Thursday, October 30, 2014

မိုး ကို မုန်းတယ်


ကိုယ်တွေကျောင်းသားဘ၀က စာစီစာကုန်းရေးဆိုရင် မိုးနဲ့မလွတ်ကင်းခဲ့ဘူး။ တစ်ခါတစ်လေ ဆရာမက ခေါင်းစဉ်ကို သင်ကြိုက်နှစ်သက်သော ရာသီဥတုတစ်ခုဆိုပြီး ပေးထားတတ်ပေမဲ့ သူက မိုးရာသီအကြောင်းပဲ ဖွဲ့နွဲ့ရေးစေချင်တယ်လေ။ ဒီထက်ပိုပြီး ဒီမိုးရာသီအကြောင်း ဦးတည်ထားတဲ့ ခေါင်းစဉ်တွေကလည်း ရှိခဲ့သေးတယ်လေ။

အမှန်အတိုင်းပြောရရင် ခင်ဗျားတို့ ကိုယ့်ကို အဆိုးမြင်တယ်လို့ ပြောချင်လည်း ပြောလို့ရတယ်။ မြန်မာနိုင်ငံရဲ့ ရာသီဥတု သုံးခုလုံးကို ကိုယ်မကြိုက်ဘူး။ အဆိုးဆုံးက မိုးရာသီကို ကိုယ်က မကြိုက်ရုံထက်ပိုတဲ့အဆင့် မုန်းခဲ့တာလေ။

မြန်မာနိုင်ငံဟာ ဆန်စပါးစိုက်ပျိုးသောနိုင်ငံ၊ မိုးဟာလယ်သမားဦးကြီးတွေရဲ့ ကျေးဇူးရှင် စသည်ဖြင့် ကိုယ်တွေ ငယ်စဉ်က လော်ဘီလုပ်ခံခဲ့ရတယ်လေ။ ဒါပေမဲ့ ကိုယ်ဟာ မိုးကို တစ်စက်လေးမှ မကြိုက်ခဲ့ပါဘူး။ ကိုယ်က ရန်ကုန်သားဖြစ်နေတာလည်း ပါတာပေါ့။ ရန်ကုန်မြို့ကြီးမှာ စပါးမှ မစိုက်တာ။ အဲတော့ ကိုယ်နေတဲ့ မြို့အတွက် ကိုယ် မိုးကို ကျေးဇူးမတင်ပါဘူး။

အရင်ဆုံး ကိုယ့်အကြောင်းလေးပဲ ပြောပြပါဦးမယ်။ ကိုယ်က အဆုတ်သိပ်မကောင်းဘူးလေ။ မိုးနဲနဲမိလိုက်တာနဲ့ အအေးမိချင်မိ၊ အနဲဆုံးတော့ နှာစေးချောင်းဆိုး တော့ဖြစ်လိုက်တာပဲလေ။ ကိုယ်ဆယ်ခါဖျားရင် ခုနစ်ခါလောက်က မိုးနဲ့ပတ်သက်ပြီး ဖျားရတာလေ။ အဲတော့ ဒီမိုးကို ဘယ်သဘောကျမှာတုန်းဗျ။ ပြီးတော့ ကိုယ်က လမ်းလျှောက်ရင် လွတ်လွတ်လပ်လပ် လျှောက်ရတာကို ကြိုက်တာလေ။ ထီးဘယ်ကိုင်ချင်ပါ့မလည်းဗျာ။ ထီးဆောင်းလည်း လုံတာမှ မဟုတ်တာ။ ပြီးတော့ မိုးတိတ်သွားရင် အဲ့ထီးစိုစိုကြီးကို ဘယ်နားထားလို့ ထားရမှန်းမသိ။ အရမ်းစိတ်ရှုပ်ဖို့ကောင်းတာဗျ။ တစ်ခါတစ်လေ ကိုယ်တွေမှာက စာအုပ်တွေပါသေးတယ်လေ။ ပြီးတော့ ရေစိုရင် ပျက်စီးနိုင်တဲ့ အီလက်ထရောနစ် ပစ္စည်းတွေနဲ့လည်း ကင်းကွာတာမှ မဟုတ်တာ။ အဲဒီအတွက်လည်း မိုးရွာပြီဆိုရင် စိတ်ညစ်ရပြန်ရော။

တစ်ခါမှတ်မှတ်ရရပေါ့။ ကိုယ်လှည်းတန်းကနေ မြေနီကုန်းသွားတာ။ လှည်းတန်းမှာ မိုးအကြီးအကျယ်မိရော။ ထီးလည်းမပါ အခြားစိုရင် ပျက်စီးနိုင်တဲ့အရာ ဘာမှမပါတော့ ပိုက်ဆံအိတ်ကို ကျွတ်ကျွတ်အိတ်နဲ့ထုတ်ပြီး ဒီအတိုင်းပဲ မိုးရေထဲ ၄၈ ဟိုင်းလပ်တွယ်စီးခဲ့တာပေါ့။ ဟံသာဝတီလည်း ကျော်ရော.. မိုးက တစ်ဖြည်းဖြည်း ပါးလာလိုက်တာ.. မြေနီကုန်းမှာ နေက ချစ်ချစ်တောက်ပူလို့…။ ကိုယ့်ခဗျာ ရေစိုကြီးနဲ့ မြောင်းထဲပဲ ပြုတ်ကျလာသလိုလို ဘာလိုလို..။ အဲဒီကွက်ကျားမိုး ဆိုတာကြီးက အမုန်းတကာ အမုန်းဆုံးစာရင်းဝင်ပဲ။

ကဲ ကိုယ့်ပါဆင်နယ်တွေ ကြောင့်ပဲ မုန်းတယ်တော့ မဟုတ်ပါဘူး။ ကိုယ်တို့ ပတ်ဝန်းကျင်ကို တစ်ချက်လောက် ကြည့်လိုက်ရအောင်ဗျာ။ ရန်ကုန်မှာ မိုးရွာရင် ကားလမ်းတွေ ရေလျှံတယ်ဗျာ။ အထူးသဖြင့် သမိုင်းလို နေရာမျိုး၊ ကမ္ဘာအေးလို နေရာမျိုးတွေပေါ့။ ပိုပြီးဆိုးရင် အိမ်ထဲအထိ ရေ၀င်တယ်ဗျာ။ အလိုလိုမှ ကားလမ်းတွေ ပိတ်ပါတယ်ဆိုမှ မိုးရွာလိုက်ရင် မပြီးတော့ဘူး။ လူကရေစို အလုပ်ကနောက်ကျ။ ပြီးတော့ ကိုယ်တို့ရန်ကုန်မှာ ထုံးစံရှိတယ်လေ။ မိုးရွာပြီးတာနဲ့ EPC က ပြည်သူအများ လျှပ်စစ်အန္တရယ်မှ ကင်းဝေးနိုင်ရန်ဆိုပြီး မီးပါဖျက်ပေးတယ်လေ။ မီးပျက်တဲ့အချိန် အလိုလိုမှ နှေးပါတယ်ဆိုတဲ့ ကော်နက်ရှင်ကလည်း ထိုးထိုးကျသွားတတ်သေးတယ်လေ။ မြို့သစ်တွေဆိုလည်း ဗွက်ပေါက်လို့။ သွားရခက် လာရခက်။ စိတ်ပျက်ဖို့အရမ်းကောင်းပါတယ်ဗျာ။

မိုးအေးတဲ့ အချိန်အရက်သောက်လို့ ကောင်းတယ်တဲ့။ ဒါပေမဲ့ ကျွန်တော်က အရက်ကုမ္ပဏီ တစ်ခုမှာ လုပ်ခဲ့ဘူးတယ်လေ။ မိုးတွင်းဆို အရောင်းကျတယ်တဲ့။ မိုးတွင်းဆို ဂိုဒေါင်အပြည့်ပဲတဲ့။ မိုးတွင်းမှာ ဖြုန်းအားမရှိဘူးဆိုပဲ။ ဆက်စပ်ပြီး တွေးကြည့်ရင် ဟုတ်တယ်ဗျ။ မိုးတွင်းမှာ  အခြေခံလူတန်းစားတွေ အတွက် ပိုက်ဆံရှာရ အရမ်းခက်တာ။ မိုးရွာရင် တော်ရုံတန်ရုံကလည်း ကိစ္စမရှိဘဲ အပြင်မထွက်ကျဘူးလေ။ တက်စ်စီဆိုလည်း ဆွဲမကောင်းဘူး။ လက်ဖက်ရည်ဆိုင်လည်း မိုးဝင်ခိုတဲ့ သူလောက်ပဲရှိတယ်။ လမ်းဘေးဈေးသည်တွေဆို ပိုဆိုးပေါ့ဗျာ။ လက်ပွေ့ရောင်းတဲ့အသည်တွေလည်း အရင်းမှ ရရဲ့လားမသိ။ တော်တော်စိတ်ပျက်ဖို့ ကောင်းတယ်ဗျာ။

ဟော ပြောရင်းဆိုရင်း တစ်နေကုန် နေပူထားပြီး ရုံးဆင်းကာနီးမှာ ဒီမိုးက ဆိုင်းမဆင့် ဗုံမဆင့် ရွာချပြန်ပြီ။ တော်တော်သည်းသည်းမဲမဲပဲ။ ဒီတစ်ခါတော့ ကိုယ်အားရပါးရဆဲပါရစေ…

စောက်မိုး !@#$+_)(*&^%>?<


ကိုဇေ
October 30, 2014 (Thursday)

4:22PM

Monday, October 20, 2014

ရွေးချယ်ခွင့်


“ဆူး”  မှာကြောက်ရင်     “စား”
“ရူး” မှာ ကြောက်ရင်     “ဆုပ်”
“ဘ ၀”  မှာ    အဲ ဒီ လို
ရွေး   ချယ်      ခွင့်      ရှိ        တယ်။                ။


ကိုဇေ

Tuesday, October 14, 2014

မျှော်လင့်ချက်သာမထားခဲ့ရင်



မျှော်လင့်ချက်သာမထားခဲ့ရင် ♫ ♫
ကိုယ်ဒီလိုခံစားရမယ်မထင်ဘူး ♪ ♪

ကိုယ့်နားထဲ ကိုငှက်ရဲ့သီချင်းသံလေး တိုးဝင်လာတယ်။ ကိုယ်လိုက်ပါ စီးမျောရင်း ကိုယ့်အတွေးကို နယ်ချဲ့မိတယ်။

မျှော်လင့်ချက်တဲ့…
အချို့ကပြောကြတယ်… လူဆိုတာ မျှော်လင့်ချက်နဲ့ အသက်ရှင်နေကြတာတဲ့။
အချို့ကပြောကြတယ်… မျှော်လင့်ရတာ သိပ်ကိုပင်ပန်းတဲ့အလုပ်တဲ့။
အချို့ကပြောကြတယ်… မျှော်လင့်သလို ဖြစ်မလာရင် အရမ်းနာကျင်ခံစားရတယ်တဲ့။

အဲဒီခံစားချက်တွေကို ခြုံကြည့်လိုက်ရင် ကိုယ်တို့လူတွေဟာ နာကျင်ခံစားရဖို့အတွက် တစ်ကူးတစ်က အပင်ပန်းခံပြီး အသက်ရှင်နေကြတာလား… ? ? ?

အချို့က သူများကို နှစ်သိမ့်ကြတယ်။ ကိုယ့်ကိုယ်ကို နှစ်သိမ့်တာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။
ဘယ်အရာကိုမှ သိပ်ပြီးမမျှော်လင့်ပါနဲ့တော့တဲ့။
သိပ်ပီးတော့ နားထောင်ကောင်းတဲ့စကားလုံးလေး လိုလို ဘာလိုလို…။
ဒါပေမဲ့ မျှော်လင့်ချက်ဆိုတာကို ဘယ်သူများ ငြင်းပယ်နိုင်လို့လည်း။ လူဆိုတာ အတ္တရှိတယ်လေ။ ပုထုဇဉ်တွေချည်းပဲ။ ပြီးတော့ ဒီလောက် ဂင်္ဂါဝါလုသဲစုမကပွင့်ခဲ့သော ဘုရားရှင် အဆက်ဆက်လက်ထက်မှာတောင် ကျွတ်တန်းမ၀င်ခဲ့ဘဲ ဒီလောက် သံသရာအရှည်ကြီး မိုက်လုံးကြီးလို့ ဒီအတ္တကြီးကို စွဲမက်တွယ်ကပ်နေကြတဲ့သူတွေလေ… ကိုယ်ဆက်တွေးမိတယ်။

ကိုယ့်ပတ်ဝန်းကျင်က မိဘတွေဟာ (အများစုဟာ) သားသမီးတွေကို ကိုယ့်အတ္တနဲ့ယှဉ်ပြီး တစ်ခုခု မျှော်လင့်တတ်ကြတယ်။ သားသမီးကောင်းစားဖို့ ဆိုတဲ့အကြောင်းပြချက်ကောင်းလေးပါပေမဲ့ သူတို့အတ္တနဲ့တော့ ယှဉ်ခဲ့တာချည်းပဲလေ။ ဒါပေမဲ့ ခေတ်ကာလခြင်း စိတ်ခြင်း တွေးပုံခြင်း မတူကြတဲ့ သူတွေကြားမှာ မိဘရဲ့ မျှော်လင့်ချက်ဟာလည်း သားသမီးက ချိုးဖျက်ခဲ့သလို သားသမီးရဲ့ မျှော်လင့်ချက်မှန်သမျှဟာလည်း မိဘရဲ့အတ္တကြားမှာ ပျောက်ကွယ်ခဲ့ရတယ်။ လူဆိုတာ ကိုယ့်အတ္တနဲ့ကိုယ် ရှင်သန်နေကြတာလေ။ တစ်ခါတစ်ရံ ကိုယ့်အတ္တဟာ သူတစ်ပါးအတွက်လည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ကိုယ်ကသူ့အတွက် ဆိုတာနဲ့ သူကသူ့အတွက် ထားတဲ့အတ္တခြင်း ထိပ်တိုက်တည့်တည့်တိုက်မိတဲ့အခါ… တိုက်မိပြီဆိုမှတော့ နာကျင်မှာပေါ့လို့..။ ပြီးတော့ အနာတရလည်း ဖြစ်မှာပဲလေ။ ဒီတော့လည်း ဒီစကားလေးနဲ့ ပြန်နှစ်သိမ့်ရတာပေါ့။



မမျှော်လင့်ရဲသည့် အချစ်တွေနဲ့ ရင်မှာချစ်ခဲ့ပြီးသည့်နောက်မှာ ♫ ♫
♫ ♫  ကြင်နာတတ်သော အသည်းဟာ ဖြတ်တောက်မရတဲ့ ကြိုးတွေနဲ့
အခိုင်အမာ ငြိတွယ်ခဲ့ပြီပဲ ♫ ♫
♫ ♫ ရင်ခုန်တတ်သောအချစ်သာ ငါ့နှလုံးသားမီးအိမ်ငယ်
မျှော်လင့်ခြင်းနဲ့တောက်ပ အသက်ဝင်ခဲ့ ♫ ♫

ကိုယ့်ညီလေး တစ်ယောက်ပြောဘူးတဲ့ စကားလေးတစ်ခွန်း ကိုသတိရမိတယ်။ လူသားခြင်းပေါင်းစည်းခြင်း အနုပညာတဲ့။ မပေါင်းစည်းနိုင်ခဲ့လို့ ကွဲကွာသွားတဲ့အခါ သူများတွေ သုံးကြတဲ့ ရေစက်တို့ ဘာတို့ အတိတ်ဘ၀ ကုသိုလ်ကံတို့ စတဲ့ ကိုယ့်သိမှုနယ်ပယ်အပြင်က ကိစ္စတွေ၊ ကိုယ်လိုက်မတွေးနိုင်တဲ့အရာကို ကိုယ့်ဖြစ်တည်မှုမှာ သတ်မှတ်လိုက်တဲ့ ကိစ္စတွေ ကိုကိုယ်အယုံအကြည်မရှိဘူး။ သေချာပါတယ်။ လူသားနှစ်ဦးပေါင်းစည်းဖို့ ကြိုးစားရင်း ကွဲကွာခဲ့သည်ရှိသော် အနဲနဲ့ အများတော့ ခံစားရမှာပဲလေ။ အဲဒီအနည်းအများဆိုတာက မျှော်လင့်ချက် ဘယ်လောက်ထားခဲ့သလည်း ဆိုတဲ့အပေါ်တော့ မူတည်မှာပေါ့။ မျှော်လင့်ချက်လုံးဝ မထားခဲ့ပါဘူုးလို့တော့ မပြောပါနဲ့။ ကိုယ့်ကိုယ်ကို လိမ်ရတာ အရမ်းပင်ပန်းလှပါတယ်လေ။

