Wednesday, August 26, 2015

သင်၏အလှူပစ္စည်းသည် အလှူခံပုဂ္ဂိုလ်အတွက် အမှိုက်မဖြစ်စေဖို့


လွန်ခဲ့သော နှစ်အနည်းငယ်ခန့်က ကျွန်တော့သူငယ်ချင်း မြောက်ဒဂုံတွင် ဖွင့်လှစ်ထားသည့် အခမဲ့ ကွန်ပြူတာသင်ကျောင်းသို့ အလှူရှင်တစ်ဦးမှ Printer တစ်လုံးလှူဒါန်းခဲ့သည်။ ထို Printer ၏ Driver သည် မည်သည့်ကွန်ပြူတာတွင်မှ Run ၍ မရ။ ထို့ကြောင့် ထို Printer ၏ Specification ကိုဖတ်ကြည့်ရာ Window XP နှင့် ၄င်းထက်နိမ့်သော OS များတွင်သာ Run ၍ရကြောင်းတွေ့ရသည်။ ထိုသင်တန်းကျောင်းရှိ Computer အားလုံးတို့သည် Window 7 တင်ထားသည်။ ထို့ကြောင့် Printer သည် အသုံးမ၀င်ခဲ့ပေ။ အလှူရှင်အတွက်တော့ မိမိတွင်ရှိသော ပိုလျှံပစ္စည်း အားတစ်ပါးသူ အသုံးဝင်မည်ထင်၍ စေတနာသန့်သန့်ဖြင့် ပေးလှူခဲ့ခြင်းဖြစ်သော်လည်း ထိုအလှူပစ္စည်းမှာ အလှူခံရရှိသောသူအတွက် အသုံးမ၀င်သော တစ်နည်း အမှိုက်သာ ဖြစ်ခဲ့ရသည်။

ယခုနှစ် ၂၀၁၅ ဇူလိုင်နှင့် သြဂုတ်လတို့တွင် မြန်မာနိုင်ငံ အနှံ့အပြား၍ ရေကြီး၊ မြေပြိုမှုများ ကြုံတွေ့ခဲ့ရသည်။ အလှူရှင်များမှ တတ်နိုင်သည့် အပိုင်းတို့တွင် စေတနာထက်သန်စွာ လှူဒါန်းကြသည်။ ကျောင်းသားများ၊ လူငယ်များ၊ အခြားအသိုင်းအ၀ိုင်းပေါင်းစုံတို့မှလည်း အလှူရှင်နှင့် ဘေးဒုက္ခကြုံတွေ့နေသူများ ကြားမှနေ၍ မိမိတို့ အချိန်များ ပေးဆပ်ရင်း လိုအပ်သည်များကို ဖြည့်တင်းဆောင်ရွက်ပေးကြသည်မှာ အားရစရာ ဖြစ်သည်။

ကျွန်တော့ အတွေ့အကြုံတစ်ခု ပြောပါဦးမည်။ ကျွန်တော့ သူငယ်ချင်းများ အလှူခံရသော အ၀တ်အစားထုတ်များ ရှိပါသည်။ သွားလှူကာနီးတွင် ယောက်ျားဝတ်၊ မိန်းမ၀တ်၊ ကလေးဝတ် စသည်ဖြင့် သူ့အမျိုးအစားအလိုက် အိတ်ကြီးများထဲတွင် ခွဲ၍ ပြန်လည်စုစည်းထုတ်နှောင်ပါသည်။ စိတ်မကောင်းစွာဖြင့် ဆာလာအိတ် ၂ အိတ်ခန့်လောက် အ၀တ်အစားများအား ထားခဲ့ရပါသည်။ အဘယ်ကြောင့်ဆိုသော် ပခုံး၌ကြိုးတစ်ချောင်းတည်းတပ်ထားသော အကျီများ၊ စကဒ်အတိုများ၊ ကျောပြောင်အကျီများ၊ စသည်ဖြင့် လှူဒါန်းရန် မသင့်တော်သော အကျီများကို စိတ်မကောင်းစွာဖြင့် ထားခဲ့ရပါသည်။ ထို့အပြင် အလွန်ဟောင်းနွမ်းသော အကျီများကို လည်း မလှူဒါန်းသင့်ဟု ယူဆကာ ထားရစ်ခဲ့ပါသည်။ (ရေဘေးကြုံသူတိုင်းသည် မရှိဆင်းရဲသားများဖြစ်ချင်မှ ဖြစ်မည်၊ ထိုသို့ အဟောင်းများ ပေးလှူခြင်းဖြင့် သိမ်ငယ်မှာ စိုး၍ ဖြစ်ပါသည်၊ လွတ်လပ်စွာ သဘောကွဲလွဲနိုင်ပါသည်) အသုံးပြုပြီးသား အတွင်းခံ (ဘော်လီ၊ ဘရာစီယာ၊ underwear) များလည်း ထားရစ်ခဲ့ပါသည်။ ထို ဆာလာအိတ်များမှာ ကျွန်တော်တို့ထံတွင် ယခုတိုင် ရှိနေပါသေးသည်။ မလိုအပ်ဘဲ ထိန်းသိမ်းထားရသော အမှိုက်များ သဖွယ် ဖြစ်နေပါသည်။

ထို့အပြင် ဖိနတ်အသစ်များကို လည်းဆာလာအိတ်တစ်ထုတ် လက်ခံရရှိပါသေးသည်။ သို့သော် သွားရောက်မလှူဒါန်းဖြစ်ခဲ့။ ဒေါင့်မြင့်ဖိနတ်များ ဖြစ်နေသောကြောင့် ဖြစ်သည်။ ဒေါင့်မြင့်ဖိနတ်များမှာ ရန်ကုန်မြို့လယ်ခေါင် မိုးရွာရေလျှံစဉ်တောင် စီးရတာ အဆင်မပြေပါ။ ရေမြှပ်သော ဒေသများသည် တောရွာများဖြစ်သဖြင့် ပိုလို့တောင် အဆင်မပြေပါ။ အလှူရှင်အနေဖြင့်လည်း ငွေကြေးအလွန်ကုန်ကျနိုင်ပါသည်။ သို့သော် သွားရောက်လှူဒါန်းရန် အဆင်မပြေသဖြင့် ကြားမှ သွားရောက် လှူဒါန်းပေးမည့် သူထံတွင် သောင်တင်နေတော့သည်။

သဒ္ဒါတရားထက်သန်သည်မှာ ကောင်းပါသည်။ သို့ရာတွင် မိမိလှူဒါန်းသော ပစ္စည်းသည် တစ်ဖက်လူအတွက် အကျိုးရှိနိုင် မရှိနိုင်ကိုလည်း ပြန်စဉ်းစားဖို့ လိုပါသည်။ အချို့သည်ကား မိမိထံပိုလျှံနေသည်ဆိုကာ ပြီးပြီးရော လှူဒါန်းလိုက်သော်လည်း တစ်ဖက်တွင် လည်း အသုံးမ၀င်ကာ အမှိုက်ဖြစ်သွားတတ်ပါသည်။ မိမိ ဘာအတွက် လှူဒါန်းမှာလည်း ဆိုတာကိုလည်း ပြန်လည် သုံးသပ်သင့်ပါသည်။

ရေဘေးအတွက် အ၀တ်အထည်များစွာ လှူဒါန်းရန် မလိုပါ။ ရေဘေးသည် မီးဘေးမဟုတ်ပါ။ ပထမဆုံးလိုအပ်သည်မှာ စားစရာ၊ ရေ နှင့် ဆေးဝါးများ ဖြစ်ပါသည်။ စားစရာဆိုရာ၌လည်း ကြားသိခဲ့ရတာ တစ်ခုပြောပြပါဦးမည်။ ပွင့်ဖြူဘက်သို့ လှူဒါန်းရန်သွားသော ကားများသည် လမ်းပေါ်ရေကျော်နေသဖြင့် အချိန်များစွာ ပိတ်မိခဲ့သည်။ အချို့သူများသည် ထမင်းချက်၍ အသင့်စားနိုင်သော ဗူးများ၊ အထုတ်များဖြင့် ယူဆောင်သွားကြပါသည်။ ကားပိတ်သောအခါ ထိုထမင်းများ ဟင်းများ သိုးသွားသည် ဟု ကြားသိခဲ့ပါသည်။ အချို့က နီးစပ်ရာ ရွာများတွင် ဝေငှခဲ့ရပါသည်။

ကြုံကြိုက်တုန်း သမ္မတကြီးအကြောင်းလည်း ပြောချင်ပါသေးသည်။ သမ္မတကြီးသည် ရေဘေးသင့်ဒေသများသို့ ဗုဒ္ဓဆင်းတုတော်များ လှူဒါန်းမည်ဆိုသော သတင်းကို ခိုင်မာသော သတင်းစာမျက်နှာတွင် ဖတ်ရှုလိုက်ရပါသည်။ ထိုအချိန်သည် ပြန်လည်ထူထောင်ရေး အချိန်မဟုတ်သေး။ ရေဘေးသင့်ပြည်သူများသည် ကယ်ဆယ်ရေးစခန်းများ၊ ဘုန်းကြီးကျောင်းများ၊ ရေလွတ်ရာ နေရာများသို့ ရွှေ့ပြောင်းနေထိုင်နေရဆဲ အချိန်ဖြစ်သည်။ နေစရာအရင် စားစရာတောင် မပြည့်စုံသေးသော ကာလမှာ ထိုဆင်းတုတော်များကို မည်သို့ ထိန်းသိမ်းမည်နည်း။ အင်မတန် အမျှော်အမြင်ကြီးရှာသော နိုင်ငံ့ခေါင်းဆောင်ကြီးပင် ဖြစ်ပါသည်။

ကျွန်တော်အကြံပြုလိုသည်က အထိမိဆုံး လှူဒါန်းမှုသည် ငွေသားပင်ဖြစ်သည်။ ငွေကြေးသည် အဓိက ဖလှယ်ခံ အရာဝတ္ထုဖြစ်သည်။ မည်သည့်ဒေသတွင် မည်သည့်ပစ္စည်းလိုအပ်သလည်း ဆိုသည့်အချက်အပေါ်တွင် ကြည့်၍ ငွေကြေးဖြင့် တိုက်ရိုက်ဖလှယ်နိုင်သည်။

ထို့ကြောင့် ဘယ်လိုအကြောင်းကြောင့်ပဲ လှူလှူ၊ သင်လှူဒါန်းလိုက်သော အလှူပစ္စည်းသည် ကြားမှ တစ်ဆင့်ခံပုဂ္ဂိုလ် သို့မဟုတ် လိုအပ်သည့် အလှူခံပုဂ္ဂိုလ်တို့အတွက် အကျိုးမဲ့၊ အချည်းနှည်း ထို့ထက်ပို၍ အမှိုက်မဖြစ်သွားအောင် သတိပြုသင့်ပါကြောင်း သုံးသပ်တင်ပြလိုက်ပါသည်။


ကိုဇေ

August 26, 2015 at 2:00PM

Tuesday, August 25, 2015

ရေဘေး - ၇



ဒေါ်လာဘီလီယံချီကုန်ထားတဲ့
သန်းခေါင်စာရင်းက ချောင်ကပ်နေလို့တဲ့
ကိုယ်ထူကိုယ်ထ
မဲစာရင်း ပြင်ရတယ်။

မိုးနတ်မင်းကြီးက
အစိုးရကို သနားလို့တဲ့
မိုးတွေရွာချပေးလိုက်တာ
တစ်နိုင်ငံလုံး
ရေ ကြီး ရော။

ကိုဇေ
August 12,2015 at 12:06AM


(မြန်မာနိုင်ငံ အနှံ့အပြားတွင်ဖြစ်ပေါ်နေသော ရေဘေးအတွက် ခံစားချက်များ)

ရေဘေး - ၆



မင်းဒူးခေါင်း
ရေမြှပ်တဲ့အခါ
အစိုးရကို ဆဲမယ်

သူတို့အိမ်ခေါင်
ရေမြှပ်တဲ့အခါ
မင်း ကူညီတယ်။

ကိုဇေ
August 11,2015 at 1:49AM


(မြန်မာနိုင်ငံ အနှံ့အပြားတွင်ဖြစ်ပေါ်နေသော ရေဘေးအတွက် ခံစားချက်များ)

Monday, August 10, 2015

ရေဘေး - ၅



မာန နဲ့ သိက္ခာတွေ
လမ်းမတွေထက်မှာ
ခ၀ါချပြီး
ရေထဲက လက်တွေအတွက်
ကမ်း လင့်
ဆွဲ တင်
ထူ မ  . . . ကြတယ်။

ကိုဇေ
August 9,2015 at 11:38PM

(မြန်မာနိုင်ငံ နေရာအနှံ့အပြားတွင် ဖြစ်ပေါ်နေသော ရေဘေးအတွက် ခံစားချက်များ)

ရေဘေး - ၎



သစ်ခုတ်ရင် တောပြုန်းမယ်
တောပြုန်းရင် တောင်ဂတုံးဖြစ်မယ်
တောင်ဂတုံးဖြစ်ရင် ရေကြီးမယ်
ရေကြီးရင် မြေဆီလွှာဆုံးရှုံးမယ်
မြေဆီလွှာဆုံးရှုံးရင် အပင်ပြန်မပေါက်ဘူး
အပင်ပြန်မပေါက်ရင် မိုးခေါင်မယ်
မိုးခေါင်ရင် စိုက်ပျိုးရေးမဖြစ်ထွန်းဘူး
စိုက်ပျိုးရေးမဖြစ်ထွန်းရင် အငတ်ဘေးဆိုက်မယ်
အငတ်ဘေးဆိုက်ရင် အစုလိုက်ပြောင်းရွှေ့မယ်
အစုလိုက်ပြောင်းရွှေ့ရင် အလုပ်ခက်မယ်
အလုပ်ခက်ရင် ၀မ်းရေးခက်မယ်
ဝမ်းရေးခက်ရင်
ဝမ်း  ရေး  ခက်  ရင် . . .
                က် ရ် .   .   .

သယံဇာတ အလွန်အကျွံထုတ်ယူသုံးစွဲခြင်းပြစ်ဒဏ်

ပြစ်ဒဏ်အတွက် ထောင်ရှစ်ရက်

တစ်သက်တစ်ကျွန်းကို လူသန်း ၆၀ ဆက်ခံ

သင်၏ သယံဇာတ ကြွယ်ဝသော နိုင်ငံတော်။


ကိုဇေ
August 7, 20156 at 11:54PM

(မြန်မာနိုင်ငံ နေရာအနှံ့အပြားတွင် ဖြစ်ပေါ်နေသော ရေဘေးအတွက် ခံစားချက်များ)

ရေဘေး - ၃



ကိုယ့် ကိုယ် ကို
မနဲကြိုးစား
အားတင်းရပ်နေရင်းကနေ
လဲနေသူကို
ထူ ကြ တယ်။


ကိုဇေ
August 5,2015 at 7:20PM


(မြန်မာနိုင်ငံ နေရာအနှံ့အပြားတွင် ဖြစ်ပေါ်နေသော ရေဘေးအတွက် ခံစားချက်များ)

Wednesday, August 5, 2015

ရေဘေး - ၂





အဲဒီကျောင်းသားတွေ
အဲဒီလူငယ်တွေ
လက်ဖက်ရည်ဆိုင်ထိုင်ဖို့ လမ်းပေါ်ထွက်တယ်
ဘီယာဆိုင်ထိုင်ဖို့ လမ်းပေါ်ထွက်တယ်
ဂိမ်းဆိုင်သွားဖို့ လမ်းပေါ်ထွက်တယ်
လူငယ်သဘာဝ လမ်းပေါ်ထွက်ကြတယ်

အဲဒီကျောင်းသားတွေ
အဲဒီလူငယ်တွေ
စစ်အာဏာရှင်ကို ဖီဆန်ဖို့ လမ်းပေါ်ထွက်တယ်
မတရားဥပဒေတွေ ဆန့်ကျင်ဖို့ လမ်းပေါ်ထွက်တယ်
ဒီမိုကရေစီအရေးအတွက် လမ်းပေါ်ထွက်တယ်
လူ့အခွင့်အရေးအတွက် လမ်းပေါ်ထွက်တယ်

ဟော ခုလည်း လမ်းပေါ်ထွက်ရပြန်ပြီ
တစ်နိုင်ငံလုံးက ရေဘေးသင့်ပြည်သူတွေ
ကူညီဖို့တဲ့...

စာသင်ခန်းထဲက အချိန်တွေ
ဂိမ်းဆော့ရမဲ့အချိန်တွေ
ရည်းစားနဲ့ ချိန်းတွေ့မဲ့အချိန်တွေ
ကိုယ်ပိုင်အချိန်တွေ ပေးဆပ်ရင်း
အဲဒီကျောင်းသားတွေ
အဲဒီလူငယ်တွေ
ရေဘေးသင့်ပြည်သူတွေအတွက်
အရှက်အကြောက်မရှိဘဲ
လမ်းပေါ်မှာ
အလှူခံဖို့
ထွက် ကြ တယ်...။    


ကိုဇေ
August 4,2015 at 3:36PM

(မြန်မာနိုင်ငံ နေရာအနှံ့အပြားတွင် ဖြစ်ပေါ်နေသော ရေဘေးအတွက် ခံစားချက်များ)