Tuesday, December 31, 2013

ဒီနှစ်ရဲ့ ၃၆၆ မြောက်ရက်ကို နောက်နှစ်အဖြစ် လွှဲပြောင်းပေးလိုက်ခြင်း


၃၆၅ ခါထက်မကတဲ့
အဖြစ်တွေ၊ အပျက်တွေ
ပျော်ရွင်မှုတွေ၊ ဝမ်းနည်းခြင်းတွေ
ကြင်နာခြင်းတွေ နာကျင်ခြင်းတွေ
ရယ်မောခြင်းတွေ၊ ငိုကြွေးခြင်းတွေ
ခွင့်လွှတ်ခြင်းတွေ၊ ဥပက္ခာတွေ
ချစ်ခြင်းတွေ၊ မုန်းခြင်းတွေ
ကိုယ်ရင်ဆိုင်ခဲ့ပြီးပြီ။
အချို့ကို ကိုယ်လွှတ်ချခဲ့တယ်။
(လွတ်ကျခဲ့တာလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်)
အချို့ကို ဆက်လက်ထမ်းပိုးရင်း
ကိုယ် ဒီဘက်နှစ်ကို ခုန်ကူးလိုက်တယ်။
မနေ့ကနဲ့ ဒီနေ့ပဲ ပြောင်းလဲသွားတာပါ။
သိပ်တော့လည်း မထူးခဲ့ပါဘူး။

ကိုဇေ
December 31, 2013 (Tuesday) 12:36PM

Monday, December 30, 2013

တစ်ခါတုန်းက


နေညိုပြီဆို လေကပြိုလာတယ်
ဖေ့ဘုတ်ကနေ မတ်ဆေခ်ျ့တွေပို့ကြ
ဖုန်းတွေဆက်ကြနဲ့
၁၉ လမ်းမှာပဲ စော်အလန်းလေးတွေကြည့်ရင်း
သွားဆော်ရင်ကောင်းမလား
မသိန်းမှာပဲ ကြက်ဂွေးတောက်နဲ့
သွားဆော်ရင်ကောင်မလား
စိန်သရီးမှာပဲ ဘောပွဲလေးကြည့်ရင်း
သွားဆော်ရင်ကောင်မလား
ခန့်ကိုအိမ်မှာပဲ အင်တာနက်လေးသုံးရင်း
သွားဆော်ရင်ကောင်မလား..
ဘယ်မှာဆော်ဆော်
သွားဆော် ကိုယ်ဆော် နဲ့
တစ်ညတစ်ခါ ဆော်ပြီး
အကုန်ပျော်ခဲ့ကြတဲ့ညတွေ
ရှိခဲ့ဘူးတယ်လေ။

ဒီလိုနဲ့ပဲ
ကိုလောကဓံက ကြည်စယ်လို့
ဘဝတစ်ကွေ့လေးမှာ
အချစ်ဆိုတာလေးကို
တစ်ခါလေးပဲ သောက်လိုက်မိပါတယ်
တစ်ညစာမကလို့
တစ်ဘဝလုံးစာ မူးယစ်ရီဝေခဲ့ရပြီ ။ . . . ။

.
ကိုဇေ
December 30, 2013 (Monday)
3:03PM

Thursday, December 26, 2013

အသဲကွဲခြင်း အတတ်ပညာ


ကျွန်တော်လည်း အသဲကွဲဖူးတယ်။ ခင်ဗျားလည်း အသဲကွဲဖူးတယ်။ အသဲကွဲတယ်ဆိုတာ ရင်ထဲ ပန်းတွေပွင့်သွားသလို ဆွတ်ပျံ့ကြည်နူးဖွယ်ကောင်းတဲ့ ခံစားချက်မဟုတ်မှန်း ကျွန်တော်တို့သိတယ်။

အသဲကွဲတာမှာ အသက်အရွယ်မရှိပါဘူး။ ဆယ်ကျော်သက်ဘဝမှာလည်း အသဲကွဲနိုင်သလို လေးဆယ်ကျော်မှလည်း ကွဲချင် ကွဲနိုင်တာပဲလေ။ အသဲဘာလို့ကွဲလည်း ဆိုရင် ချစ်မိလို့ အသဲကွဲတယ်။ ဘာလို့ချစ်မိလည်း ဆိုရင်တော့ ကျွန်တော်တို့က ပုထုစဉ်လူသားတွေ ဖြစ်ပြီး မရှောင်နိုင်လို့ပေါ့ဗျာ။ ချစ်မိမှတော့ အနိုင်အရှုံးဆိုတာလည်း မစဉ်းစားပါနဲ့။ အချစ်ဆိုတာ ပြိုင်ပွဲတစ်ခုမှ မဟုတ်တာ။ ချစ်မိရင် ကိုယ်လည်း ပြန်အချစ်ခံချင်မယ်။ ဒါသဘာဝပဲလေ။ အဲ... ရည်းစားထားမယ် ဆိုရင် အကြီးဆုံးယူရတဲ့ RISK က အသဲကွဲဖို့ပဲလေ။ ကျွန်တော်တို့  ချစ်တဲ့သူတွေက ပြန်မချစ်တဲ့ အခါ အသဲကွဲနိုင်တယ်။ ချစ်သူတွေဖြစ်ပြီး နားလည်မှုလွဲလို့ ထားခဲ့ခံရရင်လည်း အသဲကွဲနိုင်တယ်။. တစ်ခါတစ်လေ (မိန်းကလေးတွေ) စထားသွားပြီးတော့လည်း ကိုယ်က ပြန်ပြီး အသဲကွဲနိုင်တယ်။ (မိန်းကလေးဆိုတာက သူကို့စထားသွားခံရမှာ သိပ်ကြောက်တာကို… ရှေ့ဆက်ရင်လည်း မဝံ့မရဲဖြစ်၊ ပိုခံစားရနိုင်မယ်မှန်း သိတဲ့အခါ ကိုယ်က ထားသွားပြီး အသဲကွဲတတ်ကြတယ်လေ) တစ်ခါတစ်လေ တစ်ဖက်ပဲ အသဲကွဲတယ်။ များသောအားဖြင့်တော့ နှစ်ဖက်လုံး အသဲကွဲတတ်ကြပါတယ်။ 

အသဲကွဲတဲ့အခါ ဖြစ်တတ်တဲ့ လက္ခဏာတွေက မပျော်မရွင်ဖြစ်လာမယ်။ စားချင် သောက်ချင်စိတ်ပျောက်မယ်။ တစ်မှိုင်မှိုင်ဖြစ်နေမယ်။ ဘာမှလုပ်ချင်ကိုင်ချင်စိတ် မရှိတော့ဘူး။ သူများအတွဲတွေကို တွေ့ရင် ကြည်နူးသလိုလိုနဲ့ ဝမ်းနည်းလာတတ်တယ်။ တစ်ခါတစ်လေ အပြင်ပန်းမှာ ဟန်ဆောင်နေနိုင်ရင်တောင်မှ ရင်ထဲမှာတော့ ပဒိုင်းသီးတွေ သီးနေမှာ အမှန်ပဲ။

အသဲကွဲပြီးတဲ့အခါ လုပ်တတ်တာတွေက စိတ်ပြေလက်ပျောက် လျှောက်လုပ်မိမယ်။ အရက်သောက်ချင် သောက်ဖြစ်လိမ့်မယ်။ အချို့ဆို ကိုယ့်ကိုယ်ကို ပြန်နှိပ်စက်မိလိမ့်မယ်။ အမှတ်တရ နေရာလေးတွေမှာ ယောင်တီးယောင်တောင် နဲ့သွားစောင့်မိမယ်။ (အဲအချိန် အခန့်မသင့်ရင် မျက်ရည်ကျမယ်) အသဲကွဲတယ်ဆိုတာ တော်တော်ကြီးကို စိုးရွားတဲ့ ခံစားချက်ကြီးပါ။ တစ်ခါတစ်လေ အချို့ဆို အမုန်းနဲ့ မဟုတ်ဘဲ လမ်းခွဲလိုက်တဲ့အခါ စိတ်မထိန်းနိုင်ဘဲ ပြသနာရှာမိလို့ အခန့်မသင့်ရင် ပြန်အဆင်ပြေနိုင်တဲ့ အခြေအနေကနေ အမုန်းဘက် လည်း ကူးပြောင်းသွားတတ်ပါသေးတယ်။

ယောက်ျားလေးတွေ အရက်သောက်တာကတော့ ထွက်ပေါက်ရှာတဲ့နည်းအစစ်မဟုတ်ပါဘူး။ မူးရင် သက်သာမယ်ဆိုတာ အထင်ပါ။ တစ်ကယ်တော့ မူးမှ ဝေဒနာတွေက ပိုဆိုးတာ။ အဲအချိန်ကိုယ်က အရက်ကို မထိန်းချုပ်နိုင်ဘဲ အရက်က ကိုယ့်ကို ထိန်းချုပ်သွားရင် အမှားပါတတ်ပါတယ်။ အဲတော့ ပျော်မယ်ထင်ရင် အရက်သောက်ပါ။ စိတ်ညစ်နေလို့တော့ အရက်မသောက်ပါနဲ့။ ပိုပြီးတော့ စိတ်ညစ်သွားလိမ့်မယ်။

တစ်ကယ်တော့ အပေါ်မှာ ပြောခဲ့တာတွေက စစ်မှန်တဲ့ ဖြေရှင်းနည်း မဟုတ်တာတော့ သေချာတယ်။ အဲဒါတွေလုပ်လို့ ပြန်အဆင်ပြေမှလားဆိုရင် ပိုဆိုးသွားဖို့ပဲရှိတယ်။ အသဲကွဲတာဟာ မဖြေရှင်းနိုင်တဲ့ ပုစ္ဆာတစ်ပုဒ်ပဲလား။ အဲလိုတော့လည်း မဟုတ်လောက်ပါဘူး။ သူ့ကို ဖြေရှင်းလို့ရနိုင်ပါတယ်။ ဖြေရှင်းနည်းမှားရင်သာ ပြသနာရှိနေနိုင်တာပါ။

အချစ်ဆိုတာမျိုးက စာရွက်အကောင်းစားပေါ် မှာ ခဲတံခပ်ညံ့ညံ့နဲ့ ခပ်ဖွဖွ စာရေးမိသလိုပါပဲ။ အချိန်ကာလ တစ်ခုကြာရင် မှာ စာရွက်ပေါ်က စာတွေ ပျောက်သွားမယ်။ အဲဒီအပေါ် overwrite လုပ်ဖြစ်လိမ့်မယ်။ တစ်ခါထပ်ပျောက်သွားပြီး နောက်တစ်ခါ ထပ်ရေးချင်ရေးဖြစ်လိမ့်မယ်။ အချိန်ကာလတစ်ခုတော့ စောင့်ရမှာပေါ့။ အဲလိုအလှည့်အပြောင်းတစ်ခု ကြားမှာ အသဲကွဲမိ တတ်ကြတယ်လေ။ အသဲကွဲလို့ ဘဝကို နစ်မွန်းခံလိုက်မယ်ဆိုရင်….. အထူးသဖြင့် ဆယ်ကျော်သက်၊ နှစ်ဆယ်စွန်းစ လူငယ်တွေဟာ ဘဝမှာ ရွေးချယ်ပိုင်ခွင့် အများကြီးရှိပါသေးတယ်။ ဒါပေမဲ့ အချိန်က ရပ်မနေခဲ့ဘူးလေ။ အဲတော့ ဒီအတိုင်းနေရင် ဆုံးရှုံးခြင်းတွေချည်းပဲ ဖြစ်လာလိမ့်မယ်။ အသဲကွဲခြင်းကို အတတ်ပညာ တစ်ခုလို့ သဘောထားကြည့်ရအောင်ဗျာ။

အသဲကွဲတဲ့အခါမှာ အနားမှာ ကိုယ့်ကိုဖေးမနိုင်မဲ့ မိတ်ဆွေကောင်းတွေ ရှိနေရင်တော့ အကောင်းဆုံးပေါ့ဗျာ။ သူတို့ဆီကနေ သင်ယူနိုင်စရာ အများကြီးရပါတယ်။ အရင်ဆုံးတော့ ကိုယ့်ကိုယ်ကို အမှန်အတိုင်း ဝန်ခံဖို့လိုတယ်။ ငါ့မှာ ဘာအားနည်းချက်တွေရှိလည်း။ ငါ့မှာ ဘာချို့ယွင်းချက်တွေရှိလည်း။ ကိုယ့်ကိုယ်ကို ဘာတွေညာမိထားလည်း။ အဲတာတွေ သိတဲ့ အခါ ကျွန်တော်တို့ ပြုပြင်ယူနိုင်တာတွေ ရှိတယ်။ ယောက်ျားလေးတွေဆို သူကပြန်ကြိုက်ချင်မှပြန်ကြိုက်မှာ လက်ခံချင်မှ လက်ခံမှာ ဖြစ်ပေမဲ့… ကိုယ့်ကိုယ်ကို မိန်းမတစ်ယောက် အားကိုးနိုင်ဖို့၊ လေးစားခံနိုင်ဖို့အတွက် ရှေ့ဆက်ရမယ်လေ။ မိန်းမတွေကိုယ်တိုင်ကလည်း သူတို့ ပျော့ညံ့တဲ့ ယောက်ျားမျိုးကို မကြိုက်ပါဘူးတဲ့။ သေချာတာက ကိုယ့်ဆီသူပြန်မလာတောင် ကိုယ်က ပျော့ညံ့နေရင် သူကကိုယ့်ကို ပိုအထင်သေးသွားပြီး သူလမ်းခွဲတာအရမ်းမှန်တယ်လို့တောင် ထင်ချင်ထင်သွားမှာ။ ရင်ထဲမှာ မုန်တိုင်းတိုက်နေတာ တိုက်နေလို့ရပါတယ်။ အပြင်ပန်းမှာတော့ ကိုယ်လုပ်စရာ ရှိတာလုပ်နေရဦးမှာပဲလေ။ သူပဲ ပြန်လာလို့ ဖြစ်စေ၊ ကိုယ်ပဲ နောက်တစ်ချိန် နောက်တစ်ယောက်တွေ့ခဲ့လို့ ဖြစ်စေ၊ ကိုယ့်ကို ယုံကြည်အောင်၊ အားကိုးထိုက်အောင်၊ လေးစားအောင် ကိုယ်က ရှိနေမှ တော်ရာကျမှာပေါ့။ မိန်းကလေးတွေ အနေနဲ့ကလည်း မကောင်းတဲ့ ယောက်ျားတစ်ယောက်ကြောင့် အသဲကွဲခဲ့ရတယ်ဆိုရင်တောင် ယောက်ျားတိုင်း မကောင်းဘူးဆိုတဲ့ အမြင်မျိုး ဖြစ်မသွားဖို့ အရေးကြီးပါတယ်။ ကောင်းတဲ့ ယောက်ျားတွေ အများကြီးရှိပါတယ်။ ပြီးတော့ အတိတ်မှာ ဘာတွေဖြစ်ခဲ့ဖြစ်ခဲ့ တစ်ကယ်ချစ်တဲ့ ယောက်ျားတွေက အားလုံးကို ခွင့်လွှတ်နားလည်ပေးနိုင်ပါတယ်။ ကိုယ့်ကိုယ်ကို မနစ်မွန်းစေဖို့ အရေးကြီးပါတယ်။

ဒီစာကို ရေးချင်လို့သာ ရေးလိုက်တာပါ။ တစ်ကယ်တော့ ကျွန်တော်ကိုယ်တိုင်ကိုက အချစ်နဲ့ ပတ်သက်ရင် ဆရာကြီးတစ်ဆူတော့လည်း မဟုတ်ခဲ့ပါဘူး။ ရည်းစားလည်း လက်ချိုးပြီး မရည်နိုင်လောက် အောင် ထားခဲ့ဘူးတာ မဟုတ်ဘူး။ ကိုယ့် ပြသနာကို တောင် ဖြေရှင်းဖို့ မနဲ ကြိုးစားနေရတာပါ။ အဲတော့ ကျွန်တော် ပြောတာ အချို့က လွဲချင်လွဲလိမ့်မယ်။ အသဲကွဲတာကို ဖြေရှင်းဖို့ နည်းလည်း ကျွန်တော် မသိပါဘူး။ ကျွန်တော်က အသည်းကွဲတာကလည်း ကွဲတာ။ လုပ်စရာရှိတာလုပ်သင့်တာက လည်းလုပ်ကိုလုပ်ရမှာ ဆိုတာ ခွဲခြားပြီး မြင်သွားတာလေး တစ်ခုပါ။ အသဲကွဲပြီးတဲ့ နောက်မှာ သင်ပိုရင့်ကျက်သွားဖို့တော့လိုပါတယ်။ လဲကျမသွားပါစေနဲ့။ ဒီလိုမှ မဟုတ် နောက်တစ်ကြိမ်အသဲကွဲတာက ပိုဆိုးပါလိမ့်မယ်။ ကျွန်တော်တို့တွေ အသဲကွဲခြင်းဆီကနေ ဘဝနေနည်းတွေ သင်ယူလိုက်ကြရအောင်ဗျာ။


ကိုဇေ

December 26, 2013 (Thursday) 2:05PM

Monday, December 23, 2013

ပယင်းရောင် သို့ တမ်းချင်း


အော်… ဆောင်းညတွေက ကပိုကရိုနဲ့ ရောက်လာခဲ့ပြန်တယ်။ ဆောင်းကအေးပေမဲ့ ကျွန်တော့အနား ကောင်မလေး တစ်ယောက် (ချစ်သူတစ်ယောက်) အနွေးဓာတ်လေးပေးဖို့ မရှိခဲ့ဘူး။ စိတ်ကူးသာယဉ်နေတာပါ။ ဒီအရွယ်အထိ ဘယ်ဆောင်းကာလမှာမှ အနားမှာ ချစ်သူရှိခဲ့ဘူးတာမှ မဟုတ်တာ။ ပယင်းရောင်ကလွဲလို့ပေါ့။ ခုလိုဆောင်းညတွေမှာ ပယင်းရောင်က ကျွန်တော့ကို အဖော်ပြုပေးခဲ့ဘူးတယ်လေ။

ပယင်းရောင်ကို ကျွန်တော်မချစ်ဘူး။ ဒါပေမဲ့ ကြိုက်တယ်။ ဒီထက်ပိုပြောရရင် ပယင်းရောင်ရဲ့ ရီဝေဝေအထိတွေ့တွေကို သဘောကျတယ်။ ပယင်းရောင်ရဲ့ ယုယုယယ အပြုအစုတွေကို နှစ်ချိုက်တယ်။ ကျွန်တော်ကလည်း ပယင်းရောင် အကြောင်းနောကျေပြီး အကိုင်အတွယ်တတ်တာလည်း ပါလိမ့်မပေါ့။ (ပယင်းရောင်က အကိုင်အတွယ် တတ်ဖို့လိုတယ်လေ၊ သူ့ကို အကိုင်အတွယ်မတတ်ရင် ဒုက္ခရောက်တတ်တယ်။ အခန့်မသင့်ရင် သေတတ်တယ်။ ကိုယ်အကိုင်အတွယ်မတတ်ဘဲ ဒုက္ခရောက်မှ လူတွေက ပယင်းရောင်ကို အပြစ်ပုံချတတ်သေးတယ်လေ) ပယင်းရောင်က ကျွန်တော် သူ့ကိုမလိုတဲ့ နေ့ဘက်တွေဆို အလိုက်တသိ ရှောင်ပေးတယ်။ ဒါပေမဲ့ ညနေနေညိုရင် ပယင်းရောင်ကို တမ်းတလို့ပေါ့။ ကျွန်တော့်ရဲ့ ညတွေ ပယင်းရောင်နဲ့ ညစဉ်ရက်စက် ပျော်ပါးခဲ့ဘူးတယ်လေ။ တစ်ခါတစ်လေဆို မိုးတောင်လင်းခဲ့ရော…။

ပယင်းရောင်က အသဲမခွဲတတ်ဘူး။ ဒါပေမဲ့ သူက အသဲတစ်ခုလုံးကို စားပစ်ချင်တာလေ…။

ဒီအချိန်မှာပဲ ကျွန်တော် မစိုက်ပျိုးခဲ့ဘူးပေမဲ့ ဘယ်အချိန်ကတည်းက ပေါက်မှန်းမသိပေါက်နေတဲ့ ရင်ထဲက အပင်လေးက အဖူးလေး ငုံလာတယ်။ ကျွန်တော် သတိထားမိတော့ အမြစ်တောင် တော်တော်တွယ်နေပြီလေ။ ကျွန်တော် အဲအချိန် စိတ်တွေလှုပ်ရှားလိုက်တာ။ ကျွန်တော်က ပန်းတွေ ပွင့်တော့မယ်ပေါ့… မျှော်လင့်နေလိုက်တာ။ အပျော်လွန်ပြီး ပယင်းရောင်ကိုတောင် မေ့နေခဲ့တယ်လေ။ ပယင်းရောင်ရဲ့ အထိအတွေ့ အယုအယတွေအားလုံး စိတ်ထဲကတောင် ပျောက်နေတယ်။ အပင်လေးရဲ့ အမြစ်ကလည်း နှလုံးသားထဲအထိ တွယ်သွားပြီး အဲအချိန်ကစလို့ မူးယစ်ရီဝေလာလိုက်တာ တစ်ဘဝလုံးစာကို လုံလောက်သွားတယ်။

ဒီလိုနဲ့ . . . ပန်းတွေပွင့်ဖို့ မျှော်လင့်နေတုန်း…. ရုတ်တရက်ကြီး သီးလာတဲ့ အသီးတွေက…. အား….. ခုတော့ ဆူးမှာကြောက်လို့ စားလိုက်၊ ရူးမှာကြောက်လို့ ဆုတ်လိုက်နဲ့… ဘဝတစ်ခုလုံး ချာချာလည်ခဲ့ပြီလေ။

ပယင်းရောင်က သဝန်မတိုတတ်ဘူး။ ကျွန်တော် ပြန်လာမယ်ဆိုလည်း ဘယ်အချိန်ဖြစ်ဖြစ် ကြိုနေမှာပဲ။ အသည်းကို အစားခံနိုင်မယ်ဆိုရင် အရင်လို နူးညံ့တဲ့ အထိအတွေ့ ယုယမှုတွေ ပေးနေဦးမှာ။ ရံဖန်ရံခါ ပြန်သွားချင်ပေမဲ့ တစ်ဘဝလုံးစာတော့ ကျွန်တော် မပေးချင်ဘူးလေ။ သစ်ပင်လေးက ဒီဘဝတင်မက သံသရာတစ်ခုစာ မူးယစ်ရီဝေမှုတွေ ပေးထားခဲ့ပြီပဲ။

ကျွန်တော့်သစ်ပင်လေးဆီက ဘာတွေပဲ ဖူးပွင့်လာပါစေ။ အဆိပ်သီး သီးခဲ့ရင်လည်း ရဲရဲကြီးစားမယ်။ ပန်းတွေပွင့်လာခဲ့ရင်လည်း ယုယစွာ နမ်းရှိုက်မယ်။ အဲဒီအပင်လေး ရှင်သန်နေရင်ပဲ ကျွန်တော် ကျေနပ်ပါပြီ။ သူ့ကို အမြစ်က ဆွဲနှုတ်ဖို့ ကျွန်တော် ကြိုးစားမှာ မဟုတ်ဘူး။ သူ့အလိုလိုရှင်သန်နေပေမဲ့ ဒီထက်ပိုပြီး ဖွင့်ထွားအောင် ကျွန်တော် ရေလောင်းပေါင်းသင်ပေးနေဦးမှာပဲ။

ပယင်းရောင်က ကျွန်တော့်ကို သစ္စာဖောက်လို့ မစွပ်စွဲခဲ့ပါဘူး။ ပယင်းရောင်က ဘုရားသခင်တွေအားလုံးကို လွန်ဆန်ပြီး ကျွန်တော့်ကို ချစ်တယ်။ ကျွန်တော်တို့ကို ချစ်တယ်။ ဒါပေမဲ့ . . . ခွင့် လွှတ် ပါ တော့ . . . ။

တစ်ခါတစ်လေ (ကြုံတောင့်ကြုံခဲ) မှာ ပယင်းရောင်နဲ့ ကျွန်တော်တို့ ညီအစ်ကို တစ်ဖွဲ့ လာရောက်ပျော်ပါးပါဦးမယ်။ မျှော်နေမယ်ဆိုတာ သိပါတယ် ပယင်းရောင်ရယ်။          ။

(October 4, 2010 တုန်းက Khant Ko ပေးခဲ့တဲ့ နာမည်လေးတစ်ခု ယူသုံးသည်)


ကိုဇေ
December 23, 2013 (Monday) 6:47AM

(စကားတစ်ခွန်းကိုကြားယောင်ကာ ဝိုင်တစ်ပုလင်းကိုကြည့်ရင်း ခံစားမိခြင်း)



Friday, December 20, 2013

ကောင်းကင်ရဲ့အတောင်ပံ


ကောင်းကင်ရဲ့အတောင်ပံ
(For my lovely Honey)

မောင်လှမျိုး (ချင်းချောင်းခြံ)

နီးရက်နဲ့ ဝေးရတာကိုက
ချစ်သူတို့ရဲ့
အဖြစ်ဆိုးပါကွယ်။

လမင်းကိုငေးကြည့်လျှင်
ချစ်သူ့မျက်နှာလို့ ထင်ချင်စရာ…
တစ်ခါတစ်ခါ
အနီးကပ်ဆုံး ကြယ်တစ်ပွင့်အဖြစ်
ချစ်သူ့အနားမှာ
လင်းလဲ့ပစ်လိုက်ချင်တယ်။
လမိုက်သွားပြန်ရင်တော့
ကြယ်ပွင့်လေးလည်း… ခေါင်းငိုက်
ကိုယ့်ကမ္ဘာလည်း
မှောင်မိုက်သွားပေါ့ကွယ်။
(၁၉.၆.၉၉)

Friday, December 13, 2013

ဆွေး


ကမ်းနှင့်အလှမ်းဝေး ရွက်လှေလေး
ဘယ်ဆီကိုရောက် လမ်းလည်းပျောက်
လေနောက်လိုက်ပြေး ကမ်အဝေးဆီ
လှိုင်းလုံးတွေကြား တအားပြေးလေပြီ။

သူလည်းပြေးလွှား တောအုပ်ကြားဝယ်
ဘယ်ကိုမြန်းမည် မသေချာသည့်
သခင်မပါ ကြိုးသားပါ ဖြူကြားနှင့်ခွေး
သူလည်းအဝေး တအားပြေးလေပြီ။

နွမ့်မှည့်ရင့်ခြောက် သစ်ရွက်တို့လည်း
ပင်ယံထက်တွင် သခင်လက်မခံ
လေအဝှေ့တွင် မြေ၌စံဖို့
မြေဆီသို့ တဝေးလွင့်လေပြီ။

ထိုသို့တူစွာ လွမ်းသူမှာလည်း
ချစ်သူလက်မခံ နွမ်းသည့်ပန်းနှယ်
ဝေးလွင့်ပြည်ဖို့ စိတ်လိုရာသို့
လွင့်မြောဖို့ တအားဆွေးလေပြီ။



ကိုဇေ
(၉၆/၉၇ ပတ်ဝန်းကျင်လောက်က ရေးဖြစ်ခဲ့တာ)

မာနမဲ့စွာ


ပြက်ရယ်မှုကိုခံရသည့်အခါ
အားငယ်သွားတတ်သော်လည်း
မည်သည့်အခါမှ စိတ်မဆိုးရက်ပါလေ။

အနိုင်ကျင့်မှုကိုခံရသည့်အခါ
ဝမ်းနည်းသွားတတ်သော်လည်း
မည်သည့်အခါမှ မနာကြဉ်းရက်ပါလေ။

တန်ဖိုးမထားမှုကိုခံရသည့်အခါ
မကျေနပ်မှုကိုခံစားရတတ်သော်လည်း
မည်သည့်အခါမှ မငြိုငြင်ရက်ပါလေ။

စွန့်ပစ်သွားခြင်းကိုခံရသည့်အခါ
ကျွမ်းမြေ့လောင်မြိုက်စွာ ပူပင်ရသော်လည်း
မည်သည့်အခါမှ မေ့လျော့၍မရနိုင်လေ။

စတွေ့သည်မှ
ငါသည်သင့်အား
မာနတရားကို ပေးအပ်ထားခဲ့သောကြောင့်တည်း။          ။


မောင်စိန်ဝင်း (ပုတီးကုန်း)

Tuesday, December 3, 2013

ဆုတောင်း


ဝေခဲ့တဲ့နေ့တွေမှာ
ကြွေရမဲ့အကြောင်း
ခပ်ရေးရေးတောင်
မတွေးမိခဲ့ပါဘူး။

လေအဝှေ့မှာ ကြွေကာကျ
မြေပြင်ဆီ စံကာမြန်းမှတော့
ပင်မြင့်စံ ဂေါ်သဇင်လို
ဘဝင်မှာ လေမဟပ်နိုင်ပါဘူး။

တစ်ယုတစ်ယနဲ့
ကောက်ယူကာမနမ်းခဲ့တောင်မှ
ရှူရှိုက်သူရင် ဘဝင်ခိုက်
ခရေပန်းလေးတော့ ဖြစ်ပါရစေ။

ကိုဇေ
December 3, 2013 (Tuesday) 6:24PM

ပလုံ


ရေထဲကိုခဲကျသွားတာလည်းဖြစ်နိင်တယ်....
ရေထဲက ငါးခုန်တက်လာတာလည်း ဖြစ်နိင်တယ်....
တစ်နေ့မှာ ငါ့အထ္ထုပ္ပတ္တိကို ငါဖွင့်ကြည့်လိုက်တယ်....
ဘယ်လိုဖြစ်သွားသလဲမသိဘူး...
“ပလုံ”

တာရာမင်းဝေ

(တာရာမင်းဝေနောက်ဆုံးရေးခဲ့တဲ့ ကဗျာပါ။ ဒီလင်ခ့် ကနေကူးယူဖော်ပြပါတယ်)