စာမေးပွဲဆိုတာ ရှိနေသမျှ
အောင်ခြင်း သို့ ကျခြင်း ဆိုတဲ့ Result ရှိမှာပဲ…။ ကျန်တဲ့ ပယောဂတွေ ခဏဖယ်ထားရင် အောင်အောင်ဖြေနိုင်ရင်
အောင်မယ်။ မဖြေနိုင်ရင် ကျမယ်။ ကျတယ်ဆိုရင် အဲဒီအတန်းမှာ နောက်တစ်နှစ် တက်ခွင့်ရှိတယ်။
တစ်တန်းမှာ နှစ်နှစ် (သို့) သုံးနှစ်အထိ ကျခွင့်ရှိတယ်။ အဲဒီအထိ မအောင်ရင်တောင်
external ဆိုပြီး ပညာဆက်လက် ဆည်းပူးခွင့်ရှိတယ်။ စာမေးပွဲကျခွင့်ဆိုတာလည်း ကျောင်းသားတစ်ယောက်ရဲ့
အခွင့်အရေးပဲဗျာ။ ဒါပေမဲ့ စာမေးပွဲကျရင် ကိုယ့်ကျောင်းမှာ ကိုယ်တက်စရာ အတန်းမရှိတော့တဲ့၊
တစ်နည်း ကိုယ့်ရဲ့ အငယ်တန်း (junior) တန်းမရှိတော့တဲ့ တက္ကသိုလ်တစ်ခု မြန်မာနိုင်ငံမှာ
ရှိခဲ့ဘူးပြီး ထိုတက္ကသိုလ်ရဲ့ နောက်ဆုံးbatch ကျောင်းသားတွေဟာ ကျောင်းသားတွေရဲ့ မဟာအခွင့်အရေးဖြစ်တဲ့
စာမေးပွဲကျခွင့် ဆုံးရှုံးခဲ့ဘူးပါတယ်။
ဒီအကြောင်းတွေကို စပြောရရင်
ကိုယ်တွေရဲ့ခေတ်က သင်ရိုးတွေနဲ့ တက္ကသိုလ်ဝင်ခွင့်တွေက စရလိမ့်မယ်။ ကိုယ်တွေနှစ်တွေ
တုန်းက သင်ရိုးက မြန်မာစဘာသာာ၊ အင်္ဂလိပ်စာဘာသာာ၊ သချာင်္ဘာသာ၊ ရူပ၊ဓာတု၊ဇီဝပေါင်းပြီး
သိပ္ပံဘာသာ၊ သမိုင်း၊ပထ၀ီ၊ဘောဂ ပေါင်းပြီး ၀ိဇ္ဇာဘာသာ ဆိုပြီး ၅ ဘာသာရှိတယ်။ တက္ကသိုလ်ဝင်ခွင့်က
အမှတ်နဲ့ပဲ။ ရန်ကုန်၊ မန္တလေး ဆေးတက္ကသိုလ်ပေါင်းပြီး ကျောင်းသား ၅၀၀ လက်ခံတယ်။ ပြီးရင်
ကိုယ်တွေရဲ့ ကျောင်းသားသမိုင်းမှာ အစဉ်အလာကြီးခဲ့တဲ့ RIT ကနေ ဆင်းသက်လာတဲ့ ရန်ကုန်၊မန္တလေး
နည်းပညာတက္ကသိုလ် ၂ရပ်ပေါင်းပြီး ကျောင်းသား ၁၅၀၀ လက်ခံတယ်။ စာသင်နှစ်က ခြောက်နှစ်။
၁၉၉၆ ခုနှစ်ဒီဇင်ဘာမှာ
ကျောင်းသားအရေးအခင်း တစ်ခုလှည်းတန်းမှာ ဖြစ်တယ်။ လူအသေအပျောက် မရှိပေမဲ့ စစ်အစိုးရက
ရက်ရက်စက်စက် ရုပ်ရုပ်မာမာ ဖြိုခွဲပြီး ခေါင်းဆောင်ပိုင်းတွေကို ထောင်နှစ်ရှည်ချပြစ်တယ်။
တက္ကသိုလ်တွေကိုလည်း အကန့်အသတ်မရှိ ပိတ်ပြစ်ပြီး ရန်ကုန်ဧရိယာထဲက တက္ကသိုလ်တွေကို မြို့ပြင်ရွှေ့ပစ်တဲ့
စီမံကိန်းကြီး စတင်တယ်။ ၁၉၉၆ မှာကိုယ်က ကိုးတန်း။
၁၉၉၈ မှာ ကိုယ်ဆယ်တန်းအောင်တယ်။
ဖြေပြီးကတည်းက ကိုယ့်အခြေအနေကို ကိုယ်သိတယ်။ ကိုယ်ဆယ်တန်း အထိ ကိုးတန်း ပထမလပတ်တုန်းက
တစ်ကျောင်းလုံးမှာ ၈၀% လောက် ဆရာမေးခွန်းကွန့်ထုတ်လို့ ကျခဲ့ဘူးတဲ့အထဲ ပါခဲ့တာက လွဲလို့
ဖြေပြီးတာနဲ့ အောင်စာရင်းဆိုတာကို ရင်ကို မခုန်ခဲ့တာလေ။ ကိုယ်ဖြေပြီးတာနဲ့ ကိုယ့်အခြေအနေကိုယ်သိတယ်။
ကိုယ်သိထားတဲ့ အတိုင်းပါပဲ result က။ ကိုယ်ဆေးကို အမှတ်မမှီဘူး။ နည်းပညာ တက္ကသိုလ်မှီတယ်လေ။
အဲ့တုန်းက ကိုယ်က အင်ဂျင်နီယာ ဖြစ်ချင်ခဲ့တယ် (ဖြစ်ချင်တယ်လို့ ထင်ကောင်းထင်ခဲ့တာလည်း
ဖြစ်နိုင်တယ်) လေ။ ဒါနဲ့ပဲ ကိုယ် တက္ကသိုလ်ဝင်ခွင့်မှာ နည်းပညာတက္ကသိုလ်ကို ဦးစားပေးလျှောက်တယ်။
လျှောက်တဲ့အတိုင်းရတယ်။ ဒါပေမဲ့ တက္ကသိုလ်တက်ဖို့ သုံးနှစ်လောက် ထိုင်စောင့်ခဲ့ရတယ်လေ။
ရန်ကုန်ဧရိယာထဲကကျောင်းတွေ မဲဇာပို့ပြီးအောင် အတွက်ပေါ့။
၁၉၉၈ မတ်လမှာ ဆယ်တန်းဖြေအပြီး၊
သြဂုတ်လမှာ အောင်စာရင်းသိအပြီး၊ ဒီဇင်ဘာမှာ ဘယ်တက္ကသိုလ် တက်ရောက်နိုင်တယ်ဆိုတာ သိအပြီး
ဖြစ်ပေမဲ့ ၂၀၀၁ ခုနှစ် ဇန်န၀ါရီလ တစ်ရက်နေ့မှ တက္ကသိုလ် ကျောင်းသားဖြစ်ခဲ့တယ်။ နည်းပညာ
တက္ကသိုလ်အတွက် ကျောင်းသား တစ်ထောင့်ငါးရာ ဆိုပေမဲ့ မတက်တဲ့ သူအချို့လည်း ရှိသေးတယ်ပေါ့။
အဲဒီတုန်းက GTI တွေကနေ GTC ပေါင်းကူးဆိုပြီး စနေတဲ့ ခေတ်ဦးမှာပေါ့။ ကိုယ်တွေဟာ တက္ကသိုလ်ဆိုတဲ့
ဆိုင်းပုဒ်ကြီးအောက် မှာ စစခြင်း မရောက်ခဲ့ရပါဘူး။ ရန်ကုန်က ကျောင်းသားတွေဟာ မှော်ဘီ
GTC နဲ့ သန်လျှင် GTC တို့မှာ ပထမနှစ် နဲ့ ဒုတိယ နှစ်ကို တက်ခဲ့ရတယ်လေ။ (အဲဒီတုန်းက
YIT မှာက ပထမ နဲ့ ဒုတိယ ကို Major မခွဲဘဲ တတိယနှစ်မှ မေဂျာခွဲတာလေ)။ ကိုယ်က မှော်ဘီမှာ
တက်ခဲ့ရတော့ မြင်သာမြင်ရ မကြင်ရတဲ့ ကြို့ကုန်းကျောင်းကြီးကို နေ့စဉ် နံနက်ဝေလီဝေလင်းမှာ
ငေးမောလို့ပေါ့။ ကိုယ်တို့တွေကို နိုင်ငံတော် က ဘယ်လောက်တောင် ချစ်လဲဆိုတော့
Senior နဲ့ Junior တောင်မှ သွေးခွဲသေးတယ်လေ။ ကျောင်းအုပ်မကြီးက ကိုယ်တွေကို အကြီးတန်းတွေနဲ့
မပေါင်းနဲ့ ဘာညာပေါ့။ ဒါပေမဲ့ ကိုယ်တွေက ရာဇ၀င်တစ်လျှောက် စည်းလုံးခဲ့ပြီးသားလေ။ ဒီလိုနဲ့
အပြင်နှစ်ကာလ တစ်နှစ်ခွဲ အကြာ ကိုယ်တို့ ပထမနှစ်နဲ့ ဒုတိယနှစ် ပြီးတော့ ရန်ကုန်နည်းပညာတက္ကသိုလ်
ဆိုပြီး လှိုင်သာယာ မြို့အစွန်က တက္ကသိုလ်ကြီးကို ရောက်ခဲ့တယ်။ ကိုယ်တို့တွေလည်း
Major အသီးသီး ကွဲလို့ပေါ့။
ကိုယ်တွေရဲ့ Senior တွေက
ကိုယ်တွေကို Flesher Welcome တွေလုပ်ပေးတယ်။ ဒါပေမဲ့ ကိုယ်တွေမှာ Junior ဆိုတာ မရှိခဲ့ဘူး။
ကိုယ်တွေမှာ ညီလေး၊ ညီမလေး ခေါ်ဖို့အတွက် နောက်တစ်တန်းမရှိတော့ဘူး။ တစ်သက်လုံး ကျောင်းသားလှုပ်ရှားမှုတိုင်းကို
ဦးဆောင်ခဲ့တဲ့ Rangoon Institute of Technology (RIT)၊ Yangon Institute of
Technology (YIT)၊ ကနေဆင်းသက်လာတဲ့ Yangon Technological University (YTU) ဆိုတဲ့ အစဉ်အလာ ကြီးမားခဲ့တဲ့ တက္ကသိုလ်ကြီးကို
နအဖ စစ်အစိုးရက ရည်ရွယ်ချက်ရှိရှိနဲ့ ဖျက်သိမ်းပြီး အင်ဂျင်နီယာ မျိုးဆက်တစ်ခုကို သတ်ပစ်ခဲ့တယ်လေ။
ကိုယ်တွေကိုလည်း မြန်မြန်မတွေ့လေ ကောင်းလေဆိုပြီး ၁၈ ပါတ် သို့မဟုတ် ၄ လခွဲကို စာသင်နှစ်
တစ်နှစ်၊ သက္ကရာဇ် တစ်နှစ်မှာ ပညာသင်နှစ် နှစ်နှစ်အပြီးတဲ့…။ အဲလိုအဲလို အချစ်ခံခဲ့ရတယ်။
ကိုယ်တွေမှာ နောက်အတန်းမရှိရင်လည်း
ကျောင်းသားဆိုတာ စာမေးပွဲကျခွင့်ရှိတယ်လေ။ အဲဒီအခွင့်အရေးကိုလည်း ဒီတက္ကသိုလ်ကြီး မြန်မြန်မရှိလေ
စိတ်ချမ်းသာလေဆိုတဲ့ စစ်အစိုးရရဲ့ စေတနာအောက်မှာ ကျရင် GTC ကိုသွားတဲ့။ ခက်တာက YTU
ရဲ့ Major အချို့ဟာ GTC မှာ မရှိသေးဘူး။ Archi တို့ Aero တို့ Mining တ၊ို့ Textile
… တို့ပေါ့။ အဲဒီအထဲကမှ Archi မှာ ကျောင်းသားများတယ်လေ။ ပညာရေး စနစ်ကြီးမှာ ကိုယ်တွေကို
မျက်နှာလွဲခဲပစ် မဖြစ်အောင် အခွင့်အရေး တစ်ခုတော့ ပေးထားပါတယ်။ Re-exam ဆိုပြီး ကျတဲ့ဘာသာတွေကို
နောက်တစ်ကြိမ် ပြန်ဖြေခွင့်…။ ဘာပဲ ဖြစ်ဖြစ် ပြန်ပဲ ဖြေရဖြေရ မဖြေဘဲ ပဲနေရနေရ.. ကျောင်းသားဆိုတာ
ပေခွင့်ရှိတယ်။ တေခွင့်ရှိတယ်။ တစ်တန်းမဖြေခွင့်ရှိတယ်။ စာမေးပွဲ ကျခွင့်ရှိတယ်။ ဒါပေမဲ့
ကိုယ်တွေက ကျောင်းသာအခွင့်အရေး ဆုံးရှုံးခဲ့တယ်လေ။
