Saturday, November 30, 2013

မိတ်ဆွေတစ်ဦးအကြောင်း


ဘယ်တစ်ချက် ညာတစ်ချက်
အဲကောင်စောက်ခွက်
အားပါးတရ ထိုးလိုက်ချင်ပေမဲ့
ဒင်းကတော့ အပြုံးပျက်မှာမဟုတ်
ငါ့မှာသာ လက်နာပြီးကျန်ခဲ့မှာ။

အခါးတွေစားရပါများလို့
တစ်ဘဝစာခါးပါတော့မယ်ဆိုမှ
အချိုဆိုတဲ့အရာသာအလှည့်အပြောင်း
စွဲမက်ဖွယ်ဖြစ်အောင် ဒင်းကထိုးကျွေးတယ်။

အချိုတွေငါ့ကိုလာကြွေးလို့
အရာသာတွေ့နေပြီဆိုမှ
စားလက်စပန်းကန်ထဲ
ဒင်းကသဲပက်ထည့်တတ်တယ်။

ဒင်းနာမည်ကိုက ကိုလောကဓံတဲ့
မြင့်နေတုန်း တာဝတိံသာအထိပို့တတ်သလို
နိမ့်နေတုန်းလည်း အဝီဇိအထိ
စောင့်ကန်ချတတ်တယ်။

လူဆိုတာကလည်း
အကောင်းပဲကြိုက်တတ်တဲ့ သတ္တဝါမို့
ဒင်းမကောင်းတဲ့အချိန်
အပြင်တင်မိတာလည်း မဆန်းပါဘူး။

ဒီသံသရာလည်နေသမျှ
ဒင်းစိုးမိုးချယ်လှယ်သမျှ
မလွတ်ကင်းနိုင်မှန်းသိမှတော့
ရန်သူလိုဖြစ်မဲ့အစား မိတ်ဆွေတော်လိုက်ပြီ။

အချိုပဲစားရစားရ အခါးပဲစားရစားရ
ကျုပ်လျှာကတော့ဖြင့် ထုံသွားပြီ
ဒင်းဆိုးပြီး ပြန်ကောင်းမဲ့အချိန်
မသေသေးရင်းစောင့်နေမယ်
ကဲ… လာချင်ရာသာလာခဲ့။        ။

ကိုဇေ

November 30, 2013 (Saturday) 5:28PM

No comments: