့်လိုက်တိုင်း စာပေနဲ့ ပတ်သက်တာတွေပဲ ရှိနေတယ်လေ။ ဒါကြောင့်ပဲ ကိုယ်ခေါင်းလောင်းသံမှာ ပျော်လာတယ်။ ကိုယ်အက်တစ်ဖြစ်လာခဲ့တယ်လေ။ ရင်ဘတ်ချင်းတူသူချင်း Add ကျ Accept ကျနဲ့ မိတ်ဆွေတွေလည်း တိုးလာခဲ့တယ်လေ။ (တစ်ကယ်က ခုအက်တစ်ဖြစ်တဲ့ မန်ဘာတွေထဲမှာ အပြင်မှာပါ ကိုယ်နဲ့ ခင်တာ ဒေါ်ရွှေယင်းမာဦး တစ်ယောက်ပဲရှိတာ)

ဒီလိုနဲ့ပဲ ကိုယ်တံငါဖြစ်ချင်လို့ တံငါနားနီးခဲ့တယ်လေ။ မုဆိုးဖြစ်ချင်သူတွေလည်း မုဆိုးနားနီးခဲ့ပေါ့။

၁၁.၁၀.၂၀၁၄ မှာခေါင်းလောင်းသံဟာ တစ်နှစ်ပြည့်ခဲ့ပြီတဲ့။ ခုချိန်ထိ ကိုယ်တွေ တူရာတူရာ စုနေတုန်းပဲ။ မန်ဘာ ၅၀၀၀ ကျော်ရှိပေမဲ့ leave group လည်းမလုပ်ဘဲ တံငါးနားနီးတိုင်း တံငါဖြစ်မလာသူတွေ၊ မုဆိုးနားနီးတိုင်း မုဆိုး ဖြစ်မလာသူတွေ အများကြီးပဲလေ။

ကိုယ်ဆန္ဒတစ်ခုပြုပါတယ်။
ကိုယ်တွေရဲ့ ခေါင်းလောင်းသံဟာ တံငါးဖြစ်ချင်လို့ တံငါနားနီးခဲ့သူတွေရဲ့ ကွန်ချက်တွေအောက်မှာ Facebook တည်တံ့တဲ့အထိ ငါးဖမ်းနိုင်ပါစေလို့။

“တံငါဖြစ်ချင်သူသည် တံငါနားနီး၍ မုဆိုးဖြစ်ချင်သူသည် မုဆိုးနားနီးသည်”


ကိုဇေ
October 13, 2014

(ခေါင်းလောင်းသံ Group ၏ 11.10.2014 တွင်ကျရောက်သော တစ်နှစ်ပြည့်မွေးနေ့ အမှတ်တရ)


Friday, October 10, 2014

မာလာလာ


ဗုဒ္ဓ၊ ယေရှု၊ မုဟမ္မဒ်တို့ရဲ့
ဥာဏ်ပညာ၊ ချစ်ခြင်း၊ သနားကြင်နာမှု
အားလုံးကိုသင်ယူလို့
ဂန္ဓီ၊ မာတင်လူသာကင်း၊ မင်နဲလားတို့
မရှိတော့တဲ့ ကမ္ဘာမှာ
ဦးခေါင်းထက် ဖောက်ဝင်ခဲ့တဲ့
ကျဉ်တစ်တောင့်ကို အံတုရင်း
“ငြိမ်းချမ်းခြင်း” တွေ
သူမ ဆောင်ယူလာခဲ့ပြီ။        ။

ကိုဇေ
October 10, 2014 (Friday)
4:31PM


Tuesday, October 7, 2014

ထဘီကြောက် ရောဂါ


27.9.2014 ကနေ 1.10.2014 အထိ Pansodan Scene Gallery မှာ ပန်းချီဇွဲရန်နိုင် ရဲ့ To Value Something ဆိုတဲ့ တစ်ကိုယ်တော် ပန်ချီပြပွဲလုပ်သွားခဲ့တယ်။ အဲဒီပြပွဲမှာ မြန်မာနိုင်ငံအလံဟောင်းကို ထဘီရေလျားလုပ်ထားတဲ့ မိန်းမ တစ်ယောက်ကျောပေးထားပီး ရှေ့မှာယခု လက်ရှိအလံပုံ နဲ့ ပန်းချီကားတစ်ချပ်ပါတယ်။ Irrawaddy Blog မှာအဲဒီပုံကို ဖွလိုက်တယ်။ ဆဲသံဆိုသံတွေညံလို့။ Blog ပေါ်ကတစ်ဆင့် Facebook စာမျက်နှာတွေထက်မှာ တစ်ခါမှ ကိုယ်နာမည် မကြားဘူးတဲ့ စာရေးဆရာဆိုသူတွေရော၊ Artist ဆိုသူတွေကပါ ဘာဖြစ်တယ် ညာဖြစ်တယ်။ ပန်းချီဆရာ မိုက်ရိုင်းတယ်။ အလံကို စော်ကားတယ်ပေါ့ဗျာ။ ထားပါ… သူတို့ ဘာလို့ ဆဲတယ် ဆိုတယ် လက်မခံနိုင်ဖြစ်တယ်ဆိုတာကို ကိုယ်က ဥာဏ်မှီသလောက် တွေးကြည့်တယ်။ အလံကို စော်ကားပါတယ်ဆိုတာ ဘာကြောင့်လည်း။ တစ်ကယ်လို့ မိန်းမတစ်ယောက်က အလံကို တိုင်မှာချည်ပြီး ဝှေ့ရမ်းကိုင်ထားမယ်၊ ဒါမှမဟုတ် အားကစားမယ်တစ်ယောက်က ပခုံးမှာ စူပါမန်းဝတ်ရုံလို လွှမ်းထားမယ်၊ ဒါမှမဟုတ်လည်း ခေါင်းမှာစည်းထားမယ်ဆိုပါတော့ဗျာ…။ ဘယ်သူတွေက ဘယ်လိုဝေဖန်ကြဦးမှာလည်း…။ သေချာပါတယ်။ သူတို့ ဖြစ်နေတဲ့ ပြနာက အလံကို ထဘီလုပ်ဝတ်လို့ မခံမရပ်နိုင်ဖြစ်နေတာ။ ထဘီဆိုတာကို ယုတ်ညံ့တယ် လို့ စွဲနေတဲ့ ပြနာ။ တစ်နည်း ပြောရရင် ထဘီကြောက်နေတဲ့ ရောဂါ ဖြစ်နေတာပေါ့ဗျာ…။



ဟိုးငယ်စဉ် ကလေးဘ၀ ကိုယ့်ဖာသာ ဘာကိုမှ စဉ်းစားဆုံးဖြတ်နိုင်စွမ်း မရှိတဲ့ အချိန်တုန်းက လူကြီးသူမတွေ အမြဲ ပြောတဲ့ ဆုံးမစကားတစ်ခွန်းရှိတယ်။ ထဘီတန်းအောက် မ၀င်နဲ့။ ဘုန်းနိမ့်လိမ့်မယ်တဲ့။ ဘုန်းဆိုတာ ဘာလည်းတော့ မသိဘူးပေါ့နော်။ ဒါပေမဲ့ ယောက်ျားဆိုတာ ဘုန်းရှိတယ်။ မိန်းမဆိုတာ ဘုန်းနိမ့်တယ်ပေါ့။ ကိုယ်လူလားမြောက်ခဲ့တဲ့ လူ့အဖွဲ့အစည်းမှာ အဲလိုခွဲခြားခဲ့တယ်လေ။ ယုတ်ဆွအဆုံး ကိုယ့်အမေတောင်မှ သူ့သား၊ သူ့ယောက်ျား အ၀တ်တွေကို သူ့ထဘီတွေနဲ့ အတူရော မလျှော်ခဲ့ဘူးလေ။


ဟိုတစ်လောက ကိုတည်တံ့ ရေးထားတဲ့ ပိုစ့်လေးတစ်ခု ဖတ်လိုက်ရတယ်။
လူ့အဖွဲ့အစည်းအရပ်အတွင်းမှာ လူတန်းစား ဖိနှိပ်မှု၊ လိင်အရ ဖိနှိပ်မှုစတဲ့ မညီမျှချက် မှန်သမျှတို့ဟာ ပြောင်တင်းတဲ့ အမိန့်အာဏာနဲ့ ပြဌန်းထားတာ မဟုတ်ဘဲ ပျော့ပြောင်းတဲ့ “သင်္ကေတ သရုပ်ပြ ဖိနှိပ်မှု” (Symbolic Violence) သဘောဆောင်တယ်။ မိန်းမတွေဟာ ယောက်ျားတွေထက် ယုတ်နိမ့်သူတွေ ဖြစ်တယ်ဆိုတဲ့ အယူအဆမှာ ယောက်ျားတွေဟာ ဘုန်းတန်ခိုးရှိပြီး ပိုမိုမြင့်မြတ်တဲ့ လူသားတွေ ဖြစ်ကြောင်း သိပ္ပံနည်းကျအရရော၊ ဇီဝဗေဒအရပါ သက်သေပြလို့ မရဘူး။ ထုံးတန်းစဉ်လာအားဖြင့် အစဉ်အဆက် ကျင့်သုံးလက်ခံလာခဲ့တဲ့ လူတစ်စုတို့ရဲ့ “လူမှုအလေ့အထဟန်ချက်” အတွင်းမှာ သွတ်သွင်းလာတဲ့ အယူဓလေ့ တစ်ရပ်မျှသာ ဖြစ်တယ်။ သို့သော် အစဉ်အလာ စံနှုန်းတစ်ခုအဖြစ် အကာအကွယ်ယူ အလုပ်လုပ်နေတဲ့ “သင်္ကေတ သရုပ်ပြ ဖိနှိပ်မှု” ကတော့ ဒါကို လူမှုအစစ်အမှန်တရားလို့ ထင်မှတ်လာအောင် ဖုံးကွယ်ပေးနေတယ်။ ဒါကြောင့် “သင်္ကေတ သရုပ်ပြ ဖိနှိပ်မှု” အားဖြင့် လွှမ်းမိုးခံထားရတဲ့ အမျိုးသမီးတွေ ကိုယ်တိုင်မှာတောင် သူတို့ဟာ ယောက်ျားတွေထက် နိမ့်ကျသူတွေ ဖြစ်တယ်ဆိုတဲ့ အချက်ကို စဉ်းစားတွေးခေါ်မှုမပြုဘဲ သဘာဝတရားအဖြစ် လက်ခံလိုက်ကြတာပဲ။ ယောက်ျားနဲ့ မိန်းမအကြားက ကွာခြားချက်လို့ဆိုတဲ့ “ဘုန်းတစ်ခိုး” ဆိုတဲ့ အယူအဆဟာ သင်္ကေတ သဘောဆောင်ပြီး လွှမ်းမိုးထားတဲ့ ပါဝါဆက်သွယ်ချက်တစ်ခုပဲ။ ဒါ့အပြင် ဘာသာရေး နယ်မြေတွေမှာ တွေ့ရတဲ့ “အမျိုးသမီးများ ၀င်ရောက်ခွင့်မရှိ” ဆိုတဲ့ ဘာသာရေး တားမြစ်ချက်တွေက အစ၊ “သားကိုသခင်၊ လင်ကိုဘုရား” စတဲ့ စကားပုံဆိုရိုးတွေ အလယ်၊ အမျိုးသမီးတွေရဲ့ အမှတ်လက္ခဏာကို မီးဖိုချောင်နဲ့ ယှဉ်တွဲဖော်ပြတဲ့ တီဗွီကြော်ငြာတွေအဆုံး အားလုံးတို့ဟာ နေ့စဉ်ဘ၀ထဲက လိင်မှုဆိုင်ရာ ကွဲပြားချက်အမြင်ကို ဆက်လက်လည်ပတ်အောင် ပုံဖော်ပေးနေတဲ့ သင်္ကေတသရုပ်တွေအဖြစ် အလုပ်လုပ်တယ်။ အမျိုးသမီးတွေအနေနဲ့ သူတို့ဟာ အမျိုးသားတွေထက် တစ်ဆင့်နိမ့်ကျသူတွေ ဖြစ်တယ်ဆိုတဲ့ အစစ်အမှန်တရားဟာ သူတို့ရဲ့ နေ့စဉ်ဘ၀ အတွေ့အကြုံထဲမှာ ထပ်ပြန်တလဲလဲ တည်ဆောက်ခံနေရတယ်။

ကိုယ်ငယ်ငယ်တုန်းက ဘုရားအထက်ပစ္စယံပေါ် မိန်းမတွေ လည်းတက်သင့်တယ်ဆိုပြီး ငြင်းဘူးတယ်။ မိန်းမတွေကိုယ်တိုင်ကိုက ကိုယ့်ကို အထူးအဆန်းကြည့်လို့။ ဘာကြောင့်ဆိုတဲ့ ဆင်ခြေကို ကိုယ်ဥာဏ်မှီသလောက် ရှာကြည့်တယ်။ စေတီတော်တော်များများက ထုံးဖြူပဲသုတ်ထားတာပဲလေ။ မိန်းမဆိုတာက တစ်လတစ်ခါ ဓမ္မတာ လာတတ်တယ်လေ။ ဟိုးအရင်ခေတ်တွေက ခုလို pad တွေဘာတွေလည်း ရှိတာမှ မဟုတ်တာ။ အဲတော့ မိန်းကလေးတွေ စေတီတွေရဲ့ အထက်ပစ္စယံမှာ ရောက်နေတုန်း ဓမ္မတာလာရင် ထုံးဖြူစွန်းသွားမှာစိုးလို့ပဲ တားမြစ်ခဲ့တာလား။ ကိုယ်က ဖြစ်နိုင်ခြေတစ်ခု တွေးကြည့်ခဲ့တာပါ။ ဒါမှမဟုတ်လည်း အဲလိုပြဌန်းတာတွေက ယောက်ျားတွေ ဖြစ်နေတာကို။ သူတို့ဘာသာ တမင်ခွဲခြားခွဲခြား လုပ်ချင်လို့ ပြဌန်းတာလည်း ဖြစ်မှာပါ။ ပြီးတော့ မိန်းမဆိုတာက သွေးလန့်တတ်သေးတယ်လေ။ 

ခေတ်တွေလည်း ပြောင်းကုန်ပါပြီ။ မြို့ပြမှာလည်း အထပ်မြင့် တိုက်ကြီးတွေ ဟီးကုန်ပါပြီ။ ထမိန်တန်းတင် မကတော့ပါဘူး။ ကိုယ့်တွေရဲ့ ခေါင်းပေါ်မှာ ထဘီတွေတင်မကတော့ပါဘူး။ ထဘီဝတ်တဲ့ မိန်းမတွေပါ ရောက်ကုန်ပါပြီ။ ကွန်ကရစ် အထပ်လေးတွေ ခြားထားတာနဲ့ တန်းအောက်ဝင်တာ ဘာမှတော့လည်း သိပ်မထူးခြားတော့ပါဘူး။ ထဘီကြောက်တတ်တဲ့ ရောဂါတွေလည်း ပျောက်ကင်းသင့်ကြပါပြီ။

ခုချိန်ထိ ထဘီဆိုတာ ယုတ်ညံ့တယ်လို့ ထင်နေကြသေးရင်လည်း ဘုန်းမြင့်သော ယောက်ျားအပေါင်းတို့က ထဘီဖြင့် ဖုံးကွယ်ထားသော အရာကို လက်ဖြင့်လည်း မထိပါနှင့်၊ ခေါင်းဖြင့်လည်း ထိုးမထည့်ပါနှင့်၊ နှုတ်ခမ်းဖြင့်လည်း မနမ်းပါနှင့်၊ ဘာဆိုဘာနဲ့မှ မထိပါနှင့်။ အိုဗျာ နောက်ဆုံး စိတ်နဲ့တောင် မပြစ်မှားပါနှင့်။


ကိုဇေ
October 7, 2014 (Tuesday)
4:18PM