သက္ကရာဇ် ၂၀၀၀ မတိုင်ခင်က
ကျွန်တော်တို့ အင်တာနက် ဆိုတာ ဘာလည်း မသိဘူး။ ဆယ်လူလာဆိုတဲ့ ဖုန်းတွေကလည်း အင်မတိ အင်မတန်
ချမ်းသာတဲ့ သူဌေးကြီးတွေပဲ ကိုင်ကြတာလေ။ ဆယ်လူလာတစ်လုံးက ဆန်နီပစ်ကပ်ကားတစ်စီးထက် တန်ဖိုးကြီးနေတာကို။
၂၀၀၃ လောက်ကစလို့ အင်တာနက်က တစ်နေ့တစ်ခြား ခေတ်စားလာခဲ့သလို ၂၀၁၀ နောက်ပိုင်းမှာ တော်တော်များများ
ဖုန်းကိုင်နိုင်တဲ့ အခြေအနေတစ်ခု ဖြစ်ခဲ့တယ်။ အဲဒီမှာ ကျွန်တော် မိုဘိုင်းဖုန်း၊ အင်တာနက်
မတွင်ကျယ်ခင် အခြေအနေ က ပေါင်းသင်းဆက်ဆံမှုတွေနဲ့ တွင်တွင်ကျယ်ကျယ် ဖြစ်လာတဲ့ အခြေအနေက
ပေါင်းသင်းဆက်ဆံမှုတွေကို ဘယ်လိုကွာခြားသွားလည်းဆိုတာကို ယှဉ်ကြည့်မိလိုက်တယ်။
ပထမဆုံး သူငယ်ချင်းအချင်းချင်းကြားက
အချိန်းအချက် ကိစ္စလေးတွေကို သတိထားကြည့်မိတယ်။ ကျွန်တော်တို့ ဟိုးအရင်တုန်းက သူငယ်ချင်းတွေ
ဆုံဖို့ ချိန်းကြရင် တစ်ပါတ်လောက်အလိုကတည်းက ဘယ်နေ့ ဘယ်အချိန် ဘယ်နေရာမှ အတိအကျတွေ့မယ်ဆိုပြီး
ချိန်းဆိုကြတယ်။ ကြားထဲ တစ်ယောက်နဲ့ တစ်ယောက်လည်း ပြန်မတွေ့ဖြစ်ကြတာများတယ်။ ဒါပေမဲ့
အဲလိုချိန်းပြီးရင် ဘယ်သူမှ နောက်မကျဘူး။ အချိန်အတိအကျနဲ့ ဆုံမှတ်ကိုရောက်အောင်လာကြတယ်။
တစ်ကယ်တော့ ကျွန်တော်တို့ ဘာမှ အခက်အခဲ မရှိကြပါဘူး။ ခုခေတ်ရောက်တော့ ချိန်းတဲ့အခါ
နေရာကို အတိအကျ မချိန်းကြတော့ဘူး။ အချိန်လည်း မတိကျကျတော့ဘူး။ အဲနားရောက်ရင် ဖုန်းဆက်လိုက်ကွာဆိုတဲ့
စကားက အစားထိုးဝင်ရောက်လာတယ်။ အဲဒီမှာ ပြသနာက စတာပဲ။ ဆက်သွယ်ရေးက လူကြီးမင်းခေါ်ဆိုသော
ဖုန်းမှာ ဘာညာကွိကွ ပြောတဲ့ မိန်းမနဲ့ တွေ့တဲ့အခါမျိုးဆို ပြသနာကတက်ရော။ ဒီထက်ဆိုးတာက
ကျွန်တော်လို ဟန်းဖုန်းမရှိတဲ့ ငမွဲခဗျာ အဲလိုနေရာတွေရောက်သွားရင် ဆက်စရာ PCO ဖုန်းမရှိလို့
လည်း ပြသနာကတက်တတ်တယ်ဗျ၊ ဥပမာ တစ်ခုပြောရရင် နယူးရီးယားညတုန်းက ကျွန်တော့်ညီတစ်ယောက်
အိမ်ကိုသွားဖို့ အကြောင်းပေါ်လာတယ်။ သူ့အိမ်က အင်းစိန် မညက ဘက်မှာ။ သူကျွန်တော့်ကို
လိပ်စာမပေးလိုက်ဘူး။ ထိပ်ရောက်ရင် ဖုန်းဆက်လိုက်၊ လာခေါ်မယ်တဲ့။ သူပြောတဲ့ ထိပ်တော့ရောက်ပါတယ်။
ခက်တာက နယူးရီးယားဖြစ်နေတော့ ဆိုင်တွေ အကုန်ပိတ်လို့.. ဆက်စရာဖုန်းမရှိဘူး.. ဒါနဲ့
လမ်းလျှောက်လာလိုက်တာ အင်းစိန်ဆေးရုံဘက်ပြန်ရောက်သွားတယ်။ ကျွန်တော်ကမရှက်တတ်လို့သာပေါ့။
ဆက်စရာဖုန်းမရှိပေမဲ့ စတိုးဆိုင်တစ်ခုက အန်တီကြီးကို အကူအညီတောင်းပြီး သူ့ဖုန်းနဲ့
ဆက်လိုက်တာ အဆင်ပြေသွားလို့ပေါ့။ အဲနောက်ပိုင်း အဲလိုမျိုးကြုံရတာတွေ ခဏခဏ ပါပဲဗျာ။
တစ်ကယ်က ဖုန်းတွေပေါလာတဲ့ အတွက် ဆက်သွယ်ရ ပိုပြီးအဆင်ပြေရမှာ..။ ဒါပေမဲ့ သိပ်မထူးပါဘူး။
ဘာကြောင့်လည်းဆိုတော့ ကျွန်တော်က လွယ်လာတော့ လူတွေလည်း အလွယ်လိုက်လာလို့ပဲလို့ ထင်မိသွားတယ်။
အစကတည်းက သေသေချာချာ ဘာမှ မလုပ်ချင်ကြတော့ဘူး။ ဒီလိုနဲ့ ကျွန်တော်တို့ရဲ့ ပေါင်းသင်းဆက်ဆံရေးတွေက
လွယ်ကူမလိုနဲ့ အေးခဲလာခဲ့တယ်။
တယ်လီဖုန်းထက် အင်တာနက်က
ဆက်သွယ်ရေးမြန်တယ်လို့ ဆိုကြပြန်တယ်။ ဟုတ်လည်း ဟုတ်ပါတယ်။ အင်တာနက် ပေါ်မှာ အင်တာနက်ပေါ်က
လူနဲ့ ဆက်သွယ်ရေး မြန်ပါတယ်။ ဒါပေမဲ့ အပြင်လောကထဲ ဝင်ကြည့်လိုက်တဲ့အခါမှာ . . . ။
ကျွန်တော် အဲအချိန်မှာ
အာရုံငါးပါးအကြောင်းသွားတွေးမိတယ်။ လူဆိုတာ အမြင်အာရုံ၊ အကြားအာရုံ၊ အနံ့အာရုံ၊ ရသာအာရုံ၊
အထိအတွေ့အာရုံ အဲဒီအာရုံငါးပါးလုံးကို လက်တွေ့ခံစားနိုင်တာက အပြင်လောကလေ။ အင်တာနက်ပေါ်မှာ
ခံစားနိုင်တာက အမြင်အာရုံ နဲ့ အကြားအာရုံ အဲနှစ်ခုပဲရှိတာကို…။ အဲတော့ အခြားအာရုံသုံးပါးအစား
စကားလုံးတွေကို လိုက်ခံစားကြတယ်။ အရိုးရှင်းဆုံး ဥပမာအနေနဲ့ ပြရင် သမီးရည်းစားတွေကိုပဲပေါ့။
ကျွန်တော်တို့ လူပျိုပေါက်တုန်းက
မိန်းကလေးတစ်ယောက်ကို သဘောကျရင် အပြင်မှာပဲ စာလိုက်ပေးတယ် (သို့မဟုတ်) စကားလိုက်ပြောမယ်။
ကောင်မလေးက လက်မခံရင် သူ့သိက္ခာ၊ ကိုယ့်သိက္ခာငဲ့ပြီး နောက်ပြန်ဆုတ်လာမယ်။ ကောင်မလေးက
လက်ခံရင် ဘေးနားက ကပ်လိုက်သွားရုံပဲပေါ့။ တစ်ယောက်နဲ့ တစ်ယောက် အနေဝေးနေရင် အဆင်ပြေရင်
လိုင်းဖုန်းကနေ ဖုန်းဆက်မယ်။ (ဘယ်သူမှ အကြာကြီးအလွမ်းမသယ်နိုင်ပါဘူး) စာတစ်တန် ပေတစ်တန်နဲ့
အလွမ်းသယ်ကြမယ်။ အဲနေရာမှာ အနေဝေးလို့ သွေးအေးသွားတယ်ဆိုတာလည်း မရှိဘူး။
အင်တာနက်ပေါ်စ အခြေအနေက
