Monday, April 27, 2015

ကြယ်ကလေး သို့ လွမ်းဆွတ်ခြင်း


ခဏခဏလည်း တောက်လောင်ခဲ့ဘူးပါတယ်။ ဒါဟာ ကောက်ရိုးမီးပါလို့ ငါထင်နေတုန်း ငါ့ရင်ထဲ ကြယ်လေးတစ်ပွင့် ကြွေဆင်းသွားတယ်။ ကြယ်ကလေးရေ... ဘယ်အချိန်ထိ ဆက်လင်းနေဦးမှာလည်း။ ဘယ်လောက်ကြာကြာထိ ဆက်လင်းနေဦးမှာလည်း။ ဘယ်အချိန်မှာ အလင်းရောင်တွေ ပျောက်သွားမှာလည်း။ ကြယ်ကလေးရေ... မင်းကိုယ်တိုင် အလင်းရောင် မပိုင်ဆိုင်သေးတာကို ကိုယ်မေ့ပြီး မင်းအလင်းရောင်ကို ကိုယ်ဘာလို့ မျှော်လင့်နေမိပါလိမ့်...

April 13, 2015 at 2:46AM

★ ★ ★


ကောင်းကင်မှာ ကြယ်ကလေးတွေ လင်းနေတယ်။ အဲဒီကြယ်ကလေးတွေ အများကြီးထဲကနေ ကြယ်လေးတစ်လုံးကို ကိုယ်သတိထားမိတယ်။ အဲဒီကြယ်လေးရဲ့ အလင်းရောင်ဟာ ကိုယ့်အတွက် သီးသန့်ဖြစ်တည်တယ်လို့ ကိုယ်စိတ်ကူးတယ်။ ကိုယ့်ကြယ်ကလေးက လှလိုက်တာ။ သူ့အလင်းရောင်က ကိုယ့်အတွက် ခမ်းနားထည်ဝါလွန်းလှတယ်။ ကိုယ်တစ်ဖက်က သိစိတ်မှာ မိုးလင်းမှာ သိပ်ကြောက်တယ်။ နောက်ညတွေ ကိုယ့်ကြယ်ကလေးကို ပြန်မတွေ့မှာလည်း စိုးရိမ်တယ်။ ဘာပဲဖြစ်ဖြစ်ပေါ့... ကိုယ်ဒီည ကြယ်ကလေးရဲ့ အလင်းရောင်အောင် တစ်ညလုံး မအိပ်ဘဲ ခိုနားနေရင်း ရူးပါရစေ...

April 14, 2015 at 12:58AM

★ ★ ★

ပျော်ရွှင်စွာ၊ ကြည်နူးစွာ၊ ဆွတ်ဆွတ်ဖြူလို့...
တစ်ဖိတ်ဖိတ်လက်နေပေမဲ့၊ တေးသံစဉ်မထွက်နိုင်တဲ့
ကြယ်ကလေးရေ... မင်းပျော်ရဲ့လားကွယ်
ကြင်နာစွာ၊ မြတ်နိုးစွာ၊ ဆွတ်ဆွတ်ဖြူလို့
ကြည်လင်စွာ၊ သန့်ရှင်းစွာ၊ ဆွတ်ဆွတ်ဖြူလို့...

မောင်သိန်းဇော် - "ဆွတ်ဆွတ်ဖြူအနမ်း" မှ

April 15, 2015 at 12:50AM

★ ★ ★ 

ကြယ်ကြွေရင် ဆုတောင်းပြည့်တယ်တဲ့။ သူငယ်ချင်းတစ်ယောက်က ပြောနေတုန်း ကောင်းကင်က အလင်းတန်းလေးတစ်ခု ဖြာကျလာတယ်။ သူငယ်ချင်းကတော့ တစ်တွတ်တွတ်နဲ့။ ကိုယ်ကတော့ မျက်စိစုံမှတ်ပြီး ကြယ်လေးတစ်ခုရဲ့ ဖြစ်တည်မှု အကြောင်းကို စိတ်ကူးထဲကနေ ပြောနေတယ်။ အလင်းတန်းလေး ပျောက်သွားတယ်။ ကိုယ့်သူငယ်ချင်းကတော့ ပျော်နေတယ်။ ကိုယ်ကောင်းကင်ကြီးကို မော့အကြည့်... ကိုယ့်ကြယ်ကလေး တစ်ဖြတ်ဖြတ်နဲ့ လှ နေ လိုက် တာ . . .

