Friday, July 26, 2013

သင်တစ်ယောက်တည်းသာ ဝင်ခွင့်ပြုသည်…။

အေးစက်သောအခန်းထဲမှ ထုတ်ခဲ့ပါ
မိတ်ကပ်လှလှ ပြင်ပေးပါ
အဝတ်အသစ် တစ်စုံလွှမ်းခြုံပေးပါ
ပန်းများခြံရံလျှက် ခန်းမထိပ်တွင်ထားပေးပါ
ဇာခြင်ထောင် အပါးလေး ဖုံးအုပ်ထားပါ
အမွှေးတိုင်များ လှိုင်နေအောင် ထွန်းထားပါ
မိတ်ဆွေ သင်္ဂဟများ လာရောက်ကြည့်ရှုကြပါ
ဆွေမျိုးပေါက်ဖော်များ ဝမ်းနည်းလျှင် ငိုကြွေးပါ (စိတ်မခိုင်လျှင် ကူငိုပေးကြပါ)
အသက်ငယ်သူများ (နောက်ဆုံးအနေနဲ့) ကန်တော့ကြပါ။

သက်မှတ်ချိန်ကြပါပြီ…
ခေါင်းတလားအတွင်းပြောင်းထည့်ပါ
ထမင်းထုတ်လေးပါထည့်ပေးပါ
ကူးတို့ခပါ အာခံတွင်းသို့ ထည့်ပေးပါ
ကြေးစည်သမားနှစ်ယောက် ရှေ့ဆုံးကသွားပါ
ပန်ခွေကိုင်သူများ တန်းစီ၍လိုက်ပါ
မိသားစုဝင်များ တွန်းလှည်းဘေး ငိုကြွေးရင်း လိုက်ကြပါ
သတ်မှတ်နေရာတွင် ရေအိုးကိုခွဲခဲ့ပါ။

ရောက်ပြီ…
ပန်းခွေများ စင်ပေါ်တွင်တင်ခဲ့ပါ
ရင်ဘတ်ပေါ်မှပန်းတစ်ပွင့် အိမ်ယူသွားပါ
အခေါင်းမပိတ်မှီ နောက်ဆုံးတစ်ခေါက်ကြည့်ကြပါ
သဂြိုလ်ခွင့်လက်မှတ်လေးတော့ အပ်ခဲ့ပါ
စိတ်မချလျှင် လူလေးယောက်အတွင်းသို့လိုက်ခဲ့ပါ
ကြည့်ကောင်းအောင် ငါးရာ တစ်ထောင် မစလိုက်ပါ။

တံခါးဖွင့်လိုက်ပြီ…
အသက်ဘယ်လောက်လည်း မမေးပါ
ကျား၊မ၊ LGBT မခွဲခြားပါ
ရုပ်ရည်ရူပကာ မကြည့်ပါ
ပညာတတ်ကြောင်းထောက်ခံချက်များမလိုပါ
ဘာကောင်ကြီးလည်းစိတ်မဝင်စားပါ
စည်းစိမ်ဘယ်လောက်ရှိလည်း ထားခဲ့ပါ
ချစ်သူများ မုန်းသူများ အားလုံးနေခဲ့ပါ။
မီးသဂြိုလ်စက်အတွင်းသို့ သင်တစ်ယောက်တည်းသာ ဝင်ခွင့်ပြုသည်။
တံခါးပြန်ပိတ်လိုက်ပြီ။
ခေါင်းတိုင်မှ မီးခိုးဖြူလွှလွှလေးများ ထွက်လာပါလိမ့်မည်။

.
July 26, 2013 (Friday) 12:32AM


Thursday, July 18, 2013

ကိုအောင်ဆန်းကို လွမ်းရမှာ ရှက်လာပြီ...။

၁၉၄၇၊ ဇူလိုင် (၁၉) ရက်
အသက် ၃၂ နှစ် ၅ လ ၆ ရက် အရွယ်
ကိုအောင်ဆန်း ကွယ်လွန်တယ်

ဒါပေမဲ့ ခုချိန်ထိ ကိုအောင်ဆန်း အနားမရခဲ့ဘူး။
ဆိုရှယ်လစ်အတွက်၊ စစ်တပ်အတွက်၊ ဒီမိုကရေစီအတွက်၊ NLD အတွက် ....
... အတွက်၊ .... အတွက်၊ .... အတွက်
ကိုအောင်ဆန်းနာမည် အလုပ်လုပ်ပေးခဲ့ရတယ်။
ကိုအောင်ဆန်းစကားလုံးတွေ အသုံးချခံခဲ့ရတယ်။
ကျွန်တော်တို့ ကိုအောင်ဆန်းအတွက်
တစ်နှစ်မှာ မွေးနေ့နဲ့ သေနေ့
၂ ရက်လောက် လွမ်းပြရုံထက်ပိုပြီး
ဘာများလုပ်ပေးခဲ့ပြီးပြီလည်း။
ကိုအောင်ဆန်းကတော့ သူ့ကိုလွမ်းနေမှာထက်
သူ့ထက်တော်တဲ့ လူငယ်တွေ ပေါ်ထွက်လာပဲ မြင်ချင်မှာပါ
သူ့သွေးနဲ့ချွေးနဲ့ရင်းခဲ့တဲ့ နိုင်ငံ ကမ္ဘာ့အလယ် တင့်တယ်တာပဲ မြင်ချင်မှာပါ
ကျွန်တော်တို့ တာဝန်မကျေသေးဘူး။
ကျွန်တော်တို့ ကိုအောင်ဆန်းအပေါ်အကြွေးတွေများနေပြီ...။

ခုတော့ဖြင့်...
ကိုအောင်ဆန်းမကြိုက်တဲ့ စိတ်ဓာတ်တွေ၊
ကိုအောင်ဆန်းမကြိုက်တဲ့ အမူအကျင့်တွေနဲ့၊
ကိုအောင်ဆန်းကို ဖွဲ့နွဲ့ပြီးလွမ်းပြနေကြလို့
ကိုအောင်ဆန်းကို လွမ်းရမှာ ရှက်လာပြီ...။

ကိုဇေ
July 18, 2013 (Wednesday) 2:38PM



Wednesday, July 17, 2013

မှော်ဘီစက်မှုကျောင်းသားဘဝ


ကျောင်းဖွင့်ချိန်အခါ ရောက်ရင်ပ
ရောင်းရင်းအိမ်တကာ ပေါက်ဝင်ပြ
မှော်ဘီကစက်မှုကျောင်းသားရယ်နှင့်
အဒေါ်ဆီက လက်တို့တောင်းရမှာဖြင့်
သားတွက်မုန့်ဖိုး။

ဒီတစ်ချိန်ဆရာ,မလာရင်တော့
အရင်ရင်အခါတွေလိုသာ
ဘာလိုလိုလစ်ကာပြေးကြမယ်
ဌာနမှူးကိုတော့ မျက်ခြေမပြတ်စေလို။

သူငယ်ချင်းတစ်တွေ ထန်းတောရောက်ကာမှ
လမ်းကြောပျောက်ကာ စိုးသူကတစ်မှောင့်
ရောက်ချင်ရာရောက်
မှောက်ချင်ရာ မှောက်မယ်တဲ့။

ထန်ရည်ချိုပုလင်းဖောက်ရရင်
အလွမ်းသယ်ကာ အတင်းသောက်ကြချင်ပေမဲ့
မြည်းစရာ ဟိုသည်ကြည့်ပြန်တော့
(သူတို့အခေါ်) လယ်ကြွက်ကင်ကောင်းပါပေ့
မြောင်းတကာ က ပွေ့လာသတဲ့။

ပေါ်တကာ ပျောက်တစ်လှည့်ရယ်နှင့်
တော်တော်ကြာ စာတွေမကူးနိုင်လို့
ကျော်ကျော်ကာ ဘာတွေတွက်မှန်းမသိ။

စာမေးပွဲအချိန်စာရင်းထွက်ပါမှ
မျက်ကလူးဆန်ပြာသလိုပ
သင်္ကြန်အခါမှာ မယ်တွေယိမ်းကသလို
အမြန်လာကွာ စာတွေစိမ်းရော့မယ်။

ရှေ့နောက်ဆင့်ခုံနံပါတ်တွေက
ဖတ်စာအုပ်တစ်ဝက်ခြမ်းပါလို့
နင်အရှေ့ပိုင်းကျက် ငါအနောက်ပိုင်းမှတ်မယ်ဆိုပြီး သကာလ
ပသာဒမရှိတဲ့ ရုပ်ကိုယ်စီနဲ့
ကျုပ်ကိုဒီတစ်ပုဒ်လောက်တော့
ပုဂိုလ်ဆရာလစ်ရင်လစ်သလို
ထောင်ထောင်ကာ စာကိုပြရင်ဖြင့်
နောင်နောင်ခါ နင်စားချင်တာပြော
လှောင်လှောင်ကာ မရယ်(ရီ)လိုစေချင်ဘု
စာမေးပွဲအရောက်။      


GTI (EP)
Hmawbi (1998-2000 batch) 


(လွန်ခဲ့တဲ့ ၁၀စုနှစ်တစ်ခုကျော် ကျွန်တော့်သူငယ်ချင်း အုပ်စိုးသင်း မှော်ဘီ GTI ကို ၃ နှစ်သွားတက်ပြီး တဲ့နောက် ရေးခဲ့တဲ့ လေးချိုးကြီး၊ July 16,2013 ညမှ ကျွန်တော့် စာအုပ်သေတ္တာထဲက စာအုပ်တစ်အုပ် ကြားမှာ ပြန်ရှာတွေ့လို့ အမှတ်တရ ပြန်တင်ပေးလိုက်ခြင်း ဖြစ်ပါတယ်။)

Tuesday, July 9, 2013

သူတို့တွေ ပြောပြတဲ့ ရန်ကုန်


ရင်ခုန်လွယ်ရင်တော့
ရန်ကုန် ကိုမလာနဲ့…..
-မိုးလှိုင်ည

ဒဂုံဆိုတဲ့ ကျေးလက်တောရပ်ကလေးကနေ
ရန်တွေကုန်ဆင်တဲ့ အထိမ်းအမှတ်နဲ့တဲ့...
-Aမွန်

အနှစ်နှစ်အလလ
"ငါကွ" ရယ်လို့
လက်မ ထောင်နိုင်ခဲ့တဲ့
ရန်ကုန်မြို့တော်ကြီး...
-ကိုလူထွေး

အရောင်စုံ အသွေးစုံ အသားစုံ အသံစုံ ရန်ကုန်၊
ရန်ကုန်ဟာ ရန်ကုန်မှာပဲ မွေးတယ်
ရန်ကုန်ဟာ ရန်ကုန်မှာပဲ ကြီးတယ်
ရန်ကုန်ဟာ ကမ္ဘာ့မြို့ကြီးတွေနဲ့
ရင်ဘောင်တန်းပြီး ရပ်တည်တယ်
ရန်ကုန်ဟာ သွေးကြီးတယ်
-မောင်ချောနွယ်

ရန်ကုန်ဟာ
ကိတ်မုန့်ပေါ် ဖယောင်းတိုင်စိုက်ထားသလို
မိုးမျှော်တိုက် ကျိုးတိုးကျဲတဲနဲ့
သူ့အလှကိုသူ ကပိုကယိုနဲ့ နေလို့ပေါ့
-ကိုဖြိုး

ရန်ကုန်ရဲ့ မြို့ပြညနေခင်းတွေက
အိပ်တန်းပြန်ငှက်တို့ရဲ့ ညည်းချင်းနဲ့
နွမ်းလျစွာ အသက်ဝင်နေမြဲပေါ့..
ပဉ္စလက်ဆန်တဲ့ အိပ်မက်တွေနဲ့
ရန်ကုန်ဟာ ပြုစားတတ်တယ်...
မုသားနှောတဲ့ အပြောတွေနဲ့
ရန်ကုန်ဟာ လူ့အကြောနပ်တယ်...
-ဆုဝေ

