Wednesday, August 28, 2013

ခရီးသည်များ



ဒီသံသရာ
တစ်ထောက်နားချိန်
ရေပွက်ပမာ
တစ်ခဏတာ
ဘဝခရီး
သူသူငါငါ
အတ္တ မာန
ဒေါသများနှင့်
မောဟလောင်မြိုက်
တရားမရှာ
ဓားသာရှာ၍
အပြိုင်အဆိုင်
တိုးဝှေ့နေရင်း
နေဝင်မိုးချုပ်
သွားကြသည်။ . . . ။


ကိုဇေ
August 28, 2013 (Wednesday) 12:23 PM

Tuesday, August 27, 2013

မိန်းမနှင့် တူသောမိုး

ဟိုး အရှေ့အရပ်ဆီက
တိမ်ညိုရိပ်တွေဆင်တော့
အော် ရွှေမိုးရယ် ရွာတော့မယ်ပေါ့။

ရွာမယောင်ဟန်နဲ့
ခဏကြာ တောင်လေအဝှေ့မှာ
အို ရွှေမိုးရယ် ထားရစ်ကာ ပြေးပြန်ပေါ့။

ဟောဒီမှာ နေသာတယ်ဆိုမှ
ဆိုင်းမဆင့် ဗုံမဆင့်ရယ်နဲ့
ဟယ် ရွှေမိုးရယ် ရောက်လို့ရယ်လာပြန်ပေါ့။

လေနတ်သားကို စစ်ကူခေါ်
ရွှေမိုးရယ် မမျှော်ရင် ထင်တိုင်းကျဲ
ထီးမပါ ဒီ လူမှာ ဒုက္ခပင်လယ်ဝေပြန်ပေါ့။

မျှော်ရင်ပေါ်လို့ရယ်မလာ
ရွာဟန်ပြကာပြေး
ဟောဒီကရွှေမိုးရယ်... မိန်းမတွေလိုပဲ...။

.
#ကိုဇေ
August 27, 2013 (Tuesday) 2:36PM

Monday, August 26, 2013

လမ်းဆုံ

ဘယ်ကွေ့မှာလား
ညာကွေ့မှာလား
တည့်တည့်သွားမှာလား
ကြိုပြီးဆုံးဖြတ်ထား
နောက်ပြန်လှည့်လို့တော့ မရဘူး။

ကိုဇေ
August 26, 2013 (Monday) 5:24PM

Friday, August 23, 2013

သုံည



တစ်ကနေ ကိုးရဲ့ရှေ့
အဖိုးမထိုက်ပေမဲ့
နောက်ဆုံးမှာနေတဲ့ ကိုသုံည
တန်ဖိုးမမဲ့ပါဘူး။

တစ် - ကိုး ပါဝါမရှိမှတော့
ကိုယ့်နေရာ ကိုယ်နေ
ကိုယ့်တန်ဖိုး ကိုယ်သိ
ဘယ်သူမှ ပစ်ပယ်မထားပါဘူး။

ရာ ထောင် သောင်း သိန်း သန်း ကုဋေ
ရှေ့က နောင်တော်ဂဏန်းတွေ
တန်ဖိုးတက်တာ မုဒိတာပွား
ကိုသုည ဘယ်သူလုပ်ကြမလည်း။

ကိုဇေ
August 23, 2013 (Friday) 3:05PM

Wednesday, August 21, 2013

ဈေးကွက်

ဘဏ်စာအုပ်ထဲက ဂဏန်းတွေ
စိတ်မလုံခြုံတဲ့ ကွန်ဒိုတွေ
ပညာမဟုတ်တဲ့ စာရွက်တွေ
နာမည်နောက်က ရာထူးတွေ
အရေပြားပေါ်က ကောက်ကြောင်းတွေနဲ့
နှလုံးသားကို ဗန်းပြ
အချစ်ဆိုပြီးချရောင်း
လိင်ကိစ္စကို အစစ်တောင်း
အရောင်းအဝယ်ဖြစ်နေကြတဲ့ ဈေးကွက်မှာ
လူသားဆန်မှု နဲ့ ကိုယ်ချင်းစာတရား
အလကားပေးပါရစေ။ . . . ။

ကိုဇေ
August 21, 2013 (Wednesday) 12:15 PM

Monday, August 19, 2013

သတိ/ ဆေးလိပ်မသောက်ရ

ဆေးလိပ်သောက်ခြင်းသည်
ကျမ်းမာရေးကို ဆိုးရွာစွာထိခိုက်စေနိုင်ပါသည်တဲ့။
တစ်နေ့ကိုသစ်ပင်ရာပေါင်းများစွာ ခုတ်နေတဲ့
သစ်လုပ်ငန်းပိုင်ရှင်ကြီးက ပြောတယ်။

စာရေးဆရာတွေ ဆေးလိပ်သောက်လို့ 
အသေစောတာ နှမြောစရာကြီးတဲ့။
ဆေးလိပ်ဖိုးလောက်ပဲ စာမူခပေးပြီး
ကြီးပွားနေတဲ့ တိုက်ပိုင်ရှင်ကြီးကပြောတယ်။

ဆေးလိပ်မသောက်ဘဲ အငွေ့ရှူရုံနဲ့တင်
ကင်ဆာဖြစ်နိုင်သတဲ့။
လီဗာတစ်ချက်ပုတ်တိုင်း ဓာတ်ဆီတစ်ဂါလံ မီးခိုးငွေ့ဖြစ်တဲ့
ကားအကောင်းစားကြီးစီးတဲ့ ဆရာဝန်ကြီးကပြောတယ်။

ဆေးလိပ်သောက်တတ်တဲ့သူတွေကို
သူ့စက်ရုံမှာအလုပ်မခန့်ပါဘူးတဲ့။
အင်းယားလမ်းမှာ ခြံအကျယ်ကြီးနဲ့နေတဲ့
ကျွတ်ကျွတ်အိတ်စက်ရုံပိုင်ရှင် သူဌေးမင်းကပြောတယ်။

ဆေးလိပ်သောက်လို့ အာဟာရလည်းမရ
ငွေကုန်ရောဂါရတာပဲ အဖတ်တင်တယ်တဲ့။
ဆိုးဆေးတွေ ဓာတုပစ္စည်းတွေ မတရားသုံးတဲ့
ရယ်ဒီမိတ်စာသောက်ကုန်လုပ်ငန်းပိုင်ရှင် မိန်းမဝဝကြီးကပြောတယ်။

လူကြားသူကြားမှာ ဆေးလိပ်သောက်တဲ့မိန်းမတွေကို
ကြည့်မရဘူး… အရမ်းမုန်းတာပဲတဲ့။
မာဆက် ၅ ခု၊ ကေတီဗွီ ၃ ခု၊ နိုက်ကလပ် ၂ ခုပိုင်ရှင်
အပျိုစစ်စစ်ဆိုသိပ်ကြိုက်တတ်တဲ့ လူကြီးမင်းကပြောတယ်။

သူတို့နိုင်ငံမှာ တင်းကျပ်တဲ့ ဆေးလိပ်ဥပဒေရှိပြီး
ဆေးလိပ်ကိုအခွန်အရမ်းကောက်ပါသတဲ့။
နူကလီးယားဗုံးတွေ ဟိုက်ဒရိုဂျင်ဗုံးတွေနဲ့
ကမ္ဘာ့ငြိမ်းချမ်းရေး ချိန်းခြောက်နေတဲ့ နိုင်ငံခေါင်းဆောင်ကြီးကပြောတယ်။

ဆေးလိပ်တိုက်ဖျက်ရေးအတွက်
နှစ်စဉ် ဒေါ်လာသန်းပေါင်းများစွာ လှူပါမည်တဲ့။
တစ်နေ့ ၂၄ နာရီ မီးခိုးလှိုင်လှိုင်ထွက်နေတဲ့
စက်ရုံကြီးတွေ ပိုင်ရှင်ကြီးကပြောတယ်။

- ကျွန်တော် (တို့) သစ်ပင်မခုတ်ဘူး။
- ကျွန်တော် (တို့) သူများကို ခေါင်းပုံမဖြတ်ဘူး။
- ကျွန်တော့် (တို့) မှာ ကိုယ်ပိုင်ကားမရှိဘူး။
- ကျွန်တော် (တို့) ကျွတ်ကျွတ်အိတ် (တတ်နိုင်သမျှ) မသုံးဘူး။
- ကျွန်တော် (တို့) အချိုမှုန့်မစားဘူး။
- ကျွန်တော် (တို့) လိင်မသရမ်းဘူး။
- ကျွန်တော် (တို့)  စက်ရုံမပိုင်ဘူး။
- ကျွန်တော် (တို့) ကမ္ဘာဖျက်ဖို့ မကြံစည်ဘူး။
................................... ဒါပေမဲ့ ကျွန်တော် (တို့) ဆေးလိပ်သောက်တယ်။


ဆေးလိပ်ကြောင့်ဖြစ်တဲ့ ရောဂါတစ်ခုခုနဲ့ (အဆုတ်ကင်ဆာနဲ့ ဖြစ်ဖြစ်)
ကျွန်တော်သေသွားခဲ့ရင် 
ဆေးလိပ်မသောက်တတ်တဲ့ ကလေးတွေကို
သစ်ပင်စိုက်ဖို့ ပြောပြပေးပါ။
သွေးလှူဖို့ ပြောပြပေးပါ။
Recycle တွေသုံးတတ်အောင် ပြောပြပေးပါ။
အထိကရုန်းတွေ မဖန်တီးအောင် ပြောပြပေးပါ။
စက်ရုပ်ဆန်စွာ မနေဖို့ ပြောပြပေးပါ။
စာဖတ်တတ်တဲ့အလေ့အကျင့်လေး မွေးမြူပေးပါ။
လူသားဆန်စွာ နေထိုင်နည်းတွေ ပြောပြပေးပါ။
ပြီးတော့… ဆေးလိပ်မသောက်လည်း သေရမဲ့အတူတူ
အသက်ရှင်နေစဉ် ကာလပတ်လုံး
သူများအသက် မသတ်မိစေဖို့
ကိုယ့်ကိုယ်ကို ဘယ်တော့မှ သတ်မသေဖို့ပါ
ကျွန်တော့ကိုယ်စား ပြောပြပေးပါ…။           ။

August 18, 2013 (Sunday) 2:50AM


Friday, August 16, 2013

ရွေးချယ်ခွင့်

လူကောင်း နဲ့ လူဆိုး
ဘာဖြစ်ချင်လည်း။

အချစ် နဲ့ အမုန်း
ဘာခံစားမလည်း။

အဖြူ နဲ့ အမဲ
ဘာရောင်ကြိုက်လည်း။

အရှေ့ နဲ့ အနောက်
ဘယ်အရပ်နေမလည်း။

အချို နဲ့ အခါး
ဘယ်အရသာခံစားမလည်း။

အလင်း နဲ့ အမှောင်
ဘယ်မှာနေမလည်း။

တစ်ဖက်တည်းကို ရွေးချယ်ခွင့်ရှိတယ်။
ဒါပေမဲ့…

ရှင်ခြင်း နဲ့ သေခြင်း
တစ်ဖက်ပြီးတစ်ဖက် ကူးနေရမယ်။….။


ကိုဇေ

August 15, 2013 (Thursday) 10:55PM

Monday, August 12, 2013

လူဆိုတာ သေဖို့အတွက် အကြောင်းပြချက် တစ်ခုတော့လိုတယ်…။

လူဆိုတာ မွေးလားကတည်းက သေဒဏ်ကျခံပြီးသား…။ အသက်မှာ စပယ်ယာလည်း မပါဘူး။ နှစ်ခါပြန်သေချင်လို့လည်း မရဘူး။  ဒါပေမဲ့ ကိုသေမင်းက လူတွေကို ဘယ်နေ့ ဘယ်နေရာမှာ ဘယ်လို သေရမယ်ဆိုတာကို ကြိုပြောမထားဘူး။ အဲတော့ ကိုယ်မသေသေးခင်မှာ လူတွေက သေခြင်းအကြောင်းကို မစဉ်းစားဘဲနေလို့ရတယ်…။ မေ့မေ့လျှော့လျှော့ နေလို့ရတယ်။ သူများတွေသေတာပဲ ငါသေသေးတာမှမဟုတ်တာဆိုပြီး ခပ်ပေါ့ပေါ့ပဲနေကြတယ်။ ရှင်သန်ခြင်းမှာ အကြောင်းပြချက် အမျိုးမျိုးနဲ့ပေါ့…။ ဒါပေမဲ့ သေဖို့ အတွက်တော့ အကြောင်းပြချက်တွေ အများကြီးမလိုပါဘူး။ တစ်ခုပဲလိုတယ်။ ဘယ်လိုနည်းနဲ့သေမှာလည်း။

၂၀ ရာစုအစောပိုင်းကာလတွေမှာ ပလိပ်ဆိုတဲ့ ကပ်ရောဂါတစ်ခုကြောင့် မြို့တွေပျက်၊ ရွာတွေပျက်လောက်အောင်ကို လူပေါင်းများစွာ အသက်ဆုံးရှုံးခဲ့ရတယ်။ ဆေးပညာရှင်တွေဟာ အဲရောဂါဆိုးကြီးကို ကျော်လွန်နိုင်အောင် ကြိုးစားကြတယ်။ သူတို့အောင်မြင်ခဲ့ကြတယ်။ လူတွေဟာ ၂၁ ရာစုမှာ ပလိပ်ရောဂါနဲ့ မသေတော့ဘူး။ ဒါပေမဲ့ အဲအချိန်တွေတုန်းက AIDS လို့ခေါ်တဲ့ ရောဂါမပေါ်သေးဘူး။ ၂၀ ရာစုနှောင်းပိုင်းမှာ AIDS ဟာ ကြောက်မက်ဖွယ်ရောဂါတစ်ခု ဖြစ်လာခဲ့တယ်။ အဲအတွက် ပညာရင်တွေဟာ ဒီရောဂါကို ကျော်လွန်အောင် ကြိုးစားကြတယ်။ ခုဆိုရင် HIV ကိုပျောက်အောင်ကုနိုင်တဲ့ အဆင့်အထိ ဖြစ်သွားပြီး မကြာခင်ကာလမှာ အဲရောဂါကို အမြစ်ပျောက်အောင် ကုသွားနိုင်ပါလိမ့်မယ်။ ဒါပေမဲ့ ကိုသေမင်းက လူတွေကို သေဒဏ်ပေးဖို့ အကြောင်းပြချက်တစ်ခုတော့ အမြဲလိုတယ်လေ။ ကိုသေမင်း ရဲ့ မိတ်ဖက် သဘာဝတရားကြီးက အဲအခါမှာ ကိုသေမင်းအတွက် အကြောင်းပြချက်ပေးဖို့ ဆေးပညာရှင်တွေ ရှာမတွေ့သေးတဲ့ ရောဂါဆန်းတစ်ခုနဲ့ လူသားတွေကို မိတ်ဆက်ပေးဦးမှာပဲ…။ တစ်ချိန်တုန်းက တီဘီဆိုတဲ့ အဆုတ်ရောဂါဟာ ခုဆိုရင် ကလေးကစားစရာရောဂါ ဖြစ်သွားပြီလေ။ ဆရာဝန်ဆိုတာလည်း ရောဂါတစ်ခုကို ပျောက်ကင်းအောင်တော့ ကုပေးနိုင်ပါလိမ့်မယ်။ ဒါပေမဲ့ ကိုသေမင်းနဲ့မတွေ့အောင်တော့ သူတို့လည်း စွမ်းဆောင်ပေးနိုင်မှာ မဟုတ်ပါဘူး။ သူတို့ကိုယ်တိုင်လည်း တစ်နေ့ကျရင် သေကြရဦးမှာလေ။

လူဆိုတဲ့ သတ္တဝါကလည်း အသစ်အဆန်းတွေ အရမ်းလိုချင်တာလေ…။ အဲတော့လည်း တစ်ဖက်က သေနည်း အသစ်အဆန်းတွေနဲ့ အမြဲသေနေရတာပေါ့။ ကိုသေမင်းအတွက်လည်း အကြောင်းပြချက် အသစ်အဆန်းတစ်ခု အမြဲရှိနေတာပေါ့။ ကိုသေမင်းကတော့ လူတော်၊ လူဆိုး၊ လူကောင်း၊ လူမိုက်၊ လူကြီး၊ လူငယ်၊ ကလေး၊ ဘာဆိုဘာမှ မခွဲခြားဘူး။ လူတော်လူကောင်း လူ့လောကကို အကျိုးပြုနေတဲ့သူဆိုပြီး လူဆိုးလူမိုက်လူရမ်းကား အယောက်၁၀၀ လောက်ရဲ့ အသက်တွေကို ကြိုနှုတ်ပြီး သူ့ဆီထပ်ပေါင်းမပေးဘူး။ သေခြင်းတရားဆိုတာ သင်္ချာပုဒ်စာ တစ်ပုဒ်မဟုတ်သလို၊ စီးပွားရေး လုပ်ငန်းတစ်ခုလည်း မဟုတ်ဘူး။

လူမှာ မွေးလာပြီးကတည်းက သေခြင်းဆိုတဲ့ အကြွေးကို တစ်နေ့ ပြန်ဆပ်ရမှာပဲလေ။ ကိုသေမင်းက သူတောင်းချင်တဲ့ အချိန်၊ သူတောင်းချင်တဲ့နေရာမှာ သူတောင်းချင်တဲ့ ပုံစံနဲ့တောင်းမှာပဲ။ ကိုသေမင်းမှာ အကြောင်းပြချက်ရှိပြီးသား။ ကားတိုက်ပြီး အကြွေးဆပ်ခိုင်းမလား၊ AIDS နဲ့ပဲ အကြွေးဆပ်ခိုင်းမလား၊ ကင်ဆာနဲ့ပဲ အကြွေးဆပ်ခိုင်းမလား၊ ကျဉ်ဆံမှန်ခိုင်းပြီးပဲ အကြွေးဆပ်ခိုင်းမလား၊ ရေနစ်ပြီးပဲ အကြွေးဆပ်ခိုင်းမလား၊ မီးလောင်ပြီးပဲ အကြွေးဆပ်ခိုင်းမလား၊ … ကျွန်တော် တစ်ထိုင်တည်း စဉ်းစားလို့ မရနိုင်တဲ့ နည်းအမျိုးမျိုးရှိပြီးသား။ ကိုသေမင်းကို အကြွေးဆပ်ဖို့ တစ်နည်း သေဖို့အတွက် အကြောင်းပြချက် တစ်ခုတော့လိုတယ်…။

ကျွန်တော်တို့ ကိုယ့်အကြောင်းပြချက်နဲ့ ကိုယ် ကိုသေမင်းကို အကြွေးဆပ်လို့တော့မရဘူး။ လူဆိုတာ သေဖို့ကို နောက်ဆုံး အချိန်ထိ ငြင်းဆန်နေတယ်လေ။ ကြိုးကွင်းစွပ်ပြီး သေလိုက်မယ်တို့ အဆိပ်သောက်ပြီး သေလိုက်မယ်တို့ဆိုပြီး သတ်သေဖို့ ကြိုးစားတိုင်းလည်း အောင်မြင်တာမှ မဟုတ်တာ။ ကိုသေမင်းက ခင်ဗျားသေခြင်းကို လက်ခံဦးမှ ဖြစ်မှလေ။ ခင်ဗျားမှာ နှလုံးရောဂါရှိလို့ နှလုံးရောဂါနဲ့ပဲ သေရပါမယ်လို့ အကြောင်းပြချက်ကို တရားသေမှတ်ယူထားလို့ မရပါဘူး။ ကိုသေမင်းက ခင်ဗျားဆိုင်ကယ်စီးနေတုန်း စက်ချို့ယွင်းလာတဲ့ လေယာဉ်ပျံကို တိုက်ခိုင်းပြီး သေချင်သေခိုင်းမှာလေ…။ ကိုသေမင်းက Complain တက်ခွင့်ပေးမထားပါဘူး။ ကိုသေမင်းရဲ့ အကြောင်းပြချက်တွေမှာ လျို့ဝှက်ချက်တွေ ရှိပြီးသားပါ။

လူသားဟာ သေခြင်းဆိုတဲ့ ကိစ္စကို မဖြေရှင်းနိုင်သေးသလို သေခြင်းရဲ့ နောက်ကွယ်မှာ ဘာရှိမလည်းဆိုတာကိုလည်း ကြောက်တတ်တယ်လေ။ ဘာသာတရားတိုင်းက ကျွန်တော်တို့ကို ရှင်သန်ချိန်မှာ ငြိမ်းချမ်းစွာနေထိုင်နိုင်ဖို့ လူသားဆန်ဖို့ကို သွန်သင်ထားရုံသာမက သေခြင်းကို ကောင်းစွာရင်ဆိုင်ရဲအောင်လည်း သွန်သင်ထားပါတယ်။ တစ်ချိန် ကိုသေမင်း အကြောင်းပြချက်တစ်ခု နဲ့ လာခေါ်မဲ့ အချိန်ကို စောင့်ရင်း ကျွန်တော်တို့ ဘာသာတရားတွေရဲ့ အဆုံးအမတွေအောက်မှာ လူသားဆန်စွာ ငြိမ်းချမ်းစွာနဲ့ အသက်ရှင်နေလို့ရပါတယ်။ ဘယ်လိုနည်းနဲ့ သေမှာလည်းဆိုတာ ကိုသေမင်းပဲ ဆုံးဖြတ်ပါလိမ့်မယ်။ ဘယ်လိုနည်းနဲ့ ရှင်မှာလည်း ဆိုတာ ကျွန်တော်တို့ ဆုံးဖြတ်ကြတာပေါ့။ ကိုသေမင်းက သေဖို့အတွက်ပဲ အကြောင်းပြချက်လိုတာပါ။ ရှင်ဖို့ အတွက်အကြောင်းပြချက်ဟာ သူ့အလုပ်မဟုတ်ပါဘူး။ ကျွန်တော်တို့ ကိုယ့်အလုပ်ကိုပဲ ကိုယ်လုပ်ကြရအောင်ဗျာ။ သေဖို့အတွက် အကြောင်းပြချက်ကို ကိုသေမင်း သူ့ဖာသာရှာပါလိမ့်မယ်။ လူဆိုတာ သေဖို့အတွက် အကြောင်းပြချက်တစ်ခုတော့လိုတယ်လေ။


ကိုဇေ

August 12, 2013 (12:31PM) 

Thursday, August 1, 2013

လောက (၂)

နိုင်လျက်နဲ့ရှုံး
ရှုံးလျက်နဲ့ထပ်ရှုံး

ရှုံးလျက်နဲ့နိုင်  
နိုင်လျက်နဲ့ထပ်နိုင်