Friday, April 25, 2014

နွေရဲ့သခင်မ (သို့မဟုတ်) မ ငုဝါ


အော် ဒီတစ်နွေတောင် ရောက်လို့လာပြန်ပြီပေါ့… ဒီနွေရဲ့ အတာကူးတဲ့ တန်ခူးအချိန်ဆို လူတွေက မပိတောက် ကိုမျှော်ကြတယ်…  အင်းပေါ့လေ ဒင်းက တစ်နှစ်တွင် တစ်လှပေပ၊ တစ်လမှာ တစ်ရက်တည်း.၊ အဲတစ်ရက်တည်းမှာတောင်  သင်္ကြန်မိုးရွာမှ ပွင့်တယ်ဆိုလားပဲကို။ (တစ်ချိန်တုန်းကတော့ သစ္စာဧကရီလို့ ပြောပေမဲ့ ခေတ်နဲ့အညီသူလည်းခု မိုးရွာတိုင်း လိုက်ပွင့်နေပါပြီ)  လူဆိုတဲ့ သတ္တဝါကလည်း အဲလိုရှားပါးမှ တန်ဖိုးထားတတ်ကြတာလား…။ လူတွေက မပိတောက်ကို မျှော်ကြပေမဲ့ သူ့ကိုတော့ သိပ်ပြီးဂရုမပြုမိကြဘူးလေ။ သူက မပိတောက်လိုပဲ ရွှေဝါရောင်။ အလှခြင်းလည်း ပြိုင်နိုင်တယ်။ သူ မပိတောက်ထက် သာတဲ့တစ်ချက်က သူက မပိတောက်လို သူများအပေါ် မှီခိုပြီး မပွင့်ဘူး။ မိုးရွာရွာ လေတိုက်တိုက် ဂရုမစိုက်ဘူး။ သူပွင့်ရမဲ့ အချိန်ရောက်ရင် ပွင့်တယ်။ သူ့ကိုပန်ဆင်ချင်သူ မရှိလှဘူး။ ဘယ်သူမှ သူ့ကို ယုယုယယ မထားဘူး။ သူက နုဖတ်ပြီး ဝါရီလုနေပေမဲ့ နွေကို ကောင်းကောင်းအံတုနိုင်တဲ့သူ။ သူ့နာမည်က မ ငု ဝါ . . . ။

ကျွန်တော် မငုဝါ ကို မပိတောက် နဲ့ နှိုင်းယှဉ်ဖို့ မရည်ရွယ်ပါဘူး။ ( မပိတောက် အကြောင်းကို ဒီနေရာ မှာ သီးသန့်ရေးခဲ့ဘူးပါတယ်။ ) ဒါပေမဲ့ နှိုင်းယှဉ်စရာ အချက်အချို့ကလည်း ရှိနေပြန်သေးတယ်။ ကျွန်တော်တွေးကြည့်တယ်။ မပိတောက်ကိုကျတော့ လူတွေက ရှားပါးလို့ တန်ဖိုးထားသလို အခြားတစ်ဖက်မှာ ခင်ဗျားက အရမ်းရက်ရောပြီး ကိုယ်ပွင့်ချိန်တန်တဲ့ အချိန်ဆို ပွင့်ပေးလို့ တန်ဖိုးမထားတာလား ဆိုပြီး လူ့မနောကို ခန့်မှန်းကြည့်မိတယ်။ အခြားတစ်ဖက်က တွေးကြည့်ရင်လည်း အဲလိုတန်ဖိုးထားမခံရတာက ခင်ဗျားရဲ့ မိခင် အပင်ကြီးအတွက် ခပ်ကောင်းကောင်းလို့ ပြောရမလားပဲ။ မပိတောက် ပွင့်ပြီဆိုရင် သူ့မိခင်ခင်ဗျာ အကိုင်းလိုက်အချိုးခံရတာနဲ့ အချိုခိုင်ရတာနဲ့ တစ်ရက်ထဲ စုပြုံပြီး ဒဏ်ရာဒဏ်ချက်တွေ တော်တော်များသွားရှာတယ်လေ။ ခင်ဗျားကတော့ အဲအချိန်သာသာယာယာပဲနော်…။ ခင်ဗျားက ကိုယ်လုပ်စရာရှိတဲ့ အလုပ်ကို တာဝန်ကျေကျေလုပ်တယ်။ သတိထားမိတဲ့ သူတွေက ခင်ဗျားအလှကို အလှသက်သက်ပဲ ခံစားတယ်။ အချို့တွေက ခင်ဗျားကို ဓာတ်ပုံရိုက်တယ်။ အချို့တွေက ပန်းချီဆွဲတယ်။ ခင်ဗျားဟာ အနုပညာတစ်ရပ်အနေနဲ့ လောကကြီးကို တန်ဆာဆင်ပေးနေတာပါ မငုဝါ။

ခင်ဗျားအကြောင်း နောင်အခွင့်သင့်ရင် တခမ်းတနား ဖွဲ့ဆိုပါဦးမယ် မငုဝါ.. ခုတော့ ကျွန်တော် ကြိုက်မိတဲ့ ကဗျာလေး တစ်ပုဒ်နဲ့ ခင်ဗျားကို ဂုဏ်ပြုလိုက်ပါတယ်။

" ငု "

ပိတောက်လို ဇာမချဲ့
ရိုးသားတဲ့ငုဝါ။

တပင်လုံးဖြာ
ဆင်ထုံးရှာ ထိန်ဝေလွင်သနဲ့ 
အိနြေ္ဓရှင်ပန်းဆွဲ။

ခုလိုနွေ ခါသမယမှာဖြင့်
သူ့ကိုလေ စာမသသော်လည်း
ဒါနတမြော်မြော်နဲ့
အလှူတော်သူ့အလှကိုနော်ကွယ်
ခင်းပြလျက်ပဲ…။    ။



(မူရင်းကဗျာအား ဒီနေရာ မှကူးယူလာခြင်းဖြစ်ပါသည်)



မငုဝါ … ခင်ဗျားဟာ ရိုးသားဖြောင့်မတ်ခြင်းရဲ့ သင်္ကေတ။ 

ခင်ဗျားဟာ နွေတစ်ခုလုံးရဲ့ ဧကရီ သခင်မ 


Photo credit by Khinthazinhtet's art gallery 

Title         - " My Golden Tree (4) "

Medium    - Acrylic
Artist       - Khaingthazin Htet
Source     -  Click here 



ကိုဇေ

April 25, 2014 (Friday) 2:37PM

No comments: