အော်… ဆောင်းညတွေက ကပိုကရိုနဲ့
ရောက်လာခဲ့ပြန်တယ်။ ဆောင်းကအေးပေမဲ့ ကျွန်တော့အနား ကောင်မလေး တစ်ယောက် (ချစ်သူတစ်ယောက်)
အနွေးဓာတ်လေးပေးဖို့ မရှိခဲ့ဘူး။ စိတ်ကူးသာယဉ်နေတာပါ။ ဒီအရွယ်အထိ ဘယ်ဆောင်းကာလမှာမှ
အနားမှာ ချစ်သူရှိခဲ့ဘူးတာမှ မဟုတ်တာ။ ပယင်းရောင်ကလွဲလို့ပေါ့။ ခုလိုဆောင်းညတွေမှာ
ပယင်းရောင်က ကျွန်တော့ကို အဖော်ပြုပေးခဲ့ဘူးတယ်လေ။
ပယင်းရောင်ကို ကျွန်တော်မချစ်ဘူး။
ဒါပေမဲ့ ကြိုက်တယ်။ ဒီထက်ပိုပြောရရင် ပယင်းရောင်ရဲ့ ရီဝေဝေအထိတွေ့တွေကို သဘောကျတယ်။
ပယင်းရောင်ရဲ့ ယုယုယယ အပြုအစုတွေကို နှစ်ချိုက်တယ်။ ကျွန်တော်ကလည်း ပယင်းရောင် အကြောင်းနောကျေပြီး
အကိုင်အတွယ်တတ်တာလည်း ပါလိမ့်မပေါ့။ (ပယင်းရောင်က အကိုင်အတွယ် တတ်ဖို့လိုတယ်လေ၊ သူ့ကို
အကိုင်အတွယ်မတတ်ရင် ဒုက္ခရောက်တတ်တယ်။ အခန့်မသင့်ရင် သေတတ်တယ်။ ကိုယ်အကိုင်အတွယ်မတတ်ဘဲ
ဒုက္ခရောက်မှ လူတွေက ပယင်းရောင်ကို အပြစ်ပုံချတတ်သေးတယ်လေ) ပယင်းရောင်က ကျွန်တော် သူ့ကိုမလိုတဲ့
နေ့ဘက်တွေဆို အလိုက်တသိ ရှောင်ပေးတယ်။ ဒါပေမဲ့ ညနေနေညိုရင် ပယင်းရောင်ကို တမ်းတလို့ပေါ့။
ကျွန်တော့်ရဲ့ ညတွေ ပယင်းရောင်နဲ့ ညစဉ်ရက်စက် ပျော်ပါးခဲ့ဘူးတယ်လေ။ တစ်ခါတစ်လေဆို မိုးတောင်လင်းခဲ့ရော…။
ပယင်းရောင်က အသဲမခွဲတတ်ဘူး။
ဒါပေမဲ့ သူက အသဲတစ်ခုလုံးကို စားပစ်ချင်တာလေ…။
ဒီအချိန်မှာပဲ ကျွန်တော်
မစိုက်ပျိုးခဲ့ဘူးပေမဲ့ ဘယ်အချိန်ကတည်းက ပေါက်မှန်းမသိပေါက်နေတဲ့ ရင်ထဲက အပင်လေးက အဖူးလေး
ငုံလာတယ်။ ကျွန်တော် သတိထားမိတော့ အမြစ်တောင် တော်တော်တွယ်နေပြီလေ။ ကျွန်တော် အဲအချိန်
စိတ်တွေလှုပ်ရှားလိုက်တာ။ ကျွန်တော်က ပန်းတွေ ပွင့်တော့မယ်ပေါ့… မျှော်လင့်နေလိုက်တာ။
အပျော်လွန်ပြီး ပယင်းရောင်ကိုတောင် မေ့နေခဲ့တယ်လေ။ ပယင်းရောင်ရဲ့ အထိအတွေ့ အယုအယတွေအားလုံး
စိတ်ထဲကတောင် ပျောက်နေတယ်။ အပင်လေးရဲ့ အမြစ်ကလည်း နှလုံးသားထဲအထိ တွယ်သွားပြီး အဲအချိန်ကစလို့
မူးယစ်ရီဝေလာလိုက်တာ တစ်ဘဝလုံးစာကို လုံလောက်သွားတယ်။
ဒီလိုနဲ့ . . . ပန်းတွေပွင့်ဖို့
မျှော်လင့်နေတုန်း…. ရုတ်တရက်ကြီး သီးလာတဲ့ အသီးတွေက…. အား….. ခုတော့ ဆူးမှာကြောက်လို့
စားလိုက်၊ ရူးမှာကြောက်လို့ ဆုတ်လိုက်နဲ့… ဘဝတစ်ခုလုံး ချာချာလည်ခဲ့ပြီလေ။
ပယင်းရောင်က သဝန်မတိုတတ်ဘူး။
ကျွန်တော် ပြန်လာမယ်ဆိုလည်း ဘယ်အချိန်ဖြစ်ဖြစ် ကြိုနေမှာပဲ။ အသည်းကို အစားခံနိုင်မယ်ဆိုရင်
အရင်လို နူးညံ့တဲ့ အထိအတွေ့ ယုယမှုတွေ ပေးနေဦးမှာ။ ရံဖန်ရံခါ ပြန်သွားချင်ပေမဲ့ တစ်ဘဝလုံးစာတော့
ကျွန်တော် မပေးချင်ဘူးလေ။ သစ်ပင်လေးက ဒီဘဝတင်မက သံသရာတစ်ခုစာ မူးယစ်ရီဝေမှုတွေ ပေးထားခဲ့ပြီပဲ။
ကျွန်တော့်သစ်ပင်လေးဆီက
ဘာတွေပဲ ဖူးပွင့်လာပါစေ။ အဆိပ်သီး သီးခဲ့ရင်လည်း ရဲရဲကြီးစားမယ်။ ပန်းတွေပွင့်လာခဲ့ရင်လည်း
ယုယစွာ နမ်းရှိုက်မယ်။ အဲဒီအပင်လေး ရှင်သန်နေရင်ပဲ ကျွန်တော် ကျေနပ်ပါပြီ။ သူ့ကို အမြစ်က
ဆွဲနှုတ်ဖို့ ကျွန်တော် ကြိုးစားမှာ မဟုတ်ဘူး။ သူ့အလိုလိုရှင်သန်နေပေမဲ့ ဒီထက်ပိုပြီး
ဖွင့်ထွားအောင် ကျွန်တော် ရေလောင်းပေါင်းသင်ပေးနေဦးမှာပဲ။
ပယင်းရောင်က ကျွန်တော့်ကို
သစ္စာဖောက်လို့ မစွပ်စွဲခဲ့ပါဘူး။ ပယင်းရောင်က ဘုရားသခင်တွေအားလုံးကို လွန်ဆန်ပြီး ကျွန်တော့်ကို
ချစ်တယ်။ ကျွန်တော်တို့ကို ချစ်တယ်။ ဒါပေမဲ့ . . . ခွင့် လွှတ် ပါ တော့ . . . ။
တစ်ခါတစ်လေ (ကြုံတောင့်ကြုံခဲ)
မှာ ပယင်းရောင်နဲ့ ကျွန်တော်တို့ ညီအစ်ကို တစ်ဖွဲ့ လာရောက်ပျော်ပါးပါဦးမယ်။ မျှော်နေမယ်ဆိုတာ
သိပါတယ် ပယင်းရောင်ရယ်။ ။
ကိုဇေ
December 23, 2013
(Monday) 6:47AM
(စကားတစ်ခွန်းကိုကြားယောင်ကာ ဝိုင်တစ်ပုလင်းကိုကြည့်ရင်း ခံစားမိခြင်း)
(စကားတစ်ခွန်းကိုကြားယောင်ကာ ဝိုင်တစ်ပုလင်းကိုကြည့်ရင်း ခံစားမိခြင်း)
No comments:
Post a Comment