ကျွန်တော်တို့ MIRC သုံးတယ်၊ ပြီးတော့ Gtalk ပေါ်လာတော့ သုံးတယ်။ အဲဒီကနေ
Friendster, Zopia, Hi5 အစရှိသဖြင့် social website တွေကအစ ခု Facebook ထိရောက်လာတယ်။
ရုပ်မြင်ချင်ရင် VZO သုံးတယ်. Skype သုံးကြတယ်။ လူဆိုတာ အရှက်ဆိုတာ မျက်နှာမှာပဲရှိတာလား
ဆိုတာလည်း စဉ်းစားမိတယ်ဗျ…။ ပြီးတော့ ကိုယ့်ကိုယ်ကို ဘယ်သူမှန်းမသိရင် မဟုတ်တာ ပိုပို
လုပ်ရဲလာသလိုပဲ။ ခုကျွန်တော်တို့ ခင်ဗျားတို့ သုံးကြတဲ့ Facebook နဲ့ပဲ ယှဉ်ပြောကြည့်ရအောင်ဗျာ။
မိန်းမဆိုတာ အလှအပ ကြိုက်တယ်။
မလှဘူးဆိုရင်တောင် လှတယ်လို့ အပြောခံချင်တယ်။ သူတို့မှာ အလှပြင်ဖို့ အတွက် အချိန်ကို
ကောင်းကောင်း management လုပ်တတ်တယ်။ မလှပေမဲ့ လှအောင် နည်းမျိုးစုံသုံးပြီး လုပ်ကြတယ်။
ခုခေတ်ပေါ် software တွေနဲ့ဆို အဆင်ကိုပြေလို့ပေါ့ဗျာ။ ကောင်မလေးတွေက လှချင်လှမယ်၊ လှချင်ယောင်ဆောင်ချင်လည်း
ဆောင်မယ်။ အလှကြိုက်တဲ့ ကိုကိုသကောင်းသားများက အမြင်အာရုံတစ်ခုတည်း နဲ့ရင်ခုန်မယ်။
အသံမပါသေးခင် စပ်ကြား စကားလုံးလှလှ လေးတွေနဲ့ ချုပ်မယ်။ အဲဒီကနေ ဖုန်းနံပါတ်တောင်းပြီး
MPT ကိုအလုပ်အကျွေးပြုမယ်။ ချစ်တယ်ဆိုတဲ့ စကားကို ကီးဘုတ်လေးနှိပ်ပြီး လွယ်လွယ်လေး
ပြောလိုက်မယ်။ သို့မဟုတ် ဖုန်းတည်းကနေ ပြောလိုက်မယ်။ ဒီလိုနဲ့ပဲ အင်တာနက် နဲ့ ဖုန်းထဲမှာတင်
သမီးရည်းစား ဖြစ်သွားကြမယ်။ တစ်ကယ်က ရင်ခုန်သံ စစ်မှန်ဖို့ဆိုတာ အမြင်အာရုံ အကြားအာရုံ
၂ ခုတည်းနဲ့ တော့ မပြည့်စုံဘူးဗျ။ အမြင်အာရုံကလည်း ဟန်ဆောင်လိမ်ညာထားလို့ရနေတဲ့ ခေတ်ကြီးလေ။
အဲတော့ အပြင်မှာလည်း တွေ့ကြရော .jpg formet နဲ့ လှပနေတဲ့ ကောင်မလေးတွေက ဝဝကြီးတွေလည်း
ဖြစ်ချင်ဖြစ်နေရော။ ခေတ်စကားနဲ့ ပြောရင် feel ကျဲသွားနိုင်ခြေဖြစ်သွားပြီလေ။ အစကတည်းက
မစစ်မှန်ခဲ့တဲ့ ရင်ခုန်သံ ရပ်သွားလည်း အထူးအဆန်း မဟုတ်ပါဘူး။ အဲဒါကြောင့် အွန်လိုင်းပေါ်မှာတင်
ချစ်ကြိုက်လာတဲ့ ဇာတ်လမ်းတွေကို ကျွန်တော် အယုံအကြည်မရှိတာ။
ကဲပါ… အခြားအခြေအနေနဲ့
ချစ်ကြိုက်နေတဲ့ သမီးရည်းစားတွေကရော။ ခင်ဗျားတို့ သတိထားမိမလား မသိဘူး။ အပြင်မှာ တွေ့နေတဲ့
သမီးရည်းစားတွေ စိတ်ကောက် စိတ်ဆိုး ရန်ဖြစ်တဲ့ အချိန် တော်တော်နဲတယ်ဗျ။ ရန်ဖြစ် စိတ်ကောက်
စိတ်ဆိုး ပြီဆို အင်တာနက် ဒါမှ မဟုတ် ဖုန်းထဲမှာပဲ ဖြစ်နေကြတာ။ ကဲ အပြင်မှာ ချစ်သူက
စိတ်ဆိုးပြီးဆိုပါတော့… သူ့မျက်လုံးကို ကြည့်လိုက်… သူကိုယ့်မျက်လုံးထဲက အချစ်ရိပ်တွေ
တွေ့သွားရုံလေးနဲ့ တင်တစ်ဝက်လောက် ပြေသွားပြီ။ အဲဒီနောက် သူ့ခေါင်းကို ကိုယ့်ပခုန်းလေးပေါ်
မှီခိုင်းလိုက်… သိပ်ပြီး ထူးထူးထွေထွေ ချော့ဖို့ မလိုပါဘူးဗျာ။ ခင်ဗျားတို့ ၂ ယောက်ဒီလိုမှ
မဟုတ်ဘဲ အင်တာနက်ပေါ်မှာ (ဂျီတော့ဖြစ်စေ VZO ဖြစ်စေ) ရန်ဖြစ်နေပြီဆိုပါတော့။ ခင်ဗျားချော့လို့ကောင်းတုန်း
ကိုကွန်နက်ရှင်က အလိုက်ကန်းဆိုးမသိဘဲ ကျသွားပြီဆိုပါတော့… ခင်ဗျားပါ ဒေါသဖြစ်ပြီ..
စိတ်ဆိုးပြေကာနီး ဟိုဘက်ကတစ်ယောက်ကလည်း ပြီးအောင် မချော့ဘူးဆိုပြီး အတိုးနဲ့ ကောက်ပြီ။
အဲတော့ ချော့တဲ့သူကလည်း စိတ်မရှည် ကောက်တဲ့သူကလည်း စိတ်မရှည်နဲ့ ရှည်တာက သံသရာဖြစ်သွားပြန်ရော။
ပြီးတော့ အသံတစ်ခုပဲ အာရုံရှိတဲ့ အပေါ်မှာဆို အသံတစ်ခုကိုပဲ လိုက်ခံစားမှာလေ။ ဒီထက်ဆိုးတဲ့
အာရုံငါးပါးထဲမပါတဲ့ ကီးဘုတ်ကစကားလုံးတွေပဲဆို အဲဒီစကားလုံးတွေကိုပဲ လိုက်ခံစားစရာရှိတာလေ။
အခြားကိစ္စတစ်ခု သွားကြည့်ကြရအောင်…။
ကျွန်တော်တို့ လူသားတွေ ဖြစ်တဲ့ အတွက် လွတ်လပ်စွာ ကွဲပြားခွင့်ရှိပါတယ်။ လက်ဖက်ရည်ဆိုင်မှာ
အရက်ဆိုင်မှာ ကျွန်တော်တို့ မတူတာတွေကို ငြင်းကြမယ်၊ မကျေနပ်ရင် ထပဲထိုးမလား၊ နောက်နေ့
အခင်အမင် မပျက်သွားပါဘူး။ ကျွန်တော်တို့ စိတ်ထဲ ကျွန်တော်တို့ မျက်လုံးထဲ တစ်ယောက်နဲ့
တစ်ယောက် သံယောဇဉ်တွေ ရှိကြတယ်လေ။ ဒီလိုမှ မဟုတ်ဘဲ အွန်လိုင်းပေါ်မှာဆိုပါဆို့…။ ကျွန်တော်တို့
စကားလုံးတွေကို လိုက်ခံစားကြမယ်။ တစ်ယောက်နဲ့ တစ်ယောက် စပ်စပ်ထိမခံနိုင်အောင် စကားလုံးတွေ
အတွက်နာကျင်ကြမယ်။ ငယ်သူငယ်ချင်းတွေ ရန်သူတွေ ဖြစ်သွားနိုင်တယ်။ ရခိုင်ကိစ္စ၊ မိတ္ထိလာကိစ္စ၊
စတဲ့ကိစ္စတွေမှာ ကျွန်တော်တို့ အွန်လိုင်းကနေ စကားလုံးတွေကြောင့် မိတ်ဆွေတွေ ဘယ်လောက်ဆုံးရှုံးရခဲ့သလည်း။
တစ်ကယ့်အပြင်မှာ ငြင်းခုန်ကျရင် ကျွန်တော်တို့ မိတ်ဆွေအနေနဲ့ ဆုံးရှုံးရနိုင်ပါ့မလား။
ကျွန်တော်တို့ ဆုံးရှုံးရတာက ကီးဘုတ်ပေါ်က နှိပ်လိုက်တဲ့ လက်ကွက်လေးတွေကြောင့်ပါ။ တစ်ယောက်နဲ့
တစ်ယောက် အမြင်ချင်းမတူတာထက်ကို ဆိုးသွားတယ်။ ကျွန်တော်တို့ အပြင်မှာဆို ဘယ်လိုမှ မဆဲရဲတဲ့
လူတစ်ယောက်ကို အွန်လိုင်းပေါ်မှာ ကီးဘုတ်က ခလုတ်လေး ငါးခုလောက် နှိပ်ပြီး ဆဲလို့ရတယ်လေ။
တစ်ကယ်တော့ မိုဘိုင်းဖုန်း
အင်တာနက်ဆိုတာတွေက ကျွန်တော်တို့အတွက် TOOLS တွေပါ။ ကျွန်တော်တို့ ပေါင်းသင်းဆက်ဆံရေးတွေ
လွယ်ကူအောင်၊ ကမ္ဘာကြီးဘာတွေ ဖြစ်နေပြီလည်း ဘယ်ကိုသွားနေတာလည်းဆိုတာသိအောင် ချိတ်ဆက်ပေးထားတဲ့
ရုပ်ဝတ္ထုပစ္စည်းတွေပါ။ ကျွန်တော်တို့ ကသူတို့ကို အသုံးချရမှာပါ။ ဒါပေမဲ့ ပြောင်းပြန်ဖြစ်သွားခဲ့တယ်။
သူတို့က ကျွန်တော်တို့ကို ပြန်အသုံးချသွားခဲ့တယ်။ ကျွန်တော်တို့ရဲ့ အာရုံငါးပါးစလုံးကို
သူတို့ သိမ်းပိုက်သွားခဲ့တယ်။ အဲဒါကြောင့် လွယ်မလိုနဲ့ ပိုပို ခက်ခဲတဲ့ အခြေအနေတွေဆီကို
ရောက်ရှိခဲ့ကြရတယ်။ အဲတာကြောင့်ပဲ ကိုယ်ကသူ့ကို သုံးပြီး သူကပြန်သုံးကာနီး အချိန်ကျရင်
အပြင်လောကထဲ ပြန်ထွက်ခဲ့ကြပါ။ ကျွန်တော်တို့ရဲ့ အာရုံငါးပါးကို 360 မသုံးတဲ့ Photoshop
မသုံးတဲ့ လောကကြီးကို ခံစားဖို့ အချိန်ပေးလိုက်ကြရအောင်ဗျာ….။ ခင်ဗျားချစ်သူလေးနဲ့
MPT ကိုအလုပ်အကျွေးပြုနေတဲ့ ပိုက်ဆံတွေကို တစ်ကယ်ဆာလောင်နေတဲ့ ကလေးငယ်တွေကို အာဟာရ
ဖြည့်တင်းပေးရင်း ကြည်နူးကြည့်လိုက်ပါ။
အစီအငေါ့မတည့်ရင်လည်း ခွင့်လွှတ်ပါ။
စိတ်ကူးထဲပေါ်ရာလေးတွေကို ချရေးလိုက်တာပါ။ ကျွန်တော့်ရဲ့ သူငယ်ချင်းမလေး ကျောင်းအစ်မ ဆုဝေ ရဲ့ ကဗျာလေးနဲ့ ဒီစာစုလေးကို အဆုံးသတ်လိုက်ပါတယ်။ သူ့ကိုလည်း အပြင်လောကမှာ ရှာနိုင်မှ
ကော်ဖီတစ်ခွက် +အတိုးတစ်ခွက် အကြွေးရမှာလေ။
အပြင်လောကထဲထွက်ခဲ့
ပူချင်ပူမယ်… ဆူချင်ဆူမယ်
ဒါပေမဲ့
သဘာဝအမှန်တရားက
အတုအယောင်အေးမြခြင်းထက်
လူကိုပိုပြီး
လတ်ဆတ်ရှင်းသန့်စေတယ်ဆိုတာ
မင်းကိုလက်တွေ့ပြမယ် သူငယ်ချင်း….။
ကိုဇေ
October 8, 2013
(Tuesday) 3:26PM
No comments:
Post a Comment