ပညာရယ် သြဇာရယ် အသပြာရယ်
တစ်ခုခုမပါရင်
ရန်ကုန်မှာ ကောင်းကောင်းမွန်မွန်ရပ်တည်ဖို့ရာ
မဖြစ်နိုင်ပါဘူး
မင်းနဲ့ပက်သက်ပြီး ဒီလို
ကြားခဲ့ဖူးတယ် ရန်ကုန်ရေ။
-နေမျိုး

ရန်ကုန်မြို့ရဲ့ ရင်ဝမှာ နားကိုကပ်
ကြားတာကို ကြားသလိုမှတ်ကြည့်တော့
အလုပ်လက်မဲ့ ပွဲစားတွေရဲ့ လေရောင်းသံတွေ
မီးလာတုန်းမှာ အလုအယက် ရေမောင်းသံတွေ
ကုန်းအော်နေတဲ့ စပါယ်ယာတွေရဲ့ ရွှေစောင်းသံတွေ
ရုံးပေါ်က ကယ်ပါတွေရဲ့ ငွေတောင်းသံတွေနဲ့ 
ရန်ကုန်မှာ အသံစုံနေတော့တယ်။
-ကောင်းကင်ကို

ကိုယ့်လူ.. လိုချင်တာပြော
နငယ်မနှောနဲ့ ကျန်တာရတယ်။
-ခေလွန်း

ရန်ကုန်ဟာ...ပဟေဋ္ဋိဆန်တဲ့
စာအုပ်တစ်အုပ်လိုပါပဲ
သူ့သဘောကို နောကြေရင် အမှတ်များများရမယ်
ဆိုတဲ့ အတိုင်းပဲ
လူတွေကို လှည့်စားနေသလိုနဲ့
လူတွေရဲ့ ပြန်လှည့်စားခြင်းကြောင့်
ခေါင်းစဉ်အမျိုးမျိုး အတပ်ခံနေရတဲ့
မြို့...........
-ဆိုးသွမ်း

ရန်ကုန်ရဲ့အရိပ်ဟာ ရန်ကုန်ရဲ့အရိပ်လား
ရန်ကုန်ရဲ့အရောင်ဟာ ရန်ကုန်ရဲ့အရောင်လား
ရန်ကုန်ရဲ့အစွန်းအထင်းဟာ
ရန်ကုန်ရဲ့အစွန်းအထင်းလား…။
-ဘခေါင်

 ရန်ကုန်... တစ်ခုလပ် ဖြစ်ခဲ့ပေမဲ့
ဘယ်တော့မှ သွေးဆုံးမှာ မဟုတ်ဘူး။
-ကိုဇေ

ဘာပဲ ဖြစ်ဖြစ် ခင်ဗျားကို
ချစ်နေတုန်းပါပဲ ရန်ကုန်......................။
-ဖုန်းမြင့်

Remix by Ko Zey 

Saturday, July 6, 2013

ပျော်ရွှင်စရာ မွေးနေ့ဖြစ်ပါစေ = သေဖို့တစ်နှစ်နီးလာပြီ


အကြိမ်ကြိမ်သေဆုံးပြီးသား သတ္တ၀ါမို့
မွေးနေ့တွေလည်း အကြိမ်ကြိမ်ရှိတာပေါ့
 - မိုးလှိုင်ည

မဆုံးနိုင်သေးတဲ့ သံသရာမှာ
သတ္တဝါရယ်လို့ဖြစ်တည်ပြီး လောကထဲရောက်လာတဲ့နေ့က မွေးနေ့
အချို့တွေက တစ်ခန်းတစ်နားကျင်းပကြတယ်
အချို့တွေက မသိလိုက်မသိဘာသာ ကျော်ဖြတ်သွားကြတယ်
အချို့တွေက ဘုရားသွားတယ် ကျောင်းသွားတယ်
အချို့တွေက သောက်စားမူးယစ်ကြတယ်
အချို့တွေက မွေးပေးတဲ့မိဘကို မှတ်မှတ်ရရ ကန်တော့ကြတယ်
အချို့တွေက မိဘဆီက ပိုက်ဆံတောင်းပြီးဖြုန်းကြတယ်
အချို့တွေက မွေးတဲ့နေ့မှာပဲ သေတယ်
အချို့တွေက မွေးနေ့မှာ သေတယ်
အချို့တွေက... အချို့တွေက... အချို့တွေက...

ပျက်ပြီးရင် အသစ်တစ်ဖန် ပြန်ဖြစ်တယ်
ဖြစ်ပြီးရင် ပြန်ပျက်တယ်...

ကဲဒီဘဝရဲ့ မွေးနေ့တစ်ကြိမ်တော့ ပြီးသွားပြီ...
သေဖို့အတွက်လည်း တစ်နှစ်နီးလာပြန်ပြီပေါ့
သေပြီးရင်လည်း ၃၁ဘုံထဲ ပြန်မွေးဦးမှာပါ
အဲတော့လည်း နောင်ဘဝမှာ မွေးနေ့တစ်ရက် ထပ်ဖြစ်လာဦးမှာပေါ့...။


July 5, 2013 (Friday)
5:09PM

(July 6, 2013 တွင်ကျရောက်သော ရှမ်းပဲပုတ်လေး၏ ၂၁ နှစ်ပြည့်မွေးနေ့အမှတ်တရ)

Thursday, July 4, 2013

ကျွန်တော် သိသော လောင်းကစား နှင့် ဖြစ်နိုင်ခြေများ

ငယ်ငယ်က ကြားဖူးတဲ့ ပုံပြင်လေးတစ်ပုဒ်ရှိပါတယ်။ တစ်ခါက တိုင်းပြည်တစ်ပြည်မှာ အရမ်းချမ်းသာကြွယ်ဝတဲ့ ဘုရင်ကြီးတစ်ပါး ရှိပါသတဲ့။ အဲဘုရင်ကြီးမှာ သူ့တစ်သက်ဘယ်လိုသုံးသုံး သုံးလို့မကုန်နိုင်တဲ့စည်းစိမ်တွေပိုင် ဆိုင်ထားသတဲ့။ တစ်နေ့တော့ ဘုရင်ကြီးဟာ သူ့စည်းစိမ်တွေ ဘယ်သူများကုန်အောင်သုံးနိုင်မလည်းဆိုတာ စမ်းချင်တဲ့စိတ်နဲ့ ပထမဆုံး အရက်သမား တစ်ယောက်ကို ခေါ်ပြီး သုံးစေသတဲ့။ အရက်သမားဟာ ရှိသမျှ အကောင်းဆုံး ဆိုတဲ့ အရက်တွေဝယ်သောက်တယ်။ ဒါပေမဲ့ အရက်သမားဟာ အံဖတ်စို့ပြီးသေသွားတယ်။ ဘုရင်ကြီးရဲ့ စည်းစိမ်တွေဟာ အရာတောင် မယွင်းဘူးတဲ့။ ဒုတိယတစ်ယောက် အနေနဲ့ ဘိန်းစားကိုခေါ်ပြီး သုံးစေသတဲ့။ ဘိန်းစားဟာလည်း ဘိန်းဘယ်လောက်ပဲရှူရှူ နောက်ဆုံး နှလုံးရပ်ပြီးသာ သေသွားတယ်၊ ဘုရင်ကြီးရဲ့စည်းစိမ်တွေဟာလည်း အရာမယွင်းခဲ့ဘူး။ နောက်ဆုံးလောင်းကစား သမားတစ်ယောက်ကို ခေါ်လိုက်သတဲ့။ အဲလောင်ကစားသမားဟာ ဘုရင်ကြီးရဲ့ စည်းစိမ်တွေတင်မက နန်းတော်ကြီးကိုပါပေါင်ပြီး ဖဲရိုက်ပြစ်လိုက်တာ တစ်ခဏ အတွင်းမှာပဲ ဘုရင်ကြီးဟာ စည်းစိမ်တွေဆုံးရှုံးရုံမက နန်းတော်ကြီးပါ ပါသွားတယ်တဲ့…။


xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx