Thursday, September 26, 2013

ကိုယ်သေရင် မငိုနဲ့


(၁)
ကိုယ်သေရင် မငိုနဲ့
ပါးစိုရုံ ရှိမှာပေါ့။
သပိတ်မသွတ်နဲ့
လွတ်ပြီးသား ကျွတ်ပြီးသား။
ထမင်းမထုပ်နဲ့
သိုးစာ၊ ပုပ်စာ၊ ဖြုန်းတီးစာ။
အိုးမခွဲနဲ့ အိုးမလို
ဘာကိုမှ ကိုယ်မစွဲဘူး။
အပွင့်အခက် ယူမသွားနဲ့
ပြန်လိုက်ရမယ့်အစား မဟုတ်ဘူး။
ရက်လည်၊ လလည်၊ နှစ်လည်
ဘာကိုမှ မလည်နဲ့
သံသရာကြီးမှာ လည်ခဲ့သူ။

(၂)
ကိုယ်သေရင် မငိုနဲ့
ကြိုကြိုပြီး သေထားသူ။
‘ဘုရားရှင်ရဲ့ ဂုဏ်တော်’ကို
မြတ်နိုးပူဇော်ရင်း
အကြိမ်ကြိမ် အသေရင်းထားသမို့
မရဏမင်းဆီ ပျော်ပျော်သွားမှာ။
ပြီးတော့ ဆက်ပြောပါရစေ...
သာသနာ၊ စာပေ၊ ပရဟိတ
လုပ်လက်စတွေကို ဆက်လုပ်ဖို့
ဟောဒီ ချစ်ရတဲ့ မိခင်မြေကို
ပြန်လာခဲ့မယ် မုချ။
ဒီတော့ ကိုယ်သေရင် မငိုနဲ့
ဖြေသာစမ်းပါ၊ ပြုံးစမ်းပါ။
လူသာဆုံးတာ ကျန်တာ မရှုံးဘူး
မှာခဲ့ပြီ၊ ပြောခဲ့ပြီနော်၊ ဒါပါပဲ။

မိုးဟိန်း (သားဂျာနယ်ကျော်)
(၁၉၄၂-၂၀၁၀)

မိုးဟိန်း (သားဂျာနယ်ကျော်) ရဲ့ (26.07.2010) ၁၃၇၂ ခုနှစ် ဝါဆိုလပြည့် ဓမ္မစကြာနေ့မှာ နောက်ဆုံးရေးခဲ့တဲ့ ကဗျာလေးပါ..

Monday, September 23, 2013

မျှော်လင့်မှု


ပင်ယံနန်းမြင့်
ပန်းတစ်ပွင့်ကို
မျှော်ယောင်ရည်မှန်း
စိတ်တွင်မှန်း၍
ကိုယ်လက်ကမ်းလို့
လှမ်း၍ကြိုဆို
စိုးထိတ်ပိုသည်...

"လှမ်းခဲ့မည်လား"

"စွန့်မည်လား"


ကိုဇေ

(၁၉၉၆/၁၉၉၇ ခုနှစ် ကိုတန်းကျောင်းသားဘဝက ရေးဖြစ်ခဲ့တဲ့ ကဗျာ)

Thursday, September 19, 2013

စိမ်းသောသစ်တစ်ပင်


မစိုက်မပျိုး
မထိုးမဆွ
မယုယပါ...
ဘာသာတွယ်ဖက်
အမြစ်ထွက်သော
ကျောက်ခတ်ကျောက်သား
ချောက်ကမ်းပါးမှ
ကျောက်ကြားမှာရှင်
သစ်တစ်ပင်...
အသင် "အချစ်" ဖြစ်တကား။          ။

မောင်စိန်ဝင်း(ပုတီးကုန်း)

Tuesday, September 17, 2013

ကတိဆိုတာ နှစ်ဦးနှစ်ဖက်လုံးမှာ တာဝန်ရှိတယ်


ကတိပေးတယ်… ကတိအရမ်းတည်တယ်…. ကတိဖျက်တယ်…. ကတိမတည်ဘူး… တာဝန်မယူနိုင်ဘဲ ကတိတွေပေးသွားတယ်… ကတိဘာဖြစ်တယ်… ကတိညာဖြစ်တယ်… ကတိဟိုဟာဖြစ်တယ်… ကတိဒီဟာဖြစ်တယ်… ကတိ… ကတိ… ကတိ…။

ကတိဆိုတဲ့စကားလုံးဟာ ကျွန်တော်တို့နေ့စဉ်ကြားနေရတဲ့ စကားလုံးတွေထဲက တစ်လုံးပါပဲ။ အထူးသဖြင့် ကတိတည်တယ်ဆိုတာထက် ကတိမတည်ဘူးဆိုတဲ့ စကားကို ပိုပြီးကြားနေရပါတယ်။ ကတိမတည်ဘူးဆိုရင် လူအတော်များများက ကတိပေးခဲ့သူကိုသာ အပြစ်မြင်ပြီး ကတိတောင်းခဲ့သူ (သို့မဟုတ်) ကတိအပေးခံရသူဘက်က လိုအပ်ချက်၊ ချို့ယွင်းချက်ကို လျစ်လှူရှုထားတတ်ပါတယ်။ အဲဒီတော့ ကတိပေးသူတစ်ဦးတည်းကပဲ တရားခံကြီးကိုဖြစ်လို့။ ကျွန်တော်တို့ အခြားတစ်ဖက်ကနေပြီး ပြန်ပြီးတွေးကြည့်ရအောင်လားဗျာ…။


ကောင်လေးက ကောင်မလေးကို ကတိတစ်ခုတောင်းတယ်။ (တောင်းချင်မှလည်းတောင်းမယ်။ ကောင်မလေးဘာသာ စေတနာတွေပိုပြီး ပေးချင်လို့ပေးခဲ့တာလည်း ဖြစ်ချင်ဖြစ်မယ်။) ကောင်မလေးက ကောင်လေးကို တစ်သက်လုံး ဘယ်တော့မှ ထားမသွားပါဘူးဆိုတဲ့ ကတိကို လှိုက်လှိုက်လှဲလှဲပေးလိုက်တယ်။ ကောင်လေးက ကောင်မလေးကို အရမ်းသဝန်တိုတယ်။ ကောင်မလေးရဲ့ ပေါင်းသင်းဆက်ဆံရေးတွေလည်း ထိခိုက်ကုန်တယ်။ အလုပ်မှာလည်း အဆင်မပြေတာတွေ ဖြစ်ကုန်တယ်။ ပြီးတော့ ဟိုဟာမလုပ်ရ၊ ဒီဟာမလုပ်ရ၊ ဟိုမသွားရ၊ ဒီမသွားရ၊ ဟိုလူနဲ့ မပတ်သက်ရ၊ ဒီလူနဲ့မပတ်သက်ရ… စသည်ဖြင့် အရမ်း အရမ်းချုပ်ချယ်တယ်။ ကောင်မလေးက ချစ်လွန်းလို့သည်းခံတယ်။ ဒါပေမဲ့ အတိုင်းအတာဆိုတာ ရှိတယ်လေ။ အတိုင်းအတာ တစ်ခု ကျော်လွန်သွားချိန်မှာတော့ ကောင်မလေးက ကောင်လေးကို ထားသွားခဲ့တယ်။ ကောင်လေးက သူအရမ်းချစ်မိလို့ပါ.. ဘာညာပေါ့.. ဆင်ခြေဆင်လက်တွေပေးတယ်။ ကောင်မလေးက ပြန်လှည့်မကြည့်တော့ဘူး။ ကောင်လေးက ကောင်မလေးကို တစ်သက်လုံးထားမသွားပါဘူးဆိုပြီး ဘာလို့ကတိပေးခဲ့လည်း။ ကတိလည်းမတည်ဘူးဆိုပြီး စွပ်စွဲတယ်။ ကောင်မလေး မှားသလား…. ကောင်လေးရော တရားရဲ့လား…။ ကောင်မလေးက ကတိမတည်ခဲ့တဲ့အတွက် မှားတယ်ဆိုရင်တောင် ကောင်လေးက တည်ချင်အောင် ဘာများလုပ်ပေးခဲ့လို့လည်း။ ကောင်မလေးကလည်း အဲလို အခြေအနေတွေ ကြိုမသိခဲ့ရင်တောင် သေချာတာက ကတိပေးတဲ့ အချိန်မှာ ဦးနှောက်က မစဉ်းစားနိုင်လောက်အောင် ချစ်စိတ်မွှန်နေတဲ့ အခြေအနေလည်း ဖြစ်နိုင်တာပလြေ။ ကျွန်တော်တစ်ဦးတည်း ဘေးအမြင်အရဆိုရင်တော့ နှစ်ဦးနှစ်ဖက်လုံးမှာ တာဝန်ရှိခဲ့လို့ပေါ့။

အချို့က ကတိကို စာချုပ်စာတန်းတွေနဲ့ ချုပ်ဆိုဖို့ ကြိုးစားတယ်။ လိင်သရမ်းတတ်တဲ့ ယောက်ျားတစ်ယောက်ကို အဲယောက်ျားကိုမှ မရ,ရရင်မနေနိုင်ဖြစ်နေတဲ့ မိန်းမတစ်ယောက်က လိုချင်တာလိုက်လျှောပြီး ထောင်ဖမ်း၊ တရားရုံးတက် လက်မှတ်ထိုးလက်ထပ်ခိုင်းတယ်ဆိုပါဆိုပါတော့။ ပြီးတော့ အဲလက်ထပ်စာချုပ်ပါ အချက်အလက်တွေနဲ့ ချုပ်ကိုင်ထားလို့ ရပါ့မလား။ နွားသိုးဆိုတာမျိုးက မြင်ရလိုက်ဝှေ့ချင်နေတာ.. ကြိုးများပြတ်လို့ကတော့…ဟင်း…။ ပြီးတော့ ခင်ဗျားတို့ ကမ္ဘာတည်တဲ့စာချုပ်ဆိုတာကို ကြားဘူးလို့လား…။ ကျွန်တော်တော့ မကြားဘူးသေးဘူး။ သိရင်ပြောပြပါ။

ခင်ဗျားက ဒီနေရာမှာပဲရှိတယ်။ ကျွန်တော့်ကိုလည်း မလွန်ဆန်နိုင်ဘူးဆိုပါတော့… ကျွန်တော်က “ဟိတ်ကောင် မင်းကိုညနေ ငါးနာရီမှာ မင်းစောက်ခွက်ကိုလာထိုးမယ်လို့ ကတိပေးတယ်ကွာ” လို့ပြောတယ်။ ဒါပေမဲ့ ကျွန်တော်ရောက်မလာနိုင်ခဲ့ဘူး။ ကျွန်တော် ကတိပျက်သွားတယ်ဆိုပါတော့။ ခင်ဗျားက ဟိတ်ကောင်ကိုဇေ မင်းကတိမတည်ဘူး။ မင်းဘာလို့ ငါ့စောက်ခွက်လာမထိုးတာလည်း လို့ စောဒက တက်မှာလား။ ဒီလိုမှ မဟုတ်ဘဲ ကျွန်တော်ပေးခဲ့တဲ့ ကတိက ဟိတ်ကောင် ညနေကျမင်းကို ငါအရက်တိုက်မယ်ကွာ။ ၆နာရီ ၁၉လမ်း၊ ဝင်းကစောင့်နေလို့ ကတိပေးတယ်ဆိုပါတော့…။ ကျွန်တော်ရောက်မလာခဲ့ဘူးဆိုရင်.. သေချာပါတယ်…. !@#$&^%(*) ကိုဇေ ကတိမတည်ဘူး။ ခင်ဗျားကျွန်တော့်ကို ဆဲမှာပါ။ လူဆိုတဲ့ သတ္တဝါက အတ္တကြီးတယ်ဗျ။ ကျွန်တော်ပေးတဲ့ ကတိက ခင်ဗျားနာမဲ့ကတိဆိုရင် မတည်တာကို မသိချင်ယောင်ဆောင်ပြီး စိတ်ထဲတောင် ကျိတ်ပြီးကျေးဇူးတင်ချင်တင်နေမှာ။  ခင်ဗျားသာနိုင်မဲ့ ကတိမတည်လို့ကတော့ ခင်ဗျား ဘယ်ကျေနပ်လိမ့်မလည်း။ ဒီကောင်ကတိမတည်တဲ့ကောင်ဆိုပြီး အပုတ်ချမှာပေါ့။ ပထမကိစ္စ မသိချင်ယောင်ဆောင်ပေမဲ့ ဒုတိယကတိကို မတည်တဲ့ ကျွန်တော့်ကို ပတ်ဝန်းကျင်ကပါ စွပ်စွဲဦးမှာလား။ စွပ်စွဲနေတဲ့ အချိန်မှာတော့ သာလို့ယူသွားတဲ့ ကတိဆိုတာကို သူတို့မေ့နေကြမှာပါ။

“ကျွန်တော်ဝန်ကြီးဖြစ်ရင် တစ်နိုင်ငံလုံးမီးလင်းစေရပါမယ်” ဆိုတဲ့ကတိပေးတဲ့ အမတ်ကို ကျွန်တော်တို့တွေ မဲထည့်လိုက်ကြတယ်။ သူဝန်ကြီးဖြစ်လာတော့ ပိုလို့ရောင်းစားပါတယ်ဖြစ်ကုန်ရောဆိုတော့ ကျွန်တော်တို့ သူ့ကို မကျေမနပ်ဖြစ်မယ်။ အပြစ်တင်မယ်။ ကျွန်တော်တို့က မီးကိုလိုချင်ခဲ့တာလေ။ အဲဒီလူကြီး အမတ်အဖြစ် အရွေးမခံရခင်တုန်းက ခိုးစား၊ ဝှက်စား၊ ဗြောင်စားခဲ့တာကို ကျွန်တော်တို့ သိခဲ့ပြီး ဒီဘဲကြီးစကားမယုံရဘူးဆိုပြီး မဲမထည့်ပေးခဲ့ရင် တစ်မျိုးပေါ့။ ဒါမှမဟုတ် တစ်သက်လုံး ဘုရားလူကြီးလုပ်ခဲ့တဲ့သူက သူသမ္မတဖြစ်လာရင် တစ်နိုင်ငံလုံးလွတ်လပ်စွာ ဘိန်းရောင်းခွင့်ပြုပါ့မယ် ဆိုရင် ဘိန်းရောင်းသူများ သမဂ္ဂ နဲ့ ဘိန်းစားများ သမဂ္ဂ ဆီကပဲသူမဲရမှာပေါ့။ ကျွန်တော်တို့ ခင်ဗျားတို့ကတော့ အရင်က ဘုရားလူကြီးပါလားဆိုတဲ့ မျက်နှာကိုမှ မထောက်ဘဲ ဘယ်ထောက်ခံမဲပေးပါ့မလည်း။ တစ်ကယ်တော့ နိုင်ငံရေးကတိတွေက အများကြီးကျယ်ပြောပါတယ်ဗျာ။ ကတိဆိုတာ နိုင်ငံရေးသမားတွေရဲ့ strategy တစ်ခုလည်း ဖြစ်နိုင်ပါသေးတယ်လေ။

ခင်ဗျားတို့ မှတ်မိဦးမလား မသိဘူး။ တစ်ခါက ရန်ကုန်မြို့ရဲ့ အထင်ကရ ဖုန်းဆိုင်တစ်ဆိုင်ဖြစ်တဲ့ လူကြီးမင်းဆိုတဲ့ ဖုန်းဆိုင်က တစ်ရက်မှာ သူ့ဆိုင်ကို ဘယ်အချိန်ဆိုလား အရောက်လာရင် S3 ကံစမ်းမဲဖောက်ပေးမယ်ဆိုပြီး promotion လုပ်ပေးခဲ့ဘူးတယ်လေ။ အလကားရမယ်ဆိုတော့လည်း လူပဲ.. လိုချင်ကြတာပေါ့ဗျာ.. လာလိုက်တဲ့သူတွေ သောက်သောက်လဲပဲ.. တိုးလို့တောင် မပေါက်ဘူး။ လူကြီးမင်းရဲ့ အစီအစဉ်ပဲ ညံ့လို့လား၊ အဲလောက်ဖြစ်လိမ့်မယ်လို့ မမျှော်လင့်ထားလို့လား.. အဲဒီနေ့က အစီအစဉ်ကို ရွှေ့လိုက်ရောဗျာ.. အဲဒီမှာ အလကားကိုလာစောင့်တဲ့ လူအုပ်ကြီးခဗျာ လူကြီးမင်းကို ဒေါသတွေထွက်လို့ ဆိုင်ကိုခဲနဲ့ထုသူကထု.. နံရံမှာရေးချင်တာရေးတဲ့သူကရေး.. ဘာတဲ့ လူကြီးမင်း ကတိမတည်ဘူးဆိုလားပဲ… ဟုတ်ပါတယ်.. လူကြီးမင်း ကတိမတည်ပါဘူး။ ဒါပေမဲ့ အလကားရမယ်ဆိုပြီး လာတဲ့သူဘက်ကရော… အလကားမို့လို့ လာကြတာမဟုတ်လား… သူတို့ အသာမရမယ်ထင်လို့လေ… မရလည်း မရရော.. ကတိ မတည်တဲ့သူရဲ့ အပြစ်ပဲဖြစ်ရော.. ကောင်းကြသေးရဲ့လားဗျာ။ 

ကတိဆိုတာ တစ်ခါတစ်လေတော့လည်း မမျှော်လင်တဲ့ အကြောင်းတွေကြောင့်လည်း ကျိုးပျက်တတ်ပါတယ်။ ညနေ၆နာရီ အရောက်လာပါမယ်ဆိုပေမဲ့ အဲဒီနေ့မှာအရင်ကထက် ယဉ်ကြောပိတ်ဆို့နေတတ်ပါတယ်။ ခင်ဗျားဆီ ရောက်ကာနီးမှ ကျွန်တော် လမ်းဖြတ်ကူးရင်း ကားတိုက်လည်းခံရနိုင်ပါသေးတယ်။ ကိုလောကကြီးကလည်း မာယာအများသား။ ခင်ဗျားကို ၁၉ လမ်းမှာ အရက်တိုက်ဖို့ ထွက်အလာ ချစ်သူက နေမကောင်းလို့ ဆေးခန်းလိုက်ပို့ပေးပါဆိုပြီး ဖုန်းဝင်လာရင်လည်း ကျွန်တော် ခင်ဗျားကို မေ့သွားပြီး ချစ်သူထံပါး စိုးရိမ်စိတ်နဲ့ ရောက်သွားမှာပဲလေ…။ တစ်နေ့မှာ လောကကြီးက ကျွန်တော်တို့ကို ၂၄ နာရီပဲပေးထားတယ်လေ။ အဲဒီ ၂၄ နာရီအတွင်း ရွေးချယ်စရာ တစ်ခုထက်ပိုသွားတဲ့ အခါ တစ်ခုကိုပဲ ရွေးချယ်ရတော့မယ်ဆိုရင် ကျန်တစ်ခုကိုတော့ ထားခဲ့ရမှာပဲ…။ အဲထားခဲ့တဲ့အရာဟာ ကတိလည်း ဖြစ်ချင်ဖြစ်မှာပေါ့လေ…။

အတ္တကိုယ်စီရှိတဲ့ လူသားတွေမှာ သူများကတိပေးသည်ဖြစ်စေ ကိုယ်ကတောင်းသည်ဖြစ်စေ ကိုယ်ဘက်က သာမှပဲ ယူကြလက်ခံကြတာပါ။ သူကပေးတဲ့သူဆိုပြီး သူတစ်ယောက်တည်းမှာပဲ တာဝန်ရှိတယ်လို့တော့ ကျွန်တော် မထင်ဘူး။ ဘာပဲဖြစ်ဖြစ် …
ကတိကိုလွယ်လွယ်လည်း မပေးလိုက်ပါနဲ့။
ကတိကိုလွယ်လွယ်လည်း လက်မခံ/မတောင်းလိုက်ပါနဲ့။
တစ်ကယ်တော့ ကတိဆိုတာ ပေးတဲ့သူတစ်ဖက်တည်းမှာပဲ တာဝန်ရှိတာမဟုတ်ပါဘူး။
တောင်းတဲ့သူ/လက်ခံတဲ့သူရဲ့ ဘက်မှာလည်း တာဝန်ရှိပါတယ်။
ကတိဆိုတာ နှစ်ဦးနှစ်ဖက်လုံးမှာ တာဝန်ရှိတဲ့ ကျင့်ဝတ်တစ်ခုပါပဲ။            ။


ကိုဇေ
September 17, 2013 (Tuesday) 1:17 AM

Friday, September 13, 2013

ကမ္ဘာဆုံးသည့်တိုင်အောင်သူရှိမည်...။


သူ၏မူလသဏ္ဍန်ကား အရည်ဖြစ်သည်။
သူသည် ၇၈.၅ ဒီဂရီစင်တီဂရိတ်တွင် အငွေ့ပျံ၍
သူသည် အနှုတ် ၁၁၄ဒီဂရီစင်တီဂရိတ်တွင် အေးခဲသည်။
သူ၏ ဂုဏ်သတ္တိကား မူးခြင်းဖြစ်သည်။
သူ့ကို အချိုဓာတ်ပါသော အသီးအနှံများမှ ဓာတ်ပြောင်းလဲကာ ချက်လုပ်သည်။
သူ၏ ဓာတုဗေဒအမည်ကား စီတူးအိတ်ခ်ျဖိုက်အိုအိတ်ခ်ျ ဟုခေါ်သည်။
အင်္ဂလိပ်လို အယ်လ်ကိုဟော ဟုခေါ်သည်။
ရယ်ဒီဖိုင်းစပရစ် ဟုလည်းခေါ်သေးသည်။
မြန်မာလိုကား အရက်ဟုခေါ်တွင်လေသည်။

သူ့တွင် ဝီစကီဟူသော အမည်ခွဲရှိသည်။
သူ့တွင် ရမ်ဟူသော အမည်ခွဲရှိသည်။
သူ့တွင် ဂျင်ဟူသော အမည်ခွဲရှိသည်။
သူ့တွင် ဗော်လ်ကာဟူသော အမည်ခွဲရှိသည်။
သူ့တွင် တက်ကနီလာဟူသော အမည်ခွဲရှိသည်။
သူ့တွင် ဘီယာဟူသော အမည်ခွဲရှိသည်။
သူ့တွင် ဘီအီးဟူသော အမည်ခွဲရှိသည်။
သူ့တွင်….……………………. အခြားအခြားသော အမည်ခွဲများစွာ ရှိသည်။

သူ့ကိုမသုံးစွဲရန်အတွက် ဗုဒတားမြစ်ထားသည်။
သူ့ကိုမသုံးစွဲရန်အတွက် သခင်ယေရှုတားမြစ်ထားသည်။
သူ့ကိုမသုံးစွဲရန်အတွက် မိုဟာမ္မဒ်တားမြစ်ထားသည်။

သူ့ကိုအချို့သည် ဆေးဝါးအဖြစ် မှီဝဲ၏။
သူ့ကိုအချို့သည် ပင်ပန်းသဖြင့် မှီဝဲ၏။
သူ့ကိုအချို့သည် အပေါင်းအသင်းဝင်ဆံ့သဖြင့် မှီဝဲ၏။
သူ့ကိုအချို့သည် အသဲကွဲခြင်းကို ဗန်းပြကာ မှီဝဲ၏။
သူ့ကိုအချို့သည် ရဲဆေးတင်လို၍ မှီဝဲ၏။
သူ့ကိုအချို့သည် ပျော်ချင်၍ မှီဝဲ၏။
သူ့ကိုအချို့သည် စိတ်ညစ်၍ မှီဝဲ၏။
သူ့ကိုအချို့သည် အတွေးကွန့်မြူးသဖြင့် မှီဝဲ၏။
သူ့ကိုအချို့သည် ဘိန်းဖြတ်ထားသဖြင့် မှီဝဲ၏။
သူ့ကိုအချို့သည် စကားပြောကောင်းသဖြင့် မှီဝဲ၏။
သူ့ကိုအချို့သည် ကြိုက်သဖြင့် မှီဝဲ၏။

သူ့ကြောင့် သုံးစွဲသူများ ငွေကြေးကုန်ကျ၏။
သူ့ကြောင့် ထုတ်လုပ်ရောင်းချသူများ အမြတ်အစွန်းများစွာရ၏။
သူ့ကြောင့် ကျမ်းမာရေးထိခိုက်နိုင်၏။
သူ့ကြောင့် ဆရာဝန်များ ဝင်ငွေတိုးစေ၏။
သူ့ကြောင့် အသဲရောဂါ ဖြစ်စေ၏။
သူ့ကြောင့် ဆေးကုမဏီများ အမြတ်များစွာရ၏။
သူ့ကြောင့် စာရိတ္တ ပျက်စီး၏။
သူ့ကြောင့် ကဗျာကောင်း၊စာကောင်းများ ဖြစ်၏။
သူ့ကြောင့် ရန်ပွဲများ ဖြစ်၏။
သူ့ကြောင့် စကားဝိုင်းများ ဖြစ်၏။

သူ့ကို မကောင်းမှန်းလည်း သိကြသည်။
(မကောင်းသောသူများ သူ့ကိုအသုံးချပြီး စွပ်စွဲခြင်းလည်း ဖြစ်ကောင်းဖြစ်နိုင်သည်)
သူသည် တစ်ဖက်တွင်လည်း ယဉ်ကျေးမှုတစ်ရပ် ဖြစ်နေပြန်သည်။
မည်သို့ဆိုစေကာမူ ကမ္ဘာဆုံးသည့်တိုင်အောင် သူရှိမည် ဖြစ်သည်။
ထို့ကြောင့် (ကျွန်တော်တို့)
သူ့ကို သောက်သုံးမှီဝဲခဲ့သည်။
သူ့ကို သောက်သုံးမှီဝဲဆဲဖြစ်သည်။
သူ့ကို နောင်တွင်လည်း သောက်သုံးမှီဝဲနေဦးမည်သာ ဖြစ်သည်။          ။


ကိုဇေ
September 13, 2013 (Friday) 1:02AM 

Wednesday, September 11, 2013

၂၄နာရီ = တစ်ရက်


ဘုရားသခင်မှာ ဖန်ဆင်းဖို့ တစ်ရက်မှာ ၂၄ နာရီအချိန်ရှိတယ်။
မာရ်နတ်မှာ ဖျက်ဆီးဖို့ တစ်ရက်မှာ ၂၄ နာရီအချိန်ရှိတယ်။
သူဌေးကြီးမှာ စီးပွားရှာဖို့ တစ်ရက်မှာ ၂၄ နာရီအချိန်ရှိတယ်။
သူတောင်းစားမှာ တောင်းစားဖို့ တစ်ရက်မှာ ၂၄ နာရီအချိန်ရှိတယ်။
စာရေးဆရာမှာ စာရေးဖို့ တစ်ရက်မှာ ၂၄ နာရီအချိန်ရှိတယ်။
စာဖတ်သူမှာ စာဖတ်ဖို့ တစ်ရက်မှာ ၂၄ နာရီအချိန်ရှိတယ်။
သမ္မတ္တမှာ နိုင်ငံကို အုပ်ချုပ်ဖို့ တစ်ရက်မှာ ၂၄ နာရီအချိန်ရှိတယ်။
သူပုန်မှာ ပုန်ကန်ဖို့ တစ်ရက်မှာ ၂၄ နာရီအချိန်ရှိတယ်။
ဆရာဝန်မှာ ဆေးကုဖို့ တစ်ရက်မှာ ၂၄ နာရီအချိန်ရှိတယ်။
လူနာမှာ ဖျားနာဖို့ တစ်ရက်မှာ ၂၄ နာရီအချိန်ရှိတယ်။
ကျောင်းဆရာဟာ သင်ကြားဖို့ တစ်ရက်မှာ ၂၄ နာရီအချိန်ရှိတယ်။
ကျောင်းသားဟာ သင်ယူဖို့ တစ်ရက်မှာ ၂၄ နာရီအချိန်ရှိတယ်။
ချစ်သူမှာ ချစ်ဖို့ တစ်ရက်မှာ ၂၄ နာရီအချိန်ရှိတယ်။
မုန်းသူမှာ တစ်ရက်မှာ ၂၄ နာရီအချိန်ရှိတယ်။
ပျော်ရွှင်မှုကို ရှာဖို့ တစ်ရက်မှာ ၂၄ နာရီအချိန်ရှိတယ်။
စိတ်သောကကို ရှာဖို့ တစ်ရက်မှာ ၂၄ နာရီအချိန်ရှိတယ်။
တရားရှာဖို့ တစ်ရက်မှာ ၂၄ နာရီအချိန်ရှိတယ်။
အကုသိုလ်ပွားဖို့ တစ်ရက်မှာ ၂၄ နာရီအချိန်ရှိတယ်။
ရှင်သန်ခြင်းအတွက် တစ်ရက်မှာ ၂၄ နာရီအချိန်ရှိတယ်။
ကိုသေမင်းအတွက် တစ်ရက်မှာ ၂၄ နာရီအချိန်ရှိတယ်။
ကျွန်တော့်မှာ တစ်ရက်မှာ ၂၄ နာရီအချိန်ရှိတယ်။
ခင်ဗျားမှာ တစ်ရက်မှာ ၂၄ နာရီအချိန်ရှိတယ်။

လောကကြီးက တစ်ရက်မှာ ၂၄ နာရီပေးထားတယ်။
ဒီ၂၄ နာရီအတွင်း ခင်ဗျားဘာလုပ်မလည်း။
ကျွန်တော်ရောဘာလုပ်မှာလည်း။
တစ်ရက်မှာ ၂၄ နာရီထက်ပိုလိုချင်လို့တော့ ဘယ်တော့မှ မရဘူး။ . . . ။

ကိုဇေ
September 9, 2013 (Monday) 6:00PM


(တစ်ရက်မှာ သူတို့ပင်အလုပ်အရှုပ်ဆုံးထင်ပြီး ၂၄ နာရီဖြင့် မလောက်ငဘူးလို့ ထင်နေသူများသို့)

Want Vs Need


အရင်တုန်းက want
ခုတော့လည်း need

ခုအချိန်မှာ want
နောင်တစ်ချိန်ကျ need

လူသားရဲ့ လိုချင်မှုက want
လူသားရဲ့ လိုအပ်မှုက need

ရုပ်ဝတ္ထုနောက်လိုက်တာ want
ရုပ်ဝတ္ထုကပြန်လိုက်တော့ need

want ပြီးတော့ need
need ပြီးတော့ want

…………………………………………………..ဒီလိုနဲ့ မဆုံးနိုင်တဲ့သံသရာ…။


ကိုဇေ
September 9, 2013 (Monday) 5:45PM



သီရိဆောင်ရှေ့မှာ သူမ ကိုစောင့်နေရင်းနဲ့ အရင်ကလိုချင်မှုသာ ရှိခဲ့ဘူးတဲ့ hand phone တစ်လုံးလောက်ဟာ ခုချိန်မှာ တစ်ကယ်လိုအပ်မှု တစ်ခုဖြစ်လာပါလားဆိုတာ တွေးမိသွားရင်း…။

အခါးကြိုက်သူ


ဘဝဆိုတဲ့ ကော်ဖီဆိုင်ထဲဝင်ထိုင်ရင်း Espresso တစ်ခွက်မှာလိုက်တယ်။ Espresso အငွေ့တစ်ထောင်းထောင်းတစ်ခွက်နဲ့အတူ သကြားတစ်ခွက်ပါ လာချပေးသွားတယ်။  ကော်ဖီကို တစ်ငုံလောက် မြည်းစမ်းလိုက်တယ်။ အား... ခါးလိုက်တာ။ ဒါနဲ့ပဲ သကြားတစ်ဇွန်း ရောစပ်လိုက်တယ်။ ခါးနေတုန်းပါပဲလား။ ဒီလိုနဲ့ နောက်ထပ်တစ်ဇွန်း။ ဒါလည်း ခါးဆဲပဲ။ ကဲခါးတာကတော့ခါးတာပေါ့လေ။ သကြားတစ်ဇွန်းထဲ့လိုက် တစ်ငုံလောက်ငုံလိုက်နဲ့ပဲ ကော်ဖီကတော့ ကုန်သွားပြီ။ အချိန်တန်တော့ ပိုက်ဆံရှင်းပြီး ထထွက်ခဲ့တယ်။ ဒါပေမဲ့ သကြားကို တစ်ဇွန်းလေးတောင် ကော်ပြီးမစားခဲ့ဘူး။ ကျန်ခဲ့တဲ့ကိုသကြားခင်ဗျာ မျက်နှာငယ်လေးနဲ့...။ Mr. Espresso ရဲ့ဂုဏ်သိက္ခာကို မလွန်ဆန်နိုင်ဘဲ သူ့ရဲ့ချိုခြင်းဆိုတဲ့ ဂုန်သိက္ခာပျောက်ဆုံးသွားခဲ့ရတယ်လေ။ Sorry ပါကိုသကြားရယ်လို့ တောင်းပန်သင့်ပေမဲ့ တစ်ကယ်တန်းတော့ သတိမရခဲ့ပါဘူး။ ဒီကြားထဲ ခံတွင်းကချဉ်လာတာနဲ့ပဲ စီးကရက်တစ်လိပ်မီးညှိပြီး ဖွာရှိုက်လိုက်သေးတယ်။ 

တစ် ကယ် တော့ ကိုယ် တွေ ကို က အ ခါး ကြိုက် နေ ခဲ့ တာ လေ ...။

ကိုဇေ
September 11,2013 (Wednesday) 2:05AM


Monday, September 9, 2013

Active Passive


လူအချို့သည် Facebook သုံးသည်။
လူအချို့သည် Facebook ၏သုံးခြင်းကိုခံရသည်။

လူအချို့သည် သတင်းကိုစားသုံးသည်။
လူအချို့သည် သတင်း၏စားသုံးခြင်းကို ခံရသည်။

လူအချို့သည် ငွေကြေးဥစ္စာရှာသည်။
လူအချို့သည် ငွေကြေးဥစ္စာ၏ ရှာခြင်းကိုခံရသည်။

လူအချို့သည် ဖန်ဆင်းရှင်ကို ဖန်ဆင်းသည်။
လူအချို့သည် ဖန်ဆင်းရှင်၏ ဖန်ဆင်းခြင်းကို ခံရသည်။

လူအချို့သည် မကောင်းမှုကို ကျူးလွန်သည်။
လူအချို့သည် မကောင်းမှု၏ ကျူးလွန်ခြင်းကို ခံရသည်။

လူအချို့သည် သဘာဝပတ်ဝန်းကျင်ကို ဖျက်ဆီးသည်။
လူအချို့သည် သဘာဝပတ်ဝန်းကျင်၏ ဖျက်ဆီးခြင်းကို ခံရသည်။

လူအချို့သည် စနစ်တစ်ခုကို အသက်သွင်းသည်။
လူအချို့သည် စနစ်တစ်ခု၏ အသက်သွင်းခြင်းကိုခံရသည်။

လူအချို့သည် စကားပြောသည်။
လူအချို့သည် စကားပြောခြင်းကို ခံရသည်။

လူအချို့သည် အမိန့်ပေးသည်။
လူအချို့ သည် အမိန့်ပေးခြင်းကို ခံရသည်။

လူသည် ပြုလုပ်သူများဖြစ်သည်။ (တစ်ချိန်တည်းတွင်)
လူသည် ပြုလုပ်ခံရသူများလည်းဖြစ်သည်။

လူတိုင်း မွေး၍ သေသည်။ (သို့မဟုတ်)
လူတိုင်း မွေးခံရ၍ သေခြင်းခံရသည်။           ။


ကိုဇေ

September 8, 2013 (Sunday) 7:50PM

Friday, September 6, 2013

ကန်တော်ကြီးရဲ့ညနေခင်း


လှိုင်းကြတ်ခွတ်လေးတွေက
တေးသီကျူးရင်း ကလို့ခုန်
ခပ်သင်းသင်းမွှေးပျံ့တဲ့
ပန်းခင်းရဲ့အလယ်မှာတော့
ထီးတစ်ချောင်းတည်းနဲ့
နှစ်ယောက်တည်း ကမ္ဘာငယ်
အမုန်းတရားတွေ ဝင်ခွင့်မပြု
နံရိုးပျောက်ခဲ့ပြီး ရှာတွေ့သူ
တစ်ယောက်က တစ်ယောက်ထံပါး
အယုအယများစွာနဲ့ အမှုတော်ထမ်း
အမုဒယ အနမ်းလေးတွေဝေ
ဟော.... ပန်းလေးတွေ ရှက်ကုန်ပေါ့ ။               ။


ကိုဇေ
September 6, 2013 (Friday)
12:45 AM

Wednesday, September 4, 2013

ကွန်ပြူတာဦးနှောက်

မေတ္တာစာပဲ ရွတ်ရွတ်

မိုးမွှန်အောင်ပဲ ဆဲဆဲ

သူ့အတွက်တော့

ဇီးရိုး နဲ့ ဝမ်းပါပဲ...။        ။


ကိုဇေ
September 4, 2013 (Wednesday) 2 :22PM

Tuesday, September 3, 2013

ကြွေဒါကိုက ပွင့်ခြင်းဘဲ

ပန်းဆိုတာ
ကြွေဒါကိုက ပွင့်ခြင်းဘဲ။
တပွင့်ချွေရင်
တပွင့် ဝေလွင့်နေမှာဘဲ။
နှစ်ပွင့်ချွေရင်
နှစ်ပွင့် ဝေလွင့်နေမှာဘဲ။
ကဲ- ချွေစမ်းဘာဦး
လေရူးလေနော့၊ သော့နှင့်မဆုံး
လေသင်မုန်းလား၊ မုန်တိုင်းလားဘဲ
တအားတိုက်စမ်း၊ ချွေစမ်းပါဦး
ပန်းအဖူးတွေ၊ မြေမှာကြွေအောင်
မွချွေစမ်းပါ၊ မမှုပါဘူး
ကြွေဒါကိုက ပွင့်ခြင်းဘဲ။
ပန်းအဘိဓမ္မာ
ဒါဘာပဲလေ၊ ချွေလို့ကြွေကြွေ
ကြွေလို့နေနေ၊ ကြွေဒါကိုက ပွင့်ခြင်းဘဲဟေ့။

မောင်ချောနွယ်

(တော်လှန်ကဗျာ - စာမျက်နှာ ၁၈ မှ မူရင်းသတ်ပုံအတိုင်း)