Tuesday, January 27, 2015

လူသားနှစ်ဦးပေါင်းစည်းခြင်း အနုပညာ နှင့် ချစ်ခြင်းမေတ္တာ


အရင်ဆုံး ကိုယ်စပြောကြည့်ချင်တာက ချစ်ခြင်းမေတ္တာ အပေါ်ကိုယ့်ရဲ့ အမြင်သက်သက်ကိုပါ။ ကိုယ်က ချစ်ခြင်းမေတ္တာကို သူ့ချည်း သက်သက်ဖြစ်တည်တယ်လို့ မြင်တယ်။ ချစ်ခြင်းမေတ္တာမှာ ဘာမှပေါင်းစပ်မပါဝင်ဘူး။ ချစ်ခြင်းမေတ္တာဟာ ချစ်ခြင်းမေတ္တာအတွက် ပဲ ဖြစ်တည်တယ်လို့ ကိုယ်ကတော့ ယူဆတယ်။ ချစ်ခြင်းမေတ္တာမှာ ပိုင်ဆိုင်တာ၊ ရယူတာ၊ ပေးဆပ်တာ၊ စွန့်လွှတ်အနစ်နာခံတာ၊ သ၀န်တိုတာ၊ သဘောထားကြီးတာ…ဘာညာ စတာတွေလည်း မပါဘူး။ လိင်ကိစ္စနဲ့လည်း မပတ်သက်ဘူး။ မိတ်ဆွေ ကိုယ်ပြောတာကို ခင်ဗျားလက်ခံမှာလား။

ကိုယ်တို့တွေဟာ ချစ်ခြင်းမေတ္တာသက်သက်နဲ့ ဘယ်သူ့ကိုမဆို ချစ်လို့ရတယ်။ ကမ္ဘာကြီးတစ်ခုလုံးကို ချစ်လို့ရတယ်။ ယောက်ျားခြင်းလည်း ချစ်လို့ရတယ်။ မိန်းမခြင်းလည်း ချစ်လို့ရတယ်။ ယောက်ျားနဲ့ မိန်းမတွေလည်း ချစ်လို့ရတယ်။ အမျိုးတော်လည်း ချစ်လို့ရတယ်။ သွေးမတော်သားမစပ်လည်း ချစ်လို့ရတယ်။ ချစ်ခြင်းမေတ္တာမှာ ဘာမှ မခွဲခြားဘူးလေ။

ကိုယ့်ခေါင်းစဉ်ကိုပြန်ဆက်ရရင် ကိုယ်တို့တွေက ချစ်ခြင်းမေတ္တာ သက်သက်နဲ့ ရောင့်ရဲမနေချင်ကြဘူးလေ။ ပုံမှန်အတိုင်းဆိုရင် ဆန့်ကျင်ဘက်လိင်ကို ငြိတွယ်ချင်ကြတယ်။ အာဒံဆီကထုတ်ယူလိုက်တဲ့ နံရိုးတစ်ချောင်းကို ပြန်ရှာသလို၊ ဇုနတ်မင်းကြီး ခွဲခြမ်းခဲ့တဲ့ ကိုယ်တစ်ခြမ်းက အခြားကိုယ်တစ်ခြမ်းကို ပြန်ရှာသလိုမျိုးပေါ့။ အဲဒီမှာ ချစ်ခြင်းမေတ္တာနဲ့ လူသားနှစ်ဦး ပေါင်းစည်းမှုက သွားပြီး ရှုပ်ထွေးကုန်တယ်။

လူသားနှစ်ဦးပေါင်းစည်းမှု မပါသေးရင် ချစ်ခြင်းတစ်ခုတည်းနဲ့ မတူတာတွေကို မတူတဲ့ အတိုင်းထားလို့ရတယ်လေ။ မတူတာတွေဖယ်ထားပြီး တူတဲ့ common ground ကိုခိုင်မာအောင် တည်ဆောက်ပြီး ချစ်ခြင်းမေတ္တာကို ပိုခိုင်မြဲအောင် ကြံစလို့ရတယ်။ ဒါပေမဲ့ လူသားနှစ်ဦးပေါင်းစည်းဖို့အတွက် ဆိုရင်တော့ ချစ်ခြင်းမေတ္တာ တစ်ခုတည်းနဲ့ မပြည့်စုံတော့ဘူး။ မတူတာတွေကိုလည်း မတူတဲ့ အတိုင်းထားလို့မရတော့ဘူးလေ။ မတူတာတွေကို ညှိယူရတော့မယ်လေ။

လူသားနှစ်ဦးပေါင်းစည်းဖို့ဆိုရင် ပထမဆုံးလိုလာတာက နားလည်မှုလို့ ကိုယ်ထင်တယ်။ ကိုယ့်ကိုယ်ကိုတောင် ကိုယ့်ဖြစ်တည်မှုမှာ မကျေနပ်နိုင်တဲ့ လူတွေမှာ သူများဖြစ်တည်မှုကို အလုံးစုံကျေနပ်ဖို့ဆိုတာလည်း ခက်သားပဲ။ အဲဒီမှာ တစ်ယောက်နဲ့ တစ်ယောက် မတူတာတွေရှိလာမယ်။ type ချင်းမတူတာဖြစ်ဖြစ်၊ လူနေထိုင်မှုပုံစံမတူတာဖြစ်ဖြစ်၊ နိုင်ငံရေးခံယူချက်ဖြစ်ဖြစ်၊ ယုံကြည်မှုဖြစ်ဖြစ်၊  နောက်ဆုံးဘာသာမတူတာဖြစ်ဖြစ်ပေါ့။ အချို့ဟာတွေကို ညှိကြည့်ရမယ်။ နောက်ဆုံး ကိုယ်နဲ့မတူတောင် ကိုယ်လက်ခံပေးနိုင်တာမျိုးဆို နားလည်ပေးရမယ်ပေါ့။ (ကြားထဲ တစ်ခုစဉ်းစားမိတာက အရမ်းတူလွန်းအားကြီးရင်လည်း အဆင်မပြေနိုင်ဘူးဆိုတာပေါ့။ တစ်ယောက်နဲ့ တစ်ယောက် အကုန်တူနေရင်လည်း ကြာတော့ နားလည်မှုဆိုတာ မလိုအပ်လောက်အောင်ဖြစ်ပြီး ပျင်းစရာများ ဖြစ်သွားမလားလို့၊ ကိုယ့်တွေးကြည့်တာပါ)

ပြီးတော့ ယုံကြည်မှု… ယုံကြည်မှုဆိုတဲ့ နေရာမှာ ပထမဆုံးကိုယ်သဘောပေါက်ထားတာက ကိုယ်ပေါင်းစည်းဖို့ ကြိုးစားတဲ့သူဟာ စက်ရုပ်မဟုတ်ဘူး။ လူသားတစ်ဦးဆိုတာ အရင်သိထားဖို့ပါပဲ။ ကိုယ်ဖြစ်စေချင်သလို၊ ကိုယ့် Control အောက်မှာနေမဲ့ သူမဟုတ်ဘူး။ သူဟာ လူသားတစ်ဦး၊ လူသားလိုတွေးမယ်၊ ခံစားမယ်၊ နာကျင်မယ်၊ ဆိုတာကိုပါပဲ။ အဲဒါကို အရင်ပြောရတာက သ၀န်တိုတယ်ဆိုတဲ့ ကိစ္စကြောင့်ပါ။ အချို့ကပြောကြတယ်။ ချစ်လွန်းလို့ သ၀န်တိုတာပါတဲ့။ အဲဒီသ၀န်တိုမှုဟာ လိုတာထက်ပိုသွားရင် တစ်ဖက်သားအပေါ် မယုံမကြည်ဖြစ်သွားတယ်ဆိုတဲ့ အဓိပ္ပာယ်သက်ရောက်သွားတယ်လေ။ သ၀န်တိုခြင်းအတွက် ရလာဘ်က ကိုယ်လည်း စိတ်ပင်ပန်းတယ်။ တစ်ဖက်သားလည်း စိတ်အနှောက်အယှက်ဖြစ်တယ်ဆိုတာပါပဲ။ အခြားတစ်ဖက်ကတွေးကြည့်ရင် ခင်ဗျားပေါင်းစည်းဖို့ ကြိုးစားတဲ့သူဟာ ဆန့်ကျင်ဘက် လိင်တွေ ၀ိုင်းဝိုင်းလည်နေတယ်ဆိုစေဦးတော့။ ခင်ဗျားကို ရွေးထားတယ်လေ။ အဲဒီအတွက် ခင်ဗျားဟာ အားလုံးထက်သာတယ်ဆိုတဲ့အသိဝင်လိုက်ပြီဆိုရင်…။ သူကိုယ့်ကို ချစ်တယ်ဆိုတာ ယုံကြည်ပေးကြည့်ပါ။ ပြီးတော့ သူယုံကြည်ထားသလိုမျိုး သူ့ကို ချစ်ပြလိုက်ပါ။

သစ္စာ… ဒါလည်းမပါမပြီး.. သစ္စာဆိုတာက ဆိုတေးနဲ့ ဘန်နီဖြိုးရဲ့ သီချင်းသက်သက်တော့ မဟုတ်ဘူး။ ပြီးတော့ သစ္စာဆိုတာ သင်ပေးမှ တတ်မြောက်တဲ့အရာမဟုတ်သလို ကိုယ်တိုင်သိရှိနားလည်ပြီး စောင့်ထိန်းရမဲ့ ကျင့်ဝတ်။ အနိစ္စဆိုတဲ့ မမြဲခြင်းမှာ သစ္စာဆိုတာ မပါဘူး။ အဲဒီအတွက် သစ္စာမရှိတဲ့သူက မရှိသလိုနေမှာပဲ။ စောင့်တဲ့သူက စောင့်မှာပဲ။ သူသစ္စာမရှိလို့ ကိုယ်ပါ သစ္စာဖောက်မယ်ဆိုတာမျိုးကတော့ အစကတည်းက ကိုယ်ကိုယ်တိုင်လည်း သစ္စာကိုမစောင့်ထိန်းချင်တဲ့သဘောပါ။

ပြီးတော့ လူသားတွေလေ။ ကာမဂုံအာရုံတွေမှာ မွေ့လျှော်တတ်တဲ့ လူသားတွေလေ… sex ဆိုတဲ့ လိမ်မှုကိစ္စကိုလည်း မေ့ပစ်ထားလို့မရဘူးလေ။ သူကြည်ဖြူ ကိုယ်ကြည်ဖြူနဲ့ ဒီကိစ္စမှာလည်း ပျော်မွေ့ရပေဦးမပေါ့။ (တစ်ခု ကြားဖြတ်ပြောချင်တာက ကွန်ဆာဗေးတစ် လူမှုအဖွဲ့အစည်းကြီးက sex ဆိုတဲ့ကိစ္စကြီးကို ရွံစရာ ကိစ္စကြီးလို့မြင်အောင် ငယ်စဉ်ကတည်းက ရိုက်သွင်းထားချင်ကြတယ်လေ။ ဒါပေမဲ့ ဘယ်ကလေးက ဗိုက်ကိုလက်နဲ့သုံးချပ်သပ်လောက်ရုံနဲ့ ကိုယ်ဝန်ဆောင်ပြီး မွေးခဲ့လို့လည်း။ ပြီးတော့ အပျိုဖြစ်ခြင်း မဖြစ်ခြင်းဆိုပီးလည်း gender ခွဲခြားချင်ကြသေးတယ်။ လူသားတိုင်း မကင်းနိုင်တဲ့ sex ကို တစ်ကယ်က educated လုပ်သင့်တာပါ) ပြီးတော့ sex ကိစ္စမှာ ဘယ်သူသာတယ်၊ ဘယ်သူနာတယ်ဆိုတာကို ကိုယ်ကလက်မခံချင်ဘူး။ တစ်ဦးတည်း မပြီးမြောက်တဲ့ကိစ္စမှာ နှစ်ဦးသဘောတူ ကြည်ဖြူလို့ ဖြစ်ပြီးမှတော့ သာတယ်၊နာတယ်ဆိုတာက မိန်းမတွေကို ကာကွယ်ပေးတာထက် မိန်းမတွေကို ခွဲခြားဆက်ဆံထားတာလို့မြင်တယ်။

