Monday, April 6, 2020

ကျနော် ရောက်ဖူးတဲ့ ရုပ်ရှင်ရုံများ



ဘဝမှာ ရုပ်ရှင်ရုံသွားပြီး ရုပ်ရှင်များများစားစား မကြည့်ခဲ့ဖူးဘူး။ အဲဒီတော့ ရောက်ဖူးတဲ့ ရုပ်ရှင်ရုံတွေမှာ ကြည့်ဖူးတဲ့ ရုပ်ရှင်ကားတွေက မှတ်မိနေတယ်။ လက်ချိုးရေလို့ ရခဲ့တာကို။

            ရုပ်ရှင်ရုံတွေဆီ မသွားခင် အရင်ဆုံး ကလေးဘဝ ရပ်ကွက်ထဲက ဗွီဒီယိုရုံလေးကို အရင်ဆုံး အမှတ်ရမိတယ်။ ပိုင်ရှင်က ငယ်သူငယ်ချင်းတစ်ယောက် မိဘတွေ။ ကျနော့ကို ဘယ်တော့မှ ပိုက်ဆံမယူဘူး။ တစ်နေ့ကို သုံးပွဲပြတယ်။ နေ့လည်ပွဲက ဗမာကား၊ ရပ်ကွက်ထဲက မိန်းမကြီးတွေများတယ်။ ညနေ ခြောက်နာရီက အက်ရှင်ကားတွေပြတယ်၊ ကျနော်တို့ ကလေးတွေများတယ်ပေါ့။ အဲ ည ရှစ်နာရီပြတဲ့ ကားကတော့ ကိုကိုကာလသားတွေ အတွက်ပေါ့။ ကျနော့်သူငယ်ချင်း အစ်ကိုရဲ့ သူငယ်ချင်းတွေ ကြည့်ကြတာပေါ့။ ကျနော်တို့ ကလေးတွေကို အထဲပေးမဝင်ဘူး။ ကျနော့် သူငယ်ချင်း အပေါက်မှာ စောင့်ပိုက်ဆံကောက်တဲ့ အခါမျိုးကြုံရင် ကျနော်တို့ကို ရုံထဲ ပေးသွင်းတယ်။ အာ့တုန်းက ကလေးမို့ ဘာမှ နားမလည်ပါဘူး။ နိုင်ငံခြားမှာ အိပ်ယာဝင်ရင် မင်းသား မင်းသမီး ဘာလို့ အဝတ်တွေ ချွတ်ကြသလဲပေါ့။ အိုက်လို့လား ဘာလား တွေးမိခဲ့သေး…။

            ရုပ်ရှင်ရုံတွေဆီ အသွားအများဆုံးက အလယ်တန်း ကျောင်းသားဘဝမှာပဲ။ တစ်နှစ်တစ်ခါလောက်တော့ ရောက်လို့ အများဆုံးလို့ပြောရတာ။ မူလတန်းတုန်းက ရုပ်ရှင်ရုံမရောက်ဖူးခဲ့ဘူးလေ။ ပထမဆုံး ရောက်ဖြစ်တဲ့ အခေါက်က ဝီဇယရုံပေါ့။ ဗားဂရာလမ်း နဲ့ ဦးဝိစာရလမ်း ထောင့်က ခုတော့ ဝီဇယကွန်ဒိုနေရာပေါ့။ မိသားစု နဲ့ရောက်ဖြစ်တာ။ အာ့တုန်းက ကြည့်တဲ့ကားက Mom ဆိုတဲ့ကုလားကား။ မင်းသမီးက အသတ်ခံရပြီး ကျန်ခဲ့တဲ့ သူ့ကလေးကို ဝိဉာဏ်ဘဝကနေ လိုက်စောင့်လျှောက်တာ။

            နောက်တစ်ခေါက်ရောက်တာက ဆန်းသီရိရုံမှာ။ အာ့တုန်းက မြေနီကုန်း ပွိုင့်လေးဘက်မှာ ရုပ်ရှင်ရုံ တစ်ဖက် တစ်ရုံနဲ့ လေးရုံရှိတာ။ ဆန်းသီရိ၊ ရွှေမန်း နောက်နှစ်ရုံက နာမည်တောင် မေ့ပြီ။ ဆန်းသီရိက အက်ရှင်ကားတွေပြတယ်။ ပထမ အခေါက်ကြည့်တဲ့ကားက Hero Of Tomorrow ဆိုတဲ့ ဟောင်ကောင်အက်ရှင်ကား။ တစ်ကားလုံးပစ်ခတ်သတ်ဖြတ်နေတာ။ မင်းသားမင်းသမီး အကုန်သေတဲ့ကား။ မင်းသမီးကို လူဆိုးတွေက မုဒိန်းဝိုင်းကျင့်လို့ ကိုယ့်ကိုယ်ကိုယ်သတ်သေသွားတယ်။ မင်းသားက နောက်ဆုံးခန်းမှာ လူဆိုးခေါင်းဆောင်ကို သေနတ်နဲ့ ချိန်ထားတယ်။ ရဲတွေက မင်းသားကို သေနတ်နဲ့ ဝိုင်းချိန်ထားတယ်။ လူဆိုးခေါင်းဆောင်ကို မပစ်နဲ့ပေါ့။ မင်းသားက ပစ်လိုက်တော့ ရဲတွေကလည်း မင်းသားကို ဝိုင်းပစ်တယ်။ စာတန်းထိုးတဲ့အထိ သေနတ်သံက မဆုံးဘူး။ နောက်ခရီးသွားတော့ အဝေးပြေးကားပေါ်မှာ အာ့ဇာတ်သိမ်းခန်း ခိုးချထားတဲ့ ဗမာပေါကားတောင် ကားပေါ်က ခုန်ချလို့မရလို့ ကြည့်ဖူးလိုက်သေးတယ်။

            ဆန်းသီရိကိုထပ်ရောက်တော့လည်း ဟောင်ကောင်အက်ရှင်ကားပဲ။ ကားနာမည်တော့ မေ့သွားပြီ။ ဇာတ်သိမ်းခန်းမှာ မင်းသမီးက သေမလိုနဲ့ မင်းသားကအနားမှာ လက်ကိုကိုင် ငိုနေတုန်း လက်ကလေးက လှုပ်လာတာနဲ့ ဇာတ်သိမ်းသွားတာ။ နောက်တော်တော်ကြီးလို့ ဆန်းသီရိ ရုပ်ရှင်ရုံလည်း မရှိတော့မှ အဲဒီရုပ်ရှင်ရုံမှာ ပြတဲ့ရုပ်ရှင်အပြင် ကိုယ်တိုင် ငါးရာနဲ့ သရုပ်ဆောင်လို့ရတဲ့ ကိစ္စတွေရှိမှန်း သိရတာ။ ရုပ်ရှင်ရုံအနားမှာ ကောင်မလေးတွေရှိတယ်တဲ့။ တစ်ခါခေါ် ငါးရာ နဲ့ ရုပ်ရှင်ရုံထဲ လူရှင်းတဲ့နေရာမှာ Blow Job ပေးတယ်ဆိုတာကိုပေါ့။

            မေမြို့က အမေ့သူငယ်ချင်း အိမ်လာလည်တော့ နဝဒေးရုပ်ရှင်ရုံ အဖော်လိုက်သွားပေးဘူးတယ်။ ပြတဲ့ကားက ဝေလည်းမွှေးကြွေလည်းမွှေး ။ ကျော်ဟိန်း နဲ့ ဒွေး ပါတဲ့ စစ်ကား။ အဖေက တပ်ကြပ်ကြီး သားက ဗိုလ်ကြီး ။ အဖေက သားမှန်း သိပေမဲ့ သားကအဖေမှန်း နောက်ဆုံး ကျော်ဟိန်းတိုက်ပွဲကျမှ အိတ်ထဲက ဓာတ်ပုံမြင်ပြီးသိတာ။ ခပ်ပေါပေါပါပဲ။ အမေ့သူငယ်ချင်းက ကျော်ဟိန်းဖန်ကို။ ကျနော်တော့ သူတို့တူဝရီးနှစ်ယောက်လုံး မကြိုက်ဘူး။ အရမ်းပလီတယ်လို့ ခံစားရလို့။ အဲဒီကားက ရုပ်ရှင်ရုံမှာ ခုချိန်ထိ ရုပ်ရှင်ရုံမှာ ပထမဆုံး နဲ့ တစ်ကားတည်းသော ကြည့်ဖူးထားတဲ့ ဗမာကားပဲ။ ဇာဏ်ခီ တို့ ခရစ်တီးနားခီ တို့ကားတွေရော မီရော ကိုပါ သွားမကြည့်ဖူးသေးဘူး။ ကျနော့်သူငယ်ချင်း လင်းခါး ရဲ့ ရေသေအိုင် နဲ့ စိုးထိုက် ရဲ့ မြေစာပင် ဝတ္ထုတွေတော့ ရုပ်ရှင်ရိုက်ဖို့ ရောင်းထားရတယ်။ အဲဒါရုံတင်ရင်တော့ သွားကြည့်ဖြစ်မလား မသိသေးပါဘူး။

            နောက် ပပဝင်းရုံမှာ နှစ်ခါပြန် ကြည့်ဖူးတဲ့ကား Ghost ပေါ့။ နှစ်ခါလုံး ကျောင်းပြေးပြီး ကြည့်ဖြစ်တာ။ အဲဒီကားက အော်စကာတော်တော်များများရသွားတယ်လေ။ အခွေငှားပီးလည်း ထပ်ကြည့်ဖူးသလို Channel Myanmar က တင်ပေးတုန်းကလည်း ပြန်ကြည့်ဖြစ်သေးတယ်။ ရုံမှာတော့ ဆင်ဆာ တစ်ခန်းဖြတ်ထားတာပေါ့။ မင်းသမီး အိုးလုပ်နေတုန်း မင်းသားကနောက်ကရောက်လာတဲ့ အခန်းကို။ မင်းသားကတော့ သေသွားတာကြာပီ။ မင်းသမီးက ဒမ်မီမိုးပေါ့။ သူငယ်ချင်းက သစ္စာဖောက်ပီး မင်းသားကို သတ်ပစ်တာ၊ မင်းသားက ဝိဉာဏ်ဘဝကနေ မင်းသမီးကို လိုက်စောင့်လျှောက်တာပေါ့။ သိပ်တော့ မရေရာတော့ဘူး။ ပပဝင်းရုံလည်း အဲဒီကားတင်ပီးရော ရုံလည်းဖျက်ရောထင်တယ်။ ပပဝင်း နဲ့ ဂုဏ် ရုပ်ရှင်ရုံ နှစ်ရုံက နေပြီးတော့ Traders Hotel ဖြစ်သွားပြီး ခုဆို Sule Shangri-La ဆိုပီး နာမည်တောင် ထပ်ပြောင်းသွားပြီ။

            ၉ တန်းနှစ်မှာ သမ္မတ ရုပ်ရှင်ရုံမှာ Dragon Heart ဆိုတဲ့ ကား သွားကြည့်ဖြစ်တယ်။ သောကြာ်နေ့ တင်တဲ့ကားကို စနေနေ့ မှာသွားကြည့်တာလေ။ စုစုပေါင်း ခြောက်ယောက်ပေါ့။ လက်မှတ်က ကြိုမဝယ်ထားမိတော့ မှောင်ခိုနဲ့တိုးသွားတယ်။ မထူးတော့ပါဘူးဆိုပြီး ရှေ့ဆုံးက ဈေးအပေါဆုံး ငါးဆယ်တန်းကို ခုနစ်ဆယ့်ငါးကျပ်လား မသိပေးကြည့်ခဲ့ရတယ်။ မော့ပီးကြည့်ရလို့ ခေါင်းညောင်းလိုက်တာဆိုတာ။ ဇာတ်ကားက နဂါးကြီးက သူ့နှလုံးသား တစ်ဝက်ကို လူဆိုးဆီထည့်ထားပေးမိတာ။ နောက်ဆုံး လူဆိုးသေဖို့ နဂါးကြီးကပါ လိုက်သေပေးလိုက်ရတာ။ အခွေနဲ့ တစ်ခါပြန်ကြည့်ဖူးလိုက်သေးတယ်။

            ရုံရောက်ပြီး ရုပ်ရှင်မကြည့်ဖြစ်လိုက်တာ တစ်ခါရှိသေးတယ်။ ကိုးတန်းစာမေးပွဲ ဖြေပီးတဲ့နေ့ စကော့ဈေးဂုံးတံတားကို နဝဒေးလမ်းဘက်ကအတက်နား မှာ Pretty Mermaid ဆိုတဲ့ Bar တစ်ခုရှိတယ်။ အဲဒီမှာ သောက်ပြီး မင်္ဂလာရုံမှာ ရုပ်ရှင်ကြည့်မယ်ဆို သွားတာ၊ လက်မှတ်ဝယ်ပြီးကာမှ ပါလာတဲ့ တစ်ကောင်က ပလတ်ကျွတ်နေလို့ ပါးတွေနားတွေရိုက်ပြီး ရပ်ကွက်ထဲ ပြန်ခေါ်ခဲ့ရတာ။ အဲဒီ မင်္ဂလာဆိုတဲ့ ရုံလည်း ခုထိ တစ်ခါမှ မရောက်ဖူးသေးပါဘူးလေ။  

            ဆယ်တန်း ဖြေပြီးစ နာမည်ကြီး Titanic ရုံတင်တော့ ရှေ့ဆောင်မှာ သွားကြည့်ဖြစ်သေးတယ်။ တစ်ကယ်က ရုံမတင်ခင်ကတည်းက အခွေကြည့်ပြီးသား။ သူငယ်ချင်းတွေခေါ်လို့ လိုက်သွားဖြစ်တာ။ အဲတုန်းက ကင်မရာ ပါသွားပီး ကလိနေလို့  ဓာတ်ပုံမရိုက်ရဘူးဆိုပြီး လုံခြုံရေးနဲ့တောင် ပြဿနာ ဖြစ်လိုက်သေးတယ်။ မန်နေဂျာဆိုလားမသိရောက်လာမှ ကလေးတွေပါဆိုပြီး လျှော်ပေးသွားလို့။ အခွေကြည့်ပြီးသား ရုပ်ရှင်ကို ပန်းချီဆွဲတဲ့အခန်း နဲ့ ကားပေါ်က အခန်း ဆင်ဆာ ဖြတ်ထားတော့ ဟာတာတာပေါ့။

            ရှေ့ဆောင်နဲ့တော့ အကျိုးပေးတယ်။ ၂၀၀၀ ဝန်းကျင်လောက် Hollow Man ဆိုတဲ့ကား ရုံတင်တော့လည်း သွားကြည့်ဖြစ်သေးတယ်။ အခွေကြည့်ပီးသားကား။ အာ့လိုပဲ သူငယ်ချင်းခေါ်လို့ပါသွားတာပဲ။ ဘာမှ မဟုတ်တဲ့အခန်းလေးတွေတောင် ဆင်ဆာဖြတ်တာတော့ သဘောမကျ။

            ရုပ်ရှင်ရုံတွေနဲ့ ဆယ်စုနှစ်တစ်ခုကျော်လောက် အဆက်အသွယ်ပြတ်သွားပီး ၂၀၁၃ ခုနှစ်ထဲ ပြန်ရောက်တော့လည်း ရှေ့ဆောင်၊ အဲဒီတုန်းက ခေါ်သွားတာက သဘောကျနေတဲ့ ကောင်မလေး၊ ခွက်ရှ်နေတယ်ပဲ ပြောပါတော့။ သူက ၄ ယောက်စာ လက်မှတ်ဝယ်ထားပြီးသားကို သူနဲ့ သူ့အဆောင်က ညီမလေး နှစ်ယောက်ပဲ ကြည့်ဖြစ်တော့လို့ ဆိုပြီး လိုက်မလား ခေါ်တာနဲ့ ပျော်ပြီး လိုက်သွားတာ။ ထိုင်းသရဲကားလား မလေးသရဲကားလားတောင် မသိလိုက်ပါဘူး။ ရုပ်ရှင်ထဲက သရဲက မကြောက်ရဘူး။ ရုံထဲမှာ လန့်လန့်အော်တဲ့ အသံတွေက လန့်နေရတာ။ အော်လိုက်တာ စူးစူးဝါးဝါးတွေ။ ပြီးတော့ အာ့အချိန်မှာ ဖုန်းတွေကိုင်ကုန်ကျပြီ။ ရုံထဲမှာ ဖုန်း Screen က အလင်းရောင်က တော်တော်အနှောက်အယှက် ဖြစ်တယ်လေ။ အာ့ကောင်မလေးလည်း ခုတော့ ကလေးတစ်ယောက်တောင် ရသွားပါပြီလေ။

            ၂၀၁၆ ထဲမှာတော့ ရုပ်ရှင်ကို နေပြည်တော်ရုံထဲ အတွဲခုံကနေ ထိုင်ကြည့်ဖူးခဲ့တယ်။ အာ့တုန်းက ဘာကားပြလို့ ဘယ်လိုပြီးသွားမှန်းတောင် မမှတ်မိတော့ဘူး။ နေကြာစေ့ ခွာပြီး လက်မသုံးပဲ ခွံ့ပဲကျွေးနေတာကို။

            ၂၀၁၆ စက်တင်ဘာ ထဲ ရုပ်ရှင်ရုံမှာ မဟုတ်ဘဲ ရုပ်ရှင်တစ်ကား သွားကြည့်ဖြစ်သေးတယ်။ The Yangon Gallery က လုပ်တဲ့ ဝင်းဖေနဲ့အတူ ရုပ်ရှင်ကြည့်ခြင်းဆိုတဲ့ အစီအစဉ်မှာ Rashomon ဆိုတဲ့ ဂျပန်ရုပ်ရှင် သွားကြည့်ဖြစ်တာ ။ ရုပ်ရှင်ပြပြီး ရုပ်ရှင်နဲ့ ပတ်သတ်တာကို ဆရာဝင်းဖေက ဆွေးနွေးတဲ့ အစီအစဉ်ပါ ပါတာပေါ့။

            ၂၀၁၈ ထဲမှာထင်တယ်။ ကိုမောင်ဒေး၊ ကိုမိုးစက် တို့လုပ်တဲ့ The Sick Projector ဆိုတဲ့ Project မှာ ရုပ်ရှင် သွားသွားကြည့်ဖြစ်တယ်။ နှစ်ပတ်တစ်ကြိမ် စနေနေ့မှာ ရေကျော်က ကိုမိုးစက်အလုပ်လားမသိ တိုက်ခန်းမှာ ပြတာ၊ ရုပ်ရှင်ပြပြီးရင် ရုပ်ရှင်အကြောင်းဆွေးနွေးရင်းနဲ့ ညဆို အဖွဲ့လိုက် ဘီယာဆိုင် ရောက်ရောက်သွားကြတာ။ လူက ဆယ်ယောက်မကျော်ပါဘူး။ မှတ်မှတ်ရရ လူအများဆုံးက Kurt Cobain ရဲ့ Documentary ဖြစ်တဲ့ Kurt Cobain: Montage of Heck ဆိုတဲ့ ရုပ်ရှင်မှာပြတဲ့နေ့မှာ ဆယ့်ငါးယောက်လောက် ဖြစ်သွားတယ်။ အဲဒီတုန်းက ငါးကား ခြောက်ကားလောက် သွားကြည့်ဖြစ်တယ်။

            အဲဒီနောက် Freedom Film Festival ဖြစ်ဖြစ် European Film Festival ဖြစ်ဖြစ် သွားကြည့်မယ်ဆိုပြီး စိတ်ကမှန်းထားပေမဲ့ ၀ဇီရာရုံရော နေပြည်တော်ရုံရော Gothe Institute ရောပါ တစ်ခါမှ မရောက်ဖြစ်။ ဒါပေမဲ့ ဒီဘက်နှစ်တွေမှာ ရုပ်ရှင်တွေ ပိုပိုကြည့်ဖြစ်လာတယ်။ Channel Myanmar လို စာတန်းလည်းထိုးပြီးသား Free ရတဲ့ ဆိုက်တွေကနေ ဒေါင်းပြီးတော့ပေါ့။ ဒေါင်းပြီး မကြည့်ရသေးတဲ့ ကားတွေလည်း အများကြီးပဲ။ များသောအားဖြင့်တော့ ကိုယ်စိတ်ချတဲ့ လက်ငါးချောင်းအတွင်းသော လူအနဲစု ညွှန်းတဲ့ကားဆို ကြည့်ဖြစ်တာများပါတယ်။ ရုံမှာ အရမ်းကြည့်ဖူးချင်တဲ့ကားကတော့ ဥရောပက ရုံတွေမှာ တင်ပြီး ဆုတွေရထားတဲ့ မြန်မာကားတစ်ကားပဲ။ ဒါရိုက်တာ သည်မော်နိုင် ရိုက်ကူးတဲ့ The Monk ဆိုတဲ့ကား။ အခွေတော့ ကြည့်ဖူးထားတယ်။

            ရုပ်ရှင်ရုံတွေ ဆီ ဘယ်တော့မှ ပြန်ရောက်ဖြစ်မည် မသိပေမဲ့ ရုပ်ရှင်တွေကတော့ ဆက်ကြည့်နေဦးမှာပါ။ ဘဝဆိုတာ ရုပ်ရှင်လို The End နေရာမှာ ပြီးချင်မှ ပြီးတာလေ။ မင်းသားနဲ့ မင်းသမီး ညားလို့ ရုပ်ရှင်ဟာ ပြီးသွားပေမဲ့ တစ်ကယ့်လက်တွေ့ဘဝမှာတော့ အာ့အချိန်မှ ဇာတ်လမ်းက စမှာလေ။ ဘဝ ကို ရုပ်ရှင်အဖြစ် တင်စားပြီး ရေးထားဖူးတာလေးနဲ့ပဲ ဒီစာစု အဆုံးသတ်လိုက်တယ်။



Happy Ending
ဆိုတာ
ဘယ်တော့မှ မရှိခဲ့ဖူးသလို
မင်းသား နဲ့ မင်းသမီး
ညားပြီးမှပဲ
ဇာတ်လမ်းဟာ အစပြုတယ်
စစခြင်းတော့ Drama တွေချိုးမှာပေါ့
ပြီးတေ့ာ Adventure ဖြစ်ချင်ဖြစ်
ဒါမှမဟုတ်လည်း
ရိုလွန်းတဲ့ Romance ခန်းမှာ
Action
ခန်းတွေ
ဘယ်ကနေ ရောက်လာတာလည်း
စစ်ဆန့်ကျင်ရေးလား
စစ်ပွဲအားပေးလား
စစ်ကို ဇာတ်ညွှန်းဘယ်လိုရေးခဲ့လည်း
Historical
ဖြစ်ပြီလား
မဟုတ်ဘူး psycho တွေ ထဖောက်တာ
ဒါဟာ Sci-Fi တွေ...
စိတ်ကူးယဥ်နေရင်းနဲ့
အနာဂတ်မှာ တစ်ကယ် ဖြစ်လာမှာ
Comedy
တွေမှာ ရယ်နေတုန်း
Horror
ဟာ မမျှော်လင့်ဘဲ ရောက်လာ
ရယ်နေရင်း ကြောက်လာရ
ရယ်နေရင်း စိုးထိတ်ရ
ရယ်နေရင်း စွန့်စားရ
စိုးထိတ် စွန့်စား ကြောက်လန့် ရင်းလည်း
ချစ် ချစ် လာရ
နောက်ဆုံးဇာတ်ညွှန်းအတိုင်း
ဖြစ်မလာတဲ့အခါ
ဒါရိုက်တာ ကိုယ်တိုင်
ရုပ်ရှင်ထဲ ခုန်ချ...

စိတ်ဒုက္ခကို အရသာခံလိုလျှင်
ရုပ်ရှင် ကြည့်ပါ      


-
ကိုဇေ

.
.
ကိုဇေ
06042020 @ 1:37PM