Wednesday, December 7, 2022

ရေနွေးကြမ်း သို့မဟုတ် လက်ဖက်ရည်ဆိုင် ရဲ့ မရှိမဖြစ် ဇာတ်ပို့


လွန်ခဲ့တဲ့ နှစ်ရက်လောက်က လက်ဖက်ရည်အရမ်း မကောင်းလည်း ထိုင်နေကြ လက်ဖက်ရည်ဆိုင် တစ်ဆိုင် လူရှင်းတုန်း ထိုင်ဖြစ်သည် ။ လက်ဖက်ရည် လာချပြီး ရေ‌နွေးကြမ်း ချမပေး ။ ‌ရေနွေးကြမ်းတောင်းတော့ ကုန်နေလို့ ထပ်ကြိုထားရလို့ ခဏစောင့်ပါတဲ့ ။ စောင့်ရတဲ့ ဆယ့်ငါးမိနစ်လောက်မှာ လက်ဖက်ရည် တစ်ငုံ နှစ်ခါသောက် ဆေးပေါလိပ်ထိုင်ဖွာနေလည်း အရသာ မရှိလှ ။ နောက်ဆုံး ရေနွေးကြမ်းရောက်လာမှ အာသာပြေတော့သည် ။ 


ဆိုင်မှာ ထိုင်နေရင်း အတွေးတွေက ဟိုး လက်ဖက်ရည်ဆိုင် စထိုင်တတ်စ ၆ တန်းကျောင်းသားဘဝ ၁၉၉၃ မှသည် ပစ္စုပ္ပန်အထိ အဆင့်ဆင့်တွေးမိသည် ။ တွေးမိတဲ့အထဲ အဓိက က ရေနွေးကြမ်းမရှိရင် လက်ဖက်ရည်ဆိုင်ဆိုတာ မရှိ ။ ဟိုးရှေးရှေး သစ်သားထိုင်ခုံကလေးတွေနဲ့ သီချင်းဖွင့်သော ဆိုင်တွေက အစ ယနေ့ စားချင်ရာ အစုံရသော စားဖွယ်ဆုံ ဆိုင်ကြီးများအထိ ။ 


ကျနော်ကိုယ်တိုင်က လက်ဖက်ရည် ကြိုက်တယ် ဆိုရင်တောင် ကော်ဖီကို ချစ်သူ ။ ဒါပေမဲ့ ကော်ဖီကို အိမ်မှာပဲ ဖျော်သောက် လက်ဖက်ရည်ဆို ပါဆယ်တောင် မသောက်ချင်သူ ။ ရေ‌နွေးကြမ်းဆို အိမ်မှာ လုံးဝမသောက်သူ ဆိုတာထက်ပိုပြီး လက်ဖက်ခြောက်ပင် အိမ်မှာ မရှိသူ ။ ရန်ဖန်ရန်ခါ လက်ဖက်ခြောက် လက်ဆောင်ရရင်တောင် သူများပြန်ပေးချင်ပေး မပေးလျှင် အိမ်မှာ Expire ဖြစ်သွားသူ ။ လက်ဖက်ရည် ကြိုက်ခြင်းထက် လက်ဖက်ရည်ဆိုင် ထိုင်ရတာ နှစ်သက်သူ ။ 


ကလေးဘဝ လက်ဖက်ရည်ဆိုင်တွေ ထိုင်တုန်းက သီချင်းဖွင့်သည် ။ ရင်နှီးသော ဆိုင်များတွင် နားထောင်ချင်သော ကက်ဆက်ခွေ ယူသွားသည် ။ ဒါမှမဟုတ် ကိုယ်ကြိုက်နှစ်သက်သော သီချင်းဖွင့်သော ဆိုင်များတွင် သွားထိုင်သည် ။ လက်ဖက်ရည်တစ်ခွက် ဆေးလိပ်သုံးလေးလိပ် ဖြင့် နာရီအနည်းငယ် ထိုင်ဖြစ်ခဲ့သော ဆိုင်များတွင် ရေ‌နွေးအိုး ခနခန တောင်းခဲ့ပေမဲ့ ရေနွေးကြမ်း အရေးပါပုံ သတိမထားမိခဲ့ ။ 


အရက်မသောက်ဖြစ်သော နှစ် လ အချို့ ၊ ဆေးလိပ် မသောက် ဖြစ်သော နှစ် လ အချို့ ရှိခဲ့ဖူးသည် ။ တစ်ပတ်မှာ လက်ဖက်ရည်ဆိုင် တစ်ရက် မထိုင်ဖြစ်သော အခါ မရှိခဲ့ ။ လက်ဖက်ရည်ကြီးသောက်ဖြစ်လည်း ရေနွေးကြမ်း တစ်ခွက် အနဲဆုံး သောက်ဖြစ်ခဲ့တာပဲ ။ ရေနွေးကြမ်း အရေးပါပုံ မေ့လျော့ခဲ့သည် ။ 


ခေတ်တွေအပြောင်း လက်ဖက်ရည်ဆိုင်တွေ ကက်ဆက်မဖွင့်တော့ ၊ ကက်ဆက်နေရာ တီဗီများစလောင်းများ အစားထိုးလာသည် ။ လက်ဖက်ရည်ဆိုင်သည် ဘောပွဲကြည့်စရာ နေရာတစ်ခု ဖြစ်ခဲ့သေးသည် ။ ညလုံးပေါက်ဖွင့်သော လက်ဖက်ရည်ဆိုင်များမှာ ချန်ပီယံလိဂ် ကို ဘောလုံးပွဲမစခင် တစ်နာရီလောက် ကြိုဦးပြီး အိပ်ရေးပျက်ခံ ကြည့်ခဲ့ဖူးသည် ။ ဘောလုံးပွဲစချိန် ဆို လက်ဖက်ရည်က ကုန်ပြီ ။ သောက်စရာက ရေနွေကြမ်းပဲ ရှိတော့သည် ။ ရေနွေးကြမ်းသောက်ရင်း ဘောလုံးပွဲ ကြည့်ခဲ့ရသော နေ့ရက်များမှာ ရေနွေးကြမ်း ဟာ လက်ဖက်ရည်ဆိုင်မှာ အရေးပါလားဆိုတာ မစဉ်းစားခဲ့မိ ။ 


ခေတ်တွေ ပြောင်းလာတာနဲ့ အညီ လက်ဖက်ရည် နှင့် စားဖွယ်ဆုံ ဆိုသော ဆိုင်များ တော်တော်ပေါ်လာသည် ။ နာမည်တူ ဆိုင်ခွဲများပေါ့ ။ တစ်ချိန်က လက်ဖက်ရည် အဓိက ရောင်းသော ဆိုင်များခေတ်အခြေအနေအရ ပျောက်ကုန်သည် ။ ထိုဆိုင်ကြီး မျိုးတွင်လည်း လက်ဖက်ရည်အရသာ ကြည့်ပြီးမှ အခြားအစားအစာ လာစားသော သူ တစ်လိုင်းရှိသည် ။ အစားအစာ တစ်ခု မရ၍ ဘာမှ မဖြစ် ။ လက်ဖက်ရည်တော့ ရ မှကို ဖြစ်သည်။ လက်ဖက်ရည်နှင့်အတူ ရေနွေးကြမ်းကလည်း အမြဲရှိသည် ။ 


နောက်ပိုင်း ဘယ်ဆိုင်က စခဲ့သည် မသိ ။ ရေ‌‌နွေးကြမ်းကို ဓာတ်ဗူးနှင့် မချတော့ဘဲ အိုးနဲ့တည်ထားပြီး ကိုယ်တိုင်ယူ စနစ် ဖြစ်ကုန်သည် ။ လက်ဖက်ရည်ဆိုင် ပုံမှန်ထိုင်တတ်သူက ရေနွေးကြမ်း ထယူရမှာ မပျင်း ။ လက်ဖက်ရည် သောက်တိုင်း ရေ‌နွေးကြမ်းက မပါမဖြစ် ။ 


မှတ်မှတ်ရရ Season လို ရေနွေးကြမ်း အလကား မရဘဲ တစ်အိုးငါးရာ ပေးရသော Bakery ဆိုင်မှာ နွေခေါင်ခေါင် အဲယားကွန်းရှိသဖြင့် ရေနွေး ငါးအိုး ကုန်အောင် သူငယ်ချင်းနှစ်ယောက် မှာသောက်ဖူးသည် ။ 


ခုထိတော့ ရေနွေးကြမ်း သီးသန့်ရောင်းသော ဆိုင်မရှိ ။ နောင်လည်း ရှိလာမည် မထင် ။ 


ခု ရန်ကုန်မြို့ စက်ဘီးနှင့်ပတ်သွားရင်း ကြုံရင် ကြုံသလို ထိုင်ဖြစ်သောဆိုင်ဟာ တာမွေက မော်ဒန် ။ လက်ဖက်ရည်ကောင်းလှသည်ထက် ရေနွေးကြမ်းကို ဒန်ခရားနှင့် ချပေးတာ သဘောကျသဖြင့် ထိုင်မိနေခြင်း ဖြစ်သည် ။ မော်ဒန်မှာ ထိုင်လျှင် လက်ဖက်ရည်တစ်ခွက် ကို ရေ‌နွေးကြမ်း တစ်အိုး ကုန်သည် ။ သေချာပြန်စဉ်းစားတော့ မော်ဒန်ကို ထိုင်ဖြစ်ခြင်းသည် ရေ‌နွေးကြမ်းကြောင့် ။ မော်ဒန်သာ ပုံစံပြောင်း ရေနွေးဘူဖေး ဆိုလျှင်တော့ လမ်းမကြုံတကြုံမှာ တစ်ကူးတစ်က ထိုင်မနေတော့ ။ 


တစ်လောက ကိုးမိုင်ဘက် ချောင်ကြိုချောင်ကြားထဲ ရေနွေးကြမ်း ဒန်ခရား နှင့် ချထားတာ တွေ့လို့ ဝင်ထိုင်ဖြစ်‌သေးသည် ။ ထိုဆိုင် လက်ဖက်ရည် အရသာ မသိ ။ သို့သော် ရေနွေးကြမ်း ခရား မြင်လို့ ဝင်ထိုင်မိချင်းသာ ။ 


အချို့ဆိုင်ကြီးတွေ ဥပမာ ၄၆ လမ်း အပေါ်လမ်းက Orient လို ဆိုင်မျိုးပေါ့ ။ ရေနွေးခွက်ကို လာထိုင်မှ ချပေးသည် ။ တစ်ယောက်ထိုင်တစ်ခွက် နှစ်ယောက်ထိုင် နှစ်ခွက်ပေါ့။ ရေ‌နွေးခွက်ကို ဆေးပြီး ‌ရေနွေးစိမ်ထားသည် ။ ရေနွေးဓာတ်ဗူး ချပေးသည် ။ မားဆိုး တို့ မင်းခိုင်မြဲ တို့နှင့် စကားကောင်းစဉ်က ရေ‌နွေး သုံးလေးခါ ထည့်ခိုင်းဖူးသည် ။ 


တစ်သက်လုံး လက်ဖက်ရည်ဆိုင်ထိုင်တိုင်း ရေ‌နွေး အဆင်သင့် ရှိနေတော့ မရှိတဲ့ တစ်ခါ မှ ရေနွေး အရေးပါပုံ ပြောမိတာ ပလီတယ်လို့ ထင်မိလား မိတ်ဆွေ ။ ပလီတယ် ထင်ရင်တော့ လက်ဖက်ရည်လည်း အရမ်းကောင်း စားဖွယ်သောက်ဖွယ် စုံလင်စွာ နဲ့ ဒီဆိုင်တွေ ရေနွေးကြမ်း လုံးဝ မရပါ ဆိုပြီး ဆိုင်ဖွင့်ကြည့်လိုက်ပါ။ 


ရေနွေးကြမ်း ဆိုတာ လက်ဖက်ရည် ဆိုင်စစ်စစ် မဟုတ်တောင် လက်ဖက်ရည် ရသော ဆိုင်မှာ မရှိမဖြစ် ဇာတ်ပို့ ပဲ ။ လက်ဖက်ရည် တစ်ခွက်သောက်ပါ ။ ဆေးလိပ်ဖွာပါ ။ ရေ‌နွေးကြမ်းလေး လည်း တစ်ငုံလောက် သောက်ပါ ။ ဒါဟာ လက်ဖက်ရည်ဆိုင် ရဲ့ အရသာ ။ 


ကိုဇေ

07122022 @ 10:51PM


(ဒီစာ ရေးချင်ဝာာက လွန်ခဲ့တဲ့ နှစ်ရက်လောက်ကတည်းက ၊ ရေ‌နွေးကြမ်း မရလို့ ဖီးငုတ်နေတုန်း တွေးမိတာ ။ ရေးဖြစ်တာက ကိုလွန်းဆက်နိုးမြတ် ကျေးဇူး ။ စာရေးဖို့ မိုတီပေးသွားတာ ။ ဖုန်းနဲ့ပဲ စာရိုက်ရင်း Typing Error ကို သတိထားပြီး ရေးဖြစ်လိုက်တယ် ။ ရေးချင်ဝာာတွေ အများကြီး ။ အပျင်းကြီးတယ်ပဲ ဆိုပါတော့ ။ ခုတော့ ကိုလွန်းဆက်နိုးမြတ် ကို လက်ဖက်ရည်တိုက်တာရော (သူကတော့ ရေနွေးကြမ်း တစ်ခွက်ပဲသောက် ၊ ကိုယ်သာ တော်တော်သောက်ခဲ့တာ) စာပြန်ရေးဖို့ တိုက်တွန်းတာရောကြောင့် ကျေးဇူးအထူးပါ)