လူသားနှစ်ဦးပေါင်းစည်းချင်းဟာ တစ်ကယ်တော့ အလွန်အနုပညာဆန်သလို အလွန်လည်း သိမ်မွေ့လှပါတယ်။ ချစ်ခြင်းမေတ္တာတစ်ခုတည်းနဲ့တော့ တည်ဆောက်လို့မရပါဘူး။ အပေါ်ကဆိုခဲ့တာအပြင် အခြားမျှော်လင့်မထားသော၊ မျှော်လင့်ထားသော အကြောင်းအရာတွေများစွာနဲ့ တိုက်ဆိုင်မှ ပေါင်းစည်း၍ ရမှာပါ။ လူသားနှစ်ဦး အနုပညာဆန်စွာ ပေါင်းစည်းဖို့အတွက်ဆိုရင် ချစ်ခြင်းမေတ္တာဟာ မပါမဖြစ်ပေမဲ့ တစ်စိတ်တစ်ပိုင်းပါ။

ဒါတွေက ကိုယ့်အမြင်သက်သက်ပါ။ သဘောတူ လက်ခံလို့ရသလို လွတ်လပ်စွာကွဲလွဲလို့လည်း ရပါတယ်။ ဒီစာစုလေးကို ကိုယ်သဘောကျခဲ့တဲ့ quote တစ်ခုနဲ့ အဆုံးသတ်လိုက်ပါတယ်။


ချစ်ခြင်းမေတ္တာနဲ့ လူသားနှစ်ဦးပေါင်းစည်းခြင်းကြား ခွဲခြားမြင်တတ်ကြပါစေ…


A relationship doesn't need any promises, terms or conditions. It needs just two people, the one who can trust and the one who can understand.



ကိုဇေ
January 27, 2015 (Tuesday)

4:35PM

ဆရာကတော် ကျွန်မကို ခေါ်သလား


ဆရာကတော် ကျွန်မကို ခေါ်သလား
အသက်ခပ်ကြီးကြီး မိန်းမကြီးက မေးတယ်
သူ့ထက်ပိုပြီး အသက်ကြီးတဲ့ အဘွားကြီးက ဖြေတယ်
“အေး” တဲ့
ဆရာကတော်ဆိုတဲ့ အဘွားကြီးက
သူ့ရှေ့က ထမင်းရည်ပန်းကန်ကို လက်ညိုးထိုးပြီး
“ဆားနည်းနည်းထပ်ထည့်” လို့ပြောတယ်
ဆရာကတော်အတွက်
အသက်ခပ်ကြီးကြီး မိန်းမကြီးက ဆားပွင့်နဲနဲယူလာပြီး
ပန်ကန်ထဲထည့်တယ်။
ဆရာကတော်က ထမင်းရည်ပန်းကန်ကို ဇွန်းနဲ့မွှေပြီး
တစ်ဇွန်းခပ်သောက်တယ်
ပူနွေးပြီး စေးပျစ်နေတဲ့ ထမင်းရည်ပါ
ဆရာကတော်ကြိုက်တဲ့ ဆန်သစ်ထမင်းရည်ပါ
အသက်ကြီးကြီးမိန်းမကြီးက
သူ့ဆရာကတော် ထမိင်းရည်သောက်နေတာကို ကြည့်ပြီး
ကျေနပ်နေတယ်
သူက နဂိုတုန်းကတော့ အစေခံပါ
အခုတော့ သူက ဆရာကတော်အနားမှာ
မိသားစုတစ်ယောက်လို ဖြစ်နေပြီလေ
ဆရာကတော်က အသက်ကြီးပေမယ့်
အသန့်အပြန့်ကြိုက်တယ်
ပန်ကန်ခွက်ယောက်တွေ ပြောင်စင်နေမှ
အ၀တ်တွေ ဖြူစင်နေမှ
ကြမ်းပြင်ပေါ်မှာ အမှိုက်တွေ ကင်းစင်နေမှ
ပြီးတော့
သောက်ရေအိုးထဲမှာ ရေအမြဲရှိနေမှပေါ့။
သူငယ်ငယ် ဆရာကတော်တို့ အိမ်ကို
စရောက်ကတည်းက အခုထိ အဲဒီလိုပဲ
သူရွာကနေ ဆရာကတော်တို့အိမ် စရောက်တုန်းက
တစ်ခါတစ်လေ ရွာကိုပြန်ချင်ပေမဲ့
နောက်တော့ ဒီမှာပျော်သွားတယ်
အဲဒီအကြောင်းတွေက ခုတော့ မေ့တေ့တေ့
ဖြစ်နေပါပြီ။
ဒါပေမဲ့ ဆရာကတော်ကမေးရင်
ပြန်ပြောနိုင်အောင် သူတစ်ခါတစ်ခါ
ပြန်စဉ်းစားမိတယ်
“ညည်း ဒီစရောက်စတုန်းက ညည်းကြောင်း
ငါ့ကြွေကရားကျကွဲတာ မှတ်မိသလား”
ဒီလိုမေးရင် သူက ချက်ချင်းပဲ ပြန်ဖြေရတယ်
“မှတ်မိတယ် ဆရာကတော်
ရေနွေးအပူကြီးနဲ့ သွားကိုင်မိလို့
ယောင်ပြီးလွှတ်ချလိုက်တော့ ကျကွဲသွားတာလေ” လို့
“ညည်းတော်တော် အသုံးမကျတာ”
ဆရာကတော်က လွန်ခဲ့တဲ့ အနှစ် ၅၀ လောက်ကို
လှမ်းပြီး ငေါက်လိုက်တာ
သူကလည်း အဲဒီလို အငေါက်ခံလိုက်ရတော့
ပြန်ငယ်သွားသလိုပဲ။
ဆရာကတော်ကလည်း
ကြွေကရားကျကွဲတာကို တစ်နှစ် ၃ ခါလောက်
ပြန်ပြန်မေးပြီး ငေါက်တတ်တယ်
“ညည်းတော်တော် အသုံးမကျတာ”
သူကဘယ်တော့မှ ဆရာကတော်ကို စိတ်မဆိုးဘူး
အခု ဆရာကတော်အတွက်
ပဲဟင်းချက်နေတယ်
ဆရာကတော်မှာ သွားတွေ မရှိတော့ဘူး
ဒီတော့ ပဲဟင်းကို ပျော့ပျော့အိအိကလေးနဲ့
အရည်သောက် ခပ်ပျစ်ပျစ် ချက်ရတယ်
ဆရာကတော်က ပဲဟင်းကြိုက်တယ်။
တစ်ခါတစ်လေ
ဆရာကတော်က ဈေးဖိုးနည်းနည်းပိုပေးရင်
ငါးကလေး ဘာလေးဝယ်ပြီးချက်တယ်
ငါးရံ့အသားကိုပြုတ် အရိုးနွှာပြီးမှ
အသားချည်း ချက်တာပါ
ဒါမှ ဆရာကတော် စားနိုင်မှာလေ။
ထမင်းကို ပျော့ပျော့အိအိချက်တယ်
တော်တော်ကြီးကို ပျော့အိနေအောင် ချက်တာပါ
ဆရာကတော်က ထမင်းပျော့ပျော့ကို
သွားဖုံးတွေနဲ့ ကြိတ်ကြိတ်ပြီး မျိုချတယ်
ဆရာကတော်က အသန့်အပြန့်ကြိုက်တယ်
ဆရာကတော် ရေချိုးပြီးရင်လူးဖို့
ကရမက်နဲ့ တောင်နံကတိုးကို
သူက ကျောက်ပျဉ်မှာ တရှဲရှဲသွေးပေးတယ်
သူ ဒီအိမ်ကြီးကို ရောက်စကတည်းက
ကရမက်နဲ့ တောင်နံကတိုးကို သွေးပေးခဲ့တာ
သူကတော့ သီးခေါက်ပဲ သွေးလိမ်းတယ်
ကိစ္စမရှိဘူး
ဆရာကတော်ဆီက ကရမက်နဲ့ တောင်နံကတိုးနံ့
သင်းသင်းကလေးက အိမ်ကြီးထဲမှာ ပျံ့နေတာပဲလေ
နွေအခါဆို
ဆရာကတော်က ပိတ်ပါးအကျီဖြူဖြူကို ၀တ်လေ့ရှိတယ်
ဒါကိုသူက ဖြူနေအောင် လျှော်ဖွတ်ပေးရတယ်
ပိတ်ပါးအကျီဖြူဖြူမှာ
တချို့နေရာလေးတွေမှာ ရိပီးစားနေပြီ
ဒါပေမဲ့ ဆရာကတော်က
ဒါကိုပဲ မြတ်မြတ်နိုးနိုး ၀တ်ပါတယ်
ဆရာကတော်ရဲ့ ထဘီယာ ချည်သားပါ
ချည်းသားမို့ ၀တ်ရတာ အေးနေတာပေါ့
နေ့လယ်ခင်းဆို
ပြတင်းပေါက်အနားက
ကုလားထိုင်မှာ ထိုင်နေတဲ့
ဆရာကတော်ကို မြင်ရတယ်
ဆရာကတော်မျက်နှာမှာ သနပ်ခါးဖွေးလို့
ဆံပင်တွေက ဖြူလို့
နားပေါက်ဟောင်းလောင်းကိုတောင် မြင်ရတယ်
ဟိုးတုန်းကတော့
ငါ့ကို ဆံပင်ဖြူ နှုတ်ပေးစမ်းလို့
ဆရာကတော်က ခိုင်းလေးရှိတယ်
အခုတော့ အဲဒီလို မခိုင်းတော့တာ
နှစ်တွေကြာပြီ
ဆရာကတော့ခေါင်းမှာ ဆံပင်ဖြူတွေက
အများကြီး ဖြစ်နေပြီလေ
ဆရာကတော်နဲ့သူ
အဘွားကြီး နဲ့ မိန်းမကြီး၊ နှစ်ယောက်
အဲဒီအိမ်ကြီးထဲမှာ
တိတ်ဆိတ်တဲ့ ဒီအိမ်ကြီးထဲမှာ
နေ့လယ်ခင်းဆို
ဆရာကတော်က ရေဒီယိုကိုဖွင့်ပြီး နားထောင်လေ့ရှိတယ်
ဓာတ်ခဲအားကုန်နေလို့
ရေဒီယိုက ဖွင့်လို့မရဘူးဆိုရင်
သတင်းစာအဟောင်းတွေကို ယူပြီးဖတ်တယ်
သတင်းစာဖတ်ရင်းက
“ဟဲ့ ပြက္ခဒိန်ကြည့်စမ်း
ဒီနေ့ ဘယ်နှရက်နေ့လဲ” လို့
ဆရာကတော်က မေးတတ်တယ်
“ဥပုသ်နေ့ကျရင် ညည်းလည်း ဥပုသ်စောင့်
ကြားလား
ညမိုးချုပ်မှ ဗိုက်ဆာရင်လည်း
မုန့်လေးဘာလေး ယူစားပေါ့အေ”
လို့လည်း ပြောတတ်တယ်
သူငယ်ငယ်တုန်းက
အဖိတ်နေ့ရောက်တိုင်း အဲလိုပြောတာ
ကြုံခဲ့ဖူးတာပါ
ကြောင်အိမ်ပေါ်က ဖန်ပုလင်းကြီးထဲမှာ
ဘီစကစ်မုန့်ခြောက်တွေ ရှိတယ်လေ
သူရွာက ဒီကိုရောက်စက
ဒီဘီစကစ်မုန့်တွေကို သိပ်ကြိုက်ခဲ့တာ
အခုတော့ ဟိုတုန်းကလို မက်မက်စက်စက်
မရှိတော့ပါဘူး
အဲဒီ ဘီစကစ်မုန့်တွေကို ၀ါးစားဖို့
သွား ၃၊ ၄ ချောင်း သူ့မှာရှိသေးပေမယ့်
ဆရာကတော်မှာ သွားမရှိတော့ဘူးလေ
သူက ဆရာကတော်အတွက်
ဘီစကစ်တွေကို ဖန်ခွက်ထဲမှာ
ရေနွေးပူပူနဲ့ စိမ်ပေးရတယ်
ဘီစကစ်တွေ ရေနွေးပူပူထဲမှာ
နူးပွလာတော့မှ
ဆရာကတော်က ဇွန်းကလေးနဲ့ခပ်ပြီး
တမြုံ့မြုံ့ဝါးစားတာလေ။
အိမ်ကြီးထဲမှာ သူလုပ်စရာအလုပ်
သိပ်အများကြီး မရှိဘူး
နံရံမှာ ချိတ်ထားတဲ့ ဆရာကြီးနဲ့ ဆရာကတော်ပုံကို
မနက် မနက် ကြက်မွှေးနဲ့ ပြောင်စင်သန့်ရှင်းအောင်
လုပ်ပေးရတာ
ဆရာကတော် ညက သွားထားတဲ့ ဆီးအိုးကို
သွန်ပေးရတာ
ဆရာကတော် မျက်နှာသစ်ဖို့
ရေတစ်ဖလား ခပ်ပေးရတာ (နွေဆိုရင် ညသိပ်ရေအေးပဲ)
ဆောင်းတွင်းဆိုရင် ရေကအေးနေတော့
ရေနွေးနဲ့ စပ်ပေးရတယ်လေ
ပြီးရင် ထမင်းရည်ပူပူကို ဆရာကတော်သောက်ဖို့
ထည့်ပေးရတာပဲ။
သူက ဆရာကတော်အနားမှာ နေရတာကို ကျေနပ်တယ်
သူ့ကိုယ်သူ အစေခံလို့ မထင်တော့ဘဲ
ဆရာကတော်ရဲ့ သွေးသားရင်းတစ်ယောက်လို
ခံစားရတယ်လေ
ဆရာကြီး မရှိတော့တဲ့နောက်
ဆရာကတော်က
“ငါ ညည်းတို့ရွာတစ်ခေါက်လောက် လိုက်ချင်တယ်” ပြောလို့
အတူသွားကြတယ်
ရွာမှာ သုံးလေးရက်နေပြီး
ဒီအိမ်ကြီးကိုပဲ ပြန်လာခဲ့ကြတာ
အဲဒီနောက် ဆရာကတော်ရော သူရော
ရွာကို နောက်ထပ် မရောက်ကြတော့ဘူး။
ဆရာကတော်က “ငါဖတ်ပြမယ်
ညည်းသေသေချာချာနားထောင်” ဆိုပြီး
တစ်ခါ တစ်ခါ စာဖတ်ပြတယ်
ဓမ္မပဒတဲ့
သူက စာမတတ်လို့
ဆရာကတော်က ဖတ်ပြတာလေ
အဲဒီအချိန်တွေဟာ သူကျေနပ်ပျော်ရွှင်ခဲ့ရတဲ့
အချိန်တွေပါပဲ
ဆရာကတော်ဟာ သူ့ကို အမြဲစောင့်ရှောက်နေတယ်လို့
ခံစားရတယ်
သူကလည်း ဆရာကတော်ရဲ့
ဝတ်ကြီးဝတ်ငယ်ကို ပြုစုပေးနေမြဲပေါ့။
သူရော ဆရာကတော်ရော နှစ်ယောက်စလုံး
နေထိုင်မကောင်းရင်
တစ်ယောက်ယောက် အိမ်ကို ရောက်လာတတ်တယ်
ဆရာကတော်ရဲ့ တူမကလေး တစ်ယောက်က
အဲဒီလို ရောက်ရောက်လာတာပါ
“အဘွားကို သတိရလို့” တဲ့
အဲဒီလိုပြောပြီး တစ်ရက်နှစ်ရက်နေ ပြန်သွားတာပဲ။
ဒီနေ့ သူနည်းနည်း နေမကောင်းချင်ဘူး
ဆရာကတော်လည်း သရိုးသရီနဲ့
နှစ်ယောက်စလုံး ဖျားချင်နေကြတယ်
အိမ်ကြီးထဲမှာ အခိုးပွင်းဆေးတစ်ထုတ်ရှိတယ်
သူက ရေနွေးပူပူနဲ့ အခိုးပွင့်ဆေးကို ဖျော်တယ်
ပြီးတော့ ဆရာကတော်ကို တိုက်တယ်
ဆရာကတော်က ပြတင်းပေါက်နားမှာထိုင်လျက်
အဲဒီ အခိုးပွင့်ဆေးကို သောက်တယ်လေ
အဲဒီနေ့က ဆရာကတော်ညစာမစားဘူး
ဆရာကတော် မစားတော့ သူလည်း မစားဖြစ်တော့ဘူး
အဲဒီနေ့က ဆရာကတော် အစောကြီး အိပ်ရာဝင်တယ်
သူက ဆရာကတော် အိပ်ယာဘေးမှာ
တော်တော်ကြာတဲ့အထိ ထိုင်ပြီးစောင့်နေတယ်
မှောင်လာတော့ သူ့အတွက် ပြင်ထားတဲ့နေရာမှာ
လဲလျောင်းလိုက်တယ်
အိမ်ကြီးက တိတ်ဆိတ်လို့
အိမ်ကြီးရဲ့ အပြင်ဘက်မှာ အမှောင်ထုကြီး
ကျရောက်လို့။               ။


နေမျိုး



(အခု ဒီကဗျာကိုရေးပြီးတော့ စဉ်းစားမိတာရှိတယ်။ ဒီကဗျာနဲ့တော့ မဆိုင်ဘူးလို့ ပြောချင်တယ်။ ပြီးတော့ ဒီကဗျာရေးစဉ်က ပြောချင်တဲ့ အချက်ထဲမှာလည်း မပါဝင်ဘူး။ ဒါပေမဲ့ ဒီကဗျာကို ရေးပြီးတော့ ဒီလို စဉ်းစားမိတယ်။ အဲဒါက ဂျာနယ်တစ်စောင်မှာ ဖတ်လိုက်ရတဲ့ သတင်းတစ်ပုဒ်ပါ။ တိုက်ခန်းတစ်ခုမှာနေတဲ့ လူအိုကြီးတစ်ယောက် ရက်အတော်ကြာကြာ တိတ်ဆိတ်နေပြီး သူနေတဲ့ အခန်းက အပုပ်နံ့ရလာလို့ အနီးပတ်ဝန်းကျင်က အခန်းတံခါးကို ဖွင့်ကြည့်တဲ့အခါ ပုပ်ပွနေတဲ့ သူ့အလောင်းကို တွေ့ရသတဲ့။ ပင်စင်စား လူအိုကြီးတစ်ယောက် ဘယ်နေ့က ဘယ်လို ဝေဒနာတွေခံစားရပြီး ဘယ်အချိန်မှာ သေဆုံးကွယ်လွန်ခဲ့သလဲဆိုတာ မသိလိုက်ကြဘူး။ ဒီလို သတင်းတွေ ဖတ်ရတော့ တုန်လှုပ်မိတယ်။ မယုံကြည်နိုင်ဘူး။ ဒါပေမဲ့ ဒီလိုဖြစ်ခဲ့တယ်။ အခု ဒီကဗျာက လူအိုကြီးတွေ တစ်ဦးကို တစ်ဦး အမှီသဟဲပြု နေထိုင်ကြပုံကို ရေးခဲ့တာ)

Monday, January 26, 2015

ကေတီဗွီ


သီချင်းသံတွေ… သီချင်းသံတွေ…
ကောက်စိုက်သမလေးတို့ သီချင်းသံတွေ…
ဒစ္စကိုစလိုက်မီးရောင်တွေကြား၊
ဖန်ခွက်ခြင်းတိုက်သံတွေ ချီးယားစ်ဆိုတဲ့ အသံတွေကြား၊
အရက်ခိုး တဏ္ဍာခိုးတွေဝေနေတဲ့ကြား၊
လူကြီးမင်းဆိုသူတွေရဲ့ ပွတ်သပ်ချော့မြူမှုတွေကြား၊
အဲဒီသီချင်းသံတွေရောက်လို့၊
ကောက်စိုက်သမလေးတို့ သီချင်းသံတွေရောက်လို့၊
မြို့ကြီးပေါ်က ကာရာအိုကေတွေဆီရောက်လို့…။

ကောက်စိုက်သမလေးတို့ရွာကတော့…
တစ် စ ပြင် သာ  သာ .  .   . ။                     ။


ကိုဇေ

January 24, 2015
9:07PM 

Friday, January 2, 2015

ရန်ကုန်


ဒီမြို့ကြီးပေါ့...
ရန်တွေမကုန်ခင်
တစ်ခုလတ် ဖြစ်ခဲ့တယ်။

ဒါပေမဲ့
သက္ကရာဇ်တွေက
သူ့ကို တိုက်စားမသွားဘူး။
သူသွင်ပြင်ဟာ အမြဲလန်းတဲ့
အပျိုဖျန်းလေး အတိုင်းပဲ။

တိုက်တွေမြင့်သထက်မြင့်ပြီး
ဘ၀တွေ နိမ့်သထက် နိမ့်လာတဲ့မြို့
သို့မဟုတ် "ရန်ကုန်"
ဘယ်တော့မှ သွေးဆုံးမှာ မဟုတ်ဘူး။             ။



ကိုဇေ
January 1, 2015 (Thursday)

10:47 PM