Monday, May 17, 2021

CDM လှုပ်ရှားသူတစ်ယောက်ရဲ့ တော်လှန်ရေး မှတ်စု



ဘဝ မှာ အစိုးရ ဝန်ထမ်း အလုပ်က အထုတ်ခံရလို့ ဂုဏ်ယူရလိမ့်မယ် လို့ ကျမ တစ်ခါမှ တွေးမထားခဲ့ဘူး။ အထူးသဖြင့် ဖေဖော်ဝါရီ ၁ ရက်နေ့ မတိုင်ခင်ကဆို အလုပ်ကြိုးစားဖို့ ၊ ရာထူးတိုးစာမေးပွဲဖြေဖို့ အတွက်ပဲ အာရုံစိုက်ထားခဲ့တာ။ အလုပ်ထုတ်ခံရဖို့ နေနေသာသာ ကိုယ့်ဘာသာ အလုပ်ထွက်ဖို့ဆိုတာတောင် ဝေလာဝေး။ ဒီနေ့တော့ အလုပ်က အထုတ်ခံလိုက်ရပြီ။ ကျမ ချစ်တဲ့သူတွေကတော့ ဝိုင်းဂုဏ်ပြုကြတယ်။ ကျမလည်း မှန်တဲ့လမ်းကို အဆုံးထိညလျှောက်ခဲ့မိတဲ့အတွက် ကျမကို ကျမ ဂုဏ်ယူမိတယ်။


ကျမဘဝအကြောင်း ပြောပြရရင်တော့ အညာမြို့လေး တစ်မြို့မှာ နအဖ စစ်အာဏာရှင်အောက် မွေးပေမဲ့ ကျမ အရွယ်ရောက်လာတဲ့အထိ တစ်လျှောက်လုံးမှာ စစ်အာဏာရှင်တွေရဲ့ ဆိုးရွားရက်စက်တာကို ကိုယ်တိုင်မကြုံလိုက်ရတဲ့ မျိုးဆက်ထဲပါတယ်။ အလုပ်ဝင်တဲ့ အရွယ်ရောက်တော့ NLD အစိုးရ လက်ထက်ဖြစ်နေပြီ။ သာမာန်ကြီးပြင်းလာမှုကြောင့်ရော မိဘတွေရဲ့ ရိုးရိုးအေးအေး နေချင်တာရောကြောင့်မှာ အစိုးရ ဘဏ်တစ်ခုက ဝန်ထမ်းဘဝ ကို ရွေးချယ်ခဲ့တယ်။ 


NLD အစိုးရသက်တမ်းမှာ ဝန်ထမ်းတွေရဲ့ လူနေမှု အဆင့်အတန်း မြင့်လာသလို ဝန်ထမ်းဘဝ ကို ရွေးချယ်မိတဲ့ အတွက်လည်း ပျော်မိတယ်။ စိတ်ကူးထဲ ရာထူးတွေ တစ်ဆင့်ချင်း တိုးတိုးသွားလို့ ပင်စင်ယူတဲ့ အထိ ဝန်ထမ်းပဲ လုပ်သွားတော့မယ်လို့ ဆုံးဖြတ်ထားခဲ့တယ်။ ဒါပေမဲ့ ဖေဖော်ဝါရီ ၁ရက် နေ့ စစ်အာဏာသိမ်းမှုအောက်မှာ အားလုံးဟာ အငွေ့ပျံပျောက်ကွယ်။ 


Civil Disobedience Movement ဆိုတဲ့ လူထုအာဏာဖီဆန်မှု (CDM) ဆိုတာ အရင်က ကျမ တစ်ခါမှ မကြားခဲ့ဖူးဘူး။ ရုံးမတက်နဲ့ ရုန်းထွက်ဆိုတဲ့ ဝန်ထမ်းတွေရဲ့ CDM လှုပ်ရှားမှုမှာ ဘာနိုင်ငံရေးမှ သိပ်နားမလည်ပေမဲ့ အာဏာရှင်စနစ်ကို လက်မခံနိုင်တဲ့ ကျမ ပါဝင်ခဲ့တယ်။ ကျမနေတာက ဝန်ထမ်းတွေကို အစိုးရက ပေးထားတဲ့ အဆောင်မှာ။ ပထမ ရက်တွေကတော့ ည ၈နာရီ ဆို အဆောင်တစ်ခုလုံး သံပုံးသံတွေ ညံလို့ပေါ့။ 


အာဏာသိမ်းတာ ရှစ်ရက်မြောက်နေ့မှာတော့ ကျမအပါအဝင် တစ်ဆောင်လုံးနီးပါး စစ်တပ်အဆက်အနွယ်တွေက လွဲလို့ CDM လှုပ်ရှားမှုမှာ စတင်ပါဝင်ခဲ့တယ်။ မနက်ဆို ယူနီဖောင်းဝတ် ပြီး ကျမတို့ အစိုးရဘဏ်ရှေ့မှာ ကြွေးကြော်သံဆိုင်းပုဒ်တွေ နဲ့ ဓာတ်ပုံရိုက်တယ်။ တစ်နိုင်ငံလုံးလည်း နွေဦးတော်လှန်ရေး ခေါင်းစဥ်အောက်မှာ သပိတ်တွေ ထွက်နေကြပြီ။ အဲ့ရက်တွေတုန်းက တော်လှန်ရေးဟာ အရမ်းလွယ်ကူနေတယ် လို့ ကျမထင်မိခဲ့တယ်။ ဝန်ထမ်းတွေကို ရုံးပြန်တက်ဖို့ ပြောတာ ရှိပေမဲ့ အရမ်း ဖိအားပေးတာ မရှိသေးဘူးကို။


တစ်ဖြည်းဖြည်း နဲ့ ဖိအားတွေ ဆိုးလာတယ်။ ဖမ်းတာ စီးတာတွေ ရှိလာတယ်။ အချို့လည်း Non CDM ပြန်လုပ်သွားတယ်။ ဒီလိုနဲ့ အဆောင်မှာ ဆက်နေလို့ မဖြစ်တော့ဘူး လို့ သိလိုက်တဲ့အခါ CDM သမားတွေကို ကူညီနေတဲ့ အစ်မတစ်ယောက် စီစဥ်ပေးမှုကတစ်ဆင့် သူစီစဥ်ပေးတဲ့ ဘေးကင်းလုံခြုံတဲ့ အိမ်တစ်အိမ်မှာ ပြောင်းနေဖို့ ဖြစ်လာတယ်။ 


ကျမ အဝတ်အစားအနဲငယ်က လွဲ ဘာမှ ယူမသွားနိုင်ဘူး။ အထူးသဖြင့် ကျမချစ်တဲ့ စာအုပ်တွေကိုပေါ့။ အဲဒီစာအုပ်တွေ ဖတ်လို့ပဲ ကျမဘဝမှာ အမှားနဲ့ အမှန်၊ ဓမ္မ နဲ့ အဓမ္မ ကို ခွဲခြားနိုင်ခဲ့တာလေ။ " အားလုံးကို ပြန်လာယူမှာပါ ၊ ဘာမှ မလုပ်ပါနဲ့ " ဆိုတဲ့ စာလေးရေး စာအုပ်တွေပေါ် တင်ထားခဲ့ပြီး ကျမ ရဲ့ ဒုတိယ အိမ်လေးကို ကျမ စွန့်ခွာခဲ့ရတယ်။ 


အစ်မ စီစဥ်ပေးတဲ့ အိမ်လေးမှာ အဆောင်က လုပ်ဖော်ကိုင်ဖက်တွေနဲ့ အတူ ပုန်းနေရတာပေါ့။ တစ်ခါတစ်လေ ငါဘာမှ မလုပ်နိုင်တော့ပါလား လို့ တွေးမိတဲ့ အခါလည်း ရှိခဲ့တယ်။ သပိတ်ထဲမှာ အမြဲတက်ကြွနေတဲ့ ကျမသူကတော့ အားပေးပါတယ်။ CDM က အစိုးရ ယန္တယားလည်ပတ်မရအောင် လုပ်နိုင်တာတဲ့။ သူတို့ သပိတ်မှောက် ဆန္ဒပြနေတာက CDM တွေအတွက် ရှေ့တန်းက ခံပေးနေတာတဲ့။ ဒီလိုနဲ့ အားတွေ ပြန်တက်ခဲ့ရတယ်။ 


ရက်တွေကြာလာတဲ့ အခါ သပိတ်တွေလည်း ဖြိုခွဲခံရသလို ကျမတို့လည်း နေတဲ့နေရာ မလုံခြုံလို့ နောက်တစ်နေရာ ပြောင်းခဲ့ရပြန်တယ်။ အချို့ကတော့ Non CDM ပြန်ဖြစ်သွားပြီး ရုံးပြန်သွားကြတယ်။ ကျမ နဲ့ သူငယ်ချင်း သုံးယောက်ကတော့ အဆုံးထိ တိုက်မယ် ဆိုပြီး ဆုံးဖြတ်ချက် ခိုင်ခိုင်မာမာ ချပြီးသား။ 


တစ်ဖက်မှာလည်း အရမ်းရင်းရင်းနှီးနှီး ချစ်ခင်လေးစားရတဲ့သူတွေ နဲ့ ဆက်ဆံရေးတွေ ပျက်စီးခဲ့ရတယ်။ ဓမ္မ နဲ့ အဓမ္မ ကြားမှာ ကြားနေလို့မှ မရတာ။ အမှန်တရားဘက် မရပ်နိုင်တဲ့ သူတွေကို ဘယ်လိုမှ ပေါင်းလို့သင်းလို့ မရတော့ဘူး။ အပြစ်မဲ့ ပြည်သူတွေ အသတ်ခံရတာမှာ ရုံးတက်နေတဲ့ သူတွေဟာ အသံတိတ်နေတဲ့ လူသတ်သမားတွေပဲ။ သူတို့ကို စက်ဆုတ်ရွှံရှာတဲ့ အထိ ဖြစ်မိတယ်။ ကျမ အပေါ်အရမ်းကောင်းတဲ့ ငယ်သူငယ်ချင်းကိုတောင် အမှန်တရားဘက် မရပ်တည်တော့တဲ့အခါ ကျမ ပြတ်ပြတ်သားသားပဲ အဆက်ဖြတ်ပစ်လိုက်တယ်။ 


သင်္ကြန်အပြီးမှာ အဆောင်က CDM တူတူလုပ်တဲ့သူတွေထဲ ကျမတို့ လေးယောက်ပဲ ကျန်ခဲ့တယ်။ သုံးယောက်က အဝေးနယ်ကို ပြန်သွားကြတဲ့အခါ ကျမတစ်ယောက်တည်း ကျန်လို့ နေရာ ထပ်ပြောင်းခဲ့ရတယ်။ ချော့တစ်လှည့် ခြောက်တစ်လှည့်နဲ့ ကျမဆီ ဖုန်းဆက်လိုက် စာတိုတွေ ပို့လိုက် စည်းရုံးနေကြလို့ ကျမ ဖုန်းsim card တောင်လဲကိုင်ခဲ့ရတယ်။ ရုံးပြန်တက်နေတဲ့ တစ်ယောက်ဆို ရာထူးတိုးစာမေးပွဲ ဖြေဖို့ ကျမနေခဲ့တဲ့ အခန်း စာလာကျက်ချင်တယ်တောင် ပြောသေး။ ဘယ်လောက် မုန်းဖို့ကောင်းလိုက်သလဲ။ အပြစ်မရှိတဲ့ ကလေးတွေတောင် ပစ်သတ်ခံနေရတဲ့ အချိန်မှာ ဘယ်လိုနှလုံးသားမျိုးနဲ့ အတ္တကြီးကြတာလဲ။ 


ကျမ အိမ်ပြန်လို့လည်း မရဘူး။ လုံခြုံတဲ့နေရာမှာနေရင်း တစ်ခါတစ်လေ စိတ်အားငယ်မိပေမဲ့ အလျှော့မပေးဖို့ သံဓိဌာန် ခိုင်ခိုင်မာမာ ချပြီးသားလေ။ ဝန်ထမ်းတွေကို အလုပ်က ယာယီရပ်ဆိုင်းတဲ့ စာတွေ ထွက်လာတော့ အခြားနယ်ပယ်က အထုတ်ခံရတဲ့ သူငယ်ချင်းတွေ အတွက် ဂုဏ်ယူရတယ် ။ အရင်က ဖာသိဖာသာ နေပေမဲ့ သူတို့နဲ့ ရင်ဘတ်ချင်း နီးသလို ခံစားလိုက်ရတယ်။ 


ကြားထဲ တစ်ဌာနထဲ တူတူလုပ်တဲ့ အစ်မ က သူ့ဇာတိ ကလေးမြို့ ပြန်သွားတာ ကနေ အိန္ဒိယဘက်ထွက်ပြေးလိုက်ရတယ်တဲ့။ သူ့မှာ ကိုယ်ဝန်ကြီးနဲ့။ ဝမ်းနည်းဒေါသတွေဟာ ငိုရုံပဲ ကျမ တတ်နိုင်ခဲ့တယ်။ 


နောက်ဆုံးတော့ အလုပ်ထုတ်စာဟာ ကျမဆီ ရောက်ရှိလာခဲ့ပြီလေ။ ဝမ်းသာလိုက်တာဆိုတာ။ ခုတော့ ကျမ အိမ် ကျမ ပြန်လို့ရပြီထင်ပါ့။ ကျမ မိဘတွေကလည်း ကျမ ကို ဂုဏ်ယူစွာ ကြိုဆိုနေမှာပါ။ ဒါပေမဲ့ ကျမချစ်တဲ့ အစ်ကိုကတော့ အိမ်မှာ ရှိမနေဘူး။ သူက ဝရန်းပြေး ဖြစ်နေရတယ်။ အဆောင်က ပစ္စည်းအချို့ နဲ့ ကျမ မြတ်နိုးတဲ့ စာအုပ်တွေတော့ သွားယူဖို့ မစဥ်းစားရသေးဘူး။ 


ကျမ CDM အောင်မြင်ခဲ့တယ်။ အဆုံးထိ တိုက်ခဲ့တယ်။ ဒါပေမဲ့ တိုက်ပွဲဟာ မပြီးသေးဘူး။ ကျမ တတ်နိုင်တဲ့ အပိုင်းက ကျမ ဆက်တိုက်မယ်။ အနည်းဆုံး စစ်တပ်နဲ့ပတ်သက်တဲ့ စီးပွားရေးတွေ အားမပေးဘူး။ ဘာအခွန်မှ မဆောင်ဘူး။ ဒါလည်း CDM ဆက်လုပ်တာပဲလေ။ 


မဝေးတော့တဲ့ အနာဂတ်မှာ ကျမတို့ နိုင်မှာပါ။ နိုင်မယ်လို့လည်း ယုံကြည်တယ် ။ နိုင်ကို နိုင်ရမယ်။


လောလောဆယ် အလုပ်မရှိ ဝင်ငွေမရှိတဲ့ ကျမ ကိုယ့် အနာဂတ် ကို ကိုယ် မစဥ်းစားနိုင်သေးဘူး။ စစ်အာဏာရှင်တွေ ပြုတ်ကျလို့ ဝန်ထမ်း ပြန်ဖြစ်ရင်တောင် ခု ရုံးတက်နေတဲ့ လူတွေ ရုံးမှာ ရှိနေသေးရင် ကျမ အလုပ်ပြန်လုပ်မှာ မဟုတ်ဘူး။ အသံတိတ် လူသတ်ကောင်တွေကို အရင်က ချစ်ခဲ့ လေးစားခဲ့တာ ဘာမှ မရှိတော့ဘဲ သူတို့နဲ့ မျက်နှာခြင်း မဆိုင်ချင်လောက်အောင် ဖြစ်နေပြီ။


ခုတော့ ပျောက်ကြားသပိတ်တွေ လိုက်နေတဲ့ ကျမသူ ကို ကျမ စာမေးပွဲအောင်တဲ့ အကြောင်း ပြောပြလိုက်ပါဦးမယ်။ သူလည်း တော်တော် ဝမ်းသာသွားမှာပေါ့။


( နေရာတစ်ခုရဖို့ အရမ်းကြိုးစားခဲ့ပြီးမှ အဆုံးထိ CDM လုပ်ကာ အလုပ်မှ ထုတ်ပယ်ခြင်းခံရသူ နယ်ပယ်အသီးသီးမှ ဝန်ထမ်းများအား လေးစားစွာ ဦးညွှတ်လျက်) 


- ကိုဇေ

၁၇၀၅၂၀၂၁