Saturday, June 29, 2013

ကောင်းခြင်းလား ဆိုးခြင်းလား

_ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ ဖြစ်ရပ်များစွာ ရှိပါတယ်။ (Event)

_ ကျွန်တော်တို့ဟာ လူသားတွေ ဖြစ်နေတဲ့အတွက် အတ္တဆိုတာ ရှိပါတယ်။ (Ego)

_ ကျွန်တော်တို့ အတ္တတွေရဲ့နောက်မှာ စိတ်ခံစားချက်တွေ ဖြစ်ပေါ်လာတတ်ပါတယ်။ (Emotion)

_ ကျွန်တော်တို့ စိတ်ခံစားချက်တွေအတွက် ကျွန်တော်တို့ဟာ ထွက်ပေါက်တစ်ခု ရှာတတ်ပါတယ်။ (Exit)


_ ကျွန်တော်တို့ဆီကို အကျိုးဆက်အနေနဲ့ တန်ပြန်သက်ရောက်မှုများရှိလာပါတယ်။ (Effect)





ဖြစ်စဉ် (၁)
*********

( i )  ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ ရည်းစားနဲ့ပြန်လို့ အသဲကွဲတဲ့ ဖြစ်ရပ်တွေအများကြီးရှိပါတယ်။ ခုလည်း အဲဖြစ်ရပ်များစွာ ထဲကတစ်ခုပါပဲ။ သူ့နဲ့ သူ့ကောင်မလေး စကားကတောက်ကစ များပြီးတဲ့နောက် ကောင်မလေးက သူ့ကို လမ်းခွဲသွားတယ်လေ။

( ii ) သူကသူများအတွဲတွေ ပြတ်ခဲ့ရင် အမြဲနှစ်သိမ့်အားပေးနေကြလေ။ ပြီးတော့ ဒီကောင်မလေးက သူရဲ့အချစ်ဦး။ အသဲကွဲတယ်ဆိုတာ သူဘာလည်းမသိဘူးလေ။ သူများတွေ အသဲကွဲတာက ကိုယ်ကိုယ်တိုင် ကွဲတာမှ မဟုတ်တာကို။ အဲသူလည်း ကြုံရော ငါ့ကောင်မလေးဆိုတဲ့ ငါစွဲ.. တစ်နည်းအားဖြင့် အတ္တက ပါလာတာပေါ့။ လူဆိုတာကလည်း ခက်သား။ ကိုယ်မကြုံရမချင်း အရာရာဟာ အသေးအဖွဲ့ပဲလေ။ ခုတော့ သူ့ခဗျာ ကိုယ့်ကိုယ်ကို ဘယ်လို နှစ်သိမ့်ရမှန်းမသိတော့ဘူး။

( iii ) သူငယ်ချင်းတွေက သူ့ကိုပြန်နှစ်သိမ့်တယ်။ သူခုတော့ တစ်ကယ်ခံစားနေရပြီပေါ့။ ဘယ်စကားမှ နားမဝင်တော့ဘူး။ သူ့တုန်းက သူများတွေကို ဘာလိုနှစ်သိမ့်ခဲ့တယ်ဆိုတာ ခုတော့ သူသတိမရတော့ဘူး..။ အချို့ကလည်း သူ့ကို အကြံပေးရှာပါတယ်။ အသဲကွဲရင် အရက်နဲ့စိမ်ပြီးဖြေတဲ့။

( iv ) ဒီလိုနဲ့ သူအရက်သောက်ဖြစ်သွားတယ်။ အမယ် မဆိုးဘူးပဲ။ ဒီလိုနဲ့ အရက်က သူ့အဖော်ဖြစ်လာခဲ့တာပေါ့။ ဒါပေမဲ့ အရက်သာ သောက်နေရတာ… ကောင်မလေးကိုက မေ့လို့လည်းမရဘူး။ အဲမူးလာရင်ပိုပိုတောင် သတိရလာသေးတယ်။ ဒီလိုနဲ့ တစ်ရက်တော့ သူသောက်တာ အရမ်းများသွားခဲ့တယ်။ သောက်ပြီးသကာလ ကောင်မလေးကို သတိရစိတ်ကပိုလာ။ အဲဒီကနေပြီး . . .

( v ) အရက်တူတူသောက်နေတဲ့ သူငယ်ချင်းတွေနဲ့ ကောင်မလေးအိမ်ဘက်ရောက်လာခဲ့တယ်။ သူ့ပါးစပ်က ကောင်မလေးနာမည် တစ်ကြော်ကြော်ခေါ်လို့။ ပြန်လာပါ.. ဘာညာပေါ့။ မင်းမရှိဘဲ နေလို့မရဘူးပေါ့။ သူငယ်ချင်းတွေက သူ့ကို အဲလိုမလုပ်ဖို့ ဖျောင်းဖျတယ်။ အဲလိုဖျောင်းဖျတဲ့သူတွေက အဲအချိန်မှာ သူ့ရန်သူတွေဖြစ်ကုန်ပြီပေါ့။ သူ့မှာ ဆင်ခြင်ထုံတရား မရှိတော့ဘူးလေ။ နောက်ဆုံး ရပ်ကွက်လူကြီးတွေကပါ လာဆွဲတယ်။ သူမရည်ရွယ်လိုက်ပါဘူး။ သူ့ကိုဆွဲလို့ရုန်းလိုက်တာပါ။ ဒါပေမဲ့ ဖျောင်းကနဲ့ အသံတစ်ခု နဲ့အတူ သူသတိထားမိလိုက်တာက ရပ်ကွက်လူကြီးမျက်နှာကို သူရိုက်မိလိုက်တယ်။ အဲ နောက် . . . သူ့ကို ရဲစခန်းဝိုင်းခေါ်သွားတာပေါ့နော်…။ သူသတိထားမိတဲ့အချိန်မှာ သူတွေးကြည့်တယ်။ သူရပ်ကွက်လူကြီးကို ရိုက်တဲ့အတွက် အမှုရင်ဆိုင်ရတော့မယ်။ သူ့မိဘတွေ နာမည်ပျက်တော့မယ်။ သူ့ကို ကောင်မလေးက အရှက်ခွဲပါတယ်ဆိုပြီး စိတ်နာပြီး ဘယ်တော့မှ အဖက်လုပ်မှာ မဟုတ်တော့ဘူး။ သူငယ်ချင်းတွေကြားထဲလည်း အရူးဖြစ်ပြီ။ အားလုံးသူ့မှာ ကောင်းကွက် တစ်ကွက်မှ မရှိဘူး။ သူအခု အသိဝင်ခဲ့ပေမဲ့… ပြင်ဆင်ခွင့်ဘာမှ မရှိတော့ဘူး။

===================================================


ဖြစ်စဉ် (၂)
********

( i )  ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ လူတွေသေနေကြတယ်။ မွေးပြီး သေတာ သိပ်ပြီးအထူးအဆန်းတော့ လည်းမဟုတ်ပါဘူး။ သတင်းစာဖတ်တိုင်း နာရေးကြောငြာတွေ တွေ့နေပေမဲ့… အော်သူတို့ သေသွားပါလားပေါ့။ ကိုယ်နဲ့မှ မဆိုင်တာ။ ဒါပေမဲ့ ကျမ်းကျမ်းမာမာ ရှိတဲ့ သူ့အဖွား ရုတ်တရက် နှလုံးသွေးကြောပေါက်ပြီး ဆုံးသွားပြီဆိုတဲ့ တယ်လီဖုန်း ဝင်လာတဲ့အခါ…။

( ii ) သူ့အပေါ်အရမ်းအလိုလိုက်တဲ့ အဖွား။ သူ့အပေါ်အရမ်းကောင်းတဲ့အဖွား။ သူ့ကိုအရမ်းဂရုစိုက်တဲ့အဖွား။ သူ့… သူ့… သူ့… သူ့…. အဖွားလေ…။ သူများအဖွားမှ မဟုတ်တာ။

( iii ) ငါ့အဖွားကို ငါဘယ်တော့မှ ပြန်မရနိုင်တော့ဘူးဆိုတဲ့ စိတ်ခံစားချက်..။ မျက်ရည်ဆိုတာ နာကျင်မှုကို ကိုယ်စားပြုတယ်ဆိုပေမဲ့ သူမျက်ရည်မကျခဲ့ပါဘူး။ ဒါပေမဲ့ မျက်ရည်ကျရတဲ့ ထိခိုက်ကြေကွဲမှုမျိုးထက်တော့ သူမလျှော့ပါဘူး။ တစ်ဆက်တည်းမှာပဲ အော် လူတွေသေနေတာကို ငါဝမ်းနည်းနိုင်ပေမဲ့ သေခြင်းဟာ ငါနဲ့လည်း ဆိုင်ပါလားဆိုတဲ့ အတွေး သူဝင်လာခဲ့တယ်။ အနိစ္စပါတကား။ သူခံစားနေရတဲ့ နာကျင်ကြေကွဲမှုတွေက ဒုက္ခတွေပါလား။ ငါ၏ အသက်သည် မမြဲ၊ ငါ၏ သေခြင်းတရားသည်သာ မြဲ၏။ အစိုးမရခြင်းကား အနတ္တ။

( iv ) သူ့ရဲ့စိတ်ခံစားမှုတွေကို သက်သာစေဖို့ အတွက် သူမိုးကုတ်ဝိပနာ စခန်းကိုရောက်ခဲ့တယ်။ နှာသီးဖျားက လေအဝင် အထွက်ကို အာရုံထားပြီးအားထုတ်။ အဲအချိန်ကျမှ အာရုံတွေက များလိုက်တာနော်။ များလာတဲ့ အာရုံတွေနောက် ရောက်သွား၊ သတိပြန်ကပ်၊ ဒီလိုနဲ့ပဲ သိတဲ့စိတ်တွေကို အသေးစိတ် သေချာသိခွင့်ရလာ။ အဲလိုသိနေတာကိုက ဝေဒနာ။ ဒီသံသရာထဲက မရုန်းနိုင်မချင်းတော့ ဒီဝေဒနာတွေ ခံစားနေရဦးမှာပေါ့။

( v ) ဒီအတွက် အကျိုးဆက်အရ သူဘယ်အရာကို ဖြစ်ဖြစ် တရားသဘောအရ ဆင်ခြင်နိုင်ခဲ့ပြီလေ။ အဘွားသေသလို သူလည်း တစ်နေ့ သေရမှာပါလား။ ငါချစ်တဲ့သူတွေလည်း သေရမှာပါပဲလား။ ငါမုန်းတဲ့သူတွေလည်း သေရမှာပါပဲလား။ ဖြစ်ပြီးရင် ပျက်ရမယ်။ ပျက်ပြီးရင် အသစ်တစ်ဖန် ပြန်ဖြစ်ရမယ်။ လောကကြီးမှာ မတည်မြဲခြင်းတစ်ခုပဲ တည်မြဲတာပါပဲလား။ ဒီသဘောတွေကို ဆင်ခြင်မိသွားတဲ့နောက်ပိုင်း သူလူတိုင်းနဲ့ အဆင်ပြေအောင် ပေါင်းတတ်သွားတယ်။ အလုပ်မှာ အဆင်မပြေတာလည်း သူ့မှာ မရှိတော့ဘူး။ မိသားစု စီးပွားရေးကျခဲ့တာလည်း သူမတုန်မလှုပ်နေတတ်ခဲ့ပြီ။ သူ ဗုဒရဲ့ လမ်းစဉ်ကို နားလည်သဘောပေါက်ခဲ့ပြီ။






ဖြစ်စဉ် နှစ်ခုဟာကွဲပြားပေမဲ့ မူလလမ်းကြောင်ဖြစ်တဲ့ Event + Ego + Emotion + Exit = Effect ဆိုတဲ့ ညီမျှခြင်းအတွင်းမှာပါပဲ။ ကျွန်တော်တို့ ဖြစ်ရပ်တွေကို ရှောင်လွဲလို့မှ မရနိုင်တာ။ ငါနိုင်ဆိုင်တဲ့ဖြစ်ရပ်တွေလည်း ကြုံတွေ့လာမှာပဲ။ ပုထုစဉ်လူသားပီပီ စိတ်ခံစားမှုတွေလည်းရှိနေဦးမှာပဲ။ နောက်ဆုံးထွက်ပေါက်တစ်ခု ရှာလိုက်ပြီဆိုရင် နောက်ဆက်တွဲ သက်ရောက်မှုတွေဟာလည်း ထွက်ပေါက်ကြောင့် ကောင်းခြင်း၊ ဆိုးခြင်း ဆိုပြီး ကွဲသွားမှာပဲ။

ဖြစ်ရပ်ပေါ် အခြေခံပြီး ကျွန်တော်တို့ ကောင်သော သက်ရောက်မှုတွေပဲရပြီး ဆိုးသော သက်ရောက်မှုတွေ မရအောင် လုပ်ယူလို့ ရနိုင်ပါတယ်။ ဖြစ်ချင်တဲ့ ဖြစ်ရပ်တစ်ခုခု ဖြစ်လာပါစေ။ ငါဆိုတဲ့ အတ္တစွဲလေးကို လျှော့ချကြည့်ပါ။ ငါဆိုတာ လျှော့သွားရင် စိတ်ခံစားမှုဟာလည်း အလိုအလျှောက် လျှော့သွားပါလိမ့်မယ်။ ပြီးတော့ ထွက်ပေါက်တစ်ခုခု ရှာတော့မယ်ဆိုရင် WISDOM ဆိုတဲ ပညာဥာဏ်နဲ့ ချိန်ထိုးကြည့်ပါ။ အဲအခါမှာ ကျွန်တော်တို့ ရဲ့ ထွက်ပေါက်ဟာ အပြု သဘောဆောင်တဲ့ ထွက်ပေါက် ဖြစ်သွားမှာပါ။ ထွက်ပေါက်ဟာ အပြုသဘောဆောင်တာနဲ့အမျှ ဆက်ဖြစ်လာမဲ့ တန်ပြန်သက်ရောက်မှုတွေဟာလည်း အပြုသဘောဆောင်သော တန်ပြန်သက်ရောက်မှု ( positive effect) တွေပဲ ဖြစ်လာမှ မလွဲပါပဲ။


(Event + Ego < ) + Emotion + (wisdom +) Exit = (+ve) Effect



ဒီထက်ပိုတဲ့ ငါစွဲများနိုင်တဲ့ ဖြစ်ရပ်တွေ (ဥပမာ - ငါ့နိုင်ငံ၊ ငါ့လူမျိုး၊ ငါ့ပါတီ၊ ငါ့ဘာသာ….) မှာ ငါဆိုတဲ့ အတ္တစွဲကို လျှော့ကာ စိတ်ခံစားမှုကို သတိကပ်၍ ပညာနှင့်ယှဉ်သော ကောင်းသော ထွက်ပေါက်မှ တစ်ဆင့် ကောင်းသော အကျိုးသက်ရောက်မှုများ ဆီသို့ ဖြစ်ပါစေလို့ ဆန္ဒပြုလျှက်….


June 28, 2013 (12:17 AM)

June 28, 2013 တွင်ကျရောက်သော ကိုနေမျိုးကျော် (ခေါ်) ကိုနေဘုန်းလတ်၏ ၃၃ နှစ်ပြည့်မွေးနေ့အမှတ်တရ။ သူချပြခဲ့တဲ့ Idea လေးတစ်ခုအပေါ်အခြေခံ၍ အတွေးထပ်ဆင့် ပွားထားခြင်းဖြစ်ပါသည်။



Tuesday, June 18, 2013

လောက (၁)


တစ်ယောက်က နိုင်တယ်

တစ်ယောက်က ရှုံးတယ် 

လောကကြီးအတွက်တော့

ဒါဟာ သရေပွဲ...။


ကိုဇေ
June 18,2013 (Tuesday)
11:04AM

Monday, June 17, 2013

စွန်ပလွန်ပင်တွေအောက်ကလူ

လာပါ ရှင်
ကျွန်မရဲ့ ခြုံလွှာအောက်ကိုဝင်
နှုတ်ခမ်းဆိုးဆေးကို ဖြစ်ဖြစ်
ရှင့်မျက်နှာပေါ်က မိတ်ကပ်တွေကိုဖြစ်ဖြစ်
ကျွန်မ ရဲ့ Hijab နဲ့ ပွတ်သပ်လိုက်ပါ
ပန့််ခ် ဂီတတွေ ပြီးတော့ စွန်ပလွန်ပင်တွေ
စိတ်ချမရတဲ့ လိင်သရမ်းလူ့အဖွဲ့အစည်းတစ်ခုရဲ့ပြယုဂ်
အဲဒီ ခြုံလွှာကို ရုံပြီးတော့ ၀တ်ပြုဆုတောင်းလိုက်ပါ
တော်လှန်ရေးမှာ အမျိုးသမီးတွေကို လိုတယ်မှလား
လိင်မှုကိစ္စမှာ အမျိုးသမီးတွေကို လိုတယ်မှလား
အိမ်ထောင်မှုထိန်းသိမ်းရာမှာလည်း အမျိုးသမီးတွေကို လိုတယ်မှလား
ရှင် အမျိုးသမီးတွေကို ဘယ်နေရာမှာများ မလိုသေးလဲ
မက်တတ်ရပ်ပီး သေးမပေါက်တတ်တဲ့ပြစ်ချက်
ပြီးတော့ယုံကြည်ရာ ဘာသာရေးမှာ မဆိုင်စွာ ခွဲခြားခံရရုံပြစ်ချက်တွေ
အဲဒါတွေလောက်နဲ့ ရှင်က မြင့်မြတ်နေရော့လား
ရှင့်ခွန်အားတွေ ကျွန်မရဲ့ သန်စွမ်းမှုတွေ
အိပ်ရာခင်းပေါ်မှာတင် ချစ်ခြင်းမေတ္တာဆိုတာမျိုး
အိပ်ရာခင်းပေါ်မှာတင် မခွဲခြားတာမျိုးဟာ
ဟောဒီ ကမ္ဘာမှာ
ဘယ်လောက်များ လုံလောက်မှာလဲ
စွန်ပလွန်ပင်တွေကစပြီးကျိုက်ထီးရိုးတောင်မှာ ကျားလိုက်ခံရတာတွေ
ကပ်ကြီးဆယ်ပါးနဲ့ မောရှေရဲ့ နိုင်ငံတော်မှာ
ရှင်တို့ရဲ့ ကြေညာစာတမ်းအတိုင်း ပစ္စည်းမဲ့မုဒိန်းကျင့်ခံရတာတွေ
ဖက်ဆစ်စနစ်ကြီးရဲ့ အောက်မှာ ပဲပြုတ်ရောင်းခဲ့ရတာတွေ
ရှင် အစပြန်မဖေါ်နဲ့လေ
ရှင် ဘာတွေ လိုအပ်သလဲ
ရှင် ဘာတွေ လုပ်နိုင်သလဲ
ကျွန်မဟာ နိုဘယ်ဆုရ အမျိုးသမီးတစ်ယောက်
ကျွန်မဟာ ပထမဆုံး ဗြိတိန်ဝန်ကြီးချုပ်
ကျွန်မဟာ ပထမဆုံး အမျိုးသမီးနိုင်ငံခြားရေးဝန်ကြီး
ကျွန်မဟာ ပထမဆုံး ရွေးချယ်တင်မြှောက်ခံ
ကျွန်မဟာ စစ်ပွဲရဲ့ သားကောင်တွေကို ကယ်တင်သူ
ကျွန်မဟာ အိန္ဒိယရဲ့ ပြစ်ပယ်ခံ လူသားတွေကို မြင့်မြတ်စေသူ
အဲဒီတော့ ကျွန်မ မလုပ်နိုင်တာမျိုး
ကျွန်မ မတိုက်ခဲ့တဲ့ စစ်ပွဲမျိုး
ကျွန်မ မဖတ်ခဲ့တဲ့ စာပေမျိုးကို ညွှန်းပါ
အရေးကြီးတဲ့ အကြောင်းအရာဖြစ်တဲ့
ကမ္ဘာလုံးဆိုင်ရာ ထုတ်ကုန်တွေအကြောင်း
အလုပ်သမားရေး လှုပ်ရှားမှုတွေအကြောင်း
တက်ကြွလှုပ်ရှားသူ အဖွဲ့အစည်းအတွေအကြောင်း
ရှင်လေ့လာ စုံစမ်းလို့ရသမျှ စာရင်းပြုစုထားပါ
ကျွန်မ ဘယ်နေရာမှာများ နောက်ကျနေသလဲ
ကျွန်မရဲ့ လက်ထပ်ခွင့်
ကျွန်မရဲ့ ဂုဏ်သိက္ခာ
ကျွန်မရဲ့ အ၀တ်အစားရွေးချယ်မှု
ကျွန်မရဲ့ ကိုယ်ပိုင်ရပ်တည်ခွင့်
ကျွန်မရဲ့ အတွေးအခေါ်
ကျွန်မရဲ့ ကိုယ်ပိုင်စွမ်းအား
ဘာလို့များ တံခါးတွေ ရှင်တို့ ပိတ်ချင်ပါလိမ့်
ရှင်တို့ဆိုတာ ရှင်နဲ့ ရှင့်အသိုင်းအ၀ိုင်းပေါ့
ကျွန်မတို့ကို ကိုယ်ခံအားနည်းနေတဲ့ လူ (သို့မဟုတ်) လူအမည်ခံလို့ ညွှန်းချင်တာလား
မက်တက်ရပ်သေးပေါက်တတ်ရုံ
ခန္ဒာကိုယ် တည်ဆောက်ပုံ အားသာမှု
ဒီလောက်လေးနဲ့ ရှင်တံခါးပိတ်ထားလို့ ရတယ်တဲ့လား
ရှင်တို့ရဲ့ အလိုဆန္ဒသက်သက်မှာ
ကျွန်မရဲ့ ရွေးချယ်ပိုင်ခွင့်တွေသေခါနီး ဧရာဝတီမြစ်ထဲ လွှင့်ပစ်လိုက်ရမလား
ကျွန်မတင်ဆက်တဲ့ ကြေညာစာတမ်းကို ရှင်ဖတ်ပါ
စွန်ပလွန်ပင်တွေ ၊ ငမိုးရိပ်မိကျောင်းတွေ
အဲဒါတွေကို ရှင်ဖတ်ဖူးတဲ့ ပုံပြင်စာအုပ်ထဲမှာ ထားခဲ့ပါ
သဘာဝဟာ ရှင်တို့ရဲ့ မိခင်ဖြစ်ခွင့် ကျွန်မဆီမှာ အပြည့်အ၀ ပေးထားတယ်
သဘာဝဟာ ဘာသာစကားရဲ့ အထွဋ်အထိပ်မှာ ကျွန်မကို ထားထားတယ်
သဘာဝဟာ လိင်သရမ်းတဲ့ လူ့အဖွဲ့အစည်းမှာ ကျွန်မကို လုံခြုံခွင့် ထပ်ပေးထားမှာပါ
ရှင်တို့ရဲ့ အလိုဆန္ဒတွေ ၊ မျက်ကန်းကိုးကွယ်မှုတွေ ၊ အစွန်းရောက်ဖက်ဆစ်အတွေးအခေါ်တွေ
အဲဒါတွေကို ကျွန်မ ကိုယ်ဝန်ဆောင်နိုင်မှာ မဟုတ်ဘူး
ကျွန်မကို သဲကန္တာရထဲမှာ ထားခဲ့မယ်ဆိုတဲ့ ရှင့်အတွေးအခေါ်တွေ
ပန်းဆိုးတန်း အောက်က တံတားထဲ ထိုးထည့်လိုက်ပါ
ရှင်တို့ဟာ လိင်ရမ္မက်အတွက်သက်သက် ကျွန်မတို့ကို ချဉ်းကပ်ဖို့မတွေးခေါ်သင့်ဘူး။       
Sex ဗဟိုပြုချဉ်းကပ်မှုဆိုတာ ရှင်တို့ရဲ့ မင်းတရားကြီး
ကလေးတွေမွေးပြီးနိုင်ငံ ဖျက်သွားထဲက ကုန်ဆုံးသင့်ပြီ
ကျွန်မရဲ့ လင်ယူသားမွေးခွင့်ကို ရှင်တို့ရဲ့ အိတ်ကပ် ထဲက ထုတ်လိုက်ပါ
တန်းတူညီမျှ လှေကြီးကို တူတူလှော်ကြပါစို့
ပြီးရင်
ရှင်တို့ရဲ့ ဗရမ်းဗတာ အတွေးအခေါ်လေးတွေကို သားဆက်ခြားပါ
ရှင်တို့ရဲ့ မျက်ကန်းအယူဝါဒလေးတွေကို သားလျှောစေလိုက်ရင်
ကျွန်မတို့ အိမ်ထောင်စုဟာ သာယာလှပ လာမှာ
မိန်းမဖျက်ရင် ပြည်ပျက်တယ် ဆိုတဲ့ စကားပုံ အကျိုးအကန်းအစား
တဏှာရူးလွန်ရင် ပြည်ပျက်တယ်လို့ ပြောင်းပေးပါ
လုံခြုံစွာဝတ်စားပါဆိုပြီး ကန့်သတ်မယ့်အစား
လုံခြုံတဲ့ ပါတ်ဝန်းကျင်ကို ချုပ်လုပ်ပေးပါ
နားလည်မှုနဲ့ အတူနေထိုင်ရအောင်
မင်းတို့အတွက်ပါ စကားနဲ့ရှင်တို့ရဲ့ မဟာယဉ်ကျေးမှုအပြိုအပျက်တွေကို ခေါက်သိမ်းပေးပါ
ဒီအရေးအသားနဲ့ဒီအကြောင်းအရာရဲ့ ဗဟိုဟာ
စွန်ပလွန်ပင်တွေ အောက်က
ခြုံခိုတိုက်ခိုက်တတ်တဲ့ရှင်တို့ကို ဆွဲထုတ်ပေးချင်စိတ်ပါ။


  • (Hijab = အာရပ်အမျိုးသမီး ၀တ်ရုံ)

Original Source : Click here 

Tuesday, June 11, 2013

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေငြာချက်စာတမ်း

အပိုဒ်(၁) - လူတိုင်းသည် မွေးဖွားလာကတည်းက တူညီသော အခွင့်အရေးရှိသည်။

အပိုဒ်(၂) - လူတိုင်း အသားအရောင်၊ လိင်၊ ကိုးကွယ်သည့်ဘာသာ၊ ကျား၊ မ မရွေးတန်းတူညီမျှ ဖြစ်သည်။

အပိုဒ်(၃) - လူတိုင်းအသက်ရှင်ခွင့်၊ လုံခြုံခွင့် နှင့် လွတ်လပ်ခွင့်ရှိသည်။

အပိုဒ်(၄) - မည်သူ့ကိုမှ ကျွန်အဖြစ်ရောင်းဝယ်ခြင်း၊ စေခိုင်းခြင်းမပြုရ။

အပိုဒ်(၅) - မည်သူ့ကိုမှ မတရားနှိပ်စက်ခြင်း၊ အပြစ်ပေးခြင်း မရှိစေရ။

အပိုဒ်(၆) - လူတိုင်းတရားဥပဒေရှေ့မှောက်တွင် တန်းတူဖြစ်သည်။

အပိုဒ်(၇) - တရားဥပဒေသည် လူတိုင်းတပြေးညီဖြစ်သည်၊ ကျောသားရင်သား မခွဲခြားရ။

အပိုဒ်(၈) - လူတိုင်းအခွင့်အရေးချိုးဖောက်ခံရပါက ဥပဒေအကူအညီ ရယူခွင့်ရှိသည်။

အပိုဒ်(၉) - မည်သူ့ကိုမှ မတရားဖမ်းဆီးခြင်း၊ တိုင်းပြည်မှ နှင်ထုတ်ခြင်းမပြုရ။

အပိုဒ်(၁၀) - လူတိုင်းအများကြားနာနိုင်သော တရားရုံးတွင် မျှတစွာ တရားစီရင်ခံခွင့်ရှိသည်။

အပိုဒ်(၁၁) - အပြစ်ရှိသည်ဟု ခိုင်လုံသော အထောက်အထားမရှိမချင်း ထိုသူသည် အပြစ်မရှိ။

အပိုဒ်(၁၂) - မကောင်းသောရည်ရွယ်ချက်ဖြင့် အခြားသူ၏စာများ ဖောက်ခြင်း၊ အိမ်အတွင်းဝင်ခြင်း မပြုရ။

အပိုဒ်(၁၃) - လူတိုင်းလွတ်လပ်စွာ သွားလာခွင့်ရှိသည်။

အပိုဒ်(၁၄) - လူတိုင်းအခြားနိုင်ငံများတွင် ခိုလုံခွင့်တောင်းခံနိုင်သည်။

အပိုဒ်(၁၅) - လူတိုင်းအခြားနိုင်ငံတစ်နိုင်ငံတွင် နိုင်ငံသားဖြစ်ခွင့်ရှိသည်။ ဆန္ဒရှိပါက အခြားနိုင်ငံသားအဖြစ် ခံယူနိုင်သည်။

အပိုဒ်(၁၆) - လူတိုင်းမိမိဆန္ဒဖြင့် လက်ထပ်ခွင့်နှင့် အိမ်ရာထူထောင်ခွင့်ရှိသည်။

အပိုဒ်(၁၇) - လူတိုင်းပစ္စည်းဥစ္စာ ပိုင်ဆိုင်ခွင့်ရှိသည်။

အပိုဒ်(၁၈) - လူတိုင်းလွတ်လပ်စွာ ကိုးကွယ်ခွင့်နှင့် ဆန္ဒရှိပါက အခြားဘာသာသို့ ကူးပြောင်းနိုင်ခွင့်ရှိသည်။

အပိုဒ်(၁၉) - လူတိုင်းလွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် သတင်းများရယူခွင့်ရှိသည်။

အပိုဒ်(၂၀) - လူတိုင်း ငြိမ်းချမ်းစွာ ဖွဲ့စည်းထားသော အဖွဲ့များတွင် လွတ်လပ်စွာ ဝင်ရောက်ခွင့် စုဝေးခွင့်ရှိသည်။

အပိုဒ်(၂၁) - လူတိုင်းမိမိတိုင်းပြည်၏ အစိုးရကို ဆန္ဒမဲဖြင့် ရွေးချယ်ပိုင်ခွင့်နှင့် အစိုးရအဖွဲ့အစည်းအတွင်း ပါဝင်ခွင့်ရှိသည်။

အပိုဒ်(၂၂) - လူတိုင်းလူမှုဘဝ ဖူလုံရေးခံစားခွင့်ရှိသည်။

အပိုဒ်(၂၃) - လူတိုင်းသင့်တင့်မျှတသော လုပ်စာဖြင့် လုံခြုံသောအလုပ်ခွင်တွင် အလုပ်လုပ်ခွင့်နှင့် အလုပ်သမား သမဂများသို့ ဝင်ရောက်ခွင့်ရှိသည်။

အပိုဒ်(၂၄) - လူတိုင်းအပန်းဖြေအနားယူခွင့်ရှိသည်။

အပိုဒ်(၂၅) - လူတိုင်းလုံလောက်သော လူနေမှုအဆင့်အတန်းခံစားခွင့်နှင့် ဆေးကုသပိုင်ခွင့်ရှိသည်။

အပိုဒ်(၂၆) - လူတိုင်းပညာသင်ကြားပိုင်ခွင့်ရှိသည်။

အပိုဒ် (၂၇) - လူတိုင်းမိမိပတ်ဝန်းကျင်၏ ယဉ်ကျေးမှုတွင် ပါဝင်ပိုင်ခွင့်ရှိသည်။

အပိုဒ်(၂၈) - လူတိုင်းဤစာတမ်းပါ အခွင့်အရေးများကို လေးစားရမည်။

အပိုဒ်(၂၉) - လူတိုင်းအခြားသူများ၏ အခွင့်အရေးများကို လေးစားရမည်။

အပိုဒ်(၃၀) - မည်သူမျှ ဤစာတမ်းပါအခွင့်အရေးများကို မချိုးဖောက်ရ။


Friday, June 7, 2013

ဆွေး

ကမ်းနှင့်အလှမ်းဝေး ရွက်လှေလေး
ဘယ်ဆီကိုရောက် လမ်းလည်းပျောက်
လေနောက်လိုက်ပြေး ကမ်းအဝေးဆီ
လှိုင်းလုံးတွေကြား မရပ်မနား
တအားပြေးလေပြီ။

သူလည်းပြေးလွှား တောအုပ်ကြားဝယ်
ဘယ်ဆီကိုလှမ်း ဘယ်ကိုမြန်းမည်
မသေချာသည့် သခင်မပါကြိုးသာပါ
ဖြူကြားနှင့်ခွေး သူလည်းအဝေး
တအားပြေးလေပြီ။

နွမ့်မှည့်ရင့်ခြောက် သစ်ရွက်တို့လည်း
ပင်ယံထက်တွင် သခင်လက်မခံ
မြေ၌စံဖို့ မြေဆီသို့
တစ်ဝေးလွင့်လေပြီ။

ထိုသို့တူစွာ လွမ်းသူမှာလည်း
ချစ်သူလက်မခံ နွမ်းသည့်ပန်းနှယ်
ဝေးလွင့်ပြည်ဖို့ လွင့်မြောဖို့
တစ်အားဆွေးလေပြီ။

ကိုဇေ

(၉တန်းကျောင်းသားဘဝ ၁၉၉၆/၁၉၉၇ ခုနှစ်က ကလေးအတွေး)