Thursday, October 31, 2013

ထီထိုးခြင်း


တစ်သက်တာ ဖြစ်မလာသမျှ

တစ်လစာ စိတ်ကူးယဉ်နိုင်ဖို့

လက်ဖက်ရည်တစ်ခွက်ဖိုး

ငါရင်းခဲ့တယ်။            ။


ကိုဇေ
October 31, 2013 (Thursday)

Wednesday, October 23, 2013

ဓာတ်ပုံ


အချို့က ရောက်ဖူးခဲ့တဲ့နေရာတွေအတွက် မှတ်တမ်း
အချို့က ရခဲ့ဖူးတဲ့အမှတ်တရတွေအတွက် မှတ်တမ်း
အချို့က သဘာဝရဲ့ ရှုမျှော်ခင်းတွေအတွက် မှတ်တမ်း
အချို့က သတင်းထူးတွေအတွက် မှတ်တမ်း
အချို့က အတင်းပြောဖို့သက်သက်အတွက် မှတ်တမ်း
အချို့က ဂုဏ်သိက္ခာအတွက် မှတ်တမ်း
အချို့က သမိုင်းကိုဖော်ပြဖို့အတွက် မှတ်တမ်း
အချို့က ဆုတံဆိပ်တွေအတွက် မှတ်တမ်း
အချို့က ပျော်ရွှင်မှုတွေဖြစ်လာဖို့အတွက် မှတ်တမ်း
အချို့က နာကျင်မှုတွေဖြစ်လာဖို့အတွက် မှတ်တမ်း
အချို့က (ကောင်မလေးအများစုက) သူတို့ရဲ့ အလှအပအတွက် မှတ်တမ်း
အချို့က ဝါသနာအတွက် မှတ်တမ်း
အချို့က စီးပွားရေးအတွက် မှတ်တမ်း
အချို့က မိမိဖြစ်တည်မှုကိုပြဖို့အတွက် မှတ်တမ်း

ဘာလိုပဲဖြစ်ဖြစ် ခလုတ်တစ်ချက်နှစ်ပြီးတာနဲ့
အဲဒီမှတ်တမ်းတွေက အတိတ်အဖြစ်ကျန်ခဲ့ပြီ။


ကိုဇေ
October 23, 2013 (Wednesday) 1:25AM

Monday, October 21, 2013

တိမ်ပြာပြာနေ့တစ်နေ့ တနင်္ဂနွေမှာကွယ် မင်္ဂလာပွဲလေး ကျင်းပနေပါတယ်


လူကြီးတစ်မျိုးက ပန်းကုံးစွပ်ပါ
လူကြီးတစ်မျိုးက လက်စွပ်လဲပေးပါ
လူကြီးအမျိုးမျိုးကို ရှေ့ဆုံးမှာနေရာပေးပါ
ကျွန်တော်ကျွန်မတို့ ဆင်းလာတာကို ထိုင်စောင့်ပါ
သြဘာလေကြောပြတ်မှ လက်ခုပ်တီးပါ
စားချင်တာလေးတွေ "ပဲ" ပေးပြီးမှစားပါ
ဝိုင်းထဲမှာမသိလည်း တစ်ယောက်နဲ့တစ်ယောက် ပြုံးကြပါ
ကိုယ့်မှမရှိလည်း ချေးငှားပြီး ဝတ်ခဲ့ပါ
လက်ဖွဲ့လေးတွေ လှလှထုတ်ခဲ့ပါ
ကားအကောင်းစားကြီး ငှားထားပြီး ပန်းတွေတပ်ထားပါ
ဟောဒီမှာ ဓာတ်ပုံရိုက်မယ် ပြုံးပြုံးလေးနေပါ။

မြေမှုန်လွင်

Friday, October 18, 2013

မွေးရာပါအကြွေး (သို့မဟုတ်) သေခြင်း


သေခြင်းနဲ့ပတ်သက်ပြီး ဘဝမှာပထမဆုံး ခံစားမှု… ပြန်တွေးကြည့်မိတော့ ရေးတေးတေးလေးပဲ မှတ်မိတော့တယ်။ ကျွန်တော် သုံးနှစ်သားလောက်တုန်းကပေါ့။ အဲဒီတုန်းက ကျွန်တော်က မေမြို့မှာ။ ကျွန်တော့်အဖိုး (အဖေရဲ့အဖေ) ဆုံးလို့ဆိုပြီး ကျွန်တော်တို့ မိသားစု (အဖေ၊အမေ၊ကျွန်တော်) တို့ အဖိုးဆုံးတဲ့ မလှိုင်မြို့ကို လိုက်သွားကြတယ်။ အဖိုးပေမဲ့ အနေစိမ်းတယ်။ သေချာတာတစ်ခုက ခုချိန်ပြန်တွေးလည်း ဘာမှမခံစားရသလို အဲဒီတုန်းကလည်း ဘာမှထွေထွေထူးထူး မခံစားရလောက်ပါဘူး။ ကလေးပီပီ ပျော်လို့ရွှင်လို့ပဲနေမှာပေါ့။ ခံစားရတာက အဖိုးရက်လည်ပြီး အပြန်မှာဗျ။ ကျွန်တော်တို့ တစ်မိသားစုလုံး ခရီးထွက်မှာ မို့လို့ အိမ်မှာမွေးထားတဲ့ တယ်ရီယာခွေးလေး ဂျင်ဘရောင်းကို မေမြို့ဂျီအီးတပ်ထဲက ရဲဘော်တွေဆီမှာ အပ်ထားခဲ့ရတာလေ။ ပြန်ရောက်တော့ ဂျင်ဘရောင်းမရှိတော့ဘူး။ အဆိပ်မိလို့ သေသွားပြီတဲ့။ အဲဒီမှာ ကျွန်တော်ချုံးပွဲချငိုတာ ခုချိန်ထိ ပြန်ခံစားလို့ ရနေတုန်းပဲ။ ဂျင်ဘရောင်းဆိုတာက ကျွန်တော်နဲ့ ဆော့ဖော်ဆော့ဖက်လေ။ ညအိပ်ရင် တစ်အိပ်ယာထဲ အတူတူအိပ်တဲ့ခွေးလေး။ ခုချိန်ထိ အမေဆိုပြောတုန်း။ ကျွန်တော့်ကို တော်တော်ချော့ခဲ့ရတာတဲ့။ တစ်ကယ်တော့ ကလေးတွေရဲ့ ခံစားချက်က စစ်မှန်ပါတယ်။ လူရယ်၊ ခွေးရယ် မရှိဘူး။ ကိုယ်သံယောဇဉ်တွယ်တဲ့ အသက်တစ်ချောင်းကို နှမြောတယ်။ ဆုံးသွားတဲ့ အဖိုးကပြန်မှ မရှင်တော့တာ။ သူ့အသုဘသာ မသွားခဲ့ရင် ဂျင်ဘရောင်းလည်း သေချင်မှ သေမှာ။ အဲလိုဆို သုံးနှစ်သားလေး ကျွန်တော်လည်း ဝမ်းနည်းကြေကွဲရမှာ မဟုတ်ဘူးပေါ့။


လူအပါအဝင် သတ္တဝါတိုင်ဟာ မွေးလာကတည်းက တစ်နေ့ကျိန်းသေ ပြန်ဆပ်ရမဲ့ အကြွေးတစ်ခုတင်ခဲ့တယ်။ ဘယ်လိုဘာကြောင့် မွေးလာခဲ့တယ်ဆိုတာကတော့ ကိုယ့်ရဲ့ ယုံကြည်မှုအလိုက် ဝိဝါဒကွဲပြားနေဆဲပေါ့။ တင်နေတဲ့ အကြွေးကို ဘယ်အချိန် ဘယ်နေရာမှာ ဘယ်လိုပုံစံနဲ့ ပြန်ပြီးဆပ်ရမယ်ဆိုတာ ဘယ်သူမှ မသိကြဘူး။ အော် အကြွေးရှင်နာမည်က ကိုသေမင်းတဲ့။ သူက တစ်ခုပဲတောင်းတယ်။ အသက်တစ်ခုတည်းပါပဲ။

ဒါပေမဲ့ သူကအသက်ကိုလည်းယူသွားလိုက်ရော ကျန်ခဲ့တဲ့ ခန္တာကိုယ်ကြီးက ယိုယွင်းပျက်စီးပြီး ဘာမှသုံးလို့မရတော့ဘူးခင်ဗျ။ ပြီးတော့ ကိုသေမင်ယူသွားတဲ့ အသက်နဲ့ပတ်သက်ပြီးလည်း ဝိဝါဒကွဲပြားဆဲပဲဗျ။ အသိဥာဏ်အမြင့်ဆုံး လူတွေသာ လျှောက်စဉ်းစားကြတာပါ။ ကျန်တိရိစ္ဆာန်တွေကတော့ ဘာသိမှာလည်း။ အသိဥာဏ်တွေကလည်း အမျိုးမျိုးဆိုတော့ ယုံကြည်မှုတွေကလည်း အမျိုးမျိုးပေါ့နော်။ လူဆိုတဲ့ သတ္တဝါတွေက ကိုသေမင်းကို အကြွေးမပေးချင်ဘဲ ပေးနေရတာလေ။ သူတို့ပေးလိုက်ရတဲ့ အကြွေးဘာဆက်ဖြစ်မှာလည်းဆိုတာ ဟိုးရှေးပဝေသတီကတည်းက စဉ်းစားကြမှာပေါ့။ အဲဒါကြောင့်မို့လို့ ဘာသာတရားတွေကို ကိုးကွယ်ကြတာပေါ့ဗျာ။ တစ်ကယ်ဟုတ်မဟုတ် သူတို့မသိကြပေမဲ့ ကိုသေမင်းတောင်းတောင်း သွားတဲ့ အကြွေးဟာ ဒီလိုဒီလို ဖြစ်သွားပါတယ်ဆိုတာကို သူတို့အကြွေးမပေးရသေးခင်မှာ ယုံကြည်နေချင်ကြတယ်လေ။ ဒီထက်ပိုစဉ်းစားလိုက်ရင် ကျွန်တော်တို့လူသားတွေ ကိုးကွယ်ယုံကြည်မှုတွေကို မျိုးစေ့ချပေးခဲ့တဲ့ ဘုရားတွေ၊ တမာန်တော်တွေ ကိုယ်တိုင် ကိုသေမင်းကို အကြွေးပေးခဲ့ရတာပါပဲဗျာ။

ကဲ လူတစ်ယောက်သေသွားပါပြီဆိုပါတော့… သူဘာကျန်ခဲ့လည်း…။ နာမည်လား? စည်းစိမ်တွေလား? ပညာတွေလား? အကြွေးတွေလား? ကျွန်တော့်စိတ်ထဲတော့ သေသွားပါပြီဆိုမှတော့ ဘာမှမကျန်ခဲ့ဘူးလို့ပဲ ယူဆတယ်။ ခန္တာကိုယ်လည်း ပျက်စီး ဝိညာဉ်လည်းပျက်သုံးသွားမှတော့ ဒီထက်ပိုပြီးဘာများကျန်ခဲ့စရာ ရှိသေးလို့တုန်း။ အကုန်ထားခဲ့ရမှာပဲ မဟုတ်လား။ မသေသေးဘဲ အသက်ရှင်ကျန်ခဲ့တဲ့သူတွေသာ သူကိုသေမင်းခေါ်တော့ ထားခဲ့ရတဲ့ ရုပ်ဝတ္ထုတွေ ဒါမှမဟုတ် ဥာဏစွမ်းအားနဲ့ ဖန်တီးခဲ့တာတွေအပေါ်မှာ တက်မက်နေကြတာပါ။ အဲတော့လည်း သေရင်ဘာကျန်ခဲ့မှာလည်းဆိုတာ ကိုယ်စဉ်းစားစရာ ကိစ္စမဟုတ်ဘူးလို့ မြင်မိတယ်။ ဘာမှမကျန်ခဲ့ဘူးဆိုရင်… ဘာများပါသွားမှာလည်း…။ အဲဒါတော့ ကျွန်တော်လည်း ကျိန်းသေ ပြောမပြတတ်ဘူး…။ ခင်ဗျားနဲ့ ကျွန်တော် ကိုးကွယ်ယုံကြည်မှုက တူချင်မှ တူမှာလေ။

သေတယ်ဆိုတဲ့စကားကလည်း ပြောလို့သာ လွယ်တာ။ တစ်ကယ်တော့ တော်တော်ကြီးကျယ်တဲ့ အလုပ်ဗျ။ ဖြစ်သွားရင်လည်း တစ်ကယ့်ကို လွယ်လွယ်လေးပဲ။ အကြောင်းမဲ့တော့ မဖြစ်ပါဘူး။ လူဆိုတာသေဖို့အတွက် အကြောင်းပြချက်တစ်ခုတော့ လိုတယ် လေ။

လူရယ်လို့ ဖြစ်လာရင် လုပ်ဖို့က အဓိကအားဖြင့် ၂ မျိုးပဲရှိပါတယ်။ ရှင်ဖို့အတွက် လုပ်တဲ့အလုပ်နဲ့ သေဖို့အတွက်လုပ်တဲ့ အလုပ်ဆိုပြီး။ သေချာစီစစ်လိုက်ရင် အဲ၂မျိုးထက် ပိုမရှိပါဘူး။ လူတိုင်း ရှင်ဖို့အတွက်တော့ မျိုးစုံလုပ်နေကြတာပဲလေ။ အချို့က သေဖို့အတွက် ဘာလုပ်ရမှန်းသိတယ်။ အချို့က မသိဘူး။ ဒီလောက်ပါပဲ။ 

ခင်ဗျားဘယ်လိုပဲ ရှင်လာလာ ခင်ဗျားရဲ့ မွေးရာပါအကြွေး (သို့မဟုတ်) သေခြင်းအတွက်ကတော့ စိတ်ပူနေရဦးမှာပဲ။ ခင်ဗျားမှာ မသေအောင်လုပ်ဖို့ အဖြေမရှိဘူး။ သေကိုသေရမှာ။ ရှင်နေတုန်း သေဖို့အတွက် စိတ်သောကလည်း မဖြစ်ချင်ဘူးဆိုရင် အဖြေက တစ်ခုတော့ ရှိတယ်ဗျ။ ဘာသာတစ်ခုခုကို အနှစ်သာရနားလည်အောင် (မိရိုးဖလာမဟုတ်ဘဲ) ကြိုးစားပြီး ကိုးကွယ်လိုက်။ ဒါမှမဟုတ် ကိုယ့်ကိုယ်ကို ယုံယုံကြည်ကြည်နဲ့ ကိုးကွယ်လိုက်။ အဲဒီလိုဆိုရင်တော့ အကြွေးပေးရဲသွားပါလိမ့်မယ်။


ကိုဇေ
October 18, 2013 (Friday) 11:00AM

( October 12,2013 မွေးနေ့မတိုင်ခင်တစ်ရက်မှာ ရေးဖို့ စဉ်းစားမိပြီး အစပျိုးထားတာ၊ ခုမှ အကြောင်းတစ်ခု တိုက်ဆိုင်လို့ အဆုံးသတ်နိုင်ခဲ့တယ်) 

ပထမတစ်ခါ ရေးဖြစ်ခဲ့တဲ့ သေခြင်းအက်ဆေးတစ်ခု ဖတ်ချင်ရင် ဒီမှာကလစ်

Tuesday, October 15, 2013

ဇေတစ်ခွက်လောက်

ကမ္ဘာကြီးနဲ့ဘယ်လိုတွေ့မလည်း
အမေ့ဝမ်းကြာတိုက်ထဲကနေ
ရုန်းကန်တိုးထွက်လာခဲ့ရ
နာမည်တစ်ခုအခေါ်ခံရတယ်
အပျော်လွန်နေ့တွေရှိသလို
အငိုများတဲ့ ညခါးခါးတွေရှိတယ်
မေတ္တာတရားရက်စက်မှုနဲ့
အမှားအမှန် လူဆန်ဖို့
အမေရဲ့ နို့ရည်စွမ်းအား
ကမ္ဘာမြေကြီးပေါ်မှာ ရှင်သန်မောင်းနှင်ခဲ့ရတဲ့
နှစ်ကာလတွေ
ခလုတ်ကန်သင်းတွေများများ
ဒုက္ခပျားရည်ချိုချို
ဓားသွားပေါ်က ကံတရားလှလှ
နာကျင်ရတယ် ကြင်နာရတယ်...
ပြင်မရတဲ့ အသက်တွေ
တစ်နှစ်ပြီး တစ်နှစ်ထပ်ကြီး
ဘဝဟာ အမြည်းရတဲ့ ဟာလဝါ မဟုတ်ခဲ့တော့
ဇေတစ်ခွက်လောက်နဲ့
ကိုယ်ဖျောက်ဖျက်ခဲ့ရတဲ့ ဝေဒနာတွေ
မြူခိုးတွေလင်းသွားတဲ့ မနက်မှာ
ကိုယ်တစ်နှစ်ထပ်ကြီးပြင်းရပြန်ပြီ။              ။

မိုးလှိုင်ည

(ကိုယ့်ရဲ့ ၃၂ နှစ်ပြည့်မွေးနေ့မှာ မိုးလှိုင်ည ပေးခဲ့တဲ့ အမှတ်တရ ကဗျာလက်ဆောင်...)

Tuesday, October 8, 2013

မိုဘိုင်းဖုန်း၊ အင်တာနက် နှင့် ပေါင်းသင်းဆက်ဆံရေး Vs အာရုံငါးပါး


သက္ကရာဇ် ၂၀၀၀ မတိုင်ခင်က ကျွန်တော်တို့ အင်တာနက် ဆိုတာ ဘာလည်း မသိဘူး။ ဆယ်လူလာဆိုတဲ့ ဖုန်းတွေကလည်း အင်မတိ အင်မတန် ချမ်းသာတဲ့ သူဌေးကြီးတွေပဲ ကိုင်ကြတာလေ။ ဆယ်လူလာတစ်လုံးက ဆန်နီပစ်ကပ်ကားတစ်စီးထက် တန်ဖိုးကြီးနေတာကို။ ၂၀၀၃ လောက်ကစလို့ အင်တာနက်က တစ်နေ့တစ်ခြား ခေတ်စားလာခဲ့သလို ၂၀၁၀ နောက်ပိုင်းမှာ တော်တော်များများ ဖုန်းကိုင်နိုင်တဲ့ အခြေအနေတစ်ခု ဖြစ်ခဲ့တယ်။ အဲဒီမှာ ကျွန်တော် မိုဘိုင်းဖုန်း၊ အင်တာနက် မတွင်ကျယ်ခင် အခြေအနေ က ပေါင်းသင်းဆက်ဆံမှုတွေနဲ့ တွင်တွင်ကျယ်ကျယ် ဖြစ်လာတဲ့ အခြေအနေက ပေါင်းသင်းဆက်ဆံမှုတွေကို ဘယ်လိုကွာခြားသွားလည်းဆိုတာကို ယှဉ်ကြည့်မိလိုက်တယ်။

ပထမဆုံး သူငယ်ချင်းအချင်းချင်းကြားက အချိန်းအချက် ကိစ္စလေးတွေကို သတိထားကြည့်မိတယ်။ ကျွန်တော်တို့ ဟိုးအရင်တုန်းက သူငယ်ချင်းတွေ ဆုံဖို့ ချိန်းကြရင် တစ်ပါတ်လောက်အလိုကတည်းက ဘယ်နေ့ ဘယ်အချိန် ဘယ်နေရာမှ အတိအကျတွေ့မယ်ဆိုပြီး ချိန်းဆိုကြတယ်။ ကြားထဲ တစ်ယောက်နဲ့ တစ်ယောက်လည်း ပြန်မတွေ့ဖြစ်ကြတာများတယ်။ ဒါပေမဲ့ အဲလိုချိန်းပြီးရင် ဘယ်သူမှ နောက်မကျဘူး။ အချိန်အတိအကျနဲ့ ဆုံမှတ်ကိုရောက်အောင်လာကြတယ်။ တစ်ကယ်တော့ ကျွန်တော်တို့ ဘာမှ အခက်အခဲ မရှိကြပါဘူး။ ခုခေတ်ရောက်တော့ ချိန်းတဲ့အခါ နေရာကို အတိအကျ မချိန်းကြတော့ဘူး။ အချိန်လည်း မတိကျကျတော့ဘူး။ အဲနားရောက်ရင် ဖုန်းဆက်လိုက်ကွာဆိုတဲ့ စကားက အစားထိုးဝင်ရောက်လာတယ်။ အဲဒီမှာ ပြသနာက စတာပဲ။ ဆက်သွယ်ရေးက လူကြီးမင်းခေါ်ဆိုသော ဖုန်းမှာ ဘာညာကွိကွ ပြောတဲ့ မိန်းမနဲ့ တွေ့တဲ့အခါမျိုးဆို ပြသနာကတက်ရော။ ဒီထက်ဆိုးတာက ကျွန်တော်လို ဟန်းဖုန်းမရှိတဲ့ ငမွဲခဗျာ အဲလိုနေရာတွေရောက်သွားရင် ဆက်စရာ PCO ဖုန်းမရှိလို့ လည်း ပြသနာကတက်တတ်တယ်ဗျ၊ ဥပမာ တစ်ခုပြောရရင် နယူးရီးယားညတုန်းက ကျွန်တော့်ညီတစ်ယောက် အိမ်ကိုသွားဖို့ အကြောင်းပေါ်လာတယ်။ သူ့အိမ်က အင်းစိန် မညက ဘက်မှာ။ သူကျွန်တော့်ကို လိပ်စာမပေးလိုက်ဘူး။ ထိပ်ရောက်ရင် ဖုန်းဆက်လိုက်၊ လာခေါ်မယ်တဲ့။ သူပြောတဲ့ ထိပ်တော့ရောက်ပါတယ်။ ခက်တာက နယူးရီးယားဖြစ်နေတော့ ဆိုင်တွေ အကုန်ပိတ်လို့.. ဆက်စရာဖုန်းမရှိဘူး.. ဒါနဲ့ လမ်းလျှောက်လာလိုက်တာ အင်းစိန်ဆေးရုံဘက်ပြန်ရောက်သွားတယ်။ ကျွန်တော်ကမရှက်တတ်လို့သာပေါ့။ ဆက်စရာဖုန်းမရှိပေမဲ့ စတိုးဆိုင်တစ်ခုက အန်တီကြီးကို အကူအညီတောင်းပြီး သူ့ဖုန်းနဲ့ ဆက်လိုက်တာ အဆင်ပြေသွားလို့ပေါ့။ အဲနောက်ပိုင်း အဲလိုမျိုးကြုံရတာတွေ ခဏခဏ ပါပဲဗျာ။ တစ်ကယ်က ဖုန်းတွေပေါလာတဲ့ အတွက် ဆက်သွယ်ရ ပိုပြီးအဆင်ပြေရမှာ..။ ဒါပေမဲ့ သိပ်မထူးပါဘူး။ ဘာကြောင့်လည်းဆိုတော့ ကျွန်တော်က လွယ်လာတော့ လူတွေလည်း အလွယ်လိုက်လာလို့ပဲလို့ ထင်မိသွားတယ်။ အစကတည်းက သေသေချာချာ ဘာမှ မလုပ်ချင်ကြတော့ဘူး။ ဒီလိုနဲ့ ကျွန်တော်တို့ရဲ့ ပေါင်းသင်းဆက်ဆံရေးတွေက လွယ်ကူမလိုနဲ့ အေးခဲလာခဲ့တယ်။

တယ်လီဖုန်းထက် အင်တာနက်က ဆက်သွယ်ရေးမြန်တယ်လို့ ဆိုကြပြန်တယ်။ ဟုတ်လည်း ဟုတ်ပါတယ်။ အင်တာနက် ပေါ်မှာ အင်တာနက်ပေါ်က လူနဲ့ ဆက်သွယ်ရေး မြန်ပါတယ်။ ဒါပေမဲ့ အပြင်လောကထဲ ဝင်ကြည့်လိုက်တဲ့အခါမှာ . . . ။

ကျွန်တော် အဲအချိန်မှာ အာရုံငါးပါးအကြောင်းသွားတွေးမိတယ်။ လူဆိုတာ အမြင်အာရုံ၊ အကြားအာရုံ၊ အနံ့အာရုံ၊ ရသာအာရုံ၊ အထိအတွေ့အာရုံ အဲဒီအာရုံငါးပါးလုံးကို လက်တွေ့ခံစားနိုင်တာက အပြင်လောကလေ။ အင်တာနက်ပေါ်မှာ ခံစားနိုင်တာက အမြင်အာရုံ နဲ့ အကြားအာရုံ အဲနှစ်ခုပဲရှိတာကို…။ အဲတော့ အခြားအာရုံသုံးပါးအစား စကားလုံးတွေကို လိုက်ခံစားကြတယ်။ အရိုးရှင်းဆုံး ဥပမာအနေနဲ့ ပြရင် သမီးရည်းစားတွေကိုပဲပေါ့။

ကျွန်တော်တို့ လူပျိုပေါက်တုန်းက မိန်းကလေးတစ်ယောက်ကို သဘောကျရင် အပြင်မှာပဲ စာလိုက်ပေးတယ် (သို့မဟုတ်) စကားလိုက်ပြောမယ်။ ကောင်မလေးက လက်မခံရင် သူ့သိက္ခာ၊ ကိုယ့်သိက္ခာငဲ့ပြီး နောက်ပြန်ဆုတ်လာမယ်။ ကောင်မလေးက လက်ခံရင် ဘေးနားက ကပ်လိုက်သွားရုံပဲပေါ့။ တစ်ယောက်နဲ့ တစ်ယောက် အနေဝေးနေရင် အဆင်ပြေရင် လိုင်းဖုန်းကနေ ဖုန်းဆက်မယ်။ (ဘယ်သူမှ အကြာကြီးအလွမ်းမသယ်နိုင်ပါဘူး) စာတစ်တန် ပေတစ်တန်နဲ့ အလွမ်းသယ်ကြမယ်။ အဲနေရာမှာ အနေဝေးလို့ သွေးအေးသွားတယ်ဆိုတာလည်း မရှိဘူး။
အင်တာနက်ပေါ်စ အခြေအနေက ကျွန်တော်တို့ MIRC သုံးတယ်၊ ပြီးတော့ Gtalk ပေါ်လာတော့ သုံးတယ်။ အဲဒီကနေ Friendster, Zopia, Hi5 အစရှိသဖြင့် social website တွေကအစ ခု Facebook ထိရောက်လာတယ်။ ရုပ်မြင်ချင်ရင် VZO သုံးတယ်. Skype သုံးကြတယ်။ လူဆိုတာ အရှက်ဆိုတာ မျက်နှာမှာပဲရှိတာလား ဆိုတာလည်း စဉ်းစားမိတယ်ဗျ…။ ပြီးတော့ ကိုယ့်ကိုယ်ကို ဘယ်သူမှန်းမသိရင် မဟုတ်တာ ပိုပို လုပ်ရဲလာသလိုပဲ။ ခုကျွန်တော်တို့ ခင်ဗျားတို့ သုံးကြတဲ့ Facebook နဲ့ပဲ ယှဉ်ပြောကြည့်ရအောင်ဗျာ။

မိန်းမဆိုတာ အလှအပ ကြိုက်တယ်။ မလှဘူးဆိုရင်တောင် လှတယ်လို့ အပြောခံချင်တယ်။ သူတို့မှာ အလှပြင်ဖို့ အတွက် အချိန်ကို ကောင်းကောင်း management လုပ်တတ်တယ်။ မလှပေမဲ့ လှအောင် နည်းမျိုးစုံသုံးပြီး လုပ်ကြတယ်။ ခုခေတ်ပေါ် software တွေနဲ့ဆို အဆင်ကိုပြေလို့ပေါ့ဗျာ။ ကောင်မလေးတွေက လှချင်လှမယ်၊ လှချင်ယောင်ဆောင်ချင်လည်း ဆောင်မယ်။ အလှကြိုက်တဲ့ ကိုကိုသကောင်းသားများက အမြင်အာရုံတစ်ခုတည်း နဲ့ရင်ခုန်မယ်။ အသံမပါသေးခင် စပ်ကြား စကားလုံးလှလှ လေးတွေနဲ့ ချုပ်မယ်။ အဲဒီကနေ ဖုန်းနံပါတ်တောင်းပြီး MPT ကိုအလုပ်အကျွေးပြုမယ်။ ချစ်တယ်ဆိုတဲ့ စကားကို ကီးဘုတ်လေးနှိပ်ပြီး လွယ်လွယ်လေး ပြောလိုက်မယ်။ သို့မဟုတ် ဖုန်းတည်းကနေ ပြောလိုက်မယ်။ ဒီလိုနဲ့ပဲ အင်တာနက် နဲ့ ဖုန်းထဲမှာတင် သမီးရည်းစား ဖြစ်သွားကြမယ်။ တစ်ကယ်က ရင်ခုန်သံ စစ်မှန်ဖို့ဆိုတာ အမြင်အာရုံ အကြားအာရုံ ၂ ခုတည်းနဲ့ တော့ မပြည့်စုံဘူးဗျ။ အမြင်အာရုံကလည်း ဟန်ဆောင်လိမ်ညာထားလို့ရနေတဲ့ ခေတ်ကြီးလေ။ အဲတော့ အပြင်မှာလည်း တွေ့ကြရော .jpg formet နဲ့ လှပနေတဲ့ ကောင်မလေးတွေက ဝဝကြီးတွေလည်း ဖြစ်ချင်ဖြစ်နေရော။ ခေတ်စကားနဲ့ ပြောရင် feel ကျဲသွားနိုင်ခြေဖြစ်သွားပြီလေ။ အစကတည်းက မစစ်မှန်ခဲ့တဲ့ ရင်ခုန်သံ ရပ်သွားလည်း အထူးအဆန်း မဟုတ်ပါဘူး။ အဲဒါကြောင့် အွန်လိုင်းပေါ်မှာတင် ချစ်ကြိုက်လာတဲ့ ဇာတ်လမ်းတွေကို ကျွန်တော် အယုံအကြည်မရှိတာ။

ကဲပါ… အခြားအခြေအနေနဲ့ ချစ်ကြိုက်နေတဲ့ သမီးရည်းစားတွေကရော။ ခင်ဗျားတို့ သတိထားမိမလား မသိဘူး။ အပြင်မှာ တွေ့နေတဲ့ သမီးရည်းစားတွေ စိတ်ကောက် စိတ်ဆိုး ရန်ဖြစ်တဲ့ အချိန် တော်တော်နဲတယ်ဗျ။ ရန်ဖြစ် စိတ်ကောက် စိတ်ဆိုး ပြီဆို အင်တာနက် ဒါမှ မဟုတ် ဖုန်းထဲမှာပဲ ဖြစ်နေကြတာ။ ကဲ အပြင်မှာ ချစ်သူက စိတ်ဆိုးပြီးဆိုပါတော့… သူ့မျက်လုံးကို ကြည့်လိုက်… သူကိုယ့်မျက်လုံးထဲက အချစ်ရိပ်တွေ တွေ့သွားရုံလေးနဲ့ တင်တစ်ဝက်လောက် ပြေသွားပြီ။ အဲဒီနောက် သူ့ခေါင်းကို ကိုယ့်ပခုန်းလေးပေါ် မှီခိုင်းလိုက်… သိပ်ပြီး ထူးထူးထွေထွေ ချော့ဖို့ မလိုပါဘူးဗျာ။ ခင်ဗျားတို့ ၂ ယောက်ဒီလိုမှ မဟုတ်ဘဲ အင်တာနက်ပေါ်မှာ (ဂျီတော့ဖြစ်စေ VZO ဖြစ်စေ) ရန်ဖြစ်နေပြီဆိုပါတော့။ ခင်ဗျားချော့လို့ကောင်းတုန်း ကိုကွန်နက်ရှင်က အလိုက်ကန်းဆိုးမသိဘဲ ကျသွားပြီဆိုပါတော့… ခင်ဗျားပါ ဒေါသဖြစ်ပြီ.. စိတ်ဆိုးပြေကာနီး ဟိုဘက်ကတစ်ယောက်ကလည်း ပြီးအောင် မချော့ဘူးဆိုပြီး အတိုးနဲ့ ကောက်ပြီ။ အဲတော့ ချော့တဲ့သူကလည်း စိတ်မရှည် ကောက်တဲ့သူကလည်း စိတ်မရှည်နဲ့ ရှည်တာက သံသရာဖြစ်သွားပြန်ရော။ ပြီးတော့ အသံတစ်ခုပဲ အာရုံရှိတဲ့ အပေါ်မှာဆို အသံတစ်ခုကိုပဲ လိုက်ခံစားမှာလေ။ ဒီထက်ဆိုးတဲ့ အာရုံငါးပါးထဲမပါတဲ့ ကီးဘုတ်ကစကားလုံးတွေပဲဆို အဲဒီစကားလုံးတွေကိုပဲ လိုက်ခံစားစရာရှိတာလေ။

အခြားကိစ္စတစ်ခု သွားကြည့်ကြရအောင်…။ ကျွန်တော်တို့ လူသားတွေ ဖြစ်တဲ့ အတွက် လွတ်လပ်စွာ ကွဲပြားခွင့်ရှိပါတယ်။ လက်ဖက်ရည်ဆိုင်မှာ အရက်ဆိုင်မှာ ကျွန်တော်တို့ မတူတာတွေကို ငြင်းကြမယ်၊ မကျေနပ်ရင် ထပဲထိုးမလား၊ နောက်နေ့ အခင်အမင် မပျက်သွားပါဘူး။ ကျွန်တော်တို့ စိတ်ထဲ ကျွန်တော်တို့ မျက်လုံးထဲ တစ်ယောက်နဲ့ တစ်ယောက် သံယောဇဉ်တွေ ရှိကြတယ်လေ။ ဒီလိုမှ မဟုတ်ဘဲ အွန်လိုင်းပေါ်မှာဆိုပါဆို့…။ ကျွန်တော်တို့ စကားလုံးတွေကို လိုက်ခံစားကြမယ်။ တစ်ယောက်နဲ့ တစ်ယောက် စပ်စပ်ထိမခံနိုင်အောင် စကားလုံးတွေ အတွက်နာကျင်ကြမယ်။ ငယ်သူငယ်ချင်းတွေ ရန်သူတွေ ဖြစ်သွားနိုင်တယ်။ ရခိုင်ကိစ္စ၊ မိတ္ထိလာကိစ္စ၊ စတဲ့ကိစ္စတွေမှာ ကျွန်တော်တို့ အွန်လိုင်းကနေ စကားလုံးတွေကြောင့် မိတ်ဆွေတွေ ဘယ်လောက်ဆုံးရှုံးရခဲ့သလည်း။ တစ်ကယ့်အပြင်မှာ ငြင်းခုန်ကျရင် ကျွန်တော်တို့ မိတ်ဆွေအနေနဲ့ ဆုံးရှုံးရနိုင်ပါ့မလား။ ကျွန်တော်တို့ ဆုံးရှုံးရတာက ကီးဘုတ်ပေါ်က နှိပ်လိုက်တဲ့ လက်ကွက်လေးတွေကြောင့်ပါ။ တစ်ယောက်နဲ့ တစ်ယောက် အမြင်ချင်းမတူတာထက်ကို ဆိုးသွားတယ်။ ကျွန်တော်တို့ အပြင်မှာဆို ဘယ်လိုမှ မဆဲရဲတဲ့ လူတစ်ယောက်ကို အွန်လိုင်းပေါ်မှာ ကီးဘုတ်က ခလုတ်လေး ငါးခုလောက် နှိပ်ပြီး ဆဲလို့ရတယ်လေ။

တစ်ကယ်တော့ မိုဘိုင်းဖုန်း အင်တာနက်ဆိုတာတွေက ကျွန်တော်တို့အတွက် TOOLS တွေပါ။ ကျွန်တော်တို့ ပေါင်းသင်းဆက်ဆံရေးတွေ လွယ်ကူအောင်၊ ကမ္ဘာကြီးဘာတွေ ဖြစ်နေပြီလည်း ဘယ်ကိုသွားနေတာလည်းဆိုတာသိအောင် ချိတ်ဆက်ပေးထားတဲ့ ရုပ်ဝတ္ထုပစ္စည်းတွေပါ။ ကျွန်တော်တို့ ကသူတို့ကို အသုံးချရမှာပါ။ ဒါပေမဲ့ ပြောင်းပြန်ဖြစ်သွားခဲ့တယ်။ သူတို့က ကျွန်တော်တို့ကို ပြန်အသုံးချသွားခဲ့တယ်။ ကျွန်တော်တို့ရဲ့ အာရုံငါးပါးစလုံးကို သူတို့ သိမ်းပိုက်သွားခဲ့တယ်။ အဲဒါကြောင့် လွယ်မလိုနဲ့ ပိုပို ခက်ခဲတဲ့ အခြေအနေတွေဆီကို ရောက်ရှိခဲ့ကြရတယ်။ အဲတာကြောင့်ပဲ ကိုယ်ကသူ့ကို သုံးပြီး သူကပြန်သုံးကာနီး အချိန်ကျရင် အပြင်လောကထဲ ပြန်ထွက်ခဲ့ကြပါ။ ကျွန်တော်တို့ရဲ့ အာရုံငါးပါးကို 360 မသုံးတဲ့ Photoshop မသုံးတဲ့ လောကကြီးကို ခံစားဖို့ အချိန်ပေးလိုက်ကြရအောင်ဗျာ….။ ခင်ဗျားချစ်သူလေးနဲ့ MPT ကိုအလုပ်အကျွေးပြုနေတဲ့ ပိုက်ဆံတွေကို တစ်ကယ်ဆာလောင်နေတဲ့ ကလေးငယ်တွေကို အာဟာရ ဖြည့်တင်းပေးရင်း ကြည်နူးကြည့်လိုက်ပါ။

အစီအငေါ့မတည့်ရင်လည်း ခွင့်လွှတ်ပါ။ စိတ်ကူးထဲပေါ်ရာလေးတွေကို ချရေးလိုက်တာပါ။ ကျွန်တော့်ရဲ့ သူငယ်ချင်းမလေး ကျောင်းအစ်မ ဆုဝေ ရဲ့ ကဗျာလေးနဲ့ ဒီစာစုလေးကို အဆုံးသတ်လိုက်ပါတယ်။ သူ့ကိုလည်း အပြင်လောကမှာ ရှာနိုင်မှ ကော်ဖီတစ်ခွက် +အတိုးတစ်ခွက် အကြွေးရမှာလေ။

အပြင်လောကထဲထွက်ခဲ့
ပူချင်ပူမယ်… ဆူချင်ဆူမယ်
ဒါပေမဲ့
သဘာဝအမှန်တရားက
အတုအယောင်အေးမြခြင်းထက်
လူကိုပိုပြီး
လတ်ဆတ်ရှင်းသန့်စေတယ်ဆိုတာ
မင်းကိုလက်တွေ့ပြမယ် သူငယ်ချင်း….။

ကိုဇေ

October 8, 2013 (Tuesday) 3:26PM

Friday, October 4, 2013

ထို platform ည

မင်းသိပြီးပြီလား

ယမကာတို့ရဲ့ ကခုန်တဲ့ပွဲ

စားသုံးသူတွေလည်း ရှိတယ်
စားသုံးခံရသူတွေလည်း ရှိတယ်

ငါတွေလည်းရှိတယ်
ငါရှာနေတဲ့သူတွေလည်းရှိတယ်

အိမ်ကြောက်သူတွေလည်းရှိတယ်
အိမ်ပျောက်သူတွေလည်းရှိတယ်

မဟုတ်ဘူးဆိုတဲ့ နောက်ကွယ်တိုင်းမှာ
တစ်ခုခုက ကပ်ပါနေသလို…

ဒိုင်ယာရီအဟောင်းလေးကို ပြန်လှပ်ဖြစ်ခဲ့

အိပ်မက်က
သူမရှိနေရင် သိပ်ကောင်းမှာပဲတဲ့

စကားတွေက တောင်စဉ်ရေမရ
လူငယ်တွေရဲ့ စကားဝိုင်းတိုင်းမှာ
လိင်ကိစ္စနဲ့ အဆဲလေးက ဖွားဖက်တော်

ဘာမှတော့ မဟုတ်ပါဘူး

လူသားတစ်ယောက် ၂၄ နှစ်ဆိုတဲ့
သက်မှတ်ချက်တစ်ခုကို ရောက်သွားသတဲ့။

သူ့ရဲ့ဦးနှောက်မှာ ဘောင်ခတ်ထားမှုက တစ်ဝက်
တီထွင်ကြံဆမှုက တစ်စက်လောက် ရောလို့

မပြောလည်းသိရမှာ
ကျန်တစ်ဝက်က ဗလာဆိုတာ

ဘယ်လိုပဲဖြစ်ဖြစ်ပေါ့လေ
ရန်ကုန်ရဲ့ညတွေကို ဖြတ်သန်းဖို့ဆို
ကိုယ့်ရဲ့မီးခိုးငွေ့လေးတွေက အဖော်အမွန်ကောင်းပါ ။       ။

Thursday, October 3, 2013

ကြောင်လေးတစ်ကောင်


ငါကြောင်လေးတစ်ကောင် မွေးမယ်လေ။
တစ်ခုခုကို စိုးရိမ်နေတာထက်စာရင်
နားမလည်နိုင်တဲ့ ချစ်ခြင်းတရားတွေအတွက်
နားမလည်ခြင်းတွေထဲ ဝဲလည်နေတာထက်စာရင်
ကြောင်လေးတစ်ကောင်ကိုမွေးရတာ ပိုကောင်းမလားလို့။
နေသာတဲ့ မနက်ခင်းတွေဆို မြက်ခင်းပြင်မှာ
ကြောင်လေးကစားတာကို ငါထိုင်ကြည့်မယ်။
ကြောင်လေးက မြက်ခင်းတွေပေါ်ပြေးလွှားရင်း
မမီမကမ်းနဲ့ လိပ်ပြာလေးတွေကို လိုက်ဖမ်းတဲ့အခါ
ငါကတထိတ်ထိတ်နဲ့ လိပ်ပြာလေးအတွက် စိုးရိမ်သလို
ကြောင်လေးအတွက် အားမလိုအားမရဖြစ်မိတယ်။
ကြောင်လေးက တစ်မြှောင်မြှောင်အော်တဲ့အခါ
ငါကစားစရာတွေ ချချကျွေးလို့။
ကြောင်လေးကငါ့ကို ချွဲနွဲ့တိုးခွေ့တဲ့အခါ
ငါ့မှာကြောင်လေးကို မြတ်နိုးစွာအချစ်ပိုလို့
ငါအိမ်ပြန်လာတဲ့အခါ
ငါ့ကိုစောင့်နေမဲ့ကြောင်လေးကို
ငါကဦးစွာနှုတ်ဆက်လို့။
ကြောင်လေးက ငါ့ကို တမြှောင်မြှောင်နဲ့ အစာတောင်းတဲ့အခါ
ငါကကြောင်လေးကို ကြင်နာစွာကျွေးမွေးလို့။
အေးစက်တဲ့ဆောင်းညတွေဆို
ကြောင်လေးချမ်းမှာစိုးလို့ ငါခြုံတဲ့စောင်ခြုံထဲထွေးသိပ်လို့။
ကြောင်လေးရဲ့ လက်ရဲရဲလေးတွေကို ငါကတို့ထိကစားမိတဲ့အခါ
ကြောင်လေးနိုးသွားမှာ စိုးရိမ်မှာပေါ့။
ငါကကြောင်လေးကို ချစ်တာကြောင်လေးသိသလို
ကြောင်လေးက ငါ့ကိုချစ်တာ ငါကသံသရမဖြစ်ဘူး။
ကြောင်လေးဘယ်ကိုသွားသွား
ငါပြန်လာမဲ့အချိန်ကို ကြောင်လေးက စောင့်နေမှာလေ။
ကြောင်လေးကငါ့ကို ပွတ်သပ်ချွဲနွဲ့ပြီး မြှောင်လို့တစ်ချက်အော်လိုက်ရင်
ငါ့ကိုချစ်တယ်လို့ ပြောသလိုမျိုး ငါဟာကျေနပ်လို့။
ကြောင်လေးတစ်ကောင်မွေးလိုက်တဲ့အခါ
ပျော်ရွှင်ခြင်းတွေ ငါ့ဆီရောက်လာလို့
ငါဟာ ငါအဖြစ် အရာရာပြည့်စုံသွားသလိုမျိုး။
ဒါကြောင့်ဒီမနက်ခင်းမှာ ငါစဉ်းစားတာ
ငါကကြောင်လေးတစ်ကောင်ကိုမွေးဖို့။
ကြောင်လေးတစ်ကောင်က ငါ့ကိုမွေးဖို့။

Congratulations ဆိုတဲ့စကားကို လှောင်ရယ်သံတွေလို ခံစားနေရတယ် . . .

Congratulations… Congratulations… Congratulations… Congratulations…

ကျွန်တော်တို့နေ့စဉ်ကြားနေကြ စကားလုံးတွေထဲမှာ ဒီစကားလုံး တစ်လုံးလည်းပါတယ်။ Congratulations နဲ့ တွဲနေတဲ့ စကားလုံး တစ်လုံး ရှိတယ်။ အဲဒီစကားက Success ဆိုတဲ့ စကားလုံးပါပဲ…။ အရင်ဆုံး ကျွန်တော်ဖတ်ခဲ့ဘူးတဲ့ Sex Joke လေးတစ်ခုကို မျှဝေချင်ပါတယ်။ (နဲနဲ ရိုင်းတယ်ထင်ရပေမဲ့ တစ်ကယ့်ကို ထင်သာမြင်သာရှိပါတယ်)


SUCCESS IS LIKE PRENANACY. EVERYBODY CONGRATULATES YOU BUT NOBODY KNOWS HOW MANY TIMES YOU GOT FUCK TO ACHIEVE IT.


ဟုတ်ပါတယ်… တစ်ယောက်ယောက် အောင်မြင်တဲ့ အခါမှာ (သို့မဟုတ်) ကိုယ်ကသူ့ကိုအောင်မြင်တယ်လို့ထင်တဲ့ အခါမှာ Congratulations ဆိုတဲ့ စကားတစ်ခွန်းနဲ့ လူတွေက ဂုဏ်ပြုကြပါတယ်။ အဲလိုအောင်မြင်အောင် ဘယ်လိုတွေရင်းခဲ့ရတယ် ဘယ်လိုတွေ ပေးဆပ်ခဲ့ရတယ် ဘယ်လိုတွေ နာကျင်ခဲ့ရတယ်ဆိုတာကို ဘယ်သူမှ မေးမကြည့်ခဲ့ကြပါဘူး။  ပြီးတော့ အောင်မြင်မှုဆိုတာ ဘာပေတဲ့ နဲ့ တိုင်းတာမှာလည်း။ ကိုယ်ထားတဲ့ စံကရော အဲဒီလူအတွက် စစ်မှန်ပါ့မလား။

Jean Paul Sartre ဟာ စာပေဆိုင်ရာ နိုဗယ်လ်ဆုကို ငြင်းဆန်ခဲ့တယ်။ နိုဗယ်လ်ဆုဆိုတာ တစ်ကမ္ဘာလုံးက စံထားရတဲ့ တန်ဖိုးထားရတဲ့ဆု။ ဒါပေမဲ့ Sartre အတွက်တော့ အဲဆုဟာ အောင်မြင်မှုလို့ မယူဆဘူး။ သူ့ကိုဆုတစ်ခုခုပေးပြီး အမွှန်းတင်တာဟာ ပကတိ တန်ဖိုး ပျက်အောင် လုပ်တာပဲလို့ သူက ယူဆတယ်။ ခင်ဗျားတို့ Satrte ကို Congratulations လို့သွားလုပ်မှာလား… အဲလိုဆိုရင်တော့ ခင်ဗျားတို့ သူ့ကို လှောင်ရယ်လိုက်တဲ့ အတိုင်းပဲ။ သူကိုယ်တိုင်ခါးခါးသည်းသည်း ငြင်းထားခဲ့တဲ့ ဆုလေ။ သူ့အတွက် မက်မောစရာ တစ်ခုမှ မရှိဘူး။ ဒီလိုဆို ခင်ဗျားတို့ သူ့ကို လူမိုက်လို့ ပြောမှာလား ဆဲမှာလား။ ခင်ဗျားတို့ အတွက်က အဲဆုလာဘ်ကြီးက မက်မောစရာကြီးဖြစ်နေခဲ့တာကို။

အောင်မြင်မှုဆိုတာကရော ဘာကြီးလည်း။ သုဒေါဒန မင်းကြီးကတော့ သူ့သား သိဒတ္ထကို စကြ်ာဝတေးမင်းဖြစ်ရင် အောင်မြင်တယ်လို့ ထင်ခဲ့တာပဲ။ သိဒတ္ထကတော့ သတ္တဝါတွေကယ်တင်နိုင်မဲ့ သစ္စာတရားကို ရှာပုံတော် ဖွင့်ခဲ့တယ်။ သိဒတ္ထက ဗုဒဖြစ်ခဲတယ်။ သိဒတ္ထအတွက် အောင်မြင်မှုလို့ ပြောလို့ရပေမဲ့ သူ့ဆွေမျိုးအသိုင်းအဝိုင်းတွေက ချက်ချင်းပဲ Congratulations လုပ်ကြလို့လား။ သူတို့မျက်စိထဲမှာ စကြာ်ဝတေးမင်း စည်းစိမ်ကို စွန့်ပစ်တဲ့ ငမိုက်သားပဲပေါ့။ ဒါတောင် ဒါက သိဒတ္ထ သစ္စာတရားကို ရှာတွေ့ခဲ့လို့သာပေါ့။ နောင်တစ်ချိန်မှာ သိဒတ္ထကိုကြီးစွာသော ချီးကျုးမှုတွေလုပ်ကြတာ။ မတော်တဆ ဒုက္ခရစရိယ ကြားမှာ မျှောသွားခဲ့ရင် သိဒတ္ထဟာ ဆွေစဉ်မျိုးဆက် လူမိုက်ကြီးစာရင်းဝင်ဖြစ်သွားမှာ။

ကဲနောက်ဆုံး ခင်ဗျားတို့ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ တွေ့နေရတဲ့ Congratulations ….. Facebook က positive ဆန်တဲ့ life event တွေဆို အမြဲ High Light လုပ်ပေးတယ်။ ခင်ဗျားတို့ သူငယ်ချင်းတွေထဲက In a relationship တို့ Married တို့ ဖြစ်သွားရင် ဝိုင်းပြီး Congratulations လုပ်ကြတယ်။ ကျွန်တော် Facebook သုံးလာတဲ့ ငါးနှစ်လုံးမှာ စသုံးကတည်းက ခင်ခဲ့တဲ့ သူတွေဆို ၅ ယောက်မက ပြောင်းသွားကြတာတွေလည်း ရှိတာပဲ။ ကိုဇူကာဘတ်မှာ တစ်ကွက်တော့ရှိတယ်ဗျ။ ခင်ဗျား In a relationship ကနေ single ပြန်ချိန်းတဲ့ life event ကိုကျအမြဲ Hide လုပ်ပေးထားတယ်။ အဲဒီမှာ အချို့ဆို စိတ်ကောက်လို့ single ပြန်လုပ်လိုက်.. ပြန်ပီး ဟိုချိတ်ဒီချိတ်လိုက်တောင် တွေ့ရတယ်။ လူတွေက ဝိုင်းပြီး Congratulations လုပ်ကြတယ်။ ဘယ်အတွဲက တစ်ရက်မှာ ၂၄ နာရီလုံး ပြုံးပျော်ရွှင်နေမှာလည်း ကြည်နူးနေမှာလည်း။ သူတို့လည်း သူတို့အတိုင်းအတာနဲ့ သူတို့ကြားမှာ ပြနာလေးတွေ ရှိနေမှာပေါ့လေ။ ကျွန်တော်တို့ အပေါ်ယံသာ Congratulations လုပ်နေကြတာ။ တစ်ကယ့် ရင်ဆိုင်နေရတဲ့ ပြနာတွေ အတွက် ဘာတွေများ ဖြေရှင်းပေးနိုင်လို့လည်း။ အင်းပေါ့လေ ကျွန်တော်တို့ကိုယ်တိုင်ကလည်း ကိုယ်ပိုင် ပြနာတွေနဲ့ကို… ကြီးတယ်ငယ်တယ်ဆိုတာကတော့ သူ့အထွာနဲ့သူပေါ့။ ဆပ်ပြာဗူဗောင်းအတွက်လည်း အပ်တစ်ထောက်စာဆိုတာ မစားသာဘူးလေ။ ကျွန်တော့်အာရုံငါးပါးလုံးအတွက်တော့ Congratulations ဆိုတာကို လှောင်ရယ်သံတွေလိုခံစားနေရတုန်းပဲ။

အမြဲတန်းပဲ ကြားနေရဦးမှာပါ။
ရာထူတက်သွားပြီ Congratulations… (Pressure များလာတာ ကျွန်တော်နဲ့ မဆိုင်ပါ)
အိမ်ထောင်ကျသွားပြီ Congratulations… (တိုက်ခန်းခ မီတာခ စတာတွေ ကျွန်တော်နဲ့ မဆိုင်ပါ)
ကလေးမွေးလာပြီ Congratulations… (ကလေးစာရိတ်လိုနေတာ ကျွန်တော်နဲ့မဆိုင်ပါ)
စကော်လာရလာပြီ Congratulations… (စာနောက်လိုက်နေတာနဲ့ သီးချိန်တန် မသီးနိုင်သေးတာ ကျွန်တော်နဲ့ မဆိုင်ပါ)
ရည်းစားရလာပြီ Congratulations… (မတူတာတွေများနေလို့ ညှိရခက်တာ ကျွန်တော်နဲ့ မဆိုင်ပါ)
ဟိုဟာဖြစ်လာပြီ Congratulations… (ဒီဟာ ဖြစ်တာ ကျွန်တော်နဲ့ မဆိုင်ပါ)
ဒီဟာဖြစ်လာပြီ Congratulations… (ဟိုဟာ ဖြစ်တာ ကျွန်တော်နဲ့ မဆိုင်ပါ)

ဟုတ်ပါတယ်… ကျွန်တော့်နားထဲ ကျွန်တော့်ကို လှောင်ရယ်သံတွေကို ဖြစ်စေ၊ ကျွန်တော် ချစ်တဲ့သူတွေကို လှောင်ရယ်သံတွေ ဖြစ်စေ၊ ကျွန်တော်မုန်းတဲ့သူတွေကို လှောင်ရယ်သံတွေ ဖြစ်စေ… အမြဲပဲ ကြားနေရဦးမှာပါ။

Congratulations,

ကိုဇေ
October 3, 2013 (Thursday) 3:43AM