Monday, July 27, 2015

လှည်းတန်း နှင့် အနီးတစ်ဝိုက် လမ်းတစ်ပါတ်လျှောက်ခြင်း



မြေပုံပေါ်က ပျောက်သွားတဲ့ အောင်ချမ်းသာလမ်းလေးဟာ ခုတော့ ဒဏ္ဍာရီပေါ့။ အဲဒီလမ်းထိပ်မှာ ရှိခဲ့ဖူးတဲ့ ဂိုးရှိုး ဆိုတဲ့ စတိုးဆိုင်လေးဟာ လှည်းတန်းစင်တာနဲ့ ယှဉ်လိုက်ရင် မြင်းမိုရ်တောင် နဲ့ ဆီးစေ့သာသာ။ လိုင်းပေါက်က မိသားစုတွေ ဘာတာရွှေ့သွား၊ အဲဒီကတစ်ဆင့် ဘာတာ မီးလောင်တော့ ရွှေပြည်သာအလွန် ၀ါးတစ်ရာ ကိုရောက်ကုန်ကြတယ်ဆိုပဲ။ အဲဒီနေရာမှာ စိန်ရတုခန်းမကြီးကတော့ ထည်ထည်ဝါ၀ါ နဲ့ ခြောက်ခြောက်ကပ်ကပ်ကြီးပေါ့။ မျက်နှာခြင်းဆိုင်က ၀ဂ္ဂီရိပ်သာ ဆိုတာကလည်း ဆိုင်းဘုတ်ပဲ ကျန်ခဲ့ပေါ့။ တစ်ခါက မောင်စွမ်းရည်၊ ပျဉ်းမနားမောင်နီသင်း၊ ရွှေကူမေနှင်းတို့လို စာရေးဆရာ ကြီးတွေ နေခဲ့ဘူးတဲ့ ရပ်ကွက်လေ။ ကွန်ဒိုပေါ်ကလူတွေက ပြည်ရိပ်မွန် အိမ်ရာ ကိုပဲ ငုံ့ကြည့်နေမလား။ ပြည်ရိပ်မွန် A ဆိုဒ် နဲ့ B ဆိုဒ်ကြားမှာတော့ နှစ်ထပ်လုံးခြင်းတိုက်တွေ ခြံနဲ့ဝင်းနဲ့။ သိန်းကို ထောင်ဂဏန်းတောင် အသေးလေးတွေ မဟုတ်အောင် တန်ကြေးရှိနေပြီလေ။ တစ်ချိန်ကလည်း တရုတ်စံကားပင်တွေနဲ့ သာယာခဲ့တာပဲ။ တရုတ်သူဌေးတွေပဲ တတ်နိုင်တဲ့ ဌာနေလေ။ လူသေ နဲ့ လူရှင် ကွာသွားတာပဲ ရှိတာပါ။ ဘောလုံးကွင်းကြီးလည်း Novotel Hotel ပိုင်မြေ ဖြစ်သွားပြီဆိုပဲ။ အရေးအခင်းတုန်းက နှစ်ခါပြန် အဖောက်ခံခဲ့ရတဲ့ ရုပ်ရှင်မင်းသားကြီး ကောလိပ်ဂျင်နေ၀င်း အုတ်ဂူနေရာ ဘယ်မှာပါလိမ့်။ တစ်နှစ်တစ်ခါ လာကန်တော့တဲ့ ခရစ်ယာန်မိသားစုတွေလည်း သူတို့ မိသားစုဝင် တစ်ဦး လဲလျောင်းခဲ့ဘူးတဲ့ နေရာ ဘယ်မှတ်မိပါတော့မလဲလေ။ မေ့နေလောက်ရောပေါ့။ အော် တိမ်နန်းသဘောင်္ တွံတေးတူမြောင်းဝမှာ မှောက်တုန်းက သေတဲ့လူတွေ အစုလိုက် အပြုံလိုက် မြှပ်ခဲ့တဲ့ နေရာထိပ်မှာ ဂျပန်စားသောက်ဆိုင် ဖွင့်ထားတာပဲ။ KTV တွေမှာ ပျော်ပါးမြူးတူးတဲ့ လူကြီးလူကောင်းတွေ၊ စင်တင်ဘီယာဆိုင်တွေ မှာ သီချင်းဆိုတဲ့ ကောင်မလေးတွေကို ဘီယာနဲ့ မြည်းနေတဲ့ လူကြီးမင်းများကရော သရဲခြောက်မှာ မကြောက်ကြတော့ဘူးပေါ့။ Junction Square က Shopping ထွက်ပြီး ပြန်လာတဲ့ ခပ်လန်းလန်းလေးတွေရော လက်ဝါးပုံသဏ္ဍန်နဲ့ နိုင်ငံတော် ၀န်ကြီးချုပ်ဟောင်း ဦးနုရဲ့ အုတ်ဂူ ဘယ်တွေ့ဘူးခဲ့ပါမလည်း။ ကားပွဲစားတန်းကရော ဘာစီမံကိန်းဆိုလားပဲ။ အဲဒါက မီးသဂြိုလ်စက်နေရာလေ။ အော် အထင်ကရ ကြံတောဟာ သုသာန်ဖြစ်ခဲ့ဖူးပါတယ် ဆိုတာ ပါးစပ်ရာဇ၀င်တော့ မဟုတ်ခဲ့ပေဘူး။ ကဲ နာနတ်တောလမ်း အတိုင်း ဆက်လျှောက်ကြည့်…။ အော် နာနတ်တောလမ်းဆိုတာက ရထားလမ်းကို ဂုံးကျော်တံတားမထိုးခင်က မြေနီလမ်းလေး။ တံတာမထိုးခင် ကတ္တရာလမ်းခင်းမယ်ဆိုပြီး အဲဒီတစ်လျှောက်က အိမ်တွေ နိုင်ငံတော်အတွက် စေတနာကြီးစွာဖြင့် ဘာလျော်ကြေးမှ မရဘဲ ကိုယ်ပိုင်တဲ့ မြေကို နောက်ကို လေးပေလောက် ဆုတ်ပေးခဲ့ရဘူးသေးတယ်လေ။ အစိုးရကလည်း စေတနာကြီးတယ်။ လမ်းလည်း ခင်းပြီးသွားရော ရပ်ကွက်ကိုသိမ်း၊ စိတ်ပါပါမပါပါ အတင်းရွှေ့၊ ပြည်ရိပ်မွန် အိမ်ရာဆိုပြီး တိုက်နဲ့နေတဲ့သူတွေ ကို တိုက်ခန်းပေါ် တင်ပေးလိုက်တယ်လေ။ ရထားလမ်းကူးဂုံးတံတားလည်း ကျော်ပြီးတော့ အော် တစ်ချိန်က အဝေးပြေး ကားဝင်းတဲ့။ အဝေးပြေးဆိုတာ မှတ်တိုင်နာမည်ပဲ ကျန်ခဲ့တော့တယ်လေ။ ဆင်မလိုက်မှာ ၀က်သတ်ရုံတွေ မရှိတော့ဘူး။ ရထားဘူတာက ရုံပိုင်ကြီးဆိုတာလည်း နာမည်ပဲ ကျန်တော့တယ်။ လက်မှတ်တွေကို သူမပိုင်တော့ဘူး။ သက်ဆိုင်ရာ ကုမ္ပဏီတွေက Digital စနစ်နဲ့တောင် လာရောင်းနေပြီ။ အထက ၅ ကျောင်းကြီးရော ဘာတွေ ပြောင်းကုန်ပြီလဲ။ သရဖူ အပေါင်ဆိုင်လေးကတော့ ပိုပြီးတောင် စည်ကားလာသလိုပဲ။ ထန်းတစ်ပင် ဘုန်းကြီးကျောင်းကြီးလည်း ဒကာတွေ့လို့ ငါးထပ်ကျောင်းဆောင်ကြီး ဆောက်နေပြီ။ အဲဒီနောက်က ရပ်ကွက်ဟာ လူမိုက်ရပ်ကွက်ဆိုတာ ကံထရိုက်တိုက်တွေယုံကြပါ့မလား။ အသက်ရှင်နေသေးတဲ့ ၄၊၅ ယောက်လည်း ဘိန်းစားတွေ ဖြစ်လို့။ ဘိန်းလား၊ ဆေးခြောက်လား၊ အဲဒီထန်းတစ်ပင်ရပ်ကွက် လမ်းမတွေပေါ်မှာတင် အရောင်းအ၀ယ်ဖြစ်ခဲ့ဘူးတယ်လေ။ ပေ ၆၀ ဈေးလမ်းလည်း ဗွက်မရှိတော့ဘူး။ ကွန်ကရစ်လမ်းဖြစ်သွားပြီလေ။ စိန်ဂေဟာ ဟာ တစ်ချိန်က ခြံအကျယ်ကြီး။ အဲဒီ ခြံထဲက အိမ်မဲကြီးမှာ နေခဲ့ဘူးတဲ့ ကောင်လေးလည်း ကြိုးဆွဲချပြီး သတ်သေသွားပြီလေ။ Central View