Monday, September 29, 2014

ရန်ကုန် ငြိမ်းချမ်းရေး


ပရယ်ပိုဇယ်တွေတင်တယ်
လမ်းတွေလျှောက်တယ်
ကားလည်းမတိုက်ဘူး
သေနတ်လည်းမမှန်ဘူး။

ပရယ်ပိုဇယ်တွေတင်တယ်
ဘောလုံးကန်တယ်
စစ်လည်းမဖြစ်ဘူး
ဗုံးလည်းမထိဘူး။

ရန်ကုန်ဟာ ငြိမ်းချမ်းခဲ့တာ ကြာပေါ့…။


ကိုဇေ
September 28, 2014
9:27 PM

Wednesday, September 24, 2014

ကျွန်တော်သိသော အချစ်၊ သံယောဇဉ်၊ နားလည်မှု


အချစ်

နာကျင်ပါတယ် ပြော ပြော ပြီး
ဒီ နာကျင်မှု ဒဏ်ရာကိုပဲ
တစ်ရှုက်မက်မက်၊ ထပ်ကာတလဲလဲ
တိုး   ၀င်      ခံ            စား                  ကြ                          တယ်။

သံယောဇဉ်

လွမ်းရမယ်ဆိုတာ သိလျက်နဲ့
တစ်ယောက်စိတ်ကို တစ်ယောက်
တိုးတိုးပြီး  ချည်        နှောင်              ကြ                     တယ်။


နားလည်မှု

တူညီတာမှုတွေကို ခိုင်မြဲအောင် တည်ဆောက်ပြီး
မတူညီမှုအချို့ကို ညှိနှိုင်းယူ
မတူညီမှုအများစုကို မတူညီတဲ့အတိုင်း
လက် ခံ             ပေး                         တယ်။


ကိုဇေ


Monday, September 8, 2014

ကိုကြီး လိမ္မာပါတော့မယ် ညီမလေးရယ်…

(၁)

အဲဒီနေ့က ညီမလေး အိမ်ကထွက်သွားခဲ့တယ်လေ
ရန်ကုန်ဆိုတဲ့ မြို့ကြီးမှာ စက်သွားချုပ်ဖို့တဲ့…
နှစ်ဝမ်းကွဲဒေါ်လေး က အဲလိုပြောပြီး ခေါ်သွားခဲ့တာလေ။

တစ်လသုံးသောင်းနဲ့ ငါးသောင်းကြား ပိုက်ဆံ
ကိုကြီးတို့ မိသားစုဆီ ညီမလေး ပို့ပို့ပေးတယ်
ညီမလေးက အဆင်ပြေနေပါတယ်တဲ့။

လေဖြတ်နေတဲ့ အဖေရယ်၊ အကြော်ရောင်းတဲ့ အမေရယ်
မူလတန်း ညီမလေးရယ် အလယ်တန်း ညီလေး နှစ်ယောက်ရယ်နဲ့
စိုက်စရာ လယ်မရှိတဲ့ရွာမှာ ကိုကြီးလည်း ဘာဆက်လုပ်ရမလဲ

အဖေ့ဆေးဖိုး၊ ကလေးသုံးယောက်ရဲ့ စာသင်စာရိတ်ဟာ
ကိုကြီးတို့မိသားစုရဲ့ တစ်နေ့သုံးနပ်စားစရိတ်ဟာ
အမေ့အကြော်ဖိုးရယ် ညီမလေးပို့ပေးတဲ့ ပိုက်ဆံရယ်နဲ့ မလောက်တော့ဘူး။


(၂)

သူကောင်းမဖြစ်ရင်နေပါကွယ်
သေချင်တဲ့ကျားတော့လည်း မဟုတ်ခဲ့ပါဘူး
ဒီလိုနဲ့ ကိုကြီးလည်း ရန်ကုန်မြို့တော်ကြီး ရောက်လာခဲ့ရောပေါ့။

အပြောကျယ်လှတဲ့ ဒီရန်ကုန်မြို့ကြီးမှာ
လိပ်စာလေးတောင် ပေးမထားခဲ့တဲ့
ညီမလေးကို ကိုကြီးဘယ်လိုရှာရမလည်းကွယ်။

ရွာကအမျိုးအဆက်အသွယ်ကြောင့်
ကျော်တစ်ချစာနေရာလေးနဲ့
ပန်းရံအကူ (တစ်ခါတစ်ရံ လက်သမား) ဆိုတဲ့ အလုပ်လေးတော့ ရခဲ့တယ်။


(၃)

ကိုကြီးက ကြိုးစားတယ်
အလုပ်ရှင်တွေကလည်း သဘောကျတယ်
ဝင်ငွေဖြောင့်လာတယ်ပဲ ဆိုပါတော့

ညီမလေးက ပိုက်ဆံတိုးတိုးပြီးပို့တယ်တဲ့
တစ်သိန်းကျော်တောင် ပို့နိုင်တယ်တဲ့… အမေကလှမ်းပြောတယ်
ဒါပေမဲ့ ဘာလို့လိပ်စာထည့်မပေးရတာလဲ ညီမလေးရယ်

ညီမလေးက ပိုက်ဆံတိုးပို့တဲ့အချိန်
ကိုကြီးက အပျော်မက်လာတယ်
ကိုကြီးဟာ ညီမလေးလောက် မသိတတ်တဲ့ လူမိုက်ပါကွယ်…

ရန်ကုန်မှာ ရင်ခုန်စရာတော့ အများသား
အဆင်ပြေတဲ့နေ့တွေဆို ယမကာလေး မှီဝဲတတ်လာသလို
အဖော်ဆိုတဲ့ရာဘာအိတ်လေးလည်း သုံးတတ်လာခဲ့တယ်။


(၄)

ဒီတစ်ပါတ် ၀င်ငွေတော်တော်ဖြောင့်တယ်
အိမ်ကိုလည်း ပိုက်ဆံ သုံးသောင်းပို့လိုက်တယ်
အပိုသုံးဖို့ တစ်သောင်းကျော်ကျန်နေသေးတယ်လေ

အပေါင်းအသင်းတွေက ဆွယ်တယ်လေ
xxxxxx ဆိုတဲ့နေရာမှာ အလန်းလေးတွေများတယ်တဲ့
ကိုယ်ကလည်း ခပ်ကြိုက်ကြိုက်ပဲလေ။

မာဆက်ကနေ မာစွတ်လို့ အမည်ပြောင်းပြောင်းလာတဲ့ အခန်းလေးထဲ
ကိုယ်တို့တွေ ရောက်လာလို့ပေါ့
တစ်ဆက်ရှင်ကို ဒီလောက် တစ်ညလုံးဆို ဟိုလောက်တဲ့။

အခန်းထဲကစောင့်ပါ အလန်းလေးတစ်ယောက် လွှတ်လိုက်ပါမယ်တဲ့
ကိုယ်… ရင် တွေ ခုန် လို့
တစ်ရှပ်ရှပ် ခြေသံအဆုံး ၀င်လာတဲ့ ကောင်မလေးကို ကြည့်မိချိန်မှာတော့…။


(၅)

“ ညီ မ လေး ”
ကိုကြီးရင်ထဲက အော်မိတာလား ပါးစပ်က အော်မိတာလား မသိတော့ဘူး။
သိမိတဲ့အချိန် လမ်းဘေးတစ်နေရာကို ရောက်နေပြီ။

ညီမလေး ဘယ်လိုကျန်ခဲ့မှာလည်း
နောက်နေ့တွေရော အဲမှာရှိဦးမှာလား
ကိုကြီးတော့ ညီမလေးနဲ့ ရင်မဆိုင်ရဲတော့ဘူး ညီမလေးရယ်…

အိမ်ကို တစ်သိန်းကျော်ပို့ပေးတဲ့ညီမလေး
ဒီလို အလုပ်တွေ လုပ်နေရပါတယ်ဆိုတာ
အမေနဲ့ ညီလေး ညီမလေးတွေ သိခဲ့ရင်…။


(၆)

စိုက်စရာမရှိတဲ့ လယ်ကွင်းတွေမှာ
ကောက်စိုက်သမ ပြန်လုပ်ပါလို့လည်း
ဘယ်လိုပြောရမှာလည်းကွယ်

တစ်ချိန်က ကောက်စိုက်ရင်းဆိုညည်းခဲ့တဲ့ ညီမလေးရဲ့ သီချင်းသံ
ခုတော့ ကိုကိုကာလသားတို့ စိတ်ဖြေဖျောက်ဖို့
ညည်းသံဖြစ်လာရပြီပေါ့ ညီမလေးရယ်။

ညီမလေး ဒီဘ၀က ရုန်းထွက်နိုင်ဖို့
ကိုကြီး အလုပ်ကြိုးစားမယ်
ကိုကြီး လိမ္မာပါတော့မယ် ညီမလေးရယ်…။            ။



ကိုဇေ
September 8, 2014 (Monday)
2:46AM


(ညသန်းခေါင် ဘုရင့်နောင်လမ်းဆုံမှာ ကားစောင့်နေတုန်း ကိုယ့်ဆီကနေ သူ့ဖုန်းနဲ့ဆက်တာ မကိုင်လို့ အဲဒါဖုန်းတစ်ကောလောက် ဆက်ပါရစေဆိုတဲ့ ညီငယ်လေးတစ်ယောက်ဆီက ရလာတဲ့ အတွေးတစ်စကို ကိုယ့်ဖာသာချဲ့၍ ရေးဖြစ်ခြင်းဖြစ်။ အဆုံးသတ်ကိုမူ ကိုယ့်ကိုယ်ကို မကျေနပ်ခဲ့။ အားလည်းမရခဲ့။ ဒီထက်လည်း ပို၍ မရေးတတ်တော့)