Archi ကိုစိတ်ဝင်စားတဲ့သူတွေများတယ်။
ဒါပေမဲ့ Archi ယူဖို့လုပ်ပြီးမှ Ec ပြောင်းယူခဲ့တဲ့သူတွေများခဲ့တယ်။ ဘာလို့လည်း ဆိုတော့
ကျရင်တောင် Ec က GTC မှာသွားတက်လို့ရသေးတယ်။ ပြီးတော့ Ec က ကျောင်းသားတွေကို စာမေးပွဲ
မချဘူး။ ဆရာ၊ဆရာမတွေက စာတတ်ခြင်း မတတ်ခြင်းဆိုတာထက် ကျောင်းသားတစ်ယောက် ရသွားမဲ့ စိတ်ဒဏ်ရာကို
နားလည်တယ်။ ဒါကြောင့်ပဲ ဘွဲ့လွယ်လွယ်ရတဲ့ Ec ဟာ လူများတာထက်ပိုပြီး လူများခဲ့တယ်။
(ကိုယ်လည်းအပါအ၀င်ပေါ့)
ကိုယ်တွေ 4th
Year Final Exam ဖြေကာနီးမှာ နိုင်ငံရေး လှုပ်ရှားမှု သေးသေးလေး တစ်ခုမှာ ကိုယ်တို့ ကျောင်းက
ကျောင်းသား အချို့ဟာ ခင်ညွှန့်ရဲ့ နာမည်ကြီး စစ်ကြောရေးကို ရောက်ခဲ့ကြသေးတယ်လေ။ ပြန်တော့လွတ်လာခဲ့ပါတယ်။
အဲအထဲက ကျောင်းသား အများစု စာမေးပွဲမှာ ပထမအဆင့်ကျလို့ Re-exam ဖြေရတယ်။ Re-exam မှာ
Ec က ကိုယ်တွေရဲ့ Senior အစ်ကိုကြီးထပ်ကျတယ်။ သူကိုယ်တို့ batch မှာ အတန်းရှိပေမဲ့
သူ့ယုံကြည့်ချက်နဲ့ သူကျောင်းထွက်သွားခဲ့တယ်။ (သူယုံကြည်ရာ နယ်ပယ်မှာ ခုချိန် သူအောင်မြင်ခဲ့တယ်လေ)။
ပြီးတော့ Archi က ကိုယ့်သူငယ်ချင်းတစ်ယောက်.. သူ re-exam မှာ သူဖြေနိုင်တယ်လို့ပဲ ပြောရမှာပေါ့…
အဲဒါ ဘေးက သူငယ်ချင်းကို သူ့ဆီက ကူးဖို့ ပြောတယ်။ ဘေးကတစ်ယောက်က ပျင်းတယ်ဆိုပြီး အကုန်တောင်
မကူးဘူး။ စာမေးပွဲခန်းထဲမှာ အိပ်နေတယ်။ ကိုယ့်သူငယ်ချင်းက ကျတယ်။ သူ့ဆီက ကူးတဲ့သူက
အောင်သွားတယ်။ ကိုယ်တွေမှာ Complain တက်ခွင့်မရှိဘူး။ GTC မှာ Archi မရှိဘဲ Archi က
ကျတဲ့သူက GTC မှာ Civil ယူရမယ်တဲ့။ ဒါနဲ့ပဲ သူကျောင်းက ထွက်သွားတယ်။
ကိုယ်အမြဲအမှတ်ရမဲ့ စကားတစ်ခွန်း
ပြောခဲ့ဘူးသေးတယ်လေ။ ကိုယ် 5th Year Re-exam မှာထင်တယ်။ (Re-exam ဖြေရတယ်ဆိုကတည်းက
ပေပေတေတေ နေခဲ့တဲ့သူတွေ များတယ်ဆိုတာ ၀န်ခံပါတယ်။) Re-exam ပြန်ဖြေရတဲ့ တစ်ဘာသာ မှာ
Civil က ဆရာတစ်ယောက်ရယ် ကိုယ်တွေနဲ့ အရမ်းခင်တဲ့ Ecက ဆရာမရယ်စောင့်တယ်။ ဆရာက ဆယ်တန်းမှာ
ခိုးချတာ ဖမ်းသလိုကို ဖမ်းတာ။ ကိုယ်တွေ စာမေးပွဲဖြေချိန် တစ်နာရီလောက်အထိ ဘာမှ ဖြေလို့
မရသေးဘူး။ အဲဒီဘာသာက ဘာမေးရင် ဘာကူးမယ်ဆိုပြီး ပြင်ဆင်ထားတဲ့ ဘာသာလေ။ အလွတ်ကျက်ရ လည်း
အရမ်းခက်တယ်။ မိနစ် ၂၀ လောက် ကောင်းကောင်း ကူးနိုင်ရင် အောင်တဲ့ဘာသာလေ။ အိမ်သာထဲ တစ်ခါသွား
တစ်ခါဖမ်းနဲ့.. နောက်ဆုံး ကိုယ်က ကိုယ့်ဆရာမကို စကားတစ်ခွန်းထပြောခဲ့တယ်လေ။
“Teacher, သားတို့မှာ စာမေးပွဲကျရင် တက်စရာ ကျောင်းမရှိတော့ဘူးးနော်” လို့…
ဆရာမ တစ်ချက်ငိုင်သွားတယ်။ ပြီးတော့ အဲဒီဆရာကို ဆူဆူပူပူလုပ်ပြီး ငါဘာမှ မသိဘူးနော်
ရုပ်တော့ မပျက်စေနဲ့ဆိုပီး စာမေးပွဲခန်းထဲက ထွက်သွားတယ်။ အဲဒီကျမှ ကူးလို့ နောက်တစ်တန်းရောက်ခဲ့ဘူးတာလေ။
ကိုယ်ပြောခဲ့တဲ့ စကားကို ကိုယ်လည်း ခုထိ မမေ့သေးဘူး။
ကိုယ်တွေ ကျောင်းပြီးခဲ့တာ
၂၀၀၄ ဇွန်၊ ဘွဲ့ရတာ ၂၀၀၄ နိုဝင်ဘာဆိုတော့ ခုဆို ဆယ်စုနှစ်တစ်ခု ရှိခဲ့ပါပြီလေ။ အချို့ခုလက်ရှိ
တက္ကသိုလ်ကျောင်းသားတွေလည်း ဟိုကောင် သန်းရွှေမြေး တက်ချင်တယ်ဆိုလို့ အသစ်ပြန်ဖွင့်တဲ့
West Yangon Technological University ဆိုတဲ့ ကျောင်းကြီးရဲ့ တစ်ချိန်က သမိုင်းကျောင်းတွေကို
သိမှာ မဟုတ်တော့ပါဘူး။ ကိုယ်တွေ တက်ခွင့်မရခဲ့တဲ့ သမိုင်းအစဉ်အလာကြီးတဲ့ ကြို့ကုန်းကျောင်းကြီးတော့
ပြန်ဖွင့်မယ်လို့ ကြားမိတယ်။ အဲဒီကနေ အစဉ်အလာ ရှိတဲ့ ကျောင်းသားတွေ ဆက်လက်ထွက်ပေါ်လာဖို့ပဲ
မျှော်လင့်မိပါတယ်လေ…။
PS : ကိုယ်ကျောင်းပြီးခဲ့တာ
ဆယ်စုနှစ် တစ်ခုစာ အမှတ်တရလည်း ရေးချင်တယ်။ ပြီးတော့ ဘောလုံးနှစ်သင်းစာ ခွဲကန်လို့ရအောင်
စာမေးပွဲ ကျထားတဲ့ ကိုယ့်ညီငယ်၊ ညီမငယ်လေးတွေကိုလည်း ကိုယ်တွေရဲ့ ကျောင်းသာဘ၀ ကိုပြောပြချင်တယ်။
ဒါကြောင့် ဒီစာလေး ရေးလိုက်တယ်။ ကိုယ်ပညာရေး စနစ်ကောင်းမကောင်းကို မပြောလိုဘူး။ ဘွဲ့
အကြောင်းမပြောလိုဘူး။ ဒါပေမဲ့ ကျောင်းသားမှန်ရင် စာမေးပွဲကျခွင့်ရှိတယ်၊ ကျတဲ့ ကျောင်းသားဟာ
ကျတဲ့အတန်းမှာ နောက်တစ်တန်း ထပ်နေခွင့် ရှိတယ်ဆိုတာပါပဲ။ ဒါလည်း ကျောင်းသားတစ်ယောက်ရဲ့
စစ်မှန်တဲ့ အခွင့်အရေးလေ။
ကိုဇေ
November 20, 2014
(Thursday)
3:07PM