က Verandah ဆိုတဲ့ အအေးဆိုင်လေး သတိရမိသေး။ Mac Barger ဆိုတာ နောက်မှ လာတာပါ။ ခုတော့ Chevrolet ကားကြီးတွေ အစီအရီနဲ့။ ဦးထွန်းလင်းခြံလမ်းလည်း ခြံတွေမရှိ။ လူတွေကတော့ ပျားပန်းခတ်။ ခုတော့ သူလည်း သင်တန်းလမ်းလို့ နာမည်ပေးရမလို။ ကိုရီးယားလား၊ စာရင်းကိုင်လား၊ ကျူရှင်လား….. ကြားဘူးတဲ့ သင်တန်းပြောကြည့်၊ အကုန်ရှိ။ သပြေညိုခြံဆိုတာ ရှိခဲ့ဖူးပြီး ဆရာကြီး မင်းသုဝဏ်နေခဲ့ဘူးတယ်ဆိုတာရော ၈ ထပ်တိုက်က သူတွေသိပါလေစ။ ဇေယျာသီရိကတော့ အသွင်ပြောင်းပေမဲ့ ထမင်းဆိုင်နဲ့ အဆောင်ကတော့ ပြယုဒ်အဖြစ်ကျန်ဆဲ။ ဆက်သွားရင် လက်ညောင်းနေပြီ… ခင်ဗျားလည်း ပျင်းနေလောက်ပြီလေ။ ဒါနဲ့ မိုးစန္ဒာ၊ အောင်လှရိပ်သာကနေ စံရိပ်ငြိမ်ဘက်တော့ လမ်းမျှော်ပဲကြည့်ပြီး City Express ကနေ ဘီယာ ၂ လုံးဝယ် ဂုံးတံတားအောက် လာခဲ့တယ်။ အရက်သမားပေါသလောက် အရက်ဆိုင် သိပ်ရှားတဲ့ လှည်းတန်းမှာ ၀င်းတောင်မှ Samsung Showroom ဖြစ်ခဲ့ရပြီလေ။ 1996 ဒီဇင်ဘာမှာ YIT နဲ့ Eco ကကျောင်းသားတွေ ဆန္ဒပြခဲ့ကြတဲ့ သမိုင်းမှတ်တိုင်ဟာ ဂုံးတံတားဆောက်လိုက်ရုံနဲ့ ကျေပျက်သွားရိုးလား။ ဂုံးတံတားကြီး ခုလိုဆောက်ပေးတော့ ကိုယ်တို့လို နေရာရှားတဲ့ အရက်သမားတွေ အရက်သောက်ဖို့နေရာ ရသွားတာပေါ့။ အော် သမီးရည်းစားတွေအတွက်လည်း အဆင်ပြေတယ်လေ။ တစ်ဖက်မှာလည်း စကိတ်စီးလို့။ လမ်းတွေကတော့ ပိတ်မြဲ ပိတ်ဆဲပါပဲ…. လှည်းတန်းရယ်။

1992 – 2000 ခုနှစ် ကာလာများသို့ သတိရခြင်းများစွာဖြင့်



ကိုဇေ

July 27, 2015 (Monday) 1:34AM

Thursday, July 23, 2015

လှည်းတန်း


ဂုံးတံတားကြီး ဆောက်လိုက်တယ်...
စုံတွဲတွေ ကစ်ဆင်း (kissing) ဆွဲကြတယ်။
အရက်သမားတွေ အရက်သောက်ကြတယ်။
စကိတ်သမားတွေ စကိတ်စီးကြတယ်။
ကားတွေ ပိတ်မြဲ ပိတ်ဆဲ...
ကျုပ်တို့၏ ကျေးဇူးတင်ထိုက်သော နိုင်ငံတော်...။


ကိုဇေ

July 22, 2015 (Wednesday) 9:46PM

Monday, July 6, 2015

တစ်ခုသော ည


ကြယ်ကလေး တွေ
အမှောင်ထဲကို
တိုးတိုးတိတ်တိတ်
ခုန် ခုန် ချ
" ည "
သို သို  သိပ်    သိပ် လှ။

ကိုဇေ
July 3, 2015 (Friday)

11:59PM