Friday, October 18, 2013

မွေးရာပါအကြွေး (သို့မဟုတ်) သေခြင်း


သေခြင်းနဲ့ပတ်သက်ပြီး ဘဝမှာပထမဆုံး ခံစားမှု… ပြန်တွေးကြည့်မိတော့ ရေးတေးတေးလေးပဲ မှတ်မိတော့တယ်။ ကျွန်တော် သုံးနှစ်သားလောက်တုန်းကပေါ့။ အဲဒီတုန်းက ကျွန်တော်က မေမြို့မှာ။ ကျွန်တော့်အဖိုး (အဖေရဲ့အဖေ) ဆုံးလို့ဆိုပြီး ကျွန်တော်တို့ မိသားစု (အဖေ၊အမေ၊ကျွန်တော်) တို့ အဖိုးဆုံးတဲ့ မလှိုင်မြို့ကို လိုက်သွားကြတယ်။ အဖိုးပေမဲ့ အနေစိမ်းတယ်။ သေချာတာတစ်ခုက ခုချိန်ပြန်တွေးလည်း ဘာမှမခံစားရသလို အဲဒီတုန်းကလည်း ဘာမှထွေထွေထူးထူး မခံစားရလောက်ပါဘူး။ ကလေးပီပီ ပျော်လို့ရွှင်လို့ပဲနေမှာပေါ့။ ခံစားရတာက အဖိုးရက်လည်ပြီး အပြန်မှာဗျ။ ကျွန်တော်တို့ တစ်မိသားစုလုံး ခရီးထွက်မှာ မို့လို့ အိမ်မှာမွေးထားတဲ့ တယ်ရီယာခွေးလေး ဂျင်ဘရောင်းကို မေမြို့ဂျီအီးတပ်ထဲက ရဲဘော်တွေဆီမှာ အပ်ထားခဲ့ရတာလေ။ ပြန်ရောက်တော့ ဂျင်ဘရောင်းမရှိတော့ဘူး။ အဆိပ်မိလို့ သေသွားပြီတဲ့။ အဲဒီမှာ ကျွန်တော်ချုံးပွဲချငိုတာ ခုချိန်ထိ ပြန်ခံစားလို့ ရနေတုန်းပဲ။ ဂျင်ဘရောင်းဆိုတာက ကျွန်တော်နဲ့ ဆော့ဖော်ဆော့ဖက်လေ။ ညအိပ်ရင် တစ်အိပ်ယာထဲ အတူတူအိပ်တဲ့ခွေးလေး။ ခုချိန်ထိ အမေဆိုပြောတုန်း။ ကျွန်တော့်ကို တော်တော်ချော့ခဲ့ရတာတဲ့။ တစ်ကယ်တော့ ကလေးတွေရဲ့ ခံစားချက်က စစ်မှန်ပါတယ်။ လူရယ်၊ ခွေးရယ် မရှိဘူး။ ကိုယ်သံယောဇဉ်တွယ်တဲ့ အသက်တစ်ချောင်းကို နှမြောတယ်။ ဆုံးသွားတဲ့ အဖိုးကပြန်မှ မရှင်တော့တာ။ သူ့အသုဘသာ မသွားခဲ့ရင် ဂျင်ဘရောင်းလည်း သေချင်မှ သေမှာ။ အဲလိုဆို သုံးနှစ်သားလေး ကျွန်တော်လည်း ဝမ်းနည်းကြေကွဲရမှာ မဟုတ်ဘူးပေါ့။


လူအပါအဝင် သတ္တဝါတိုင်ဟာ မွေးလာကတည်းက တစ်နေ့ကျိန်းသေ ပြန်ဆပ်ရမဲ့ အကြွေးတစ်ခုတင်ခဲ့တယ်။ ဘယ်လိုဘာကြောင့် မွေးလာခဲ့တယ်ဆိုတာကတော့ ကိုယ့်ရဲ့ ယုံကြည်မှုအလိုက် ဝိဝါဒကွဲပြားနေဆဲပေါ့။ တင်နေတဲ့ အကြွေးကို ဘယ်အချိန် ဘယ်နေရာမှာ ဘယ်လိုပုံစံနဲ့ ပြန်ပြီးဆပ်ရမယ်ဆိုတာ ဘယ်သူမှ မသိကြဘူး။ အော် အကြွေးရှင်နာမည်က ကိုသေမင်းတဲ့။ သူက တစ်ခုပဲတောင်းတယ်။ အသက်တစ်ခုတည်းပါပဲ။

ဒါပေမဲ့ သူကအသက်ကိုလည်းယူသွားလိုက်ရော ကျန်ခဲ့တဲ့ ခန္တာကိုယ်ကြီးက ယိုယွင်းပျက်စီးပြီး ဘာမှသုံးလို့မရတော့ဘူးခင်ဗျ။ ပြီးတော့ ကိုသေမင်ယူသွားတဲ့ အသက်နဲ့ပတ်သက်ပြီးလည်း ဝိဝါဒကွဲပြားဆဲပဲဗျ။ အသိဥာဏ်အမြင့်ဆုံး လူတွေသာ လျှောက်စဉ်းစားကြတာပါ။ ကျန်တိရိစ္ဆာန်တွေကတော့ ဘာသိမှာလည်း။ အသိဥာဏ်တွေကလည်း အမျိုးမျိုးဆိုတော့ ယုံကြည်မှုတွေကလည်း အမျိုးမျိုးပေါ့နော်။ လူဆိုတဲ့ သတ္တဝါတွေက ကိုသေမင်းကို အကြွေးမပေးချင်ဘဲ ပေးနေရတာလေ။ သူတို့ပေးလိုက်ရတဲ့ အကြွေးဘာဆက်ဖြစ်မှာလည်းဆိုတာ ဟိုးရှေးပဝေသတီကတည်းက စဉ်းစားကြမှာပေါ့။ အဲဒါကြောင့်မို့လို့ ဘာသာတရားတွေကို ကိုးကွယ်ကြတာပေါ့ဗျာ။ တစ်ကယ်ဟုတ်မဟုတ် သူတို့မသိကြပေမဲ့ ကိုသေမင်းတောင်းတောင်း သွားတဲ့ အကြွေးဟာ ဒီလိုဒီလို ဖြစ်သွားပါတယ်ဆိုတာကို သူတို့အကြွေးမပေးရသေးခင်မှာ ယုံကြည်နေချင်ကြတယ်လေ။ ဒီထက်ပိုစဉ်းစားလိုက်ရင် ကျွန်တော်တို့လူသားတွေ ကိုးကွယ်ယုံကြည်မှုတွေကို မျိုးစေ့ချပေးခဲ့တဲ့ ဘုရားတွေ၊ တမာန်တော်တွေ ကိုယ်တိုင် ကိုသေမင်းကို အကြွေးပေးခဲ့ရတာပါပဲဗျာ။

ကဲ လူတစ်ယောက်သေသွားပါပြီဆိုပါတော့… သူဘာကျန်ခဲ့လည်း…။ နာမည်လား? စည်းစိမ်တွေလား? ပညာတွေလား? အကြွေးတွေလား? ကျွန်တော့်စိတ်ထဲတော့ သေသွားပါပြီဆိုမှတော့ ဘာမှမကျန်ခဲ့ဘူးလို့ပဲ ယူဆတယ်။ ခန္တာကိုယ်လည်း ပျက်စီး ဝိညာဉ်လည်းပျက်သုံးသွားမှတော့ ဒီထက်ပိုပြီးဘာများကျန်ခဲ့စရာ ရှိသေးလို့တုန်း။ အကုန်ထားခဲ့ရမှာပဲ မဟုတ်လား။ မသေသေးဘဲ အသက်ရှင်ကျန်ခဲ့တဲ့သူတွေသာ သူကိုသေမင်းခေါ်တော့ ထားခဲ့ရတဲ့ ရုပ်ဝတ္ထုတွေ ဒါမှမဟုတ် ဥာဏစွမ်းအားနဲ့ ဖန်တီးခဲ့တာတွေအပေါ်မှာ တက်မက်နေကြတာပါ။ အဲတော့လည်း သေရင်ဘာကျန်ခဲ့မှာလည်းဆိုတာ ကိုယ်စဉ်းစားစရာ ကိစ္စမဟုတ်ဘူးလို့ မြင်မိတယ်။ ဘာမှမကျန်ခဲ့ဘူးဆိုရင်… ဘာများပါသွားမှာလည်း…။ အဲဒါတော့ ကျွန်တော်လည်း ကျိန်းသေ ပြောမပြတတ်ဘူး…။ ခင်ဗျားနဲ့ ကျွန်တော် ကိုးကွယ်ယုံကြည်မှုက တူချင်မှ တူမှာလေ။

သေတယ်ဆိုတဲ့စကားကလည်း ပြောလို့သာ လွယ်တာ။ တစ်ကယ်တော့ တော်တော်ကြီးကျယ်တဲ့ အလုပ်ဗျ။ ဖြစ်သွားရင်လည်း တစ်ကယ့်ကို လွယ်လွယ်လေးပဲ။ အကြောင်းမဲ့တော့ မဖြစ်ပါဘူး။ လူဆိုတာသေဖို့အတွက် အကြောင်းပြချက်တစ်ခုတော့ လိုတယ် လေ။

လူရယ်လို့ ဖြစ်လာရင် လုပ်ဖို့က အဓိကအားဖြင့် ၂ မျိုးပဲရှိပါတယ်။ ရှင်ဖို့အတွက် လုပ်တဲ့အလုပ်နဲ့ သေဖို့အတွက်လုပ်တဲ့ အလုပ်ဆိုပြီး။ သေချာစီစစ်လိုက်ရင် အဲ၂မျိုးထက် ပိုမရှိပါဘူး။ လူတိုင်း ရှင်ဖို့အတွက်တော့ မျိုးစုံလုပ်နေကြတာပဲလေ။ အချို့က သေဖို့အတွက် ဘာလုပ်ရမှန်းသိတယ်။ အချို့က မသိဘူး။ ဒီလောက်ပါပဲ။ 

ခင်ဗျားဘယ်လိုပဲ ရှင်လာလာ ခင်ဗျားရဲ့ မွေးရာပါအကြွေး (သို့မဟုတ်) သေခြင်းအတွက်ကတော့ စိတ်ပူနေရဦးမှာပဲ။ ခင်ဗျားမှာ မသေအောင်လုပ်ဖို့ အဖြေမရှိဘူး။ သေကိုသေရမှာ။ ရှင်နေတုန်း သေဖို့အတွက် စိတ်သောကလည်း မဖြစ်ချင်ဘူးဆိုရင် အဖြေက တစ်ခုတော့ ရှိတယ်ဗျ။ ဘာသာတစ်ခုခုကို အနှစ်သာရနားလည်အောင် (မိရိုးဖလာမဟုတ်ဘဲ) ကြိုးစားပြီး ကိုးကွယ်လိုက်။ ဒါမှမဟုတ် ကိုယ့်ကိုယ်ကို ယုံယုံကြည်ကြည်နဲ့ ကိုးကွယ်လိုက်။ အဲဒီလိုဆိုရင်တော့ အကြွေးပေးရဲသွားပါလိမ့်မယ်။


ကိုဇေ
October 18, 2013 (Friday) 11:00AM

( October 12,2013 မွေးနေ့မတိုင်ခင်တစ်ရက်မှာ ရေးဖို့ စဉ်းစားမိပြီး အစပျိုးထားတာ၊ ခုမှ အကြောင်းတစ်ခု တိုက်ဆိုင်လို့ အဆုံးသတ်နိုင်ခဲ့တယ်) 

ပထမတစ်ခါ ရေးဖြစ်ခဲ့တဲ့ သေခြင်းအက်ဆေးတစ်ခု ဖတ်ချင်ရင် ဒီမှာကလစ်

No comments: