Wednesday, December 7, 2022

ရေနွေးကြမ်း သို့မဟုတ် လက်ဖက်ရည်ဆိုင် ရဲ့ မရှိမဖြစ် ဇာတ်ပို့


လွန်ခဲ့တဲ့ နှစ်ရက်လောက်က လက်ဖက်ရည်အရမ်း မကောင်းလည်း ထိုင်နေကြ လက်ဖက်ရည်ဆိုင် တစ်ဆိုင် လူရှင်းတုန်း ထိုင်ဖြစ်သည် ။ လက်ဖက်ရည် လာချပြီး ရေ‌နွေးကြမ်း ချမပေး ။ ‌ရေနွေးကြမ်းတောင်းတော့ ကုန်နေလို့ ထပ်ကြိုထားရလို့ ခဏစောင့်ပါတဲ့ ။ စောင့်ရတဲ့ ဆယ့်ငါးမိနစ်လောက်မှာ လက်ဖက်ရည် တစ်ငုံ နှစ်ခါသောက် ဆေးပေါလိပ်ထိုင်ဖွာနေလည်း အရသာ မရှိလှ ။ နောက်ဆုံး ရေနွေးကြမ်းရောက်လာမှ အာသာပြေတော့သည် ။ 


ဆိုင်မှာ ထိုင်နေရင်း အတွေးတွေက ဟိုး လက်ဖက်ရည်ဆိုင် စထိုင်တတ်စ ၆ တန်းကျောင်းသားဘဝ ၁၉၉၃ မှသည် ပစ္စုပ္ပန်အထိ အဆင့်ဆင့်တွေးမိသည် ။ တွေးမိတဲ့အထဲ အဓိက က ရေနွေးကြမ်းမရှိရင် လက်ဖက်ရည်ဆိုင်ဆိုတာ မရှိ ။ ဟိုးရှေးရှေး သစ်သားထိုင်ခုံကလေးတွေနဲ့ သီချင်းဖွင့်သော ဆိုင်တွေက အစ ယနေ့ စားချင်ရာ အစုံရသော စားဖွယ်ဆုံ ဆိုင်ကြီးများအထိ ။ 


ကျနော်ကိုယ်တိုင်က လက်ဖက်ရည် ကြိုက်တယ် ဆိုရင်တောင် ကော်ဖီကို ချစ်သူ ။ ဒါပေမဲ့ ကော်ဖီကို အိမ်မှာပဲ ဖျော်သောက် လက်ဖက်ရည်ဆို ပါဆယ်တောင် မသောက်ချင်သူ ။ ရေ‌နွေးကြမ်းဆို အိမ်မှာ လုံးဝမသောက်သူ ဆိုတာထက်ပိုပြီး လက်ဖက်ခြောက်ပင် အိမ်မှာ မရှိသူ ။ ရန်ဖန်ရန်ခါ လက်ဖက်ခြောက် လက်ဆောင်ရရင်တောင် သူများပြန်ပေးချင်ပေး မပေးလျှင် အိမ်မှာ Expire ဖြစ်သွားသူ ။ လက်ဖက်ရည် ကြိုက်ခြင်းထက် လက်ဖက်ရည်ဆိုင် ထိုင်ရတာ နှစ်သက်သူ ။ 


ကလေးဘဝ လက်ဖက်ရည်ဆိုင်တွေ ထိုင်တုန်းက သီချင်းဖွင့်သည် ။ ရင်နှီးသော ဆိုင်များတွင် နားထောင်ချင်သော ကက်ဆက်ခွေ ယူသွားသည် ။ ဒါမှမဟုတ် ကိုယ်ကြိုက်နှစ်သက်သော သီချင်းဖွင့်သော ဆိုင်များတွင် သွားထိုင်သည် ။ လက်ဖက်ရည်တစ်ခွက် ဆေးလိပ်သုံးလေးလိပ် ဖြင့် နာရီအနည်းငယ် ထိုင်ဖြစ်ခဲ့သော ဆိုင်များတွင် ရေ‌နွေးအိုး ခနခန တောင်းခဲ့ပေမဲ့ ရေနွေးကြမ်း အရေးပါပုံ သတိမထားမိခဲ့ ။ 


အရက်မသောက်ဖြစ်သော နှစ် လ အချို့ ၊ ဆေးလိပ် မသောက် ဖြစ်သော နှစ် လ အချို့ ရှိခဲ့ဖူးသည် ။ တစ်ပတ်မှာ လက်ဖက်ရည်ဆိုင် တစ်ရက် မထိုင်ဖြစ်သော အခါ မရှိခဲ့ ။ လက်ဖက်ရည်ကြီးသောက်ဖြစ်လည်း ရေနွေးကြမ်း တစ်ခွက် အနဲဆုံး သောက်ဖြစ်ခဲ့တာပဲ ။ ရေနွေးကြမ်း အရေးပါပုံ မေ့လျော့ခဲ့သည် ။ 


ခေတ်တွေအပြောင်း လက်ဖက်ရည်ဆိုင်တွေ ကက်ဆက်မဖွင့်တော့ ၊ ကက်ဆက်နေရာ တီဗီများစလောင်းများ အစားထိုးလာသည် ။ လက်ဖက်ရည်ဆိုင်သည် ဘောပွဲကြည့်စရာ နေရာတစ်ခု ဖြစ်ခဲ့သေးသည် ။ ညလုံးပေါက်ဖွင့်သော လက်ဖက်ရည်ဆိုင်များမှာ ချန်ပီယံလိဂ် ကို ဘောလုံးပွဲမစခင် တစ်နာရီလောက် ကြိုဦးပြီး အိပ်ရေးပျက်ခံ ကြည့်ခဲ့ဖူးသည် ။ ဘောလုံးပွဲစချိန် ဆို လက်ဖက်ရည်က ကုန်ပြီ ။ သောက်စရာက ရေနွေကြမ်းပဲ ရှိတော့သည် ။ ရေနွေးကြမ်းသောက်ရင်း ဘောလုံးပွဲ ကြည့်ခဲ့ရသော နေ့ရက်များမှာ ရေနွေးကြမ်း ဟာ လက်ဖက်ရည်ဆိုင်မှာ အရေးပါလားဆိုတာ မစဉ်းစားခဲ့မိ ။ 


ခေတ်တွေ ပြောင်းလာတာနဲ့ အညီ လက်ဖက်ရည် နှင့် စားဖွယ်ဆုံ ဆိုသော ဆိုင်များ တော်တော်ပေါ်လာသည် ။ နာမည်တူ ဆိုင်ခွဲများပေါ့ ။ တစ်ချိန်က လက်ဖက်ရည် အဓိက ရောင်းသော ဆိုင်များခေတ်အခြေအနေအရ ပျောက်ကုန်သည် ။ ထိုဆိုင်ကြီး မျိုးတွင်လည်း လက်ဖက်ရည်အရသာ ကြည့်ပြီးမှ အခြားအစားအစာ လာစားသော သူ တစ်လိုင်းရှိသည် ။ အစားအစာ တစ်ခု မရ၍ ဘာမှ မဖြစ် ။ လက်ဖက်ရည်တော့ ရ မှကို ဖြစ်သည်။ လက်ဖက်ရည်နှင့်အတူ ရေနွေးကြမ်းကလည်း အမြဲရှိသည် ။ 


နောက်ပိုင်း ဘယ်ဆိုင်က စခဲ့သည် မသိ ။ ရေ‌‌နွေးကြမ်းကို ဓာတ်ဗူးနှင့် မချတော့ဘဲ အိုးနဲ့တည်ထားပြီး ကိုယ်တိုင်ယူ စနစ် ဖြစ်ကုန်သည် ။ လက်ဖက်ရည်ဆိုင် ပုံမှန်ထိုင်တတ်သူက ရေနွေးကြမ်း ထယူရမှာ မပျင်း ။ လက်ဖက်ရည် သောက်တိုင်း ရေ‌နွေးကြမ်းက မပါမဖြစ် ။ 


မှတ်မှတ်ရရ Season လို ရေနွေးကြမ်း အလကား မရဘဲ တစ်အိုးငါးရာ ပေးရသော Bakery ဆိုင်မှာ နွေခေါင်ခေါင် အဲယားကွန်းရှိသဖြင့် ရေနွေး ငါးအိုး ကုန်အောင် သူငယ်ချင်းနှစ်ယောက် မှာသောက်ဖူးသည် ။ 


ခုထိတော့ ရေနွေးကြမ်း သီးသန့်ရောင်းသော ဆိုင်မရှိ ။ နောင်လည်း ရှိလာမည် မထင် ။ 


ခု ရန်ကုန်မြို့ စက်ဘီးနှင့်ပတ်သွားရင်း ကြုံရင် ကြုံသလို ထိုင်ဖြစ်သောဆိုင်ဟာ တာမွေက မော်ဒန် ။ လက်ဖက်ရည်ကောင်းလှသည်ထက် ရေနွေးကြမ်းကို ဒန်ခရားနှင့် ချပေးတာ သဘောကျသဖြင့် ထိုင်မိနေခြင်း ဖြစ်သည် ။ မော်ဒန်မှာ ထိုင်လျှင် လက်ဖက်ရည်တစ်ခွက် ကို ရေ‌နွေးကြမ်း တစ်အိုး ကုန်သည် ။ သေချာပြန်စဉ်းစားတော့ မော်ဒန်ကို ထိုင်ဖြစ်ခြင်းသည် ရေ‌နွေးကြမ်းကြောင့် ။ မော်ဒန်သာ ပုံစံပြောင်း ရေနွေးဘူဖေး ဆိုလျှင်တော့ လမ်းမကြုံတကြုံမှာ တစ်ကူးတစ်က ထိုင်မနေတော့ ။ 


တစ်လောက ကိုးမိုင်ဘက် ချောင်ကြိုချောင်ကြားထဲ ရေနွေးကြမ်း ဒန်ခရား နှင့် ချထားတာ တွေ့လို့ ဝင်ထိုင်ဖြစ်‌သေးသည် ။ ထိုဆိုင် လက်ဖက်ရည် အရသာ မသိ ။ သို့သော် ရေနွေးကြမ်း ခရား မြင်လို့ ဝင်ထိုင်မိချင်းသာ ။ 


အချို့ဆိုင်ကြီးတွေ ဥပမာ ၄၆ လမ်း အပေါ်လမ်းက Orient လို ဆိုင်မျိုးပေါ့ ။ ရေနွေးခွက်ကို လာထိုင်မှ ချပေးသည် ။ တစ်ယောက်ထိုင်တစ်ခွက် နှစ်ယောက်ထိုင် နှစ်ခွက်ပေါ့။ ရေ‌နွေးခွက်ကို ဆေးပြီး ‌ရေနွေးစိမ်ထားသည် ။ ရေနွေးဓာတ်ဗူး ချပေးသည် ။ မားဆိုး တို့ မင်းခိုင်မြဲ တို့နှင့် စကားကောင်းစဉ်က ရေ‌နွေး သုံးလေးခါ ထည့်ခိုင်းဖူးသည် ။ 


တစ်သက်လုံး လက်ဖက်ရည်ဆိုင်ထိုင်တိုင်း ရေ‌နွေး အဆင်သင့် ရှိနေတော့ မရှိတဲ့ တစ်ခါ မှ ရေနွေး အရေးပါပုံ ပြောမိတာ ပလီတယ်လို့ ထင်မိလား မိတ်ဆွေ ။ ပလီတယ် ထင်ရင်တော့ လက်ဖက်ရည်လည်း အရမ်းကောင်း စားဖွယ်သောက်ဖွယ် စုံလင်စွာ နဲ့ ဒီဆိုင်တွေ ရေနွေးကြမ်း လုံးဝ မရပါ ဆိုပြီး ဆိုင်ဖွင့်ကြည့်လိုက်ပါ။ 


ရေနွေးကြမ်း ဆိုတာ လက်ဖက်ရည် ဆိုင်စစ်စစ် မဟုတ်တောင် လက်ဖက်ရည် ရသော ဆိုင်မှာ မရှိမဖြစ် ဇာတ်ပို့ ပဲ ။ လက်ဖက်ရည် တစ်ခွက်သောက်ပါ ။ ဆေးလိပ်ဖွာပါ ။ ရေ‌နွေးကြမ်းလေး လည်း တစ်ငုံလောက် သောက်ပါ ။ ဒါဟာ လက်ဖက်ရည်ဆိုင် ရဲ့ အရသာ ။ 


ကိုဇေ

07122022 @ 10:51PM


(ဒီစာ ရေးချင်ဝာာက လွန်ခဲ့တဲ့ နှစ်ရက်လောက်ကတည်းက ၊ ရေ‌နွေးကြမ်း မရလို့ ဖီးငုတ်နေတုန်း တွေးမိတာ ။ ရေးဖြစ်တာက ကိုလွန်းဆက်နိုးမြတ် ကျေးဇူး ။ စာရေးဖို့ မိုတီပေးသွားတာ ။ ဖုန်းနဲ့ပဲ စာရိုက်ရင်း Typing Error ကို သတိထားပြီး ရေးဖြစ်လိုက်တယ် ။ ရေးချင်ဝာာတွေ အများကြီး ။ အပျင်းကြီးတယ်ပဲ ဆိုပါတော့ ။ ခုတော့ ကိုလွန်းဆက်နိုးမြတ် ကို လက်ဖက်ရည်တိုက်တာရော (သူကတော့ ရေနွေးကြမ်း တစ်ခွက်ပဲသောက် ၊ ကိုယ်သာ တော်တော်သောက်ခဲ့တာ) စာပြန်ရေးဖို့ တိုက်တွန်းတာရောကြောင့် ကျေးဇူးအထူးပါ)

Monday, May 17, 2021

CDM လှုပ်ရှားသူတစ်ယောက်ရဲ့ တော်လှန်ရေး မှတ်စု



ဘဝ မှာ အစိုးရ ဝန်ထမ်း အလုပ်က အထုတ်ခံရလို့ ဂုဏ်ယူရလိမ့်မယ် လို့ ကျမ တစ်ခါမှ တွေးမထားခဲ့ဘူး။ အထူးသဖြင့် ဖေဖော်ဝါရီ ၁ ရက်နေ့ မတိုင်ခင်ကဆို အလုပ်ကြိုးစားဖို့ ၊ ရာထူးတိုးစာမေးပွဲဖြေဖို့ အတွက်ပဲ အာရုံစိုက်ထားခဲ့တာ။ အလုပ်ထုတ်ခံရဖို့ နေနေသာသာ ကိုယ့်ဘာသာ အလုပ်ထွက်ဖို့ဆိုတာတောင် ဝေလာဝေး။ ဒီနေ့တော့ အလုပ်က အထုတ်ခံလိုက်ရပြီ။ ကျမ ချစ်တဲ့သူတွေကတော့ ဝိုင်းဂုဏ်ပြုကြတယ်။ ကျမလည်း မှန်တဲ့လမ်းကို အဆုံးထိညလျှောက်ခဲ့မိတဲ့အတွက် ကျမကို ကျမ ဂုဏ်ယူမိတယ်။


ကျမဘဝအကြောင်း ပြောပြရရင်တော့ အညာမြို့လေး တစ်မြို့မှာ နအဖ စစ်အာဏာရှင်အောက် မွေးပေမဲ့ ကျမ အရွယ်ရောက်လာတဲ့အထိ တစ်လျှောက်လုံးမှာ စစ်အာဏာရှင်တွေရဲ့ ဆိုးရွားရက်စက်တာကို ကိုယ်တိုင်မကြုံလိုက်ရတဲ့ မျိုးဆက်ထဲပါတယ်။ အလုပ်ဝင်တဲ့ အရွယ်ရောက်တော့ NLD အစိုးရ လက်ထက်ဖြစ်နေပြီ။ သာမာန်ကြီးပြင်းလာမှုကြောင့်ရော မိဘတွေရဲ့ ရိုးရိုးအေးအေး နေချင်တာရောကြောင့်မှာ အစိုးရ ဘဏ်တစ်ခုက ဝန်ထမ်းဘဝ ကို ရွေးချယ်ခဲ့တယ်။ 


NLD အစိုးရသက်တမ်းမှာ ဝန်ထမ်းတွေရဲ့ လူနေမှု အဆင့်အတန်း မြင့်လာသလို ဝန်ထမ်းဘဝ ကို ရွေးချယ်မိတဲ့ အတွက်လည်း ပျော်မိတယ်။ စိတ်ကူးထဲ ရာထူးတွေ တစ်ဆင့်ချင်း တိုးတိုးသွားလို့ ပင်စင်ယူတဲ့ အထိ ဝန်ထမ်းပဲ လုပ်သွားတော့မယ်လို့ ဆုံးဖြတ်ထားခဲ့တယ်။ ဒါပေမဲ့ ဖေဖော်ဝါရီ ၁ရက် နေ့ စစ်အာဏာသိမ်းမှုအောက်မှာ အားလုံးဟာ အငွေ့ပျံပျောက်ကွယ်။ 


Civil Disobedience Movement ဆိုတဲ့ လူထုအာဏာဖီဆန်မှု (CDM) ဆိုတာ အရင်က ကျမ တစ်ခါမှ မကြားခဲ့ဖူးဘူး။ ရုံးမတက်နဲ့ ရုန်းထွက်ဆိုတဲ့ ဝန်ထမ်းတွေရဲ့ CDM လှုပ်ရှားမှုမှာ ဘာနိုင်ငံရေးမှ သိပ်နားမလည်ပေမဲ့ အာဏာရှင်စနစ်ကို လက်မခံနိုင်တဲ့ ကျမ ပါဝင်ခဲ့တယ်။ ကျမနေတာက ဝန်ထမ်းတွေကို အစိုးရက ပေးထားတဲ့ အဆောင်မှာ။ ပထမ ရက်တွေကတော့ ည ၈နာရီ ဆို အဆောင်တစ်ခုလုံး သံပုံးသံတွေ ညံလို့ပေါ့။ 


အာဏာသိမ်းတာ ရှစ်ရက်မြောက်နေ့မှာတော့ ကျမအပါအဝင် တစ်ဆောင်လုံးနီးပါး စစ်တပ်အဆက်အနွယ်တွေက လွဲလို့ CDM လှုပ်ရှားမှုမှာ စတင်ပါဝင်ခဲ့တယ်။ မနက်ဆို ယူနီဖောင်းဝတ် ပြီး ကျမတို့ အစိုးရဘဏ်ရှေ့မှာ ကြွေးကြော်သံဆိုင်းပုဒ်တွေ နဲ့ ဓာတ်ပုံရိုက်တယ်။ တစ်နိုင်ငံလုံးလည်း နွေဦးတော်လှန်ရေး ခေါင်းစဥ်အောက်မှာ သပိတ်တွေ ထွက်နေကြပြီ။ အဲ့ရက်တွေတုန်းက တော်လှန်ရေးဟာ အရမ်းလွယ်ကူနေတယ် လို့ ကျမထင်မိခဲ့တယ်။ ဝန်ထမ်းတွေကို ရုံးပြန်တက်ဖို့ ပြောတာ ရှိပေမဲ့ အရမ်း ဖိအားပေးတာ မရှိသေးဘူးကို။


တစ်ဖြည်းဖြည်း နဲ့ ဖိအားတွေ ဆိုးလာတယ်။ ဖမ်းတာ စီးတာတွေ ရှိလာတယ်။ အချို့လည်း Non CDM ပြန်လုပ်သွားတယ်။ ဒီလိုနဲ့ အဆောင်မှာ ဆက်နေလို့ မဖြစ်တော့ဘူး လို့ သိလိုက်တဲ့အခါ CDM သမားတွေကို ကူညီနေတဲ့ အစ်မတစ်ယောက် စီစဥ်ပေးမှုကတစ်ဆင့် သူစီစဥ်ပေးတဲ့ ဘေးကင်းလုံခြုံတဲ့ အိမ်တစ်အိမ်မှာ ပြောင်းနေဖို့ ဖြစ်လာတယ်။ 


ကျမ အဝတ်အစားအနဲငယ်က လွဲ ဘာမှ ယူမသွားနိုင်ဘူး။ အထူးသဖြင့် ကျမချစ်တဲ့ စာအုပ်တွေကိုပေါ့။ အဲဒီစာအုပ်တွေ ဖတ်လို့ပဲ ကျမဘဝမှာ အမှားနဲ့ အမှန်၊ ဓမ္မ နဲ့ အဓမ္မ ကို ခွဲခြားနိုင်ခဲ့တာလေ။ " အားလုံးကို ပြန်လာယူမှာပါ ၊ ဘာမှ မလုပ်ပါနဲ့ " ဆိုတဲ့ စာလေးရေး စာအုပ်တွေပေါ် တင်ထားခဲ့ပြီး ကျမ ရဲ့ ဒုတိယ အိမ်လေးကို ကျမ စွန့်ခွာခဲ့ရတယ်။ 


အစ်မ စီစဥ်ပေးတဲ့ အိမ်လေးမှာ အဆောင်က လုပ်ဖော်ကိုင်ဖက်တွေနဲ့ အတူ ပုန်းနေရတာပေါ့။ တစ်ခါတစ်လေ ငါဘာမှ မလုပ်နိုင်တော့ပါလား လို့ တွေးမိတဲ့ အခါလည်း ရှိခဲ့တယ်။ သပိတ်ထဲမှာ အမြဲတက်ကြွနေတဲ့ ကျမသူကတော့ အားပေးပါတယ်။ CDM က အစိုးရ ယန္တယားလည်ပတ်မရအောင် လုပ်နိုင်တာတဲ့။ သူတို့ သပိတ်မှောက် ဆန္ဒပြနေတာက CDM တွေအတွက် ရှေ့တန်းက ခံပေးနေတာတဲ့။ ဒီလိုနဲ့ အားတွေ ပြန်တက်ခဲ့ရတယ်။ 


ရက်တွေကြာလာတဲ့ အခါ သပိတ်တွေလည်း ဖြိုခွဲခံရသလို ကျမတို့လည်း နေတဲ့နေရာ မလုံခြုံလို့ နောက်တစ်နေရာ ပြောင်းခဲ့ရပြန်တယ်။ အချို့ကတော့ Non CDM ပြန်ဖြစ်သွားပြီး ရုံးပြန်သွားကြတယ်။ ကျမ နဲ့ သူငယ်ချင်း သုံးယောက်ကတော့ အဆုံးထိ တိုက်မယ် ဆိုပြီး ဆုံးဖြတ်ချက် ခိုင်ခိုင်မာမာ ချပြီးသား။ 


တစ်ဖက်မှာလည်း အရမ်းရင်းရင်းနှီးနှီး ချစ်ခင်လေးစားရတဲ့သူတွေ နဲ့ ဆက်ဆံရေးတွေ ပျက်စီးခဲ့ရတယ်။ ဓမ္မ နဲ့ အဓမ္မ ကြားမှာ ကြားနေလို့မှ မရတာ။ အမှန်တရားဘက် မရပ်နိုင်တဲ့ သူတွေကို ဘယ်လိုမှ ပေါင်းလို့သင်းလို့ မရတော့ဘူး။ အပြစ်မဲ့ ပြည်သူတွေ အသတ်ခံရတာမှာ ရုံးတက်နေတဲ့ သူတွေဟာ အသံတိတ်နေတဲ့ လူသတ်သမားတွေပဲ။ သူတို့ကို စက်ဆုတ်ရွှံရှာတဲ့ အထိ ဖြစ်မိတယ်။ ကျမ အပေါ်အရမ်းကောင်းတဲ့ ငယ်သူငယ်ချင်းကိုတောင် အမှန်တရားဘက် မရပ်တည်တော့တဲ့အခါ ကျမ ပြတ်ပြတ်သားသားပဲ အဆက်ဖြတ်ပစ်လိုက်တယ်။ 


သင်္ကြန်အပြီးမှာ အဆောင်က CDM တူတူလုပ်တဲ့သူတွေထဲ ကျမတို့ လေးယောက်ပဲ ကျန်ခဲ့တယ်။ သုံးယောက်က အဝေးနယ်ကို ပြန်သွားကြတဲ့အခါ ကျမတစ်ယောက်တည်း ကျန်လို့ နေရာ ထပ်ပြောင်းခဲ့ရတယ်။ ချော့တစ်လှည့် ခြောက်တစ်လှည့်နဲ့ ကျမဆီ ဖုန်းဆက်လိုက် စာတိုတွေ ပို့လိုက် စည်းရုံးနေကြလို့ ကျမ ဖုန်းsim card တောင်လဲကိုင်ခဲ့ရတယ်။ ရုံးပြန်တက်နေတဲ့ တစ်ယောက်ဆို ရာထူးတိုးစာမေးပွဲ ဖြေဖို့ ကျမနေခဲ့တဲ့ အခန်း စာလာကျက်ချင်တယ်တောင် ပြောသေး။ ဘယ်လောက် မုန်းဖို့ကောင်းလိုက်သလဲ။ အပြစ်မရှိတဲ့ ကလေးတွေတောင် ပစ်သတ်ခံနေရတဲ့ အချိန်မှာ ဘယ်လိုနှလုံးသားမျိုးနဲ့ အတ္တကြီးကြတာလဲ။ 


ကျမ အိမ်ပြန်လို့လည်း မရဘူး။ လုံခြုံတဲ့နေရာမှာနေရင်း တစ်ခါတစ်လေ စိတ်အားငယ်မိပေမဲ့ အလျှော့မပေးဖို့ သံဓိဌာန် ခိုင်ခိုင်မာမာ ချပြီးသားလေ။ ဝန်ထမ်းတွေကို အလုပ်က ယာယီရပ်ဆိုင်းတဲ့ စာတွေ ထွက်လာတော့ အခြားနယ်ပယ်က အထုတ်ခံရတဲ့ သူငယ်ချင်းတွေ အတွက် ဂုဏ်ယူရတယ် ။ အရင်က ဖာသိဖာသာ နေပေမဲ့ သူတို့နဲ့ ရင်ဘတ်ချင်း နီးသလို ခံစားလိုက်ရတယ်။ 


ကြားထဲ တစ်ဌာနထဲ တူတူလုပ်တဲ့ အစ်မ က သူ့ဇာတိ ကလေးမြို့ ပြန်သွားတာ ကနေ အိန္ဒိယဘက်ထွက်ပြေးလိုက်ရတယ်တဲ့။ သူ့မှာ ကိုယ်ဝန်ကြီးနဲ့။ ဝမ်းနည်းဒေါသတွေဟာ ငိုရုံပဲ ကျမ တတ်နိုင်ခဲ့တယ်။ 


နောက်ဆုံးတော့ အလုပ်ထုတ်စာဟာ ကျမဆီ ရောက်ရှိလာခဲ့ပြီလေ။ ဝမ်းသာလိုက်တာဆိုတာ။ ခုတော့ ကျမ အိမ် ကျမ ပြန်လို့ရပြီထင်ပါ့။ ကျမ မိဘတွေကလည်း ကျမ ကို ဂုဏ်ယူစွာ ကြိုဆိုနေမှာပါ။ ဒါပေမဲ့ ကျမချစ်တဲ့ အစ်ကိုကတော့ အိမ်မှာ ရှိမနေဘူး။ သူက ဝရန်းပြေး ဖြစ်နေရတယ်။ အဆောင်က ပစ္စည်းအချို့ နဲ့ ကျမ မြတ်နိုးတဲ့ စာအုပ်တွေတော့ သွားယူဖို့ မစဥ်းစားရသေးဘူး။ 


ကျမ CDM အောင်မြင်ခဲ့တယ်။ အဆုံးထိ တိုက်ခဲ့တယ်။ ဒါပေမဲ့ တိုက်ပွဲဟာ မပြီးသေးဘူး။ ကျမ တတ်နိုင်တဲ့ အပိုင်းက ကျမ ဆက်တိုက်မယ်။ အနည်းဆုံး စစ်တပ်နဲ့ပတ်သက်တဲ့ စီးပွားရေးတွေ အားမပေးဘူး။ ဘာအခွန်မှ မဆောင်ဘူး။ ဒါလည်း CDM ဆက်လုပ်တာပဲလေ။ 


မဝေးတော့တဲ့ အနာဂတ်မှာ ကျမတို့ နိုင်မှာပါ။ နိုင်မယ်လို့လည်း ယုံကြည်တယ် ။ နိုင်ကို နိုင်ရမယ်။


လောလောဆယ် အလုပ်မရှိ ဝင်ငွေမရှိတဲ့ ကျမ ကိုယ့် အနာဂတ် ကို ကိုယ် မစဥ်းစားနိုင်သေးဘူး။ စစ်အာဏာရှင်တွေ ပြုတ်ကျလို့ ဝန်ထမ်း ပြန်ဖြစ်ရင်တောင် ခု ရုံးတက်နေတဲ့ လူတွေ ရုံးမှာ ရှိနေသေးရင် ကျမ အလုပ်ပြန်လုပ်မှာ မဟုတ်ဘူး။ အသံတိတ် လူသတ်ကောင်တွေကို အရင်က ချစ်ခဲ့ လေးစားခဲ့တာ ဘာမှ မရှိတော့ဘဲ သူတို့နဲ့ မျက်နှာခြင်း မဆိုင်ချင်လောက်အောင် ဖြစ်နေပြီ။


ခုတော့ ပျောက်ကြားသပိတ်တွေ လိုက်နေတဲ့ ကျမသူ ကို ကျမ စာမေးပွဲအောင်တဲ့ အကြောင်း ပြောပြလိုက်ပါဦးမယ်။ သူလည်း တော်တော် ဝမ်းသာသွားမှာပေါ့။


( နေရာတစ်ခုရဖို့ အရမ်းကြိုးစားခဲ့ပြီးမှ အဆုံးထိ CDM လုပ်ကာ အလုပ်မှ ထုတ်ပယ်ခြင်းခံရသူ နယ်ပယ်အသီးသီးမှ ဝန်ထမ်းများအား လေးစားစွာ ဦးညွှတ်လျက်) 


- ကိုဇေ

၁၇၀၅၂၀၂၁





















Monday, April 6, 2020

ကျနော် ရောက်ဖူးတဲ့ ရုပ်ရှင်ရုံများ



ဘဝမှာ ရုပ်ရှင်ရုံသွားပြီး ရုပ်ရှင်များများစားစား မကြည့်ခဲ့ဖူးဘူး။ အဲဒီတော့ ရောက်ဖူးတဲ့ ရုပ်ရှင်ရုံတွေမှာ ကြည့်ဖူးတဲ့ ရုပ်ရှင်ကားတွေက မှတ်မိနေတယ်။ လက်ချိုးရေလို့ ရခဲ့တာကို။

            ရုပ်ရှင်ရုံတွေဆီ မသွားခင် အရင်ဆုံး ကလေးဘဝ ရပ်ကွက်ထဲက ဗွီဒီယိုရုံလေးကို အရင်ဆုံး အမှတ်ရမိတယ်။ ပိုင်ရှင်က ငယ်သူငယ်ချင်းတစ်ယောက် မိဘတွေ။ ကျနော့ကို ဘယ်တော့မှ ပိုက်ဆံမယူဘူး။ တစ်နေ့ကို သုံးပွဲပြတယ်။ နေ့လည်ပွဲက ဗမာကား၊ ရပ်ကွက်ထဲက မိန်းမကြီးတွေများတယ်။ ညနေ ခြောက်နာရီက အက်ရှင်ကားတွေပြတယ်၊ ကျနော်တို့ ကလေးတွေများတယ်ပေါ့။ အဲ ည ရှစ်နာရီပြတဲ့ ကားကတော့ ကိုကိုကာလသားတွေ အတွက်ပေါ့။ ကျနော့်သူငယ်ချင်း အစ်ကိုရဲ့ သူငယ်ချင်းတွေ ကြည့်ကြတာပေါ့။ ကျနော်တို့ ကလေးတွေကို အထဲပေးမဝင်ဘူး။ ကျနော့် သူငယ်ချင်း အပေါက်မှာ စောင့်ပိုက်ဆံကောက်တဲ့ အခါမျိုးကြုံရင် ကျနော်တို့ကို ရုံထဲ ပေးသွင်းတယ်။ အာ့တုန်းက ကလေးမို့ ဘာမှ နားမလည်ပါဘူး။ နိုင်ငံခြားမှာ အိပ်ယာဝင်ရင် မင်းသား မင်းသမီး ဘာလို့ အဝတ်တွေ ချွတ်ကြသလဲပေါ့။ အိုက်လို့လား ဘာလား တွေးမိခဲ့သေး…။

            ရုပ်ရှင်ရုံတွေဆီ အသွားအများဆုံးက အလယ်တန်း ကျောင်းသားဘဝမှာပဲ။ တစ်နှစ်တစ်ခါလောက်တော့ ရောက်လို့ အများဆုံးလို့ပြောရတာ။ မူလတန်းတုန်းက ရုပ်ရှင်ရုံမရောက်ဖူးခဲ့ဘူးလေ။ ပထမဆုံး ရောက်ဖြစ်တဲ့ အခေါက်က ဝီဇယရုံပေါ့။ ဗားဂရာလမ်း နဲ့ ဦးဝိစာရလမ်း ထောင့်က ခုတော့ ဝီဇယကွန်ဒိုနေရာပေါ့။ မိသားစု နဲ့ရောက်ဖြစ်တာ။ အာ့တုန်းက ကြည့်တဲ့ကားက Mom ဆိုတဲ့ကုလားကား။ မင်းသမီးက အသတ်ခံရပြီး ကျန်ခဲ့တဲ့ သူ့ကလေးကို ဝိဉာဏ်ဘဝကနေ လိုက်စောင့်လျှောက်တာ။

            နောက်တစ်ခေါက်ရောက်တာက ဆန်းသီရိရုံမှာ။ အာ့တုန်းက မြေနီကုန်း ပွိုင့်လေးဘက်မှာ ရုပ်ရှင်ရုံ တစ်ဖက် တစ်ရုံနဲ့ လေးရုံရှိတာ။ ဆန်းသီရိ၊ ရွှေမန်း နောက်နှစ်ရုံက နာမည်တောင် မေ့ပြီ။ ဆန်းသီရိက အက်ရှင်ကားတွေပြတယ်။ ပထမ အခေါက်ကြည့်တဲ့ကားက Hero Of Tomorrow ဆိုတဲ့ ဟောင်ကောင်အက်ရှင်ကား။ တစ်ကားလုံးပစ်ခတ်သတ်ဖြတ်နေတာ။ မင်းသားမင်းသမီး အကုန်သေတဲ့ကား။ မင်းသမီးကို လူဆိုးတွေက မုဒိန်းဝိုင်းကျင့်လို့ ကိုယ့်ကိုယ်ကိုယ်သတ်သေသွားတယ်။ မင်းသားက နောက်ဆုံးခန်းမှာ လူဆိုးခေါင်းဆောင်ကို သေနတ်နဲ့ ချိန်ထားတယ်။ ရဲတွေက မင်းသားကို သေနတ်နဲ့ ဝိုင်းချိန်ထားတယ်။ လူဆိုးခေါင်းဆောင်ကို မပစ်နဲ့ပေါ့။ မင်းသားက ပစ်လိုက်တော့ ရဲတွေကလည်း မင်းသားကို ဝိုင်းပစ်တယ်။ စာတန်းထိုးတဲ့အထိ သေနတ်သံက မဆုံးဘူး။ နောက်ခရီးသွားတော့ အဝေးပြေးကားပေါ်မှာ အာ့ဇာတ်သိမ်းခန်း ခိုးချထားတဲ့ ဗမာပေါကားတောင် ကားပေါ်က ခုန်ချလို့မရလို့ ကြည့်ဖူးလိုက်သေးတယ်။

            ဆန်းသီရိကိုထပ်ရောက်တော့လည်း ဟောင်ကောင်အက်ရှင်ကားပဲ။ ကားနာမည်တော့ မေ့သွားပြီ။ ဇာတ်သိမ်းခန်းမှာ မင်းသမီးက သေမလိုနဲ့ မင်းသားကအနားမှာ လက်ကိုကိုင် ငိုနေတုန်း လက်ကလေးက လှုပ်လာတာနဲ့ ဇာတ်သိမ်းသွားတာ။ နောက်တော်တော်ကြီးလို့ ဆန်းသီရိ ရုပ်ရှင်ရုံလည်း မရှိတော့မှ အဲဒီရုပ်ရှင်ရုံမှာ ပြတဲ့ရုပ်ရှင်အပြင် ကိုယ်တိုင် ငါးရာနဲ့ သရုပ်ဆောင်လို့ရတဲ့ ကိစ္စတွေရှိမှန်း သိရတာ။ ရုပ်ရှင်ရုံအနားမှာ ကောင်မလေးတွေရှိတယ်တဲ့။ တစ်ခါခေါ် ငါးရာ နဲ့ ရုပ်ရှင်ရုံထဲ လူရှင်းတဲ့နေရာမှာ Blow Job ပေးတယ်ဆိုတာကိုပေါ့။

            မေမြို့က အမေ့သူငယ်ချင်း အိမ်လာလည်တော့ နဝဒေးရုပ်ရှင်ရုံ အဖော်လိုက်သွားပေးဘူးတယ်။ ပြတဲ့ကားက ဝေလည်းမွှေးကြွေလည်းမွှေး ။ ကျော်ဟိန်း နဲ့ ဒွေး ပါတဲ့ စစ်ကား။ အဖေက တပ်ကြပ်ကြီး သားက ဗိုလ်ကြီး ။ အဖေက သားမှန်း သိပေမဲ့ သားကအဖေမှန်း နောက်ဆုံး ကျော်ဟိန်းတိုက်ပွဲကျမှ အိတ်ထဲက ဓာတ်ပုံမြင်ပြီးသိတာ။ ခပ်ပေါပေါပါပဲ။ အမေ့သူငယ်ချင်းက ကျော်ဟိန်းဖန်ကို။ ကျနော်တော့ သူတို့တူဝရီးနှစ်ယောက်လုံး မကြိုက်ဘူး။ အရမ်းပလီတယ်လို့ ခံစားရလို့။ အဲဒီကားက ရုပ်ရှင်ရုံမှာ ခုချိန်ထိ ရုပ်ရှင်ရုံမှာ ပထမဆုံး နဲ့ တစ်ကားတည်းသော ကြည့်ဖူးထားတဲ့ ဗမာကားပဲ။ ဇာဏ်ခီ တို့ ခရစ်တီးနားခီ တို့ကားတွေရော မီရော ကိုပါ သွားမကြည့်ဖူးသေးဘူး။ ကျနော့်သူငယ်ချင်း လင်းခါး ရဲ့ ရေသေအိုင် နဲ့ စိုးထိုက် ရဲ့ မြေစာပင် ဝတ္ထုတွေတော့ ရုပ်ရှင်ရိုက်ဖို့ ရောင်းထားရတယ်။ အဲဒါရုံတင်ရင်တော့ သွားကြည့်ဖြစ်မလား မသိသေးပါဘူး။

            နောက် ပပဝင်းရုံမှာ နှစ်ခါပြန် ကြည့်ဖူးတဲ့ကား Ghost ပေါ့။ နှစ်ခါလုံး ကျောင်းပြေးပြီး ကြည့်ဖြစ်တာ။ အဲဒီကားက အော်စကာတော်တော်များများရသွားတယ်လေ။ အခွေငှားပီးလည်း ထပ်ကြည့်ဖူးသလို Channel Myanmar က တင်ပေးတုန်းကလည်း ပြန်ကြည့်ဖြစ်သေးတယ်။ ရုံမှာတော့ ဆင်ဆာ တစ်ခန်းဖြတ်ထားတာပေါ့။ မင်းသမီး အိုးလုပ်နေတုန်း မင်းသားကနောက်ကရောက်လာတဲ့ အခန်းကို။ မင်းသားကတော့ သေသွားတာကြာပီ။ မင်းသမီးက ဒမ်မီမိုးပေါ့။ သူငယ်ချင်းက သစ္စာဖောက်ပီး မင်းသားကို သတ်ပစ်တာ၊ မင်းသားက ဝိဉာဏ်ဘဝကနေ မင်းသမီးကို လိုက်စောင့်လျှောက်တာပေါ့။ သိပ်တော့ မရေရာတော့ဘူး။ ပပဝင်းရုံလည်း အဲဒီကားတင်ပီးရော ရုံလည်းဖျက်ရောထင်တယ်။ ပပဝင်း နဲ့ ဂုဏ် ရုပ်ရှင်ရုံ နှစ်ရုံက နေပြီးတော့ Traders Hotel ဖြစ်သွားပြီး ခုဆို Sule Shangri-La ဆိုပီး နာမည်တောင် ထပ်ပြောင်းသွားပြီ။

            ၉ တန်းနှစ်မှာ သမ္မတ ရုပ်ရှင်ရုံမှာ Dragon Heart ဆိုတဲ့ ကား သွားကြည့်ဖြစ်တယ်။ သောကြာ်နေ့ တင်တဲ့ကားကို စနေနေ့ မှာသွားကြည့်တာလေ။ စုစုပေါင်း ခြောက်ယောက်ပေါ့။ လက်မှတ်က ကြိုမဝယ်ထားမိတော့ မှောင်ခိုနဲ့တိုးသွားတယ်။ မထူးတော့ပါဘူးဆိုပြီး ရှေ့ဆုံးက ဈေးအပေါဆုံး ငါးဆယ်တန်းကို ခုနစ်ဆယ့်ငါးကျပ်လား မသိပေးကြည့်ခဲ့ရတယ်။ မော့ပီးကြည့်ရလို့ ခေါင်းညောင်းလိုက်တာဆိုတာ။ ဇာတ်ကားက နဂါးကြီးက သူ့နှလုံးသား တစ်ဝက်ကို လူဆိုးဆီထည့်ထားပေးမိတာ။ နောက်ဆုံး လူဆိုးသေဖို့ နဂါးကြီးကပါ လိုက်သေပေးလိုက်ရတာ။ အခွေနဲ့ တစ်ခါပြန်ကြည့်ဖူးလိုက်သေးတယ်။

            ရုံရောက်ပြီး ရုပ်ရှင်မကြည့်ဖြစ်လိုက်တာ တစ်ခါရှိသေးတယ်။ ကိုးတန်းစာမေးပွဲ ဖြေပီးတဲ့နေ့ စကော့ဈေးဂုံးတံတားကို နဝဒေးလမ်းဘက်ကအတက်နား မှာ Pretty Mermaid ဆိုတဲ့ Bar တစ်ခုရှိတယ်။ အဲဒီမှာ သောက်ပြီး မင်္ဂလာရုံမှာ ရုပ်ရှင်ကြည့်မယ်ဆို သွားတာ၊ လက်မှတ်ဝယ်ပြီးကာမှ ပါလာတဲ့ တစ်ကောင်က ပလတ်ကျွတ်နေလို့ ပါးတွေနားတွေရိုက်ပြီး ရပ်ကွက်ထဲ ပြန်ခေါ်ခဲ့ရတာ။ အဲဒီ မင်္ဂလာဆိုတဲ့ ရုံလည်း ခုထိ တစ်ခါမှ မရောက်ဖူးသေးပါဘူးလေ။  

            ဆယ်တန်း ဖြေပြီးစ နာမည်ကြီး Titanic ရုံတင်တော့ ရှေ့ဆောင်မှာ သွားကြည့်ဖြစ်သေးတယ်။ တစ်ကယ်က ရုံမတင်ခင်ကတည်းက အခွေကြည့်ပြီးသား။ သူငယ်ချင်းတွေခေါ်လို့ လိုက်သွားဖြစ်တာ။ အဲတုန်းက ကင်မရာ ပါသွားပီး ကလိနေလို့  ဓာတ်ပုံမရိုက်ရဘူးဆိုပြီး လုံခြုံရေးနဲ့တောင် ပြဿနာ ဖြစ်လိုက်သေးတယ်။ မန်နေဂျာဆိုလားမသိရောက်လာမှ ကလေးတွေပါဆိုပြီး လျှော်ပေးသွားလို့။ အခွေကြည့်ပြီးသား ရုပ်ရှင်ကို ပန်းချီဆွဲတဲ့အခန်း နဲ့ ကားပေါ်က အခန်း ဆင်ဆာ ဖြတ်ထားတော့ ဟာတာတာပေါ့။

            ရှေ့ဆောင်နဲ့တော့ အကျိုးပေးတယ်။ ၂၀၀၀ ဝန်းကျင်လောက် Hollow Man ဆိုတဲ့ကား ရုံတင်တော့လည်း သွားကြည့်ဖြစ်သေးတယ်။ အခွေကြည့်ပီးသားကား။ အာ့လိုပဲ သူငယ်ချင်းခေါ်လို့ပါသွားတာပဲ။ ဘာမှ မဟုတ်တဲ့အခန်းလေးတွေတောင် ဆင်ဆာဖြတ်တာတော့ သဘောမကျ။

            ရုပ်ရှင်ရုံတွေနဲ့ ဆယ်စုနှစ်တစ်ခုကျော်လောက် အဆက်အသွယ်ပြတ်သွားပီး ၂၀၁၃ ခုနှစ်ထဲ ပြန်ရောက်တော့လည်း ရှေ့ဆောင်၊ အဲဒီတုန်းက ခေါ်သွားတာက သဘောကျနေတဲ့ ကောင်မလေး၊ ခွက်ရှ်နေတယ်ပဲ ပြောပါတော့။ သူက ၄ ယောက်စာ လက်မှတ်ဝယ်ထားပြီးသားကို သူနဲ့ သူ့အဆောင်က ညီမလေး နှစ်ယောက်ပဲ ကြည့်ဖြစ်တော့လို့ ဆိုပြီး လိုက်မလား ခေါ်တာနဲ့ ပျော်ပြီး လိုက်သွားတာ။ ထိုင်းသရဲကားလား မလေးသရဲကားလားတောင် မသိလိုက်ပါဘူး။ ရုပ်ရှင်ထဲက သရဲက မကြောက်ရဘူး။ ရုံထဲမှာ လန့်လန့်အော်တဲ့ အသံတွေက လန့်နေရတာ။ အော်လိုက်တာ စူးစူးဝါးဝါးတွေ။ ပြီးတော့ အာ့အချိန်မှာ ဖုန်းတွေကိုင်ကုန်ကျပြီ။ ရုံထဲမှာ ဖုန်း Screen က အလင်းရောင်က တော်တော်အနှောက်အယှက် ဖြစ်တယ်လေ။ အာ့ကောင်မလေးလည်း ခုတော့ ကလေးတစ်ယောက်တောင် ရသွားပါပြီလေ။

            ၂၀၁၆ ထဲမှာတော့ ရုပ်ရှင်ကို နေပြည်တော်ရုံထဲ အတွဲခုံကနေ ထိုင်ကြည့်ဖူးခဲ့တယ်။ အာ့တုန်းက ဘာကားပြလို့ ဘယ်လိုပြီးသွားမှန်းတောင် မမှတ်မိတော့ဘူး။ နေကြာစေ့ ခွာပြီး လက်မသုံးပဲ ခွံ့ပဲကျွေးနေတာကို။

            ၂၀၁၆ စက်တင်ဘာ ထဲ ရုပ်ရှင်ရုံမှာ မဟုတ်ဘဲ ရုပ်ရှင်တစ်ကား သွားကြည့်ဖြစ်သေးတယ်။ The Yangon Gallery က လုပ်တဲ့ ဝင်းဖေနဲ့အတူ ရုပ်ရှင်ကြည့်ခြင်းဆိုတဲ့ အစီအစဉ်မှာ Rashomon ဆိုတဲ့ ဂျပန်ရုပ်ရှင် သွားကြည့်ဖြစ်တာ ။ ရုပ်ရှင်ပြပြီး ရုပ်ရှင်နဲ့ ပတ်သတ်တာကို ဆရာဝင်းဖေက ဆွေးနွေးတဲ့ အစီအစဉ်ပါ ပါတာပေါ့။

            ၂၀၁၈ ထဲမှာထင်တယ်။ ကိုမောင်ဒေး၊ ကိုမိုးစက် တို့လုပ်တဲ့ The Sick Projector ဆိုတဲ့ Project မှာ ရုပ်ရှင် သွားသွားကြည့်ဖြစ်တယ်။ နှစ်ပတ်တစ်ကြိမ် စနေနေ့မှာ ရေကျော်က ကိုမိုးစက်အလုပ်လားမသိ တိုက်ခန်းမှာ ပြတာ၊ ရုပ်ရှင်ပြပြီးရင် ရုပ်ရှင်အကြောင်းဆွေးနွေးရင်းနဲ့ ညဆို အဖွဲ့လိုက် ဘီယာဆိုင် ရောက်ရောက်သွားကြတာ။ လူက ဆယ်ယောက်မကျော်ပါဘူး။ မှတ်မှတ်ရရ လူအများဆုံးက Kurt Cobain ရဲ့ Documentary ဖြစ်တဲ့ Kurt Cobain: Montage of Heck ဆိုတဲ့ ရုပ်ရှင်မှာပြတဲ့နေ့မှာ ဆယ့်ငါးယောက်လောက် ဖြစ်သွားတယ်။ အဲဒီတုန်းက ငါးကား ခြောက်ကားလောက် သွားကြည့်ဖြစ်တယ်။

            အဲဒီနောက် Freedom Film Festival ဖြစ်ဖြစ် European Film Festival ဖြစ်ဖြစ် သွားကြည့်မယ်ဆိုပြီး စိတ်ကမှန်းထားပေမဲ့ ၀ဇီရာရုံရော နေပြည်တော်ရုံရော Gothe Institute ရောပါ တစ်ခါမှ မရောက်ဖြစ်။ ဒါပေမဲ့ ဒီဘက်နှစ်တွေမှာ ရုပ်ရှင်တွေ ပိုပိုကြည့်ဖြစ်လာတယ်။ Channel Myanmar လို စာတန်းလည်းထိုးပြီးသား Free ရတဲ့ ဆိုက်တွေကနေ ဒေါင်းပြီးတော့ပေါ့။ ဒေါင်းပြီး မကြည့်ရသေးတဲ့ ကားတွေလည်း အများကြီးပဲ။ များသောအားဖြင့်တော့ ကိုယ်စိတ်ချတဲ့ လက်ငါးချောင်းအတွင်းသော လူအနဲစု ညွှန်းတဲ့ကားဆို ကြည့်ဖြစ်တာများပါတယ်။ ရုံမှာ အရမ်းကြည့်ဖူးချင်တဲ့ကားကတော့ ဥရောပက ရုံတွေမှာ တင်ပြီး ဆုတွေရထားတဲ့ မြန်မာကားတစ်ကားပဲ။ ဒါရိုက်တာ သည်မော်နိုင် ရိုက်ကူးတဲ့ The Monk ဆိုတဲ့ကား။ အခွေတော့ ကြည့်ဖူးထားတယ်။

            ရုပ်ရှင်ရုံတွေ ဆီ ဘယ်တော့မှ ပြန်ရောက်ဖြစ်မည် မသိပေမဲ့ ရုပ်ရှင်တွေကတော့ ဆက်ကြည့်နေဦးမှာပါ။ ဘဝဆိုတာ ရုပ်ရှင်လို The End နေရာမှာ ပြီးချင်မှ ပြီးတာလေ။ မင်းသားနဲ့ မင်းသမီး ညားလို့ ရုပ်ရှင်ဟာ ပြီးသွားပေမဲ့ တစ်ကယ့်လက်တွေ့ဘဝမှာတော့ အာ့အချိန်မှ ဇာတ်လမ်းက စမှာလေ။ ဘဝ ကို ရုပ်ရှင်အဖြစ် တင်စားပြီး ရေးထားဖူးတာလေးနဲ့ပဲ ဒီစာစု အဆုံးသတ်လိုက်တယ်။



Happy Ending
ဆိုတာ
ဘယ်တော့မှ မရှိခဲ့ဖူးသလို
မင်းသား နဲ့ မင်းသမီး
ညားပြီးမှပဲ
ဇာတ်လမ်းဟာ အစပြုတယ်
စစခြင်းတော့ Drama တွေချိုးမှာပေါ့
ပြီးတေ့ာ Adventure ဖြစ်ချင်ဖြစ်
ဒါမှမဟုတ်လည်း
ရိုလွန်းတဲ့ Romance ခန်းမှာ
Action
ခန်းတွေ
ဘယ်ကနေ ရောက်လာတာလည်း
စစ်ဆန့်ကျင်ရေးလား
စစ်ပွဲအားပေးလား
စစ်ကို ဇာတ်ညွှန်းဘယ်လိုရေးခဲ့လည်း
Historical
ဖြစ်ပြီလား
မဟုတ်ဘူး psycho တွေ ထဖောက်တာ
ဒါဟာ Sci-Fi တွေ...
စိတ်ကူးယဥ်နေရင်းနဲ့
အနာဂတ်မှာ တစ်ကယ် ဖြစ်လာမှာ
Comedy
တွေမှာ ရယ်နေတုန်း
Horror
ဟာ မမျှော်လင့်ဘဲ ရောက်လာ
ရယ်နေရင်း ကြောက်လာရ
ရယ်နေရင်း စိုးထိတ်ရ
ရယ်နေရင်း စွန့်စားရ
စိုးထိတ် စွန့်စား ကြောက်လန့် ရင်းလည်း
ချစ် ချစ် လာရ
နောက်ဆုံးဇာတ်ညွှန်းအတိုင်း
ဖြစ်မလာတဲ့အခါ
ဒါရိုက်တာ ကိုယ်တိုင်
ရုပ်ရှင်ထဲ ခုန်ချ...

စိတ်ဒုက္ခကို အရသာခံလိုလျှင်
ရုပ်ရှင် ကြည့်ပါ      


-
ကိုဇေ

.
.
ကိုဇေ
06042020 @ 1:37PM

Monday, March 9, 2020

ရုပ်ရှင်



Happy Ending ဆိုတာ
ဘယ်တော့မှ မရှိခဲ့ဖူးသလို
မင်းသား နဲ့ မင်းသမီး
ညားပြီးမှပဲ
ဇာတ်လမ်းဟာ အစပြုတယ်
စစခြင်းတော့ Drama တွေချိုးမှာပေါ့
ပြီးတေ့ာ Adventure ဖြစ်ချင်ဖြစ်
ဒါမှမဟုတ်လည်း
ရိုလွန်းတဲ့ Romance ခန်းမှာ
Action ခန်းတွေ
ဘယ်ကနေ ရောက်လာတာလည်း
စစ်ဆန့်ကျင်ရေးလား
စစ်ပွဲအားပေးလား
စစ်ကို ဇာတ်ညွှန်းဘယ်လိုရေးခဲ့လည်း
Historical ဖြစ်ပြီလား
မဟုတ်ဘူး psycho တွေ ထဖောက်တာ
ဒါဟာ Sci-Fi တွေ...
စိတ်ကူးယဥ်နေရင်းနဲ့
အနာဂတ်မှာ တစ်ကယ် ဖြစ်လာမှာ
Comedy တွေမှာ ရယ်နေတုန်း
Horror ဟာ မမျှော်လင့်ဘဲ ရောက်လာ
ရယ်နေရင်း ကြောက်လာရ
ရယ်နေရင်း စိုးထိတ်ရ
ရယ်နေရင်း စွန့်စားရ
စိုးထိတ် စွန့်စား ကြောက်လန့် ရင်းလည်း
ချစ် ချစ် လာရ
နောက်ဆုံးဇာတ်ညွှန်းအတိုင်း
ဖြစ်မလာတဲ့အခါ
ဒါရိုက်တာ ကိုယ်တိုင်
ရုပ်ရှင်ထဲ ခုန်ချ...

စိတ်ဒုက္ခကို အရသာခံလိုလျှင်
ရုပ်ရှင် ကြည့်ပါ ။     ။

.
- ကိုဇေ
09032020 @ 9:58AM

Thursday, May 17, 2018

လက်နက်ကုန်သည်



ငြိမ်းချမ်းရေးအလိုမရှိ
ကမ္ဘာကြီးငြိမ်းချမ်းရင်
ကျုပ်ဒုက္ခရောက်မယ်
ငြိမ်းချမ်းရေးဟာ
ကျုပ်ရဲ့ အဓိကရန်သူ
စစ်ပွဲတွေဖြစ်ဖို့လိုတယ်
သူတို့တွေ စစ်တိုက်နေဖို့လိုတယ်
ဘာသာရေးကြောင့်ဖြစ်ဖြစ်
နိုင်ငံရေးကြောင့်ဖြစ်ဖြစ်
စီးပွားရေးကြောင့်ဖြစ်ဖြစ်
ဘာသာရေးကြောင့်ဖြစ်ဖြစ်
ဘာပဲဖြစ်ဖြစ်
စစ်တိုက်ကိုနေရမယ်
နှစ်ဖက်စစ်သားတွေလည်း သေမှာပဲ
အရပ်သားတွေလည်း သေမှာပဲ
အဲဒါကျုပ်အလုပ်မဟုတ်ဘူး
မိန်းမတွေ ကလေးတွေ သေလို့
ဝမ်းနည်းဖို့ ကျုပ်မအားဘူး
သူတို့တွေလည်း မအားအောင်
စစ်တိုက်နေရတယ်
ကျုပ်ကတော့ စစ်မတိုက်နိုင်ဘူး
ကျုပ်က
လိုချင်တာတွေ မရလိုက်တာရယ်
လိုချင်တာတွေ ရလိုက်တာရယ်
နှစ်ခုလုံးနဲ့
ဒုက္ခရောက်နေလို့။        

Ref: Quotes of “Lord Of War” Movie

ကိုဇေ
16052018




Friday, August 11, 2017

တက်တူး


ပျော်ရွှင်မှု သို့မဟုတ် နာကျင်မှု
သင်္ကေတ
မိမိ အရေပြားပေါ်မှာ
တစ်သက်တာစာ…။

အပ်ဟာ စွဲတယ်
အပ်ကို ကြိုက်လာမယ်
အပ်ဆိုတာ ယင်းထတယ်။

နောင်တ မရကြေး…။


ကိုဇေ
31072017 at 11:33PM

See You Again, Chester


နာကျင်ခြင်း အဆင့် သုံး
ခန့်မှန်းကြာချိန် တစ်မိနစ် မှ သုံးမိနစ် အတွင်း

စောက်ကွန်ဆာဗေးတစ်တွေက
ခင်ဗျား အရှုံးပေးတာတဲ့…

မဟုတ်ဘူး…
ခင်ဗျား ကျနော့်ကို အနိုင်ပိုင်းတယ်
ခင်ဗျား ကျနော်တို့ကို အနိုင်ပိုင်းတယ်
ခင်ဗျား တစ်ကမ္ဘာလုံးကို အနိုင်ပိုင်းတယ်

But In The End
It Doesn’t Even Matter…
ရေဒီယိုလေး တိတ်သွားတယ်
ဆယ့်ရှစ်နှစ်သားကတည်းက
နားသောတဆင်ခဲ့တဲ့
ရေဒီယိုလေး တိတ်သွားတယ်…။

ဒါပေမဲ့
ရင်ထဲမှာ ခင်ဗျား ဟစ်အော်နေဆဲ
နာကျင်စွာ ဟစ်အော်နေဆဲပဲ…။

အိပ်တော့ ချက်စ်တာ….
ခင်ဗျားကိုယ်ပိုင် ရွေးချယ်ခဲ့တဲ့လမ်းမှာ
နှစ်ချိုက်စွာ အိပ်ပါတော့…။

ပြန်မဆုံခင် တစ်နေ့အထိ
ခင်ဗျား ဟစ်အော်သံတွေ
ကျနော်တို့ နှလုံးသားတွေထဲ
ဆူညံ ပေါက် ကွဲ ပဲ့ တင် ထပ် နေ ဦး မှာ ပါ…။

ကိုဇေ
29072017 at 12:55AM

ရာဇ၀င်များရဲ့ ငှက်



စင်သီယာ ရေ...
အမေ့ရဲ့ ဒုက္ခအိုးလေးဟာ
ဥာဏ်ပညာရယ် ချစ်ခြင်းတရား နဲ့
အလင်းဆိုင်ညမှာ
ဒုက္ခကိုဆေးထိုးပြီး
ဗင့်ဆင့်ဗန်ဂိုးတမ်းချင်း ကိုဆိုညည်းလို့
စကားလုံးမရှိတဲ့ကောင်းကင် ထဲ
နာရီပေါ်က မျက်ရည်စက်များ
အစိမ်းရောင်ရက်စွဲများ
အတ္တပုံဆောင်ခဲများ
တစ်နေ့စာအလွဲများ
ဟာ
အရင်အတိုင်း သက်ငြိမ် စွာ
ကြယ်တွေစုံတဲ့ည မှာ
မှော်ဆရာအိပ်မက် ဟာ
မြို့ပြလရောင်တမ်းချင်း အောက်
တစိမ်းဆန်ဆန် အထီးကျန်...
"ခြေထောက်တွေ" ဟာ "လမ်း" ဖြစ်ပြီး
"ငါ" သည် "ခရီးဆုံး" ဖြစ်တယ်...တဲ့။
ဘ၀ ဆိုတာ သက်တံလိုပါလား...။       ။


ကိုဇေ
11082017 at 1:05PM

Tuesday, August 2, 2016

လူမှုကွန်ယက်



မဒိန်းကျင့်ခံရတဲ့
သူငယ်မဟာ
သနားညှာတာမှုရလိုက်တော့မှ
အပျိုရည်ပျက်ရှာတယ်။           ။


ကိုဇေ

Monday, August 1, 2016 at 10:44PM

Monday, May 23, 2016

ဒုက္ခပါပဲ… ဖြစ်မလာတဲ့ စိတ်ကူးလေးတွေကို သတိရရင်း ငါ့မှာ ၀မ်းနည်းရတယ်လို့…။



နံနက် ၇နာရီခွဲ မတိုင်ခင် မြည်လာတဲ့ နှိုးစက်သံနဲ့ အိပ်ယာနိုးရတာ ၀မ်းနည်းရ။
Good Mornee ဆိုပြီး ကိုယ့်ဖုန်းဆီ ခုန်ချမလာတဲ့ sms တွေအတွက်လည်း ၀မ်းနည်းရ။
ရှည်လာတဲ့ ကိုယ့်လက်သည်း ကိုယ့်ဖာသာ ညှပ်ပစ်ဖို့ ကြိုးစားတိုင်းလည်း ၀မ်းနည်းရ။
တီရှပ်အဖြူ လေး တွေ မြင်တိုင်းလည်း တီရှပ်အဖြူလေးတစ်ထည်အတွက် ၀မ်းနည်းရ။
ကမ်ပိန်းတီရှပ်လေးတွေ ၀တ်မိတိုင်းလည်း ၀မ်းနည်းရ။
အဂွယ်ရိုးရဲ့ မန်စီးတီး ၃ - ၀ ချဲလ်ဆီးပွဲမှာ သွင်းသွားတဲ့ hat trick ဂိုးအကြောင်းတွေးမိတိုင်းလည်း ၀မ်းနည်းရ။
ပြည်သူ့ရင်ပြင်က ရေပန်းဥယျာဉ် ရဲ့ အလှမှာလည်း ၀မ်းနည်းရ။
မစားခဲ့ရတဲ့ Frozen Yogurt တစ်ခွက် အတွက်လည်း ၀မ်းနည်းရ။
ပီဇာ တစ်ပွဲ အတွက်လည်း ၀မ်းနည်းရ။
ကမ္ဘာအေးစေတီ က ငါးကန်မှာ အစာမျှော်နေတဲ့ ငါးကြီးတွေကြောင့်လည်း ၀မ်းနည်းရ။
မြန်မာဝတ်စုံလေးနဲ့ ကောင်မလေးတစ်ယောက် အကြောင်းလည်း ၀မ်းနည်းရ။
မစုဖြစ်သေးတဲ့ ဘဏ်စာအုပ်လေးအကြောင်းလည်း ၀မ်းနည်းရ။
Handmade postcard လေး မျှော်နေမိရင်းလည်း ၀မ်းနည်းရ။
တစ်ပတ် ၂ ရက်ထက်ပို အရက်သောက်မိရင်လည်း ၀မ်းနည်းရ။
အိပ်ယာဝင်ကာနီး Good Night ဆိုတဲ့ စာတိုလေး ခုန်ဆင်းမလာလို့လည်း ၀မ်းနည်းရ။



ကိုဇေ
20052016 @ 1527




Thursday, May 5, 2016

ကျနော် ကြုံခဲ့ဖူးသော ရန်ကုန်ဆေးရုံကြီး



ဝုန်း . . . . ကျွီ . . . .
ကျနော် ပြန်သိလိုက်ရတဲ့ အချိန် ကတ္တရာလမ်းမပေါ် ခွေခွေလေး လဲလို့ . . . ။ အတင်းထရပ်ဖို့ကြိုးစားပေမဲ့ . . . ပုံလျက်သားလေး ပြန်လဲကျသွားတယ်။

နေ့ရက် ။         ။ 3rd March 1995
အချိန်  ။         ။ 3:30 PM ၀န်းကျင်
နေရာ  ။         ။ ပြည်လမ်းမပေါ် ၊ စိန်ရတုခန်းမရှေ့ . . . ။
          အဲ့ဒီတုန်းက နာနတ်တောလမ်းက မြေနီလမ်းလေး။ ကြံတောင်္သချိုင်းလဲရှိသေး။ လိုင်းပေါက်ကိုဖျက်ပြီး စိန်ရတု ဆောက်ပြီးကာစ။ နွေရာသီ ကျောင်းပိတ်ကာလ။ ၇တန်းဖြေထားတဲ့ ကျနော် ညနေဆို စိန်ရတုထဲသွား  ဘောလုံးကန်နေကြ။ အဲ့ဒီနေ့က ဘောလုံးသွားအကန် ပြည်လမ်းကိုအကူး ဟံသာဝတီကလာတဲ့ ဟိုင်းလပ်တစ်စီးတိုက်တာ ခံလိုက်ရတယ်။ သူငယ်ချင်းက မာမာ ( ကျနော့်အမေ ) ကိုသွားခေါ်တယ်။ တိုက်တဲ့ကားသမားက သူ့ ကားနဲ့ပဲ လှည်းတန်း၊ အေးငြိမ်းသာဆေးခန်းကို လိုက်ပို့တယ်။ ဓာတ်မှန်ရိုက်ကြည့်တော့ ညာဘက်လက်မောင်းအရင်းနဲ့ ပေါင်အရင်း ကျိုးသွားတယ်။ ဆေးခန်းက Police case ဆိုတော့ သူတို့ဘာမှလုပ်ပေးလို့မရဖူး။ ဆေးရုံကြီးသွားပါတဲ့။ ဒါနဲ့ပဲ ဓာတ်မှန်စာရွက်စာတမ်းတွေယူ ရန်ကုန်ပြည်သူ့ဆေးရုံကြီး လာခဲ့တယ်။

          ဆေးရုံကြီးရောက်တော့ ပြင်ပဆေးခန်းက ရိုက်လာတဲ့ ဓာတ်မှန်က တရားမ၀င်ဘူးတဲ့။ ပြန်ရိုက်ရမယ်တဲ့။ ဖြစ်စတုန်းက သွေးပူနေပေမယ့် အဲ့ဒီအချိန်မှာ ကျနော် တော်တော် နာနေပြီလေ။ အရေးထဲ ရဲကလည်း ဟိုမေးဒီမေးနဲ့ . . . ။ တော်တော်ကြာကြီး စောင့်ပြီးမှ ပြောင်းလဲစရာ အဖြေမရှိတဲ့ ဓာတ်မှန် ဒုတိယအကြိမ် ထပ်ရိုက်ခွင့် ရခဲ့တယ်။

          လက်မောင်းကို ကျောက်ပတ်တီးစီးရတယ်။ ခြေထောက်က ဂဲဆွဲရုံနဲ့ရတယ်တဲ့ ။ (ကံကောင်းချင်တော့ အရိုးက ကျိုးသွားပေမဲ့ ပုံစံမပျက်ဖူးလေ )

          ကျနော့်ကို အဆောင် ၅/၆ မှာထားတယ်။ ခုတင်နံပါတ် ၁၆ . . . ။ အဲ့ဒီတုန်းက ဆေးရုံကြီး အခြေအနေက တော်တော်ဆိုးတယ်။ တဘီအပြာနဲ့  nurse တွေက သူတို့လုပ်စာ တလောကလုံး ထိုင်စားနေရတဲ့အတိုင်း အလကားနေရင်း လိုက်ဟောက်နေတာ။ လူနာတွေက အပန်းဖြေလာတာမှ မဟုတ်တာ. . . ။ ကျနော် တစ်ခုကံကောင်းချင်တော့ ဆေးရုံအုပ်ကြီးက ကျနော့်ဦးလေးနဲ့ သူငယ်ချင်းရင်းကြီးတွေ ဆေးရုံအုပ်ကြီးကိုယ်တိုင် သူ round လှည့်ချိန် မဟုတ်တောင် ကျနော့်ကို လာလာကြည့်နေတော့ Nurse ထဘီအပြာတွေက ကျနော့်ဆို နဲနဲရှိန်ပြီး ဘာမှသိပ်မပြောရဲဖူး။ ( မှတ်မှတ်ရရ ခြင်ကိုက်လို့ ခြင်ဆေးထွန်းတာကို ထဘီအပြာ Nurseမက ဆရာဝန်ကြီးက ခြင်ဆေးထွန်းတာ မကြိုက်ဖူးလို့ လာပြောတာကို ခြင်ကိုက်လို့ထွန်းတာ ၊ သူကြိုက်ဖို့ ထွန်းတာမဟုတ်ဖူးလို့ ကျနော် ပြန်ပြောတော့ သူဘာမှပြန်မပြောဘဲ ထွက်သွားတယ်။ )   

          ဆေးရုံမှာ မြင်ရ ကြားရတာတွေက စိတ်ချမ်းသာစရာ တစ်ကွက်မှမရှိ။ မှတ်မှတ်ရရ မှတ်မိတာ ဘောလုံးကန်ရင်း ခြေသလုံးရိုး သွင်သွင်ကျိုးသွားတဲ့ ကျနော်နဲ့ရွယ်တူတစ်ယောက်။ ပြီးတော့ မြင်းကန်ခံရလို့ လက်မောင်းရိုးကျိုးပြီး အရှိန်နဲ့ ကျောက်ပြားနဲ့ ခေါင်းနဲ့ ရိုက်မိလို့ ခေါင်းပါကွဲသွားတဲ့ အစ်ကိုတစ်ယောက်။

          ကျနော့်ခုတင် ၁၆ ကအနောက်လှေကားနဲ့ ကပ်လျက်။ အနောက်လှေကားဆိုတာက ဆေးရုံမှာ လူသေတွေထုက်တဲ့ လှေကား . . . ။ ၅/၆ ဆောင်အပေါ်ထပ်က အဆောင် ၁၇/၁၈ . . .  ။ အထွေထွေရောဂါကုဌာန။ ကျိုးတဲ့နေရာကနာတော့ ညဆို အိပ်ဆေးသောက်အိပ်ရတယ်။ သန်းခေါင်ကျော်ရင် အနောက်လှေကားက တဂျိန်းဂျိန်းနဲ့ လှည်းဆွဲချသွားတဲ့ အသံ. . .။ တစ်ညကို သုံးယောက် အနဲဆုံးပဲ။ ကြံတောသင်္ချိုင်းနားနေ၊ သင်္ချိုင်းထဲ ကလေးကတည်းက တူတူပုန်းတမ်း သေနတ်ပစ်တမ်း ဆော့လာတော့ သရဲတွေ ဘာတွေ မကြောက်ပေမယ့် လူတွေအရမ်းသေနေတာ ကြားနေရတော့ လန့်မိတယ်။ အဲ့ဒီ ၁၇/၁၈ အဆောင်ကို စိတ်ဝင်စားသွားမိတယ်။

          ဆေးရုံမှာနေရတာ အစစ အရာရာ အဆင်မပြေဘူး။ အဲ့တုန်းက ဆေးရုံကြီးက အခြေအနေတော်တော်ဆိုးတယ်။ ဒီလိုနဲ့ တစ်ပတ်ကျော်ကျော်လောက်မှာ ဆေးရုံအုပ်ကြီးရယ် အရိုးအထူးကု ဆရာဝန်ကြီးရယ်နဲ့ ညှိပြီး ဆေးရုံကြီးကနေ လက်မှတ်ထိုး ဆင်းခဲ့တယ်။ တစ်ပါတ်တစ်ခါ အရိုးအထူးကုဆရာဝန် ထိုင်တဲ့ဆေးခန်းကို လာပြပေါ့။ ကုန်ကျစရိတ်က တူတူလောက်ပဲ။ စိတ်တော့ သက်သာသွားတာပေါ့။ အနောက်လှေကားက အသံတွေအပါပေါ့။ ဒီလိုနဲ့ ကျနော် နဲ့ ရန်ကုန်ဆေးရုံကြီး ပထမပိုင်းပြီးခဲ့တယ်။
         ( ကျနော့် အမေက ရှေ့နေ ဆိုတော့ ကားသမားကို တရားရုံးအရောက်မခံပဲ ရဲ နဲတင် ညှိပေးလိုက်တယ်။  ခြေထောက်ကို ခဲ ရက်သုံးဆယ်၊ လက်မောင်း ကျောက်ပတ်တီးက ၄၅ ရက်စီးပြီးတဲ့အခါ ကျနော်ပြန်ကောင်းခဲ့တယ်။ ခြေထောက်က ထော့နဲ့ ထော့နဲ့ ပေမဲ့ အဆင်ပြေသွားပါတယ်။ ရီရတာ တစ်ခုက တစ်နှစ်လောက် လမ်းကူးခါနီး ကားဟွန်းသံ ကြားရင် လန့်နေတာ။)

======================

၂၀၀၇- ဇွန်လ . . . ။

          ကျနော့် အိမ်ကပါရမီအိမ်ရာမှာနေတုန်း . . .။ အလုပ်က Grand Royal စက်ရုံ လှည်းကူးမှာ။ နံနက် ၆ ခွဲလောက် ဘုရားလမ်း မှတ်တိုင်ကနေ ၁၃၅ မှော်ဘီကားတွေ တွယ်စီးပြီး ထောက်ကြံ့လမ်းဆုံ အထိ သွား။ ထောက်ကြံ့ကနေ ဖယ်ရီနဲ့ လှည်းကူးသွားတဲ့အချိန်တွေပေါ့။

          အဲ့ဒီလမှာ အသက်ရှူရတာ အဆင်မပြေဘူး။ အသက်ရှူတိုင်း ရင်ဘတ်ထဲကအောင့်တယ်။  ခဏ ခဏ လည်းဖျားတယ်။ အဖျားကမကြီးဘူး။ 100·F 101·F ပတ်ချာလည်ပဲ။ ဒါပေမယ့် ဖျားတိုင်း အသက်ရှူရတာ ခက်လာတယ်။ ဆရာဝန်က အဆုတ်ဓါတ်မှန်ရိုက်ကြည့်ပါတဲ့။ အဲ့ဒါနဲ့ ဓါတ်မှန်ရိုက်ကြည့်ပြီး ဆရာဝန်ကို ပြန်ပြတော့ ဆရာဝန်က ကျနော့်ကို ရောဂါနာမည် တပ်ပေးတယ်။ Pneumothorus တဲ့။ အဆုတ်ထဲ လေ၀င်တာတဲ့။ minor case ဆိုပေမယ့် ဆေးရုံတတ် operation လုပ်ပါတဲ့။

          ဇူလိုင်လ ပထမပတ် တစ်ခုသောစနေနေ့  . . . ။ ကျနော် လည်းအသက်ရှူရတာ အဆင်မပြေတာကလွဲလို့ နေကောင်းနေ။ မာမာ နဲ့ အတူ shopping ထွက်တယ်ပေါ့။ တစ်လက်စတည်း တစ်မိသားစုလုံးအားကိုးရာ ရောဂါရှာဖွေရေးက ဆရာဝန်ကြီး ဦးသန်းဆွေနဲ့ လည်းပြမယ်ပေါ့။ ဆေးရုံကနေရှောင်လွဲချင်လို့ . . . ။

          ကျနော် နဲ့ မာမာ အေးဆေး ဈေးလျှောက်ဝယ် . . . ။ နေ့လည်ကျမှ ဦးသန်းဆွေ ထိုင်တဲ့ မဂိုလမ်း ( ရွှေဘုံသာလမ်း ) က နေဇာ ဆေးခန်းကို ရောက်ခဲ့တယ်။ ဆရာဝန်ကြီးကို ဓါတ်မှန်ပြတော့ သူက ကျန်တာဘာမှမစစ်တော့ဖူး ဆေးရုံကြီး သွားပါတဲ့။ သူပဲ ဆေးစာရေးပေးလိုက်တယ်။

          ဒီလိုနဲ့ ကျနော်တို့ သားအမိ ရန်ကုန်ဆေးရုံကြီး emergency ကို အူလည်လည် ရောက်လာတယ်ပေါ့။ တာဝန်ကျဆရာဝန်ကို ဓာတ်မှန် နဲ့ ဦးသန်းဆွေ ရေးပေးလိုက်တဲ့ ဆေးစာပြတော့ သူက တစ်ခါတည်း တွန်းလှည်းပေါ်တင် လိုအပ်တဲ့ ဆေးတွေဝယ် ။ glucose လား မသိ တန်းချိတ်။ ကျနော်က minor case တဲ့။ ကျနော် ခွဲစိတ်ခန်းမ၀င်ခင် လူနာနှစ်ယောက် အရင်ထည့်လိုက်တယ်။

          တစ်ယောက်က သုံးခွဖက်က။ မြွေကိုက်တာတဲ့။ သုံးဆယ်ဝန်းကျင်။ မနေ့ညနေက ကိုက်တာ။ အဲ့ဒါ ညောင်ပင်စောင့်နတ်ကိုင်တယ် ဆိုပြီး နတ်ပြနေလို့ ဆေးရုံအရောက် နောက်ကျနေတယ် ဆိုလား … နောက်တစ်ယောက်က ကောင်မလေး။ အသက်၂၀ ၀န်းကျင်။ ကိုယ်ဝန်ဖျက်ချရင်း သွေးဆိပ်သင့်တယ်ဆိုလား။

          ညနေ ၆ နာရီကျော်တော့ ကျနော် ခွဲစိတ်ခန်းရောက်သွားတယ်။ ခွဲစိတ်ဆရာဝန်က အဆိုတော် ဖြူဖြူကျော်သိန်း အစ်မ။ ဒေါက်တာ ညိုညိုသိန်း ။ မေ့ဆေးမလိုဘဲ ထုံဆေးနဲ့ပဲ ခွဲဖြစ်။ ပက်လက်လှန်ထားတဲ့အချိန်မှာ အပေါ်ယံခွဲတာက ပုရွက်ဆိတ်ကိုက်သလောက်ပဲ။ ဒါပေမယ့်နံရိုးကြားကို ( သူတို့ဘာနဲ့ခွဲလဲမသိ ) တော်တော်နာ။ ခွဲပြီးတော့ ပိုက်နဲ့ ဗူးတစ်ဗူးက တွဲလောင်း။

          ပြီးတော့ ကျနော့် ကို အဆောင် ၁၇/၁၈ ကိုပို့လိုက်တယ်။ ကုတင်မရသေး။ လူနာတွေ ပြည့်နေလို့။ ဟိုးထိပ်ဆုံးမှာ တွန်းလှည်းနဲ့ပဲထားတာ။ ဖြစ်ချင်တော့ သားအမိနှစ်ယောက် shopping ထွက်တာလေ။ ဆေးရုံတတ်ဖို့ ပြင်ဆင်လာတာ မရှိဖူး။ ပါသမျှ ပိုက်ဆံက ခွဲစိတ်ခန်းဝင်တာနဲ့ ကုန်သွားပြီ။ မာမာက ခွဲစိတ်ခန်း မ၀င်ခင် PCO ဖုန်းကနေ ကျနော့် သူငယ်ချင်း၂ ယောက်ဆီ ဖုန်းဆက်ခေါ်ပြီးသား။ ကျနော်က ၁၇/၁၈ ဆောင် ရောက်တာနဲ့အိမ်ပြန် ပိုက်ဆံယူမယ်ဆို မာမာကပြန်သွားတယ်။ သူငယ်ချင်းတွေကလည်း ရောက်မလာသေး။ တစ်ယောက်တည်း ကျန်ခဲ့ချိန် ထုံဆေးက ပြယ်သွား။ ပထမ ကျောထဲက ယားလာတယ်။ ဘယ်ဘက်မှ လှည့်မရ။ ပြီးတော့ ခွဲထားတဲ့နေရာက နာလာတယ်။ တစ်လက်စတည်း ကျနော့် ရှေ့က ခွဲစိတ်ခန်းဝင်သွားတဲ့ မြွေကိုက်ခံရတဲ့တစ်ယောက်နဲ့ ကိုယ်ဝန်ဖျက်ချတဲ့တစ်ယောက် ရှေ့ဆင့်နောက်ဆင့်ပဲ သေသွားတယ်ဆိုတာ ကြားမိတယ်။ နာရီဝက်လောက်ဟာ ကမ္ဘာပျက်သလိုပဲ။ ဘယ်သူမှ ကျနော့ကို ရှိတယ်လို့ မထင် ၊ ဂရုမစိုက် ပစ်ထားခဲ့ချိန်တွေ။

          မာမာထွက်သွားပြီး နာရီဝက်လောက်ကြာတော့ ဘွားလေး ဆိုတဲ့ သူငယ်ချင်း ရောက်လာတယ်။ သူအနားရှိလာတော့ အားရှိတာပေါ့။ နောက် နှစ်နာရီလောက်နေမှ မာမာကရောက်လာတယ်။ ကုတင်လည်း ရတယ်ပေါ့။ ည ၁၀ နာရီကျော်ပြီထင် ။

          အဲ့ဒီညကတော့ အိပ်ဆေးနဲ့ အိပ်ပျော်သွားခဲ့။ ဘွားလေးနဲ့ မာမာ ဘယ်လိုအိပ်သည်မသိ။

          နောက်နေ့ နံနက် နိုးတော့ ward ထဲမှာ လူတော်တော်များမှန်သိ။ ပိုက်ဆံမတတ်နိုင်သူတွေက ၀ရန်တာမှာရောပဲ။ စစခြင်း အနိတ္တာရုံက တရုတ်ကြီးတစ်ယောက်။ ပုဂ္ဂလိကဆေးခန်းက ဆေးရုံကြီးသွားပါဆိုလို့ ရောက်လာတာ။ ward ထဲရောက်ရုံရှိ ဆရာဝန်က စမ်းတော့ အသက်မရှိ။ သူ့မိသားစုတွေက ဆရာဝန်ကို သေချာစမ်းပါ ဆိုပြီး ပြသနာတောင် ၀ိုင်းရှာသေး။ ဆရာဝန်က နှလုံးနှိုးစက်တွေဘာတွေနဲ့ ကြိုးစားပေး။ နောက်ဆုံး ခေါင်းရမ်းလှည့်သွား . . . ။ အ၀တ်ဖြူနဲ့အုပ် အနောက်လှေကားက တွန်းချသွား  . . . ။ ငိုသံတွေ ပွက်လောရိုက်။

          ဟောတဖြုတ် ဟောတဖြုတ် နဲ့ သေကြတာ . . . ။ ၁၇/၁၈ ကအထွေထွေ။ အများစုက နှလုံးရောဂါ နောက်ဆုံးအဆင့်တွေ။ နေ့မြင်ညပျောက်။

          ၁၇/၁၈ မှာ အထူးခန်း ၂ ခန်းရှိ။ ဆေးရုံတတ်ပြီး တစ်ပါတ်လောက်အကြာ တစ်ခန်း ရလိုက်တယ်။ တစ်နေ့ကို ၃၀၀၀ လားမသိ ပေးရတယ် ( ၂၀၀၀ သို့ ၃၀၀၀ အဲ့ထက်မများ )။ နဲနဲတော့ မြင်ရ ကြားရ သက်သာတာပေါ့။

          ကျနော့်ကို မာမာ၊ ဒက်ဒက်၊ ဖိုးငယ် (ကျနော့်ညီ)၊ ဘွားလေး၊ အုပ်စိုး တို့ပဲ တစ်ည နှစ်ယောက်နှုန်းနဲ့ အလှည့်ကျစောင့်တယ်။ ကျနော် နေ့ခင်းဘက်တွေဖြစ်ဖြစ် ward ထဲ အဆုတ်က ပိုက်တန်းလန်းနဲ့ လျှောက်သွားတယ်။ အစ်ကိုကြီးတစ်ယောက်နဲ့ (အရင်က ခုတင်ခြင်းကပ်ရပ်) နဲ့က ခင်တယ်။ သူကဆေးရုံတတ်နေတာ ၁ လ ကျော်ပြီ။ နှလုံးရောဂါတဲ့။ ပန်ကာတောင် ပါသေး။ တစ်နံနက် သူ့ကို မတွေ့လို့ မေးကြည့်တော့ ညသန်းခေါင်က ဆုံးသွားတယ်တဲ့။ Shock . . . . . . . . . . . . . .

          ကျနော်လဲ တစ်ရက် သေခြင်းနဲ့ ကြုံလိုက်ရသေး။ အဲဒီိည မာမာတစ်ယောက်ပဲ စောင့်တယ်။ အိပ်ပျော်နေတုန်း အသက်ရှူမရဖြစ်သွား . . . အလန့်တကြားဖြစ်သွား . . . ။ ခန္ဓာကိုယ်က သေရမှာ ငြင်းဆန်တယ်။ ညဘက်က လက်ထောက်ဆရာဝန်ရယ် ၊ house ဆင်းတဲ့ ဆရာဝန်လောင်း ၂ ယောက်ရယ်။ nurse တွေရယ်ပဲ ရှိတာ။ အားလုံး ကျနော့်ဆီ အလန့်တကြား ပြေးလာ . . . ။ oxygen ပေးတယ်။ တော်တော် ဆိုးရွားတဲ့ အချိန်တိုလေးပေါ့။ လက်ထောက်ဆရာဝန်က ဓာတ်မှန်သွားရိုက်ဖို့ပြောတယ်။ ကျနော်၊ မာမာ၊ ကျနော့်ကို လှည်းတွန်းပေးတဲ့တစ်ယောက် သုံးယောက်တည်း . . . မမေ့နိုင်စရာ အချိန်တွေ။ ခုမှ ခဏဆိုပေမဲ့ အဲ့ဒီအချိန်တွေက သိပ်ကိုကြာခဲ့ပါတယ်။

          ဓာတ်မှန် result အရ ပိုက်လဲ ok . . . ကျန်တာဘာမှမဖြစ်။ အဲ့ဒီည အိပ်မပျော်ခဲ့ဖူး။

          ပျော်စရာတွေးကြည့်ရင် House ဆင်းတဲ့ ဆရာဝန်လောင်းလေးတွေက ညီနဲ့ရွယ်တူ။  85 born, 2001 batch တွေလေ။ ညီ သူငယ်ချင်းတစ်ယောက်တောင် ward ချင်းမတူတောင် သူ့ duty ပြီးရင် ကျနော့် လာကြည့်တယ်။ ပြောချင်တာက ဆရာဝန်မလောင်းတွေကို စနောက်။ တစ်ယောက်နဲ့တောင် အီလိုက်မိသေးတယ်။

          မှတိမိတာတစ်ခုက ကျနော့် အခန်းဝက ကုတင်မှာ ဟိန္ဒူအဖိုးကြီးတစ်ယောက်။ မောတယ် ၃ခါပဲအော်သွားနိုင်တယ်။ ဆရာဝန်ရောက်တော့ အသက်မရှိတော့။ ၅/၆ မှာ နေတုန်းကအကြောင်း သတိရသေး။

          ဆေးရုံတတ်ပြီး နှစ်ပတ်ကျော် သုံးပတ်အတွင်း ကြာတော့ အဆုတ်ကပိုက်ဖြုရတယ်။ ဒါပေမယ့် inflection ၀င်လာလို့ ဆေးတစ်နေ့ နှစ်ခါသွင်းရမယ်တဲ့။ လက်ဖျံမှာ cannula တန်းလန်းနဲ့ပေါ့။ ဒီလိုနဲ့ ဆေးရုံမှာ ဆက်နေဖြစ်။ အဲ့ဒီအချိန်တွေက ပျော်ပွဲစားထွက်တဲ့အချိန်တွေပေါ့။

          အဆုတ်ကပိုက်ဖြုတ်တော့ မာမာနဲ့ဒက်ဒက်ကို ညမအိပ်နဲ့လို့မှာပြီး ဖိုးငယ်၊ ဘွားလေး၊ အုပ်စိုးတို့ပဲ တစ်ယောက်သို့နှစ်ယောက်လာစောင့်တယ်။ဘွားလေးလာရင်ည၉နာရီကျော်မှ။ ဂျာကင်အမြဲဝတ်လာတယ်။ ဘွားလေးဂျာကင်ထဲမှာ စည်ဘီယာကို ရေသန့်ဗူးနဲ့ထည့်လာတာ သုံးဗူးသို့လေးဗူး။ ညသောက်ရမယ့်ဆေးကို ဘီယာနဲ့သောက်တာပေါ့။

          ကျနော်ဆေးရုံတတ်နေတုန်း ရုပ်ရှင်မင်းသားဒွေးသေတယ်။ 2007 July တဲ့။ ရက်မမှတ်မိ ။ Copa America final မှာ Brazil က Argentina ကို 4 – 0 နဲ့ နိုင် ဗိုလ်စွဲတယ်။

          ဆေးရုံမှာအပျင်းပြေစရာက ညနေဆိုစာအုပ်ငှားတဲ့သူ ဆွဲခြင်းနဲ့ရောက်လာတာပဲ။ ကာတွန်းတွေများပါတယ်။ ဒီနေ့ငှား နောက်နေ့ပြန်သိမ်းတယ်။ နောက်တစ်ခုက နံနက်ရောက်လာတဲ့ ဂျာနယ်ရောင်းသမား။

          အစားဖြစ်ဆုံက ၁၉ လမ်းထိပ်က ဖက်ထုပ်ပေါင်း။ ညီတော်မောင် အမြဲဝယ်ပေးနေကျ။ ကျနော်လဲကြိုက်တယ်။

          ကျနော်ကလည်း ငပွေး။ တစ်ညနေ ဘွားလေးလာတော့ သူ့ဂျာကင် ယူဝတ်၊ သူ့ကိုအခန်းထဲ ထားခဲ့။ ၁၄ လမ်းထိပ်က အင်တာနက်ဆိုင်မှာ အင်တာနက်သွားသုံးလိုက်သေး။ (အဲ့တုန်းက facebook မသုံးသေး) gtalk မှာ at Yangon General Hospital ဆိုပြီး Status တင်တော့ online friend တွေ ဆေးရုံမှာ ဘယ်လို အင်တာနက်သုံးလည်း ၀ိုင်းမေးသေး။ ၁၃ လမ်းအဆောင်နေတဲ့ သူငယ်ချင်းမတောင် online တွေ့ သူ ကျနော့်ဆီရောက်လာ လက်ဖက်ရည်ဆိုင်ထိုင်လိုက်သေး။

          သူငယ်ချင်းတော်တော်များများ ရောက်လာပါတယ်။ ရှေ့တစ်ယောက်ယူလာတဲ့ မုန့်၊ အအေးကို နောက်တစ်ယောက် ဧည်ခံပေါ့။ အီစီကလီ ဆရာဝန်မလေးလဲကျွေးပေါ့။

          ဆရာဝန်က အဲ့ဒီကတည်းက ဆေးလိပ်ပါဖြတ်ခိုင်းတယ်။ အချစ်ဆိုတာဘာမှန်းမသိခင် ၆ တန်းကတည်း ချစ်သူလေ ဘယ်ထားနိုင်မှာလဲ။ ဆေးရုံမှာ ဆေးလိပ်ခိုးသောက်ခဲ့တယ်။

          ဒီလိုနဲ့ August လဆန်း ဆေးရုံမှာ ၂၈ ရက်နေအပြီး ဆေးရုံက ဆင်းခဲ့ရတယ်။ Good Bye Ward 17/18 . . . . ။
          နောက်ပိုင်း ၂ပတ်တစ်ကြိမ် ပြင်ပလူနာ ဌာနမှာ လာပြရတယ်။ ၄ခါ ၅ခါ လောက်  . . . . ။
          ဆေးရုံတတ်ခဲ့တာ ၁၀ သိန်းဝန်းကျင် ကုန်ခဲ့တယ်။

======================

ပြီးခဲ့တာတွေက memory recall လုပ်ချိန် တစ်ကွက်ချင်းပြန်ပေါ်လာ . . . . ။ ဘာပဲဖြစ်ဖြစ် ဆေးရုံတော့ နောက်တစ်ခေါက်မရောက်ချင်တော့ . . . ။ ဆေးရုံဆိုတာ နေလို့ကောင်းတဲ့ နေရာတစ်ခုတော့ မဟုတ်ဖူး။               ။


ကိုဇေ
April 16, 2016 (Friday)
3:30 AM