Friday, May 31, 2013

ကောင်းတာလုပ်လျှင် ကောင်းတာဖြစ်မည်...

လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုကျော် ၁၉၉၇ ခုနှစ်တုန်းက ကျွန်တော်နေခဲ့ဘူးတဲ့ ဝဂီဆိုတဲ့ ရပ်ကွက်လေး မဖျက်ခင်မှာ သူငယ်ချင်းတွေနဲ့ အမှတ်တရလေးတွေ ရေးပေးကြရင်းနဲ့ ကျွန်တော့သူငယ်ချင်းတစ်ယောက်က အောက်ပါအတိုင်း ရေးပေးခဲ့ဘူးပါတယ်….



သူပြောတာလည်းမှန်သလိုလိုပါပဲ.. ဆယ်စုနှစ်တစ်စုနီးပါးလောက် မှန်တယ်လို့ထင်ခဲ့မိပါတယ်… ဒါပေမဲ့ ကျွန်တော် ဒီထက်ပိုသိသွားတဲ့အချိန်…

“ကောင်းတာလုပ်ရင် ကောင်းတာဖြစ်မယ်”


ကျွန်တော်အဲစကားကို ရဲရဲဝံ့ဝံ့ပြောရဲသွားပါပြီ…

ကိုနေဘုန်းလတ် ချပြခဲ့ဘူးတဲ့ equation လေးတစ်ခုရှိပါတယ်…

  • 1+2+3+x+y+z = 6+x+y+z


1+2+3 ဆိုတာကတော့ ယခုဘဝမှာပြုလုပ်ထားတဲ့ ပစ္စုပံကံဆိုပါတော့။ x+y+z ကတော့ ကျွန်တော်တို့ကျင်လည်ခဲ့ဘူးတဲ့ အတိတ်ဘဝပေါင်းများစွာက ကုသိုလ်ကံ အကုသိုလ်ကံတွေဆိုပါတော့။ လူအချို့ကပြောကြတယ်… ငါကောင်းတာလုပ်ရက်သားနဲ့ ဆိုးတာတွေပဲ ဖြစ်လာတယ်.. မကောင်းတာလုပ်တဲ့သူတွေကျတော့ ကောင်းတာတွေချည်းဖြစ်လာတယ်တဲ့… ဟုတ်ပါတယ်.. ကျွန်တော်တို့ ဂင်္ဂါဝါလုသဲစုမက ပွင့်တော်မူခဲ့ပြီးသော ဘုရားတွေဆီမှာ ကျွတ်တန်းမှ မဝင်ခဲ့တာ။ ကျွန်တော်တို့ အကုသိုလ်တွေ အရမ်းများနေလို့ပေါ့.. အဲအင်္သချေသော ဘဝပေါင်းများစွာမှာ ကျွန်တော်တို့ ဘာအကုသိုလ်ကံတွေလုပ်ခဲ့လည်း… ကျွန်တော်တို့ မြင်လည်းမမြင်ရဘူး၊ သိလည်းမသိနိုင်ဘူးလေ။ 

ကျွန်တော်တို့ကောင်းတာလုပ်လို့ ကောင်းတာမဖြစ်တာမဟုတ်ပါဘူး။ မကောင်းတဲ့အတိတ်ကံ x+y+z ကအရမ်းများနေလို့ ကောင်းတဲ့အကျိုးမပေးသေးတာပါ။ ခုလက်ရှိလုပ်ထားတဲ့ ကောင်းမှုနဲ့ အတိတ်ကကျန်ခဲ့တဲ့ မကောင်းမှု တို့ကျေလို့ equation zero ဖြစ်သွားရင် ကောင်းတဲ့ကံတွေအကျိုးပေးပါလိမ့်မယ်။ အရေးကြီးတာက ကျွန်တော်တို့ ကောင်းတာလုပ်နေဖို့ပါပဲ။ ကျွန်တော်တို့ အတိတ်ဘဝကံကိုချည်း အပြစ်ပုံချဖို့လည်း မလိုပါဘူး။ တစ်ကယ်လက်ရှိအကျိုးပေးဆုံးကတော့ ပစ္စုပန်ကံ ဖြစ်ပါတယ်… ကျွန်တော်တို့ ကောင်းတာဖြစ်ချင်ရင် ပစ္စုပန်မှာ ကောင်းတာများများလုပ်ဖို့လိုပါတယ်…

ဆရာမင်းခက်ရဲ ကလည်း လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုကျော်လောက် ၂၀၀၂ ခုနှစ် ဇွန်လ (၃) ရက်နေ့တွင် ထုတ်ဝေခဲ့သည့် ၀ိမုတ္တိဂျာနယ် အမှတ်စဉ် (၂) မှာ ကံကံ၏အကျိုး နဲ့ ပတ်သက်ပြီးတော့ ခုလို ရေးခဲ့ဘူးပါတယ်။

ကံနှစ်မျိုးရှိ၏။ အတိတ်ဘ၀ကံနှင့် ပစ္စုပ္ပန်ကံပင်။ အတိတ်ဘ၀ကံကား ပဋိသန္တေစိတ်ကိုသာ အကြီးမားဆုံး ပြဌန်းနိုင်၍ ကျန်ဘ၀ တစ်လျှောက်လုံးတွင် လွှမ်းမိုးခြယ်လှယ်နိုင်မှုနည်း၏။ ကျန်ဘ၀ တစ်လျှောက်လုံးက ကိုယ်တိုင်စွမ်းဆောင်မှု ရှိမှ ပြီးမြောက်အောင်မြင်မည်ဟုသော ပစ္စုပ္ပန်ကံနှင့်ဆက်၏။ ကံ ဥာဏ် ၀ီရိယနှင့် ရှင်သန်၏။ ရေများလျှင် ရေနိုင်၏။ မီးများလျှင် မီးနိုင်၏။ အတိတ်ဘ၀ကံမည်မျှ ကြီးမားပါစေ၊ လက်ရှိဘ၀တွင် အစွမ်းကုန် ကြိုးပမ်းခြင်းဖြင့် ပယ်ချနိုင်၏။

  ကျွန်တော့်မှာ မွေးဖွားလာကတည်းက ကံ၏အပြဌန်းခံရပြီးဖြစ်သည်။ ထိုကံအား ယခု လက်ရှိတွင် ကျွန်တော်တို့ ပြောင်းလဲနိုင်သည်။ မည်မျှဆိုးရွားသော ပြဌန်းမှုဖြစ်ပါစေ၊ ကျွန်တော်တို့ ပြောင်းလဲနိုင်ခဲ့ကြသည်ချည်း ဖြစ်၏။ သို့သော် အတိတ်ကံဆိုးများကို ပယ်ရှားရာတွင် ကိုယ့်အားကိုယ်ကိုး စွမ်းဆောင်ရန် လိုအပ်ပါမည်။

  ဗုဒ္ဓဘာသာ၏ အခြေခံတရားက ကံ ကံ၏အကျိုးဖြစ်သည်။ ကံ ကံ၏အကျိုးဆိုသည်မှာ ကောင်းတာလုပ်လျှင် ကောင်းတာဖြစ်၍ မကောင်းတာလုပ်လျှင် မကောင်းတာ ဖြစ်မည်ဟုဆိုသည်။ ထိုသို့ဆိုပြီး ထိုင်နေပါက ဘာမှ ဖြစ်မလာမည်မှာ သေချာပါသည်။ ကိုယ့်အားကိုယ်ကိုး၍ မိမိတို့ ပြီးမြောက်စေလိုသော အလုပ်ကို လုပ်ဆောင်ကြရန် သဘောလည်းပါ၏။

မမေ့မလျှော့နေကြရန်လည်းပါ၏။  မကောင်းတာလုပ်၊ မကောင်းတာဖြစ်၊ ဒါကြောင့် “ကောင်းတာ၊ မှန်တာ၊ တရားတာ” လုပ်ရန် မမေ့မလျော့တိုက်တွန်းခြင်းလည်း ဖြစ်သည်။ ကံ ကံ၏အကျိုးကား ကိုယ်အားကိုယ်ကိုးရန် တိုက်တွန်း၏။ ၄င်းသည် ကိုယ်ပိုင်စွမ်းဆောင်ချက်ဖြင့် ကောင်းမွန်ပြည့်စုံသော ကိုယ့်ကြမ္မာကိုယ်ဖန်တီးရန် နှိုးဆော်ခြင်းမျိုးသာ ဖြစ်ပါတော့သည်။


ခုချိန်မှာတော့ ကျွန်တော့်သူငယ်ချင်း အုပ်စိုးသင်းရဲ့စကားကို ကျွန်တော်ပြင်ပြီး ပြောပါရစေ။

ကောင်းတာလုပ်လျှင်ကောင်းတာဖြစ်မည်။ မကောင်းတာလုပ်လျှင် မကောင်းတာဖြစ်မည်။



May 31,2013 တွင်ကျရောက်သော ချစ်သူငယ်ချင်း အုပ်စိုးသင်း ၏ ၃၂ နှစ်ပြည့်မွေးနေ့အမှတ်တရ…



ကိုဇေ
May 31, 2013
5:02 PM

Monday, May 27, 2013

ကဆုန်လပြည့် ဒိုင်ယာရီ





စာရိုက်ရတာပျင်းလို့ မူရင်းကို scan ဖတ်၍ တင်လိုက်သည်။ 

Wednesday, May 22, 2013

လောကဓံ


"တက်" တစ်ချက်ခေါက်
"တောက်" ကနဲမြည်
"စီ" ကနဲ့ရှိုက်၊ "လှိုက်" ကနဲ...ငို
လိုစာရင်းပြ
ငိုချင်းချ။

ဘဝဆိုတာ၊ ငိုစရာလား
ဟိုမှာနားခိုက်၊ ဒီမှာဟိုက်နေ
ရှိပါစေလေ...
လိုတာမရ၊ ရတာကို ယူ
သင်ဟာ "လူ" ပဲ
(ပြောပြစမ်းပါ)၊ ဘာလိုသလဲ။

ကဲ...
လောကထဲကို၊ ရဲရဲသာဝင်
တိုက်ပွဲဆင်ရန်...
သဏ္ဍန်ကိုလုပ်၊ သရုပ်ကိုထည့်
မငဲ့နဲ့ပေါ့။

ရင်ကိုကော့ထား၊ ခေါင်းမော့ထားမယ်
ယုံကြည်တယ်ဆို၊ ဒီကိုလာခဲ့
လက်နက်မဲ့နဲ့ တိုက်ရအောင်။ ။

မောင်လှမျိုး(ချင်းချောင်းခြံ)
၇.၈.၁၉၈၆


(ကောင်းကင်ရဲ့အတောင်ပံ - ကဗျာစုစာအုပ်မှ)

Tuesday, May 21, 2013

ငါ (သို့) အနတ္တ


ငါ့လောကထဲ ငါသာရောက်ရှိ
ငါ၏ငါသာ ငါဖြစ်ပြီးနောက်
ငါ၏နာမည် ငါစခဲ့၍
ငါ၏ပညာ ငါ၏ဘွဲ့ထူး
ငါ၏အလုပ် ငါ၏ရာထူး
ငါ၏ဥစ္စာ ငါ၏စည်းစိမ်
ငါ၏ပိုက်ဆံ ငါ၏အိမ်ခြံ
ငါပိုင်သမျှ ငါရှာသမျှ
ငါ၏မိဘ ငါ၏ဆွေမျိုး
ငါ၏ရည်းစား ငါ၏မယား
ငါ့သားသမီး ငါသာပိုင်လို့
ငါ၏နိုင်ငံ ငါ၏လူမျိုး
ငါ၏ဘာသာ ငါ၏စကား
ငါ၏အာဏာ ငါမြဲလေအောင်
ငါ၏မာန ငါ၏အတ္တ
ငါ့မောဟကို ဦးထိပ်ပန်ဆင်
ငါကိုယ်ငါသာ ကိုးကွယ်ငြားလည်း
ငါ့ခန္တာသည် ဧကန်မုချ
ပျက်ယွင်းမည်မို့ ငါသာမရှိ
“ငါ” နတ္ထိ . . . ။

ကိုဇေ
May 20, 2013 (Monday)
11:50PM

Thursday, May 16, 2013

မပိတောက်သို့

မပိတောက်ရယ်.... ခင်ဗျားလည်းခုနောက်ပိုင်း သိပ်ပြီး သစ္စာမရှိတော့သလိုပဲနော် . . . နွေရာသီ မိုးရွာတိုင်း ပွင့်နေတော့တာပဲ... မုန်တိုင်းဝင်လို့ ရွာတဲ့မိုးတောင် မရှောင်တော့ဘူးနော်... တစ်ကယ်တန်းက ခင်ဗျားက ကိုယ့်ဘဝကိုယ်မေ့နေတာ.. ခင်ဗျားက တစ်ကယ်တော့ အရောင်လည်း ရှိတာမဟုတ်ပါဘူး... အဆင်းလည်းရှိတာမဟုတ်ပါဘူး... နံနက်ပွင့်ပြီး ညနေအထိတောင် လန်းဆန်းနိုင်တာ မဟုတ်ပါဘူး... ခင်ဗျားကို လူတွေက ရှားပါးတဲ့ပန်း၊ အမြဲမပွင့်တဲ့ပန်းဆိုပြီး ထူးထူးဆန်းဆန်းဖြစ်နေလို့ သဘောကျနေတာပါ.. ခင်ဗျားက မနှင်းဆီလောက်လည်း မထည်ဝါဘူး... မစံပယ်လောက်လည်း မအေးချမ်းဘူး... အကြွေပန်းဖြစ်တဲ့ မခရေလောက်တောင် တန်ဖိုးထားခံရတာ မဟုတ်ပါဘူး... ခင်ဗျားမိုးရွာလို့ တစ်ခါပွင့်တိုင်း ခင်ဗျားမိခင် ပိတောက်ပင်ကြီးဟာ ခင်ဗျားကို လူတွေရဲ့ခင်ဗျားကို တက်မက်မှုကြောင့်  ရိုက်ပုတ်မှုတွေ  ကန်ကျောက်မှုတွေကိုခံရပြီး ခင်ဗျားပွင့်လိုက်တဲ့နေ့ဆို ဒဏ်ရာတွေနဲ့ ကျန်ခဲ့ရတယ်လေ... ခင်ဗျားလူ့သဘောကို ဒီထက်ပိုပြီးနားလည်သင့်ပြီဗျာ.. ခင်ဗျားသာ တစ်ဆယ့်နှစ်လလုံးလုံးပွင့်ကြည့်ပါလား ခင်ဗျားကို လူတွေဘယ်လိုဆက်ဆံကြမလည်း ဆိုတာကိုပေါ့ ... ခင်ဗျားနဲ့ဆင်တဲ့ မငုဝါကို ကြည့်ကြည့်ပါလားဗျာ.... သူ့ကိုဘယ်သူက ခင်ဗျားလောက် အရေးတစ်ယူလုပ်လို့လည်း... ခင်ဗျားဆိုတာ ကျွန်တော် မမွေးခင် နှစ်ပေါင်းများစွာကတည်းက ဖြစ်တည်လာတာဆိုတော့ အဲလိုပြောရတာ အားတော့နာပါတယ်ဗျာ… ဒါပေမဲ့ ခင်ဗျား လူ့သဘောသဘာဝအကြောင်းနဲ့ ဘယ်လိုနေထိုင်ရမလည်း ဆိုတာကိုတော့ ဒီထက်ပိုပြီး သင်ယူရဦးမယ်…. မာယာများလှတဲ့ လူတွေနေတဲ့အရပ်မှာ ခင်ဗျား အမြဲအဆင်ပြေနိုင်ပါစေလို့ ဆုတောင်းလိုက်ပါတယ်ဗျာ …

ကိုဇေ
May, 6 2013 (10:50 PM)

FB Source : http://www.facebook.com/zey.outsider/posts/10151403280152116

Tuesday, May 14, 2013

ကျွန်တော့် Facebook လာမ Hack ပါနဲ့ . . .

       Hack လို့မရတဲ့ website မရှိဘူးလို့ IT ပညာရှင် ကိုထူးမြင့်နောင် က ပြောခဲ့ဘူးပါတယ်. . . Hack တယ်ဆိုတာလည်း ပညာရပ်တစ်ခုပေပဲကို... ပြီးတော့ Hacker ဆိုတာကလည်း ပညာရှင်တွေလေ

    ဒါပေမဲ့ Facebook ကိုတော့ လာပြီး မ hack နဲ့လေ. . . အဲလောက်လွယ်နေရင်တော့လည်း facebook.inc ဆိုတဲ့ Company ဒေ၀ါလီခံပြီး Mark Zuckerberg ကြီးလည်း သူ့မန်းမ Priscilla Chan ကို ပေါင်ထားရတာကြာပေါ့. . . . key locker လေးသုံးတတ်ယုံ၊ သူများအင်တာနက်ဆိုင်မှာ log out မလုပ်မိဘဲ ကျန်သွားတဲ့ Gmail လေးနဲ့ Password Reset ချတတ်ရုံနဲ့တော့ Hacker လို့နာမည် မခံချင်စမ်းပါနဲ့ဗျာ. . .


      Facebook Account တွေ hack ခံရတယ်ပြောနေပေမဲ့ တစ်ကယ်တမ်းကျတော့ user တွေရဲ့ Internet Security ကိုမသိလို့ ဖြစ်သွားကြတာချည်းပါပဲ။ ချစ်လွန်းလို့၊ ယုံကြည်စေချင်လို့ဆိုပြီး ကိုယ့်ရည်းစားတွေကို Password ပေးထားတာလည်း ပါတာပေါ့လေ။ Sign In လုပ်ပြီးရင် Sign out လုပ်ဖို့ အရေးကြီးမှန်းလည်း အချို့တွေက သတိမထားကြဘူး။ ကျွန်တော် အင်တာနက်ဆိုင်မှာ သွားသုံးလို့ Browser ဖွင့်လိုက်တာနဲ့ Sign out လုပ်မသွားဘဲထားခဲ့လို့ လုပ်ပေးခဲ့ရတဲ့ အကောင့်တွေမနဲပါဘူး။ ပြီးတော့ ကိုယ့် laptop မှာ remember password လို့ ထားပြီးသုံးတာတွေလည်း Security အရ စိတ်မချရပါဘူး။ ကိုယ့် laptop ပျက်ရင် ဆိုင်ပို့ရမှာပဲလေ။ Hack ခံရတယ်ဆိုကတည်းက သူများကို အထင်ကြီးမဲ့အစား ကိုယ့်ဘာအားနည်းချက် ရှိလည်း အရင်ပြန်သုံးသပ်ဖို့ပဲ... ပြီးတော့ အဲလိုကျန်ခဲ့ရင်လည်း ကိုယ့်အကောင့်ကိုယ် ပြန်ရတဲ့နည်းတွေ အများကြီးပါ... ကိုယ့် Personal Info ကို ကိုယ်ပဲ အသိဆုံးလေ... ခု Facebook က Security အတွက် Trusted Friends ဆိုတာ တစ်ခုတောင် ထပ်တိုးလိုက်ပြီ... 

  အော်... နောက်တစ်မျိုးက ရွှေ့တဲ့အကွက်တွေက ရှိသေးတယ်.. သူများ Hack သွားလိုက်... ပြန်ပြီးထိန်းသိမ်းလိုက်ဆိုတဲ့အကွက်တွေပေါ့... နားမလည်တဲ့သူတွေကတော့ ယုံမှာပေါ့နော်... သူများတွေ Facebook ကိုရိုးရိုးသုံးတယ်ဆိုရင်တော့ ကျုပ်တို့က Pro Facebooker တွေဗျ.. အဲအကွက်တွေရိုးနေပြီ..  (ပိုက်ဆံ ၂ သောင်းမတတ်နိုင်သည့် ဗိုလ်ကြီးဟောင်းသို့) 



         ကဲဗျာ... ခင်ဗျားတို့ တစ်ကယ်ပဲ Hack နိုင်တယ်ဆိုပါတော့.... ဘာမဟုတ်တဲ့ Personal Account လေးတွေ လာ hack မနေပါနဲ့ဗျာ . . . Facebook.Inc ဆိုတဲ့ Company ကို CV Form ပို့လိုက်... တစ်ခါတည်း ခင်ဗျားအရည်အချင်းကို သဘောကျပြီး အလုပ်ခန့်လိုက်လိမ့်မယ်... အဲမှာ အလုပ်သွားလုပ်ကြပါ.. အဲလိုပညာရှင်မျိုးကို လစာကောင်းကောင်းပေးကို ပေးမှာပါ... လူသားတွေအားလုံးလည်း အကျိုးရှိတာပေါ့...  ခင်ဗျားတို့လည်း အကျိုးရှိတာပေါ့နော်....

          ကျွန်တော် အဲဒီလိုတွေလျှောက်ပြောလို့ ကျွန်တော့် account ဖြစ်တဲ့ Ko Zey ကိုတော့ လာမ Hack ကြပါနဲ့နော်.... ပင်ပန်းမှာဆိုးလို့ပါဗျာ :D Hack ချင်ရင် ဒီအကောင့် ကိုသွား Hack ကျပါနော် :D

ကိုဇေ
14.5.2013 (10:35AM)



Thursday, May 9, 2013

ဆုဝေ ရဲ့ အမှတ်တရ . . .

အပြင်လောကထဲ ထွက်ခဲ့ 
ပူချင် ပူမယ် ... ဆူချင် ဆူမယ်
ဒါပေမယ့်...
သဘာဝအမှန်တရားက
အတုအယောင် အေးမြခြင်းထက်
လူကို ပိုပြီး
လတ်ဆတ်ရှင်းသန့်စေတယ် ဆိုတာ
မင်းကို လက်တွေ့ပြမယ် သူငယ်ချင်း

(ဆုဝေအောင် မှ 
အပြင်လောကမှာပဲ လာရှာတော့မယ်ဆိုလို့.. အမှတ်တရ ကဗျာ)