April 16, 2015 at 1:06AM

 ★ ★ ★


ကြယ်ကလေး တစ်လုံးကို မြတ်နိုးမိသွားချိန်မှာ ကိုယ်နေ့တွေကို မုန်းလာတယ်။ တိမ်ထူထပ်တဲ့ ညတွေကို ကိုယ်အမုန်းဆုံးပဲ။

April 17, 2015 at 1:58AM

★ ★ ★

ကြယ်ကလေးတွေက အဝေးကြီး... ကိုယ်သိတာပေါ့ကွယ်။ ဒါပေမဲ့ သူတို့အလင်းရောင်ကို မိန်းမူးရင်း သူတို့ဟာ ကိုယ်နဲ့ နီးနေပါလားဆိုတဲ့ စိတ်ကူးနဲ့တင် ရူးကြည့်တယ်။ ကြယ်ကလေးကို အတောင်ပံ တပ်ပေးလိုက်ရင် ဆိုပြီး စိတ်ကူးကြည့်တယ်။ အဲဒီလိုရလို့ ကိုယ့်ဆီ ပျံသန်းလာရင်တောင် နာရီ ၆၀ ဒါမှမဟုတ် ဒီထက်မက ကြာချင်လည်း ကြာမှာပေါ့လေ...။ ကိုယ့်ဆီ ရောက်လာချင်မှလည်း လာမှာပေါ့။ ခုတော့ ကြယ်ကလေး အရိပ်အောက် ခိုလှုံနေရင်း ပစ္စုပ္ပန်ကို ကျေနပ်နေတယ်ပဲ ဆိုပါတော့လေ...

April 18, 2015 at 1:48 AM

★ ★ ★

သတိရခြင်းတွေဟာ ရင်ထဲမှာ ကြယ်ကလေးတစ်လုံး အဖြစ် ဖူးပွင့်လာခဲ့တယ်။

April 19, 2015 at 2:42AM

 ★ ★ ★


ကိုယ်အမှောင်တွေကို သိပ်ကြောက်တယ်လို့ အမှောင်ထဲကနေ အော်နေမိတုန်း မှုံပြပြကြယ်လေးတစ်လုံး ကိုယ်တွေ့လိုက်ရတယ်။ ကိုယ်သိပ်ပျော်သွားတာပေါ့လေ။ အလင်းရောင် ယဲ့ယဲ့လေးအောက်မှာပေါ့လေ။ ဒါပေမဲ့ ကြယ်ကလေးရယ်... ကိုယ်အတ္တမကြီး(ရက်)ပါဘူး။ ကြယ်ကလေး အလင်းရောင်ပေးရတာ ပင်ပန်းတဲ့အချိန် အိပ်စက်ငိုက်မြည်းလှည့်ပါ။ ကိုယ်အမှောင်ထဲမှာ နေသားကျအောင် နေပါ့မယ်။

April 20, 2015 at 12:37AM

 ★ ★ ★


Won't you be my guilding light
Lead the way to be by your side
Won’t  you be my *STAR* tonight
I need more than a neon light.

Arisma - Say You Will

April 20, 2015 at 9:51AM

 ★ ★ ★


အိပ်မပျော်တဲ့ တစ်ညမှာ ကိုယ့်ရဲ့ ကော်ဖီခွက်ထဲ ကြယ်ကလေးတစ်လုံး ခုန်ဆင်းလာခဲ့တယ်...

April 21, 2015 at 3:30AM

 ★ ★ ★


ကြယ်ကလေး ကြည်လင်းဝင်းပစွာ ထွန်းလင်းနေရင် ကိုယ်စိတ်ပါ ကြည်နူးတယ်။ ကြယ်ကလေး မှိုင်းပြပြ ဖြစ်နေရင် ကိုယ်စိုးရိမ်တတ်လာရော... ဒါတောင် ကိုယ်ဟာ အလင်းရောင်ကို ငေးမောကြည့်ရုံပဲ တတ်နိုင်ခဲ့လို့ပါ...

April 22, 2015 at 3:14AM


★ ★ ★

"ညအနီ"

ကောင်းကင်ကို မော့ကြည့်ပြီး
လက်ညှိုးလေးတစ်ချက် " ကွေး " ချ လိုက်တယ်
ကြယ် တွေ ကြွေ လာ စမ်း

ရုပ်သေး
2009

April 22, 2015 at 7:15PM

 ★ ★ ★


ကောင်းကင်ရဲ့ ရင်ခွင်မှာ ပန်းပွင့်ကဖြစ်တဲ့ ကြယ်တွေ ရှိသတဲ့
သူငေးနေတာ သူ့ရဲ့ကြယ်ဆိုပဲ
ကြွေသွားတဲ့ ကြယ်ကို ငေးနေတဲ့ သူအတွက်ကတော့
ကောင်းကင်မှာ ဘယ်တုန်းကမှ ကြယ်တွေ မရှိခဲ့ဖူးဘူး
လွတ်ဆွတ်ခြင်းဟာ ကြယ်ဖျောက်တရား ဆိုပါတော့
နှလုံးသား အမာရွတ်ပေါ် တည့်တည့်ကျလာတဲ့ မျက်ရည်စက်မှာ
Acid ဂုဏ်သတ္တိပါသလား မသိပါ
ကြယ်ကလေး မသိနိုင်ပါ
ပင်လယ်ကြမ်းပြင်အောက်မှ ခရုခွံလေးထဲ ၀ပ်နေသော
ကြယ်ကလေး မသိနိုင်ပါ
သူ့ကို ကျွန်တော်ရှာနေမှန်း
ကြယ်ကလေး မသိနိုင်ပါ...

ကြယ်ငေးတရားမှာ ငြိမ်း ချမ်း ပါ စေ . . .


April 23, 2015 at 2:11AM

 ★ ★ ★


ကြယ်တွေဟာ သေကြွေကျလာတော့မှ
အလင်းထုတ်နိုင်သူတွေပါ
တကယ်တော့
ငါဟာ မင်းဆီကြွေကျလာနေတဲ့
ကြယ်တစ်စင်းပေါ့
မင်းကို အလင်းပေးဖို့အတွက်
သေကြွေကျလာနေတဲ့
ကြယ်တစ်စင်းပေါ့...

April 24, 2015 at 1:51AM

 ★ ★ ★


ကြယ်ကလေးနဲ့ ကိုယ်ဟာ အလင်းနှစ် သန်းပေါင်းများစွာ ဝေးတယ်တဲ့။ ဒါပေမဲ့လည်း ကိုယ့်စိတ်ဟာ ကြယ်ကလေးဆီ ရောက်ချင်ရင် စက္ကန့်ပိုင်းလေးပါ...

(PS : ကိုယ်ဟာ ကြယ်ကလေးအနားမှာ အမြဲရှိနေပါတယ်လေ)

April 25, 2015 at 1:24AM

 ★ ★ ★


GOOD MORNING လို့နှုတ်ဆက်တယ်။ ကြယ်ကလေးက နေ့တွေညတွေ မလိုပါဘူး။ ရင်ထဲ တစ်ရက် နှစ်ဆယ့်လေးနာရီ ရှိပြီးသားမို့ပါ။ လင်းနေတယ်။ ထင်းထင်းကျင်းကျင်းပါပဲ။ နေပူမိုးရွာ ကိုယ့်ရင်ထဲ ကြယ်ကလေးပဲ ရှိနေတယ်။

April 25, 2015 at 5:35AM

 ★ ★ ★


ကြယ်ကလေးကိုငေးတာ
အလင်းမြင်ရရုံသက်သက်
အလင်းကွယ်ချိန်ဆိုရင်တော့
အမှောင်ကိုသာ ကိုယ်ငေးမယ်။

April 26, 2015 at 1:32AM

 ★ ★ ★


ဇု ခွဲခြမ်းခဲ့တဲ့ ကိုယ့်ရဲ့ ကိုယ်တစ်ခြမ်းဟာ
ကြယ်ကလေးတစ်လုံး ဖြစ်ခဲ့ပြီး
ကိုယ့်မပီဝိုးတ၀ါး လမ်းတွေကို
သူ့အလင်းရောင်နဲ့ လမ်းပြပေးခဲ့တယ်လေ...

April 27, 2015 at 12:43AM

 ★ ★ ★


★ ★ ★ အလွမ်းအလွန် ★ ★ ★

ကြယ်ကလေးတစ်လုံးရှိတယ်
သူလင်းနေတယ်

သူ့အလင်းက ကိုယ့်ကိုရည်ရွယ်သည်ဖြစ်စေ
သူ့အလင်းက ကိုယ့်ကို မရည်ရွယ်သည်ဖြစ်စေ
အဲဒီ အလင်းရောင်လေး
သူ့ ဘာ သာ ဆက် လက် ထွန်း လင်း နေ ပါ စေ။                 ။


April 27, 2015 at 6:12PM





ကိုဇေ

(Facebook ပေါ်တွင်တင်ခဲ့မိသော ကြယ်ကလေးအား လွမ်းဆွတ်မှု Status များကို စုစည်းထားခြင်း)