ဘာကို မျှော်လင့်တာလည်း
ဘယ်အတိုင်းအတာအထိ မျှော်လင့်တာလည်း
ဘယ်အချိန်အထိ မျှော်လင့်မှာလည်း
နဲလား များလား… မျှော်လင့်ချက်ဆိုတာ အတ္တကို အခြေခံတယ်။
တစ်ယောက်နဲ့ တစ်ယောက် ဘာမှ မျှော်လင့်စရာ မရှိသေးတဲ့ အခြေအနေ သို့မဟုတ် ပေါင်းစည်းဖို့ မကြိုးစားခင် အခြေအနေ မှာတော့ သူ့အတ္တသူနေ ကိုယ့်အတ္တကိုယ်နေပေါ့…။ စပြီးပေါင်းစည်းဖို့ ကြိုးစားတယ်ဆိုကတည်းက လူချင်း၊ အချစ်ခြင်းတင်မှ မဟုတ် အတ္တခြင်းပါ ပေါင်းရတော့မှာပဲလေ။ ကိုယ်ကလေးဘ၀တုန်းက ပြောဘူးခဲ့တဲ့ စကားတစ်ခွန်းရှိတယ်။ မာနနဲ့ အတ္တသာ နှစ်ယောက်ကြားမှာ မရှိရင် ဘယ်အတွဲမှ မဝေးဘူးလို့… တော်တော်ကို စိတ်ကူးယဉ်ဆန်ခဲ့တဲ့ကိုယ်ပဲ။ ဒီလိုပျက်လုံးမျိုး ကိုယ်တွေးဖြစ်ခဲ့သေးတယ်ပေါ့လေ။ ကိုယ့်ဖြစ်တည်မှုနဲ့ သူ့ဖြစ်တည်မှုဟာ တူညီစရာအကြောင်းမှ မရှိတာ။ အတ္တချင်းလည်း ဘယ်တူပါ့မလည်း…။ တစ်ယောက်နဲ့ တစ်ယောက် လျှော့ပေးပြီး ညှိနှိုင်းယူကြပေမဲ့… ကိုယ်တို့ရဲ့ ရွေးချယ်ခွင့် တစ်နည်း ဖြစ်တည်မှုကို မူတည်ပြီး ဖြစ်လာတဲ့ အနှစ်သာရတွေအတွက် ဆန့်ကျင်ဘက်တွေရှိမှာပဲလေ။ ကိုယ်တို့ ကိုးကွယ်တဲ့ ဘာသာတရား၊ ကိုယ်တို့ ဖြစ်တည်တဲ့ လူမျိုး၊ ကိုယ်တို့ နေထိုင်တဲ့ နိုင်ငံ… ဒါတွေက ကြီးသွားပါပြီ။ ဒီထက်သေးသေး လေးတွေ အများကြီးရှိဦးမှာပါ။ ဒါတွေ အကုန်ညှိနှိုင်းနိုင်မလား၊ မတူနိုင်ရင်တောင် အချင်းချင်း လက်ခံပေးနိုင်မလား။ ပါတ်ဝန်းကျင် လူ့အဖွဲ့အစည်းရဲ့ ဓလေ့ထုံးစံတွေကို ပစ်ပယ်ပြစ်နိုင်ပြီလား။ တစ်စုံတစ်ခုမှာ လွဲချော်ခဲ့ရင်တော့ လည်း ဒီစကားလေးနဲ့ပဲ ဖြေသိမ့်ပေါ့….

ငါဟာဘ၀နဲ့ရင်းကာချစ်ခဲ့ ဘ၀နဲ့ရင်းကား ဆုံးရှုံးခဲ့ပြီပဲ
မျှော်လင့်ချက်သာ မထားခဲ့ရင်…

တစ်ခါတစ်လေ ကိုယ်တို့လူတွေ ရူးနေတာ တစ်ခုလည်း ရှိတတ်သေး…။ မဖြစ်နိုင်တာ တစ်ခုကို မျှော်လင့်မိတာလေ။ မဖြစ်နိုင်မှန်းကို စိတ်ကလက်ခံတဲ့အတွက် မျှော်လင့်ချက်က အရမ်းကြီးတော့ ကြီးမနေပါဘူး။ သေးသေးလေးပါ။ တစ်ခါတစ်လေ အဲဒီသေးသေးလေးတွေက ပိုနာတတ်တယ်လေ။

မျှော်လင့်ချက်သာ မထားခဲ့ရင်
ကိုယ်ဒီလို ငိုကြွေးရမယ်မထင်ဘူး

ကိုငှက်ဟာလည်း ကိုယ့်ကိုယ်ကို နှစ်သိမ့်တဲ့ သီချင်းတစ်ပုဒ်ကို ဆိုညည်းခဲ့တာပါ။ မထားခဲ့ရင်ဆိုပေမဲ့ ထားခဲ့တယ်လေ။ အဲတော့ ခံစားရတယ်၊ ငိုကြွေးရတယ်၊ နာကျင်ရတယ်။ ကိုယ်တို့လူတွေဟာ နာကျင်ခံစားရဖို့အတွက် တစ်ကူးတစ်က အပင်ပန်းခံပြီး အသက်ရှင်နေကြတာလေ။ နိဗ္ဗာန်ရောက်ကြောင်းတရားတွေ အားမထုတ်သေးဘူး မဟုတ်လား။ ဒီသံသရာမှာ ဆက်ပြီးကျင်လည်ချင်သေးတယ်ဟုတ်။ အဲတော့ မျှော်လင့်ခဲ့ပါ။ မျှော်လင့်နေပါ။ မျှော်လင့်ဆဲပါ။


(ကိုယ့်ညီမလေးတစ်ယောက်ရဲ့ စတေးတပ်တစ်ခုမှာ ကွန့်မန့်သွားပေးပြီးတဲ့နောက် အဲဒီသီချင်းလေးကို ကြားယောင်မိတယ်။ ဒါနဲ့ နားထောင်မိပြီး သီချင်းလေးနဲ့အတူ စီးမျောရင်း ကိုယ့်အတွေးတွေ တောင်ရောက် မြောက်ရောက် ရောက်ခဲ့တယ်။ ဒီတောင်ရောက်မြောက်ရောက် အတွေးတွေကို ဦးနှောက်က ဘာသာပြန်ပေးတဲ့အတိုင်း Key Board ပေါ်ကလက်ချောင်းတွေ လှုပ်ရှားသွားတယ်။ ဒါနဲ့ပဲ ဒီစာလေးတွေ ဖြစ်လာတယ်။ ဒီလောက်ပါပဲ။ လက်ခံတာ ငြင်းပယ်တာကတော့ ဒီစာလေးကို ဖတ်သွားသူတွေရဲ့ စိတ်ပါ။ ကိုယ်နဲ့ ထပ်တူကျဖို့ လုံးဝ မမျှော်လင့်ခဲ့ပါဘူးလို့… )


ကိုဇေ
October 14, 2014 (Tuesday)
1:15AM

Monday, October 13, 2014

ငေးရင်းတွေး

လူ၏ပြဿနာမှာ အတိတ်ရှိနေခြင်းကို အသိအမှတ်ပြုနေရခြင်းသာ ဖြစ်သည်။

#‎မြင့်သန်း


မေ့ဖို့ကြိုးစားခြင်းကိုက သတိရခြင်းပဲလေ။ ကိုယ်တွေမှာ ရှိခဲ့ဘူးတဲ့ အတိတ်ကို ဘာလို့ မေ့ဖို့တစ်ကူးတစ်က ကြိုးစားမှာလည်းကွယ်။ သတိရစရာရှိလည်း သတိရလိုက်ပေါ့။ လွမ်းစရာရှိလည်း လွမ်းလိုက်ပေါ့။ ကြေကွဲစရာရှိလည်း ကြေကွဲလိုက်ပေါ့။ ခံစားစရာရှိလည်း ခံစားလိုက်ပေါ့ကွယ်။ ဒီနာကျင်မှုတွေဟာ အသားကျသွားရင် ကြင်နာစရာတွေ ဖြစ်လာမှာပါ။

မနက်ဖြန်ဆိုတာတွေက သိပ်တော့လည်း မသေချာပါဘူး...။ ဒါပေမဲ့ ကိုယ်ခုချိန်မှာ တစ်ခုခုကြောင့် ကြည်နူးနေမိတယ်ဆိုရင် မနက်ဖြန်တစ်ရက်ရက်မှာ အဲဒီကြည်နူးမှုလေး ပျောက်ပျက်သွားမှာကိုပါ စိုးရိမ်နေမိတယ်။ ကိုယ်ဆိုတဲ့ကောင်က ခုကြည်နူးနေတာကိုတောင် မနက်ဖြန်ကိုတွေးပြီး နာကျင်နေတတ်တဲ့ကောင်ပါ။

အတိတ်တွေကတော့ ရှိခဲ့ပြီ။ မနက်ဖြန်ကတော့ မသေချာသေးဘူး။ ကိုယ်ခုဖြတ်သန်းနေတာ ဒီနေ့...။ ဒါပေမဲ့လည်း အတိတ်ကိုငေးရင်း ကိုယ်မနက်ဖြန်တွေကို တွေးကြောက်နေတယ်။


ကိုဇေ

တံငါဖြစ်ချင်သူသည် တံငါနားနီး၍ မုဆိုးဖြစ်ချင်သူသည် မုဆိုးနားနီးသည်


မြန်မာစကားပုံတစ်ခုရှိတယ်။ “တံငါနားနီးတံငါ၊ မုဆိုးနားနီးမုဆိုး” တဲ့။ အဲဒီစကားပုံကို ကိုယ်ငြင်းပယ်တယ်။ ပြီးတော့ ကိုယ်က ဒီလိုပြင်ဆင်ခဲ့တယ်လေ။

“တံငါဖြစ်ချင်သူသည် တံငါနားနီး၍ မုဆိုးဖြစ်ချင်သူသည် မုဆိုးနားနီးသည်”

ကိုယ့်ရဲ့ငယ်သူငယ်ချင်းတစ်ယောက် ငယ်ဘ၀တုန်းက တစ်နေရာစီခွဲခွာကာနီး အမှတ်တရလေးတွေ အပြန်အလှန်ရေးဖြစ်ကြတော့ သူကကိုယ့်စာအုပ်ထဲမှာ ဒီလိုလေးရေးပေးခဲ့ဘူးတယ်။ “တံငါနားနီးလို့ တံငါ ဖြစ်တာလား၊ တံငါဖြစ်ချင်လို့ တံငါနားနီးတာလား” တဲ့။ ဆယ့်ငါးနှစ်ကျော် ဆယ်ခြောက်နှစ်သား တစ်ယောက်ရဲ့ အတွေးထဲ အဲပုစ္ဆာကစွဲဝင်တွယ်ငြိလို့။ အဲဒီကတည်းက အဖြေရှာခဲ့တာ ကိုယ်အသက် ၂၅ လောက်မှာ တိကျတဲ့အဖြေတစ်ခုရခဲ့တယ်လေ။ ကိုယ်စာတစ်တန်၊ ပေတစ်ဖွဲ့ မရေးဖြစ်ခဲ့ပေမဲ့ ဒီအဖြေလေးဟာ ကိုယ့်အတွက် အမှတ်တရားတစ်ခု ဖြစ်ခဲ့တယ်။

“တံငါဖြစ်ချင်သူသည် တံငါနားနီး၍ မုဆိုးဖြစ်ချင်သူသည် မုဆိုးနားနီးသည်”

ကျား၊မ၊အဖြူ၊အမည်း၊လူမျိုး၊နိုင်ငံ စတဲ့ လူတစ်ယောက်ရဲ့ အခြေခံ ဖြစ်တည်မှုကို ပြောင်းလဲယူလို့မရဘူး။ သူ့ရဲ့ ရွေးချယ်ခွင့်ကနေ အနှစ်သာရတစ်ခုကို ကိုယ့်ဖာသာပဲ ပြောင်းလဲယူလို့ရနိုင်တယ်လေ။ တံငါနားနီးပေမဲ့ သူက ကွန်ပစ်ဖို့ဝါသနာမပါတဲ့ အခါ စိတ်မ၀င်စားတဲ့အခါ တံငါကောင်းဖြစ်လာမှာ မဟုတ်ဘူး။ သူက ဒူးလေးကိုင်စွဲပြီး  တောလိုက်ချင်တာလေ။ သူ့မှာ ရွေးချယ်ခွင့်ရှိမယ်ဆိုရင်၊ (သူကျင်လည်ရာ ပါတ်ဝန်းကျင်က မတားမြစ် မချုပ်ချယ်ဘူးဆိုရင်) သူဟာ ဒူးလေးကိုင်စွဲတဲ့ မုဆိုးတွေ ရှိရာအနားသွားမှာပဲ။ သူသားကောင်လိုက်နည်းကို သင်ယူမှာပဲ။ မုဆိုးဖြစ်ချင်တဲ့သူဟာ တံငါနားနီးနေလည်း တံငါဖြစ်မှာ မဟုတ်ဘူး။

“တံငါဖြစ်ချင်သူသည် တံငါနားနီး၍ မုဆိုးဖြစ်ချင်သူသည် မုဆိုးနားနီးသည်”

၂၀၁၁ လောက်မှာထင်တယ်။ Facebook မှာ Group ဆိုတဲ့ application တစ်ခု ထပ်တိုးခဲ့တယ်။ သူရည်ရွယ်တာက တူရာစုဖို့ပေါ့။ အဲ Group တွေကနေ လော်ဘီလုပ်တယ်၊ ဘာသာရေးတွေလုပ်တယ်၊ အသင်းအဖွဲ့တွေလုပ်တယ်၊ Troll လုပ်တယ်၊ အမုန်းတရားတွေ ဖြန့်ဝေတယ်…. ကိုယ့်ကို အချို့က Group တစ်ခုထဲ Add လိုက်တယ်ဆိုပါတော့။ ကိုယ် စိတ်သိပ်မ၀င်စားရင် ကိုယ်နဲ့ ပတ်သက်စရာမရှိရင် Leave Group ဆိုပြီး လုပ်ပစ်ခဲ့တာချည်းပဲ။



ကိုယ် ၂၀၁၄ ဇန်န၀ါရီလထဲကတစ်ရက်မှာ Facebook တစ်ခွင်ရှောက်သွားရင်းနဲ့ သူငယ်ချင်းတစ်ယောက် မေ့မှတ်စုဆိုတဲ့ ပေခ်ျ့ကပုံလေး တစ်ပုံ Share လိုက်တာတွေ့တယ်။ ထပ်ပြီးစိတ်ဝင်စားသွားလို့ မေ့မှတ်စုဆိုတဲ့ Page ထဲရောက်သွားတယ်။ အဲဒီကနေ ဟိုသွားဒီသွားနဲ့ ခေါင်းလောင်းသံဆိုတဲ့ Group လေးတစ်ခုတွေ့လိုက်တယ်လေ။ လျှောက်ကြည့်ရင်း စာပေနဲ့ ပတ်သက်လို့ မျှဝေထားတာလေးတွေ တွေ့လို့ Join Group ဆိုပြီးလုပ်ခဲ့တယ်လေ။ ကိုယ်က သဘောကျတာကို။ ပြီးတော့ စာပေနဲ့ပတ်သက်ပြီးလည်း စိတ်ဝင်စားတာကို။ ဒီလိုနဲ့ ကိုယ်ခေါင်းလောင်းသံ အဖွဲ့သားတစ်ယောက် ဖြစ်ခဲ့တယ်။

ကိုယ်Group တစ်ခုမှာ အမြဲ Active ဖြစ်ဖို့ဆိုတာက Admin တွေ၊ အခြား Members တွေ Active ဖြစ်နေဖို့လည်း လိုတယ်လေ။ ခေါင်းလောင်းသံဟာ စာပေအနုပညာနဲ့ပဲ ပတ်သတ်တဲ့ အဖွဲ့၊ မဆိုင်တဲ့ ကြော်ငြာတွေ ပိုစ့်တွေမမြင်ချင်ဘူး။ မြင်လည်း မမြင်ခဲ့ရဘူး။ ကိုယ်လာကြည့်လိုက်တိုင်း စာပေနဲ့ ပတ်သက်တာတွေပဲ ရှိနေတယ်လေ။ ဒါကြောင့်ပဲ ကိုယ်ခေါင်းလောင်းသံမှာ ပျော်လာတယ်။ ကိုယ်အက်တစ်ဖြစ်လာခဲ့တယ်လေ။ ရင်ဘတ်ချင်းတူသူချင်း Add ကျ Accept ကျနဲ့ မိတ်ဆွေတွေလည်း တိုးလာခဲ့တယ်လေ။ (တစ်ကယ်က ခုအက်တစ်ဖြစ်တဲ့ မန်ဘာတွေထဲမှာ အပြင်မှာပါ ကိုယ်နဲ့ ခင်တာ ဒေါ်ရွှေယင်းမာဦး တစ်ယောက်ပဲရှိတာ)

ဒီလိုနဲ့ပဲ ကိုယ်တံငါဖြစ်ချင်လို့ တံငါနားနီးခဲ့တယ်လေ။ မုဆိုးဖြစ်ချင်သူတွေလည်း မုဆိုးနားနီးခဲ့ပေါ့။

၁၁.၁၀.၂၀၁၄ မှာခေါင်းလောင်းသံဟာ တစ်နှစ်ပြည့်ခဲ့ပြီတဲ့။ ခုချိန်ထိ ကိုယ်တွေ တူရာတူရာ စုနေတုန်းပဲ။ မန်ဘာ ၅၀၀၀ ကျော်ရှိပေမဲ့ leave group လည်းမလုပ်ဘဲ တံငါးနားနီးတိုင်း တံငါဖြစ်မလာသူတွေ၊ မုဆိုးနားနီးတိုင်း မုဆိုး ဖြစ်မလာသူတွေ အများကြီးပဲလေ။

ကိုယ်ဆန္ဒတစ်ခုပြုပါတယ်။
ကိုယ်တွေရဲ့ ခေါင်းလောင်းသံဟာ တံငါးဖြစ်ချင်လို့ တံငါနားနီးခဲ့သူတွေရဲ့ ကွန်ချက်တွေအောက်မှာ Facebook တည်တံ့တဲ့အထိ ငါးဖမ်းနိုင်ပါစေလို့။

“တံငါဖြစ်ချင်သူသည် တံငါနားနီး၍ မုဆိုးဖြစ်ချင်သူသည် မုဆိုးနားနီးသည်”


ကိုဇေ
October 13, 2014

(ခေါင်းလောင်းသံ Group ၏ 11.10.2014 တွင်ကျရောက်သော တစ်နှစ်ပြည့်မွေးနေ့ အမှတ်တရ)


Friday, October 10, 2014

မာလာလာ


ဗုဒ္ဓ၊ ယေရှု၊ မုဟမ္မဒ်တို့ရဲ့
ဥာဏ်ပညာ၊ ချစ်ခြင်း၊ သနားကြင်နာမှု
အားလုံးကိုသင်ယူလို့
ဂန္ဓီ၊ မာတင်လူသာကင်း၊ မင်နဲလားတို့
မရှိတော့တဲ့ ကမ္ဘာမှာ
ဦးခေါင်းထက် ဖောက်ဝင်ခဲ့တဲ့
ကျဉ်တစ်တောင့်ကို အံတုရင်း
“ငြိမ်းချမ်းခြင်း” တွေ
သူမ ဆောင်ယူလာခဲ့ပြီ။        ။

ကိုဇေ
October 10, 2014 (Friday)
4:31PM


Tuesday, October 7, 2014

ထဘီကြောက် ရောဂါ


27.9.2014 ကနေ 1.10.2014 အထိ Pansodan Scene Gallery မှာ ပန်းချီဇွဲရန်နိုင် ရဲ့ To Value Something ဆိုတဲ့ တစ်ကိုယ်တော် ပန်ချီပြပွဲလုပ်သွားခဲ့တယ်။ အဲဒီပြပွဲမှာ မြန်မာနိုင်ငံအလံဟောင်းကို ထဘီရေလျားလုပ်ထားတဲ့ မိန်းမ တစ်ယောက်ကျောပေးထားပီး ရှေ့မှာယခု လက်ရှိအလံပုံ နဲ့ ပန်းချီကားတစ်ချပ်ပါတယ်။ Irrawaddy Blog မှာအဲဒီပုံကို ဖွလိုက်တယ်။ ဆဲသံဆိုသံတွေညံလို့။ Blog ပေါ်ကတစ်ဆင့် Facebook စာမျက်နှာတွေထက်မှာ တစ်ခါမှ ကိုယ်နာမည် မကြားဘူးတဲ့ စာရေးဆရာဆိုသူတွေရော၊ Artist ဆိုသူတွေကပါ ဘာဖြစ်တယ် ညာဖြစ်တယ်။ ပန်းချီဆရာ မိုက်ရိုင်းတယ်။ အလံကို စော်ကားတယ်ပေါ့ဗျာ။ ထားပါ… သူတို့ ဘာလို့ ဆဲတယ် ဆိုတယ် လက်မခံနိုင်ဖြစ်တယ်ဆိုတာကို ကိုယ်က ဥာဏ်မှီသလောက် တွေးကြည့်တယ်။ အလံကို စော်ကားပါတယ်ဆိုတာ ဘာကြောင့်လည်း။ တစ်ကယ်လို့ မိန်းမတစ်ယောက်က အလံကို တိုင်မှာချည်ပြီး ဝှေ့ရမ်းကိုင်ထားမယ်၊ ဒါမှမဟုတ် အားကစားမယ်တစ်ယောက်က ပခုံးမှာ စူပါမန်းဝတ်ရုံလို လွှမ်းထားမယ်၊ ဒါမှမဟုတ်လည်း ခေါင်းမှာစည်းထားမယ်ဆိုပါတော့ဗျာ…။ ဘယ်သူတွေက ဘယ်လိုဝေဖန်ကြဦးမှာလည်း…။ သေချာပါတယ်။ သူတို့ ဖြစ်နေတဲ့ ပြနာက အလံကို ထဘီလုပ်ဝတ်လို့ မခံမရပ်နိုင်ဖြစ်နေတာ။ ထဘီဆိုတာကို ယုတ်ညံ့တယ် လို့ စွဲနေတဲ့ ပြနာ။ တစ်နည်း ပြောရရင် ထဘီကြောက်နေတဲ့ ရောဂါ ဖြစ်နေတာပေါ့ဗျာ…။



ဟိုးငယ်စဉ် ကလေးဘ၀ ကိုယ့်ဖာသာ ဘာကိုမှ စဉ်းစားဆုံးဖြတ်နိုင်စွမ်း မရှိတဲ့ အချိန်တုန်းက လူကြီးသူမတွေ အမြဲ ပြောတဲ့ ဆုံးမစကားတစ်ခွန်းရှိတယ်။ ထဘီတန်းအောက် မ၀င်နဲ့။ ဘုန်းနိမ့်လိမ့်မယ်တဲ့။ ဘုန်းဆိုတာ ဘာလည်းတော့ မသိဘူးပေါ့နော်။ ဒါပေမဲ့ ယောက်ျားဆိုတာ ဘုန်းရှိတယ်။ မိန်းမဆိုတာ ဘုန်းနိမ့်တယ်ပေါ့။ ကိုယ်လူလားမြောက်ခဲ့တဲ့ လူ့အဖွဲ့အစည်းမှာ အဲလိုခွဲခြားခဲ့တယ်လေ။ ယုတ်ဆွအဆုံး ကိုယ့်အမေတောင်မှ သူ့သား၊ သူ့ယောက်ျား အ၀တ်တွေကို သူ့ထဘီတွေနဲ့ အတူရော မလျှော်ခဲ့ဘူးလေ။


ဟိုတစ်လောက ကိုတည်တံ့ ရေးထားတဲ့ ပိုစ့်လေးတစ်ခု ဖတ်လိုက်ရတယ်။
လူ့အဖွဲ့အစည်းအရပ်အတွင်းမှာ လူတန်းစား ဖိနှိပ်မှု၊ လိင်အရ ဖိနှိပ်မှုစတဲ့ မညီမျှချက် မှန်သမျှတို့ဟာ ပြောင်တင်းတဲ့ အမိန့်အာဏာနဲ့ ပြဌန်းထားတာ မဟုတ်ဘဲ ပျော့ပြောင်းတဲ့ “သင်္ကေတ သရုပ်ပြ ဖိနှိပ်မှု” (Symbolic Violence) သဘောဆောင်တယ်။ မိန်းမတွေဟာ ယောက်ျားတွေထက် ယုတ်နိမ့်သူတွေ ဖြစ်တယ်ဆိုတဲ့ အယူအဆမှာ ယောက်ျားတွေဟာ ဘုန်းတန်ခိုးရှိပြီး ပိုမိုမြင့်မြတ်တဲ့ လူသားတွေ ဖြစ်ကြောင်း သိပ္ပံနည်းကျအရရော၊ ဇီဝဗေဒအရပါ သက်သေပြလို့ မရဘူး။ ထုံးတန်းစဉ်လာအားဖြင့် အစဉ်အဆက် ကျင့်သုံးလက်ခံလာခဲ့တဲ့ လူတစ်စုတို့ရဲ့ “လူမှုအလေ့အထဟန်ချက်” အတွင်းမှာ သွတ်သွင်းလာတဲ့ အယူဓလေ့ တစ်ရပ်မျှသာ ဖြစ်တယ်။ သို့သော် အစဉ်အလာ စံနှုန်းတစ်ခုအဖြစ် အကာအကွယ်ယူ အလုပ်လုပ်နေတဲ့ “သင်္ကေတ သရုပ်ပြ ဖိနှိပ်မှု” ကတော့ ဒါကို လူမှုအစစ်အမှန်တရားလို့ ထင်မှတ်လာအောင် ဖုံးကွယ်ပေးနေတယ်။ ဒါကြောင့် “သင်္ကေတ သရုပ်ပြ ဖိနှိပ်မှု” အားဖြင့် လွှမ်းမိုးခံထားရတဲ့ အမျိုးသမီးတွေ ကိုယ်တိုင်မှာတောင် သူတို့ဟာ ယောက်ျားတွေထက် နိမ့်ကျသူတွေ ဖြစ်တယ်ဆိုတဲ့ အချက်ကို စဉ်းစားတွေးခေါ်မှုမပြုဘဲ သဘာဝတရားအဖြစ် လက်ခံလိုက်ကြတာပဲ။ ယောက်ျားနဲ့ မိန်းမအကြားက ကွာခြားချက်လို့ဆိုတဲ့ “ဘုန်းတစ်ခိုး” ဆိုတဲ့ အယူအဆဟာ သင်္ကေတ သဘောဆောင်ပြီး လွှမ်းမိုးထားတဲ့ ပါဝါဆက်သွယ်ချက်တစ်ခုပဲ။ ဒါ့အပြင် ဘာသာရေး နယ်မြေတွေမှာ တွေ့ရတဲ့ “အမျိုးသမီးများ ၀င်ရောက်ခွင့်မရှိ” ဆိုတဲ့ ဘာသာရေး တားမြစ်ချက်တွေက အစ၊ “သားကိုသခင်၊ လင်ကိုဘုရား” စတဲ့ စကားပုံဆိုရိုးတွေ အလယ်၊ အမျိုးသမီးတွေရဲ့ အမှတ်လက္ခဏာကို မီးဖိုချောင်နဲ့ ယှဉ်တွဲဖော်ပြတဲ့ တီဗွီကြော်ငြာတွေအဆုံး အားလုံးတို့ဟာ နေ့စဉ်ဘ၀ထဲက လိင်မှုဆိုင်ရာ ကွဲပြားချက်အမြင်ကို ဆက်လက်လည်ပတ်အောင် ပုံဖော်ပေးနေတဲ့ သင်္ကေတသရုပ်တွေအဖြစ် အလုပ်လုပ်တယ်။ အမျိုးသမီးတွေအနေနဲ့ သူတို့ဟာ အမျိုးသားတွေထက် တစ်ဆင့်နိမ့်ကျသူတွေ ဖြစ်တယ်ဆိုတဲ့ အစစ်အမှန်တရားဟာ သူတို့ရဲ့ နေ့စဉ်ဘ၀ အတွေ့အကြုံထဲမှာ ထပ်ပြန်တလဲလဲ တည်ဆောက်ခံနေရတယ်။

ကိုယ်ငယ်ငယ်တုန်းက ဘုရားအထက်ပစ္စယံပေါ် မိန်းမတွေ လည်းတက်သင့်တယ်ဆိုပြီး ငြင်းဘူးတယ်။ မိန်းမတွေကိုယ်တိုင်ကိုက ကိုယ့်ကို အထူးအဆန်းကြည့်လို့။ ဘာကြောင့်ဆိုတဲ့ ဆင်ခြေကို ကိုယ်ဥာဏ်မှီသလောက် ရှာကြည့်တယ်။ စေတီတော်တော်များများက ထုံးဖြူပဲသုတ်ထားတာပဲလေ။ မိန်းမဆိုတာက တစ်လတစ်ခါ ဓမ္မတာ လာတတ်တယ်လေ။ ဟိုးအရင်ခေတ်တွေက ခုလို pad တွေဘာတွေလည်း ရှိတာမှ မဟုတ်တာ။ အဲတော့ မိန်းကလေးတွေ စေတီတွေရဲ့ အထက်ပစ္စယံမှာ ရောက်နေတုန်း ဓမ္မတာလာရင် ထုံးဖြူစွန်းသွားမှာစိုးလို့ပဲ တားမြစ်ခဲ့တာလား။ ကိုယ်က ဖြစ်နိုင်ခြေတစ်ခု တွေးကြည့်ခဲ့တာပါ။ ဒါမှမဟုတ်လည်း အဲလိုပြဌန်းတာတွေက ယောက်ျားတွေ ဖြစ်နေတာကို။ သူတို့ဘာသာ တမင်ခွဲခြားခွဲခြား လုပ်ချင်လို့ ပြဌန်းတာလည်း ဖြစ်မှာပါ။ ပြီးတော့ မိန်းမဆိုတာက သွေးလန့်တတ်သေးတယ်လေ။ 

ခေတ်တွေလည်း ပြောင်းကုန်ပါပြီ။ မြို့ပြမှာလည်း အထပ်မြင့် တိုက်ကြီးတွေ ဟီးကုန်ပါပြီ။ ထမိန်တန်းတင် မကတော့ပါဘူး။ ကိုယ့်တွေရဲ့ ခေါင်းပေါ်မှာ ထဘီတွေတင်မကတော့ပါဘူး။ ထဘီဝတ်တဲ့ မိန်းမတွေပါ ရောက်ကုန်ပါပြီ။ ကွန်ကရစ် အထပ်လေးတွေ ခြားထားတာနဲ့ တန်းအောက်ဝင်တာ ဘာမှတော့လည်း သိပ်မထူးခြားတော့ပါဘူး။ ထဘီကြောက်တတ်တဲ့ ရောဂါတွေလည်း ပျောက်ကင်းသင့်ကြပါပြီ။

ခုချိန်ထိ ထဘီဆိုတာ ယုတ်ညံ့တယ်လို့ ထင်နေကြသေးရင်လည်း ဘုန်းမြင့်သော ယောက်ျားအပေါင်းတို့က ထဘီဖြင့် ဖုံးကွယ်ထားသော အရာကို လက်ဖြင့်လည်း မထိပါနှင့်၊ ခေါင်းဖြင့်လည်း ထိုးမထည့်ပါနှင့်၊ နှုတ်ခမ်းဖြင့်လည်း မနမ်းပါနှင့်၊ ဘာဆိုဘာနဲ့မှ မထိပါနှင့်။ အိုဗျာ နောက်ဆုံး စိတ်နဲ့တောင် မပြစ်မှားပါနှင့်။


ကိုဇေ
October 7, 2014 (Tuesday)
4:18PM


မေ့ဖို့ကြိုးစားနေတာကိုက သတိရနေခြင်းပဲလေ


မေ့ဖို့ကြိုးစားနေတာကိုက သတိရနေခြင်းပဲလေ...

ကိုယ်က ကိုယ့်ခံစားမှုနောက် ထပ်ချပ်မကွာလိုက်တယ်။ နာကျင်နေတယ် မဟုတ်လား။ ဘာလို့ ရှောင်လွဲမှာလည်း။ ထွက်ပြေးတာက လွတ်မြောက်တာမှ မဟုတ်တာ။ နာကျင်မှုကို ရင်ဆိုင်ကြည့်စမ်းပါ။ အဲဒါလည်း အရသာတစ်ခုပါပဲ။

ဥပမာပေါ့... ဆေးလိပ်ကို လူတွေသောက်တယ်။ နီကိုတင်းရဲ့ ရီဝေမှုကို ကြိုက်လို့၊ ဒါမှမဟုတ် မီးခိုးငွေ့လေး မှုတ်ထုတ်လိုက်ရတာ ကြိုက်လို့။ ဘယ်သူက ကင်ဆာဖြစ်စေတဲ့ Tar ဆိုတဲ့ ကတ္တရာကို ကြိုက်မှာလည်း။ ဒါပေမဲ့ ကိုယ်လိုချင်လို့ ရွှေးချယ်ပြီးတဲ့ အခါ တစ်ပါတည်း ပါလာတဲ့ မလိုချင်တာကိုလည်း ငြင်းဆန်လို့ မရဘူးလေ။ ကဲ ဆေးလိပ်ဖြတ်မလား။ ကင်ဆာဖြစ်ချင်ဖြစ်ကွာ ဆိုပြီး မီးခိုးငွေ့တွေကြား မျောဝင်မှာလား။

ရည်းစားထားရင် အကြီးဆုံးယူရတဲ့ RISK က အသဲကွဲတာပဲ။

လူတစ်ယောက်ကို ချစ်မိရင် နာကျင်ရမှာပဲ။

ကဲအသဲကွဲနေတာလား၊ ချစ်မိလို့ နာကျင်နေတာလား၊ ဘာလို့ ရှောင်လွဲနေမှာလည်းကွယ်။ နာကျင်နေတာဟာလည်း အချိန်တန်ရင် နေသားကျသွားမှာပါ။ ကျေးဇူးပြုပြီး အတိတ်မှာ မနေပါနဲ့တို့ အနာဂတ်တွေရှိနေသေးတယ်တို့ ကိုယ့်ကိုလာပြီး မပြောပါနဲ့။ ကိုယ်လိုချင်တာက ခင်ဗျားတို့ ကိုယ်နဲ့နှိုင်းပြီး ကိုယ်ချင်းစာစေချင်တာ မဟုတ်ဘူး။ ကိုယ့်ရင်ထဲ ၀င်ကြည့်ပြီး ကိုယ်နဲ့အတူ လိုက်ပါစီးမျောစေချင်တာ...

ချစ်မိပြီလား။ နာကျင်မှုကို ခံစားပါ။ အခန့်မသင့်ရင် အသဲကွဲပါလိမ့်မည်။

PS : ဆေးလိပ်သာ မသောက်ချင် ဖြတ်လို့ရတာ။ မချစ်ပါနဲ့လို့တော့ တားမရဘူးနော်။

ကဲ. . . ဘာကို မေ့ဖို့ ကြိုးစားနေဦးမှာလည်း။

မေ့ ဖို့ ကြိုး စား နေ တာ ကို က  
သ   တိ     ရ        ခြင်း             ပဲ                   လေ      ။                      ။



ကိုဇေ
October 5,2014(Sunday)

11:52PM

Wednesday, October 1, 2014

ရာမမင်းသားဟာ မယ်သီတာကို ဘယ်တုန်းကမှ မချစ်ခဲ့ပါဘူး


“ရာမမင်းသားဟာ မယ်သီတာကို ဘယ်တုန်းကမှ မချစ်ခဲ့ပါဘူး”

ကိုယ်က အဲလိုပြောလိုက်တဲ့အခါ ကိုယ့်ကို ဆရာချစ်ဦးညိုရဲ့ လင်္ကာဒီပချစ်သူစာအုပ် လွမ်းမိုးမှုကို ခံနေရတယ်လို့ ပြောရင်လည်း ကိုယ်မငြင်းပါဘူး။ ဒဂီရိရဲ့ ဘက်တော်သားလို့ ပြောရင်လည်း ကိုယ်ဝန်ခံပါတယ်။ ဒါပေမဲ့ ကိုယ်အဓိက ပြောချင်တာက ရာမမင်းသားနဲ့ ပတ်သက်ပြီးပါ။ ကိုယ့်မြင်ထားတဲ့ အမြင်လေးတစ်ခုပေါ့။ မှန်မယ်လို့တော့ မဆိုလိုပါဘူး။ ကိုယ်က အဲအတိုင်းပဲ လက်ခံထားတာပါ။ ရာမမင်းသားက မယ်သီတာကို ချစ်မချစ်ဆိုတာကိုပေါ့။

စပြီးပြောရရင်တော့ မယ်သီတာ ကြင်ယာရှာတဲ့ လေးတင်ပွဲပေါ့။ လက္ခဏာက ၀င်ပြိုင်ချင်တဲ့ အချိန်မှာတောင် ကိုရွှေရာမက ဒါငါတို့နဲ့ မဆိုင်ဘူးဆိုပြီး ရှောင်နေတယ်လေ။ အဲအချိန်မှာ တစ်ပြည်သားလို့ပဲ ပြောမလား ဇာတ်တော်ထဲကလို ဘီလူးလို့ပဲ ပြောမလား ဒဂီရိက နိုင်တော့မလိုဖြစ်နေတယ်။ ဒဂီရိဆီ မယ်သီတာ ပါသွာမှာကို ဘုရင်ရော၊ ကျန်တဲ့သူတွေပါ မလိုလားဘူး။ ဒါနဲ့ မင်းဆရာ ဘရသေ့က ညီအစ်ကိုနှစ်ယောက်ကို ၀င်ပြိုင်ဖို့ တောင်းဆိုတယ်။ အဲအချိန်မှာ ရာမက လက္ခဏာကို လွဲတယ်။ လက္ခဏာဟာ မယ်သီတာကို သဘောကျနေ (ချစ်နေ) နိုင်ပေမဲ့ အစ်ကိုကို မကျော်ချင်ဘူးလေ။ ဟိုက အိမ်ရှေ့ဥပရာဇာ ဖြစ်နေတာလည်း ပါမှာပေါ့။ ပြီးတော့ အစ်ကိုနဲ့ ထိုက်တန်ပါတယ်ဆိုပြီး ရာမဆီပြန်လွဲလိုက်တယ်။ ရာမ၀င်ပြိုင်တယ်။ နိုင်တယ်။ နိုင်တော့ မယ်သီတာကို ရတယ်။ ဒီလောက်လေးပဲ ကြည့်သလောက် ရာမဟာ မယ်သီတာကို စချစ်ခဲ့ရင် ဟိုးအစောကြီးကတည်းက ပြိုင်မှာပေါ့။ အစကတည်းမ မချစ်ခဲ့ဘူးဆိုတာ သေချာပြီလေ။ ကဲ ရပြီးတော့လည်း ချစ်မိသွားလားဆိုတော့ လည်း မချစ်ပြန်ဘူး။

ဂီရိက မယ်သီတာကို ပန်းချီကားလေး စမ်းချောင်းမှာတွေ့ကတည်းက စွဲလန်းခဲ့တာလေ။ သူက တရားနည်းလမ်းကျကျ လေးတင်ပွဲကို ၀င်ခဲ့တာ။ ဒါပေမဲ့ သူမတရားတဲ့နည်းနဲ့ အနိုင်ယူခံလိုက်ရတယ်လေ ။ (ပန်းချီကားရှိသူသာ လေးတင်ပွဲ ၀င်ခွင့်ရပြီး ဟိုညီအစ်ကိုမှာက ပန်းချီကားမှမရှိတာ၊ ကြုံလို့ဝင်ပြိင်တဲ့သဘော၊ မင်းဆရာ ဘရသေ့တောင်းဆိုလို့ ၀င်ခဲ့တာ) သူချစ်တဲ့သူကို ကိုဒ မဆုံးရှုံးချင်ဘူး။ အဲတော့ ခိုးပြေးတာပေါ့။ ဒက ခိုးပြေးပြီး အိပ်ယာတည်းခေါ်တာလည်း မဟုတ်ခဲ့ပါဘူး။ ထွက်မပြေးနိုင်အောင် သံကွန်ချာနဲ့အုပ်ပြီး သူ့အချစ်ကို လက်ခံဖို့ တောင်းတောင်းပန်ပန်နဲ့ ထားခဲ့တာပါ။ အဲ အဲအချိန်ရာမက စွေ့စွေ့ခုန်တာပေါ့။ ကိုယ်ကတော့ သိပ်ချစ်လို့မထင်ဘူး။ သူလို အိမ်ရှေ့စံတစ်ယောက်ရဲ့ ကြင်ယာလောင်းကို အခိုးခံရတဲ့အတွက် ဒေါသထွက်တာ။ တစ်နည်း သူတို့ မင်းမျိုးမင်းနွယ်ရဲ့ အတ္တလို့ပဲ မြင်တယ်။ ဒီလိုနဲ့ လိုက်ကယ်တယ်။ ဒသေတယ်။ မယ်သီတာ နန်းတော်ကို ပြန်ပါလာတယ်။ အဲဒီအချိန်မှာ ကိုယ်က မချစ်ဘူးဆိုတာ ကိုစပြီး သဘောပေါက်မိတာပဲ။ ဖြစ်သင့်တာက မချစ်မနှစ်သက်သူရဲ့ လက်ထဲမှာ အကျဉ်းကျနေတဲ့ မိန်းမတစ်ယောက်ကို အားပေးရမယ်… နှစ်သိမ့်ရမယ်… နွေးနွေးထွေးထွေးဆက်ဆံရမယ်ပေါ့… ဒါပေမဲ့…။

  • ကိုယ်နားလည်ထားတဲ့ အချစ်ဟာ အချစ်တစ်ခုတည်းအတွက် ဖြစ်တည်တယ်။ ချစ်မိပြီဆိုရင် ကိုယ့်ချစ်သူရဲ့ အတိတ် အကုန်လုံးကို ခွင့်လွှတ်ပေးနိုင်ရမယ်လေ။ (ကိုယ်ဆိုရင်တော့ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ် အားလုံးခွင့်လွှတ်ပေးမှာ)


မယ်သီတာဟာ ဒနောက်ကို လိုက်ချင်လို့ လိုက်သွားတာ မဟုတ်ပါဘူး။ ဒအတင်း ခိုးပြေးသွားတာပါ။ ရာမက လိုက်ကယ်တယ်။ ပြီးတော့ မယ်သီတာဟာ ဒနဲ့ ဘာမှ မဖြစ်ခဲ့ပါဘူးဆိုတာ သစ္စာဆိုခိုင်းတယ်။ တစ်ကယ်လို့ ဖြစ်ခဲ့လည်း ဘာအရေးလည်း။ မယ်သီတာက အလိုမတူဘဲ ဖြစ်ခဲ့တာလေ။ ချစ်ခြင်းမှာ အပျိုစင်ဖြစ်ဖို့ဆိုတာ လိုလို့လား။ မယ်သီတာဟာ သူမှဲ့တစ်ပေါက် မစွန်းခဲ့တာကို သက်သေပြဖို့ အတွက် မီးပုံထဲကို သစ္စာဆိုပြီးခုံဆင်းခဲ့ရတယ်။ မီးက ငြိမ်းသွားတယ်။ အဲတော့မှ ဟိုအကောင် ရာမက လက်ခံတာလေ။ ကိုယ်ဘယ်လိုမှ လက်ခံကြည့်လို့မရဘူး။ ချစ်ခြင်းမချစ်ခြင်းဆိုတာထက် ပိုပြီးတော့ လိင်ခွဲခြားဆက်ဆံတယ်လို့ပါ ခံစားခဲ့ရတယ်။ ( ကိုယ်ကလည်း ဘုန်းဆိုတဲ့ စကားကို အယုံအကြည်မရှိဘူးလေ။ ယောက်ျားမှ ဘုန်းရှိတယ် မိန်းမဘုန်းနိမ့်တယ် ဆိုတဲ့ အယူဝါဒအောက်မှာ အဲလိုဘုန်းရှိတဲ့ ယောက်ျားတွေက ထဘီအောက်က ထွက်လာပြီး ထဘီအောက်ပဲ ပြန်ပြန်ဝင်သွားကြတယ်လေ။ )

ဒီလိုနဲ့ ရာမကဘုရင်ဖြစ်၊ မယ်သီတာကို လက်ထပ်၊ အမွှာယောက်ျားလေး နှစ်ယောက်မွေး။ နန်းတွင်းဆိုတာကလည်း လိုတစ်မျိုး မလိုတစ်မျိုး၊ ခပ်ရှုပ်ရှုပ်ပဲလေ။ မယ်သီတာ မီးပုံထဲခုံးဆင်းတော့ မီးငြိမ်းတာ ဟိုဆီလူးလို့ ဒီဆီလူးထားလို့၊ အဲ့ကလေး ၂ကောင်ဟာ ရာမရင်သွေး မဟုတ်ဘူး ဘာညာပေါ့။ ဟိုကောင်ကလည်း ဘုရင်ဖြစ်ပြီး ယုံတာပဲ။ ဒီလိုအချိန်မှာ ကိုယ်နဲ့က လင်မယားဖြစ်နေပြီလေ။ နဲနဲလေးပဲ ချစ်ကြည့်စမ်းပါ။ ကိုယ့်မိန်းမကို နန်းတော်ထဲက နှင်မထုတ်ရက်ပါဘူး။

နှင်ထုတ်တော့လည်း သွားရတာပေါ့။ ဘရသေ့ကျောင်းမှာ ကလေးနှစ်ယောက်နဲ့တူတူနေလို့ပေါ့။ ကလေးတွေကလည်း ဇနဲ့။ ဘုရင့်ရွှေသမင်ကို ဖမ်းသတဲ့။ အဲဒါကို ရာမက သိတော့ ဒီကလေးတွေက မင်းမျိုးမင်းနွယ်မို့လို့ ဒီလိုလုပ်တာပေါ့ ဘာပေါ့။ အဲဒါနဲ့ ပြန်ခေါ်မယ်ပေါ့။ အဲဒီမှာ ကိုယ်ရာမကို အမုန်းဆုံး ဖြစ်သွားတာပဲ။ ဒီလောက်ဖြူစင်တဲ့ သီတာဒေ၀ီကို သစ္စာဆိုပြီး မီးပုံထဲ ထပ်ခုန်ချခိုင်းတယ်လေ။ မယ်သီတာဟာ တစ်သက်စာ ဒဏ်ရာတစ်ခုရသွားပြီ။ သူတစ်ခါမှ မမှားဘူးတဲ့ ကိစ္စတစ်ခုအတွက် အကြိမ်ကြိမ် တစ်ခါမက စော်ကားခံလိုက်ရပြီလေ။ သူဖြူစင်ပါက တစ်မဟုတ်ချင်း ပြာကျလောင်ကျွမ်းရပါစေသားတဲ့။ ရာမ ဘယ်လိုကျန်ခဲ့လည်း ဆိုတာ ကိုယ် စိတ်မ၀င်စားတော့ဘူး။ ကိုယ်လက်ခံမိလိုက်တာက ရာမဟာ မယ်သီတာကို မချစ်ခဲ့ရုံမက သူ့အတ္တ၊ သူ့မာန အတွက် အကြိမ်ကြိမ်စော်ကားခဲ့တယ်ဆိုတာကိုပဲ။

ခင်ဗျားရော အချစ်ဆိုတာ ဘယ်လိုထင်လည်း။ ခင်ဗျား ထင်ထား သိထား ခံစားမိတဲ့ အချစ်နဲ့ ချိန်ထိုးကြည့်ရင်ရော ရာမက မယ်သီတာ ကို ချစ်ပါတယ်လို့ သတ်မှတ်မလား။

ကိုယ်ကတော့ ရဲရဲ ကြီးပြောရဲတယ်။

ရာမမင်းသားဟာ မယ်သီတာကို ဘယ်တုန်းကမှ မချစ်ခဲ့ပါဘူး။




ကိုဇေ
October 1, 2014 (Wednesday)
1:14PM