Tuesday, February 16, 2016

ကျနော် ခြောက်တန်း တုန်းက…



ကျနော် ခြောက်တန်းတုန်းက အ.ထ.က (၁) ဒဂုံကိုပြောင်းတယ်။ ၁၉၉၃ ခုနှစ်။ အဲဒီတုန်းက ကျနော်နေတာက ၀ဂ္ဂီရိပ်သာ (ခုပြည်ရိပ်မွန်အိမ်ရာ A ဆိုက်) မှာ။ ကျောင်းက မြို့ထဲဆိုတော့ ဖယ်ရီနဲ့ သွားရတယ်။ ဖယ်ရီက ဂျပန်ခေတ်က သစ်သားဘတ်စ်ကားကြီး။ ဖယ်ရီစီးရင် နောက်ဆုံးပေါက်ကနေ ထိုင်စီးတယ်။

ကျနော် ခြောက်တန်းတုန်းက ကျောင်းချိန်က နေ့လည် ၁၂ ကနေ ညနေ ၅ နာရီအထိ။ ညနေပိုင်းအတန်းမှာ ၆ တန်းက အကြီးဆုံး။ ကျနော် ဘောင်းဘီတိုပဲ ၀တ်ဖြစ်တာများတယ်။ ကျနော်တို့ ကျောင်းမှာက ညနေပိုင်းကို ဘောင်းဘီ၊ ဂါဝန်ဝတ်လို့ရတယ်။ နံနက်ပိုင်းအတန်းကျမှ ပုဆိုး၊ထဘီ ၀တ်ရတယ်။

ကျနော် ခြောက်တန်းတုန်းက ပုဆိုးလုံးဝ မ၀တ်တတ်သေးဘူး။ ဖယ်ရီက ၀ဂ္ဂီရိပ်သာလမ်းထိပ်ကို နံနက် ၁၁ လောက်လာခေါ်တယ်။ ကျောင်းမသွားခင် ထမင်းစားသွားတတ်တယ်။ နေ့လည် မုန့်စားကျောင်းဆင်းချိန်က နေ့လည် ၂နာရီ ၁၅ မိနစ်။ ထမင်းဘူးထည့်လေ့ ထည့်ထ မရှိဘူး။ ကျောင်းဆင်းလို့ အိမ်ပြန်ရောက်ရင် ၅ ခွဲကျော်ကျော်လောက်။ ကျောင်းက စနေ၊ တနင်္ဂနွေ၊ ၀ါတွင်းဆို ဥပုသ်၊ တနင်္ဂနွေ ပိတ်တယ်။

ကျနော် ခြောက်တန်းတုန်းက မုန့်ဖိုး ၁၀ ကျပ်ရတယ်။ မာမာ ကကျနော့်ကို မုန့်ဖိုးကို တစ်ပါတ်စာပေါင်းပေးတယ်။ ကျောင်းဖွင့်ရက်၅ ရက်အတွက် ငါးဆယ်နဲ့ ပိတ်ရက်အတွက် တစ်ရက် ၅ ကျပ် နှစ်ရက်စာ တစ်ဆယ်၊ စုစုပေါင်း ခြောက်ဆယ်။ များသောအားဖြင့် တစ်ဆယ်တန် ခြောက်ရွက် သို့ တစ်ဆယ့်ငါးကျပ်တန် ၄ ရွက်ပေးတတ်တယ်။ ကျနော် မုန့်စားဆင်းချိန်ဆို Mirinda တစ်ပုလင်းပုံမှန်သောက်တယ်။

ကျနော် ခြောက်တန်းတုန်းက J ခန်းမှာတက်ရတယ်။ ကျောင်းသားသစ်ဆိုရင် နောက်ဆုံးအခန်းကို ပို့တယ်လေ။ အခန်းရဲ့ တစ်ဝက်ကျော်ကျော်လောက်က ကျောင်းသားသစ်တွေများတယ်။ ကျနော် အဆင့် ၁ ကနေ ၃ အတွင်း အမြဲဝင်တယ်။ တစ်ခါတစ်ခါ ဗရုတ်ကျတာလေး ရှိပေမဲ့ စာဆိုအမြဲရတော့ ဆရာမတွေက ချစ်တယ်။

ကျနော် ခြောက်တန်းတုန်းက အချစ်ဆုံးသူငယ်ချင်းက တင်အောင်ဇော်။ သူနဲ့ ကျနော် တစ်ခန်းတည်း၊ ကျောင်းကားလည်း စီးဖော်စီးဖက်၊ သူကလည်း လှည်းတန်းမှာနေတာဆိုတော့ ဆော့ဖော်ဆော့ဖက်လည်း ဖြစ်ခဲ့တာပေါ့။ (သူ နဲ့၇ တန်းမှာ အခန်းကွဲသွားတယ်။ ပြီးတော့သူက ၉ တန်းတစ်နှစ်၊ ဆယ်တန်း တစ်နှစ်ကျတယ်။ ကျောင်းပြီးသည် အထိတွဲဖြစ်တုန်း၊ သူ ၂၄ နှစ်မှာ ကိုယ့်ကိုယ်ကို ကြိုးဆွဲချပြီး သက်သေသွားတယ်)

ကျနော် ခြောက်တန်းတုန်းက ကျော်စည်သူတိုးဆိုတဲ့ သူငယ်ချင်း အိမ်က ပိုက်ဆံ ၄၅ ကျပ်ခိုးလာတယ်။ အဲဒီပိုက်ဆံနဲ့ ကျနော်တို့ကို မုန့်လိုက်ကျွေးတယ်။

ကျနော် ခြောက်တန်းတုန်းက ရပ်ကွက်ထဲက ဆရာကြီး ဦးခင်မောင်ဦးဆီမှာ အင်္ဂလိပ်စာ ကျူရှင်ယူတယ်။ သူက လူပျိုကြီး။ တပည့်တွေ အပေါ် အရမ်းအနွံနာခံတတ်တယ်။ သူ ၂၀၁၀ လား ၁၁ လားမသိ၊ အဲဒီကျမှ ဆုံးသွားတာ။ ဆုံးတဲ့အထိ အင်္ဂလိပ်စာပဲ ကျူရှင်ပြလာခဲ့တာ။

ကျနော် ခြောက်တန်းတုန်းက ကျောင်းပိတ်ရက် ညနေပိုင်းတွေဆို ကြံတော ခရစ်ယန်သချိုင်းထဲမှာ စွန်သွား လွှတ်တတ်တယ်။ တစ်ခါတစ်လေ တူတူပုန်းတန်းဆော့တယ်။ ကောလိပ်ဂျင်နေ၀င်း အုတ်ဂူက ၈၈ အရေးအခင်းတုန်းက နှစ်ခါပြန်အဖောက်ခံထားရတော့ အကျယ်ကြီးပဲ။ အဲအထဲ ၀င်ဝင်ပုန်းကြတာ။ လူကြီးတွေ မကြိုက်ပေမဲ့ ကျနော် တို့က မကြောက်ဘူး။ တစ်ခါတစ်လေ တရုတ်သချိုင်းထဲက စကားပင်တွေအောက်မှာ ဇယ်သွားတောက်ကြတယ်။ ဗမာသချိုင်းတော့ သိပ်သွားလေ့မရှိဘူး။ ခရစ်ယာန်နဲ့ တရုတ်ချိုင်းက အမြဲပြုပြင်ထိန်းသိမ်းနေပေမဲ့ ဗမာသချိုင်းက အသုဘချပြီး ပြီးသွားရောလေ။ ပြန်လာမကြည့်ကြတော့ မြက်တွေထူလို့။

ကျနော် ခြောက်တန်းတုန်းက ရပ်ကွက်ထဲက ရွယ်တူ သူရိန်မြင့်ဆိုတဲ့ သူငယ်ချင်းက ဖွန်ကြောင်တတ်နေပြီ။ ကျနော်က အဲတုန်းက အဲဒါတွေ နားမလည်သေးဘူး။ သူလိုင်းပေါက်ဆရာများ အိမ်ရာမှာ နေတဲ့ ခိုင်ဝေဖြိုးဆိုတဲ့ ကောင်မလေး ခြံထဲ တစ်ည ၈ နာရီလောက်သွားတာ အဖော်ခေါ်သွားတယ်။ ခွေးတိုးပေါက်ကနေ တိုးသွားတာ။ သူ့အခန်းကို ပြတင်းပေါက်မှန် သွားအခေါက် အဲကောင်မလေးက ဖေကြီးရေ သရဲလို့ အော်လို့ သူ့အဖေက သူခိုးကပ်တယ်ထင်ပြီး တုတ်လား ဓားလားဆွဲ အိမ်ထဲက ထွက်လာတာ။ အဲဒါနဲ့ ပုဏ္ဍရိပ်ပင်တွေကို လွှားကနဲ့ ခုန်ကျော်ပြေးခဲ့ရတယ်။

ကျနော် ခြောက်တန်းတုန်းက ဘေးအိမ်က ဘွားလေးက ဗွီဒီယိုပြတယ်။ နေ့ခင်းဆို မြန်မာကား၊ ညနေ ၆ နာရီဆို ကလေးတွေကြိုက်တဲ့ သိုင်းကားတို့ ဘာတို့ပေါ့။ တစ်ခါတစ်လေ သွားသွားကြည့်တယ်။ ဘရုစလီကားဆိုရင်တော့ အမြဲကြည့်တယ်။ ဘွားလေးရော သူ့အစ်ကိုရော သူ့အမေရော ဘယ်သူရုံစောင့်စောင့် ကျနော့ကို ပိုက်ဆံမယူဘူး။ ည ၈နာရီခွဲကျတော့ လူကြီးသီးသန့်တဲ့။ ဘွားလေး အစ်ကိုက အဲအချိန်ဆို ကျနော်တို့ကို ပေးမ၀င်ဘူး။ ဒါပေမဲ့ သူမအားလို့ ဘွားလေး ရုံစောင့်ကျရင် ဘွားလေးက ခေါ်တယ်။ အပြာကားကို အဲတုန်းက ဘာမှနားမလည်ခဲ့ဘူး။ ဘာတွေမှန်း မသိပါဘူးကွာဆို ပြီး သုံးလေးခါလောက် ကြည့်ပြီး မသွားဖြစ်တော့ဘူး။

ကျနော် ခြောက်တန်းတုန်းက တရုတ်ပြည်က ဗုဒ္ဒစွယ်တော် ရန်ကုန်ကို ပထမဆုံးအကြိမ်ရောက်တယ်။ အဲတုန်းက ဒီဇင်ဘာလကြီး၊ ကျောင်းတွေပိတ်ထားတယ်။ ကမ္ဘာအေး မှာစံပါယ်တယ်။ ရက်ခြားလိုလို သူငယ်ချင်းတွေနဲ့ သွားဖူးတယ်။ ဘွားလေး၊ သူရိန်၊ တိုးလေး၊ ရာဇာ… တို့ပေါ့။ တန်းစီရတာ အကြာကြီးလေ။ အဲဒါပျော်လို့။

ကျနော် ခြောက်တန်းတုန်းက စွယ်တော်သွားဖူးရင်းနဲ့ ဆေးလိပ်သောက်တတ်ခဲ့တယ်။ အဲဒီတုန်းက စွပ်ကျယ်နဲ့ ဘောင်းဘီတိုလေး။ ရာဇာဆိုတဲ့ သူငယ်ချင်းတစ်ယောက်၊ သူက ကျနော့်ထက် အသက်ကြီးပေမဲ့ စာမေးပွဲခနခန ကျလို့ ၆ တန်းပဲ။ သူက ဆေးတောင် ချနေပြီလေ။ သူသင်ပေးတာနဲ့ စသောက်တတ်တာ။ အဲတုန်းက ဒူးယား။ စသောက်တာနဲ့ အဆင်ကိုပြေလို့။ ရှိုက်ပြီး ထုတ်ရတဲ့ အရသာ သိပ်ကြိုက်ခဲ့တယ်။ အမ်း ဆေးလိပ်က ကျနော့် သစ္စာအရှိဆုံး အဖော် ခုထိ ဖြစ်ခဲ့တယ်။ (ကံဆိုးတာက ကျနော့် ခန္တာကိုယ်မှာ မကောင်းဆုံးက အဆုတ်၊ ၂၀၀၇ တုန်းက ဆေးရုံတက်ပြီး ခွဲရသေးတယ်။ အဲကတည်းက ဆရာဝန်က ဆေးလိပ်ဖြတ်ခိုင်းတာ ကျနော် ခုထိနားမထောင်သေးဘူး)

ကျနော် ခြောက်တန်းတုန်းက ဘ၀မှာ ပထမဆုံးကျောင်းပြေးဘူးတယ်။ တရုတ်နှစ်သစ်ကူးနေ့မှာပေါ့။ ကျောင်းကို အဲဒီနေ့က ၁၀ ခွဲလောက်ကတည်းက ရောက်နေတာ။ ကျောင်းထဲအထိ ၀င်ပြီးမှ ဘောလုံးကွင်းနောက်ဘက် သံဇကာ ကိုဖြဲပြီးပြန်ထွက်တာ။ အဲဒီတုန်းက ကျနော်၊ တင်အောင်ဇော်၊ ဟန်ထွန်း နဲ့ သိန်းထိုက်မြင့်တို့ လေးယောက်။ ကျောင်းအကျီချွတ်ပြီး အောက်ကစွတ်ကျယ်ရယ် ကျောင်းဘောင်းဘီတိုရယ်နဲ့ပဲ။ ဟန်ထွန်းက တရုတ်။ သူကအန်ပေါင်းရထားတော့ အကုန်ဒကာခံတာ။ ကျနော်တို့ ကန်တော်မင် ပန်းခြံထဲသွားတယ်။ လှေလှော်ကြတယ်။ သစ်သားလှေကြီးတွေ၊ ကျနော် နဲ့ တင်အောင်ဇော်က တစ်စီး။ ငှားတာက တစ်နာရီပဲ၊ ကမ်းကို ပြန်မကပ်တတ်လို့ သုံးနာရီလောက် ကြာသွားတယ်။ စာအုပ်တွေလည်း ရေစိုကုန်တယ်။ (အိမ်ကျတော့မှ မီးကင်လိုက်ရသေးတယ်) ဟန်ထွန်းမှာ ကင်မရာပါတယ်။ အဲဒီတုန်းက ဖလင်ခေတ်။ (ဓာတ်ပုံတွေက တော်တော်ကြီးကြာမှ အစိုပြန်ပျက်သွားတာ)

          ဒါလေးတွေက ကျနော် ခြောက်တန်းကျောင်းသား ၁၉၉၃ - ၉၄ ခုနှစ် မှတ်မိသမျှတွေပေါ့။

                  





ကိုဇေ
ဖေဖော်ဝါရီ (၁၇) ရက်၊ ၂၀၁၆ ခုနှစ်၊ နေ့လည် ၂နာရီ ၅၁ မိနစ်။


(သတိရမိတာများရှိရင် နောက်မှ ထပ်ဖြည့်ပါဦးမည်)

Monday, February 15, 2016

ကျနော် လေးတန်း တုန်းက…



ကျနော် လေးတန်းတုန်းက ပဲခူးတိုင်း သဲကုန်းမြို့နယ်ထဲက ပုတီးကုန်းဆိုတဲ့ မြို့လေးမှာ။ ကျနော့်အမေက ပုတီးကုန်းသူ။ ၁၉၈၈ အရေးအခင်းအပြီးမှာ ပုတီးကုန်းက အဖွားဆီ ခဏပြောင်းလာရင်း အဲဒီမှာပဲ နှစ်တန်း ဒုတိယနှစ်ကနေ ပြန်တက်ခဲ့တယ်။ ကျောင်းက အ.မ.က သီရိဇေယျာမှာ။ ၁၉၉၁ ခုနှစ်။ ကျောင်းမှာ ကျောင်းအုပ်ကြီးအပါအ၀င် ဆရာ/ဆရာမ ၅ ယောက်ပဲရှိတယ်။

ကျနော် လေးတန်းတုန်းက မာမာ (ကျနော့်အမေကို ကျနော် အဲဒီလိုခေါ်တယ်) က မုန့်ဖိုးတစ်နေ့တစ်ကျပ်ပေးတယ်။ အဲဒီခေတ်တုန်းကတော့ တော်တော်များတဲ့ ပမာဏလို့ ပြောလို့ရတယ်။ ကျောင်းမှာ မုန့်ဈေးတန်းမရှိဘူး။ နေ့လည်ဆို ထမင်းအိမ်ပြန်စားရတယ်။ အဲဒီပိုက်ဆံတွေ ကျနော် သုံးပြစ်ခဲ့လား စုမိသလားဆိုတာ မမှတ်မိဘူး။

ကျနော်လေးတန်းတုန်းက ကျောင်းက ၀ါတွင်းဆို အဖိတ်နေ့ နဲ့ ဥပုသ်နေ့ ပိတ်တယ်။ မှတ်မှတ်ရရ ၀ါတွင်းတစ်ခုသော တနင်္ဂနွေ အိမ်ပြန်ထမင်းအစား မြန့်မာ့အသံက ရွှေဂေါင်းပြောင်ကား လာနေတယ်။ နေ့ခင်းကျောင်းပြန်တက်ချိန်အထိ မပြီးဘူး။ ကျနော်က ကျောင်းပြန်မသွားဘူးဆိုပြီး အတင်းဂျီကြတယ်။ မာမာက အတင်းလွှတ်ပေမဲ့ ဖွားဖွားကြီးက ကလေးရုပ်ရှင်ကြည်ပါစေဆိုလို့ ကျနော် ကျောင်းမသွားဘဲ ဆက်ကြည့်ဖြစ်တယ်။ ညနေကျ ကျနော် နေ့ခင်း ကျောင်းပြန်မတက်လို့ ဆိုပြီး ဆရာမကြီး (ကျောင်းအုပ်) နဲ့ ဆရာမလေး အိမ်လိုက်လာတယ်။ ဆူသွားလား ဘာလားဆိုတာတော့ မမှတ်မိဘူး။

          ကျနော်လေးတန်းတုန်းက သီရိဇေယျာတစ်လမ်းထိပ်က ကျနော်တို့ အိမ်ရှေ့နားက ရေကန်မှာ ငါးလာမြှားကြတယ်။ ငပြေမတွေ။ သူတို့မိတဲ့ငါးကို နို့ဆီခွက်ထဲ ထည့်ထည့်ထားတယ်။ ကျနော်က အဲဒီနို့ဆီခွက်တွေထဲက ငါးတွေကို လစ်ရင်လစ်သလို ပြန်ပြန်လွှတ်ပေးဘူးတယ်။ ကျနော့် (ဆုံးသွားတဲ့) အဖိုး (သူက ဆန်စက်လုပ်ငန်းရှင် တစ်ဖြစ်လည်း နိုင်ငံရေးသမားဟောင်း) နဲ့ ကျနော့ဦးလေး အကြီးဆုံး (သူက ပုတီးကုန်း ရ၀တက အတွင်းရေးမှုးလေ) အရှိန်ကြောင့်ပဲထင်တယ်။ ကျနော် ဘာပဲ လုပ်လုပ် မပြောကြဘူး။

          ကျနော်လေးတန်းတုန်းက ဂျင်မပေါက်တတ်ဘူး၊ (ခုထိလည်း မပေါက်တတ်ခဲ့ဘူး) ကျနော့်မှာ BMX လေးတစ်စီးရှိတယ်။ ကျနော် သုံးတန်းတုန်းက အစ်မ၀မ်းကွဲသင်ပေးလို့ စက်ဘီးစီးတတ်ခဲ့တာလေ။ (အဲဒီတုန်းက ငှားပြီးသင်ပေးတာ၊ ဒူးပြဲပြီးမှ တတ်ခဲ့တာ၊ စက်ဘီးစီးတတ်တော့ ကျနော် စက်ဘီးဝယ်ပေးဖို့ ပူစာရင်း BMX လေးရခဲ့တာ)။ ညနေတိုင်းလိုလို စက်ဘီးပတ်စီးတယ်။ ကျနော် စက်ဘီးစီးရတာ ၀ါသနာပါတယ်။ ကျနော် စက်ဘီးစီးတာ အရမ်းကြမ်းတယ်လို့ ပြောကြတယ်။

          ကျနော်လေးတန်းတုန်းက ညနေဆို အစ်ကိုကြီးတွေက အိမ်နားက ဘောလီဘောကွင်းမှာ ဘောလီဘောပုတ်ကြတယ်။ ကျနော်က တစ်ခါတစ်လေ ဒိုင်လုပ်ပေးတယ်။ ပွဲပြီးရင် ကျနော့်ကို မစိမ်းမွှေးဆိုင်မှာ ဆန်ပြုတ်တိုက်တဲ့အခါ တိုက်တယ်။ ဗိုလ်ရုံမှာ အကြော်လိုက်ကျွေးတဲ့အခါ ကျွေးတယ်။
         
          ကျနော်လေးတန်းတုန်းက ကျနော့ထက် တစ်တန်းလား နှစ်တန်းလားမသိ ငယ်တဲ့ တစ်ကျောင်းတည်း တစ်လမ်းထဲနေတဲ့ ဆော့ဖော်ဆော့ဖက် ဝေမောင်ဆိုတဲ့ ကောင်လေး ဆုံးသွားတယ်။ ကျနော် ညဘက် ငိုမိသေးတယ်။

          ကျနော်လေးတန်းတုန်းက ကျောင်းပိတ်ရက်တွေဆို ကြက်ခတ်တန်းဆိုတဲ့ ရွာလေးက ဘုန်းကြီးကျောင်းမှာ သွားသွားဆော့တတ်တယ်။ အဲဒီကျောင်းမှာ ကျနော်တို့ ရဟန်းခံပေးထားတဲ့ ဦးဇင်းလေးရှိသလို ကျနော်လည်း ကိုရင်ဝတ်ခဲ့ဘူးတယ်လေ။ ဘုန်းဘုန်းက အခြားကိုယ်ရင်တွေဆို ဆူတယ်၊ရိုက်တယ်။ ကျနော့်ကို ဘယ်တော့မှ မဆူ၊ မရိုက်ဘူး။
         
          ကျနော် လေးတန်းတုန်းက ကျနော့် ၁၀နှစ်ပြည့်မွေးနေ့မှာ တစ်ကျောင်းလုံးကို ဆပ်ကြိုတိုက်တယ်။ ကျောင်းက ဆရာ၊ ဆရာမတွေကို နေ့လည်စာ အိမ်မှာ ထမင်းကျွေးတယ်။ ကျနော့်ကို အကျီ အနက်မှာ အ၀ါရောင်အရုပ်လေးတွေနဲ့ရယ်၊ ဘောင်းဘီတို အ၀ါလေးရယ် လက်ဆောင်ပေးသွားတယ်။

          ကျနော် လေးတန်းတုန်းက အတန်းထဲမှာ အမြဲ အဆင့် (၁) သို့ (၂) ရတယ်။ ကျနော် နဲ့ အေးအေးငြိမ်းဆိုတဲ့ ကောင်မလေး နဲ့ တစ်ယောက်တစ်လှည့်။ အဆင့် (၃) ကိုအမြဲတန်းရတာက ၀င်းဝင်းယုဆိုတဲ့ တရုတ်မလေး။ ကျနော့်ကို ဆရာမတွေရော ရပ်ကွက်ထဲက အစ်ကိုတွေကပါ အဲဒီ ကောင်မလေးနှစ်ယောက်နဲ့ အမြဲစတယ်။ ကျနော် ဘာမှ နားမလည်ခဲ့ဘူး။

          ကျနော်လေးတန်းတုန်းက အတန်းတင် စာမေးပွဲကြီးက အစိုးရစစ် စာမေးပွဲ။ စာမေးပွဲဖြေတော့ ကိုယ့်ကျောင်းမှာကိုယ် အခြားကျောင်းက ဆရာမတွေ လာစောင့်တယ်။ ကျနော် နဲ့ ရင်းနှီးတဲ့ ဆရာမတွေ မဟုတ်တော့ အားငယ်မိခဲ့သေးတယ်။

          ကျနော် လေးတန်းအောင်တော့ ကျနော်တို့ မိသားစု ရန်ကုန်ပြောင်းခဲ့တယ်။



ကိုဇေ
ဖေဖော်ဝါရီ (၁၅) ရက်၊ ၂၀၁၆ ခုနှစ်၊ နေ့လည် ၄နာရီ ၁၅ မိနစ်။


(သတိရမိတာများရှိရင် နောက်မှ ထပ်ဖြည့်ပါဦးမည်)

လက်ထပ်ပွဲ


ချစ်ခြင်းမေတ္တာဟာ
ပကာသန မပါဘဲ
ဖိတ်စာလိုက်ကမ်းတယ်။
ဟိုလူကြီး လက်စွပ် စွပ်ပေးဖို့ မလိုပါဘူး။
ဒီမော်ဒယ် ပန်းကြဲပေးဖို့ မလိုပါဘူး။
တစ်ယောက်နှလုံးသားပေါ်
တစ်ယောက်လက်မှတ်ထိုးလို့
ဇုခွဲခြမ်းခဲ့တဲ့ ကိုယ်နှစ်ခြမ်းဟာ
ဘဒ္ဒကမ္ဘာမှာ ပြန်လည်ပေါင်းစည်းခဲ့ကြတယ်။           ။


ကိုဇေ

13022015 at 2:41PM

Monday, February 8, 2016

ချစ်ခြင်းမေတ္တာ


ဘုရားအားလုံးရဲ့
တစ်ခုတည်းသော တရား။

ဘာသာအားလုံးအတွက်
ဘုံတူညီသော ကိုးကွယ်ရာ။

ကျွန်ပ်
နှလုံးသားထဲ၌
တစ်သက်တာ ဆည်းကပ်ရာအဖြစ်
ရှိခိုး ဦးချ မိပါ၏။


ကိုဇေ
February 7, 2016