Friday, December 20, 2013

ကောင်းကင်ရဲ့အတောင်ပံ


ကောင်းကင်ရဲ့အတောင်ပံ
(For my lovely Honey)

မောင်လှမျိုး (ချင်းချောင်းခြံ)

နီးရက်နဲ့ ဝေးရတာကိုက
ချစ်သူတို့ရဲ့
အဖြစ်ဆိုးပါကွယ်။

လမင်းကိုငေးကြည့်လျှင်
ချစ်သူ့မျက်နှာလို့ ထင်ချင်စရာ…
တစ်ခါတစ်ခါ
အနီးကပ်ဆုံး ကြယ်တစ်ပွင့်အဖြစ်
ချစ်သူ့အနားမှာ
လင်းလဲ့ပစ်လိုက်ချင်တယ်။
လမိုက်သွားပြန်ရင်တော့
ကြယ်ပွင့်လေးလည်း… ခေါင်းငိုက်
ကိုယ့်ကမ္ဘာလည်း
မှောင်မိုက်သွားပေါ့ကွယ်။
(၁၉.၆.၉၉)



အတူ ရှိနေစဉ်မှာ
သူမ မျက်နှာ… အသာငေး
ကိုယ့်မျက်နှာလေး၊ သူ… လာထွေးပိုက်
နှစ်ကိုယ်ကြားမှာ
နွေးထွေးလှိုက်ဖို
မလွမ်းလိုသေး၍
အနမ်းချိုလေး၊ ဘေးမှာခါချ၊
ဘာစကားမျှမပြောဘဲ
တစ်ယောက်လက်၊ တစ်ယောက်ဆွဲပြီး
မိုးရွာထဲမှာ လျှောက်ဖူးတယ်လေ။

ဘယ်သူခွဲတာလဲ
သူလည်း…ငို
ကိုယ်လည်း…ရှိုက်
လပြည့်ညကြီး မှောင်မိုက်သွားသလို၊
ကိုယ့်ဆန္ဒတွေ မီးလောင်ပြာကြ
သတိရခြင်းတွေ အုံကြွပေါက်ကွဲ
မျက်ဝန်းချော်ရည်တွေ
ပါးပြင်ပေါ်ကို လှောင်မြိုက်တိုက်စား
နှလုံးသားမှာ ခါးသက်ထုံကျင်
အိပ်ပျော်ချင်ပေမယ့်လည်း အိပ်ဖို့ခက်ခဲ
အိပ်မက်ထဲမှာ အော်ဟစ်ခံပြင်း
ငှက်နှစ်ကောင်ကို ပျံရင်း ဖော်ကွဲ
မခေါ်ဘဲ လာတဲ့
ဒြပ်မဲ့စွာ… ဒဏ်ရာတွေလေ။
ဘယ်သူပေးတာလဲ။

ဝေးသွားတဲ့အခါ
ဒဏ်ရာတွေကို ကုစားဖို့
သူ့အား…
အမြန်စေလွှတ်ပါ
ဘုရားသခင်။

နေကောင်းရဲ့လား
Honey။
… … …
… … …
အသံမကြားရ
အရိပ်မတွေ့ရ
အိပ်ငွေ့ချတတ်တဲ့… နတ်ဆိုး
ကိုယ်တို့ကို
အငြှိးထားပြီ။
ကြိုးစားပြီး လွမ်းကြရအောင်
ခိုး ရေးထားတဲ့… စာတစ်စောင်
ကိုယ့်ဆီကို… အမြန်ပို့လိုက်ပါ။

အတောင်ပံပါလို့
မင်းဆီကို ပျံသန်းလာချင်တာတောင်မှ
ကိုယ့်အတောင်တွေကို ရိုက်ချိုး
လှလှလေး၊ ပြေပြေညှပ်
ဖုန်းကြိုးအဖြတ်ခံရတဲ့
ရုပ်ရှင်ထဲက ဇာတ်ဝင်ခန်းလို
မင်းကို… ကွန်ချာအုပ်
ကိုယ့်ကို… ဝေးရာနှင်

ကံကြမ္မာ ဘုရင်မကြီးက
ကိုယ့်ရင်ဝကို
အနာဖိပြီး…
သူ၏စေရာ ဝေဒနာဖြစ်အောင်
လွမ်းနွံထဲမှာ… ကိုယ်ကိုနှစ်
အလွမ်းမြစ်ထဲအရောက် ကိုယ့်ကိုခေါ်
ကိုယ်… မပျော်ဘူး
အိပ်မက်ဦးရယ်။
မင်းလည်း
မပျော်ဘူး ထင်ပါတယ်။
(၂၉.၆.၉၉)

ကျေးစေတမန်….မလို
တယ်လီဖုန်း…မလို
အောင်သွယ်တော်… မလို
တိတ်တိတ်လေး ကြိတ်ငိုနေကြရတဲ့
တို့နှစ်ယောက်ရဲ့ အကြားမှာ
ဘယ်တံတိုင်း တားတား
ဘယ်စည်း ခြားခြား
သတိရခြင်းများသာ လိုအပ်တယ်။

ရေဒါ.. မျက်လုံးတွေနဲ့… အကြည့်
ကွန်ပျူတာ အသည်းနှလုံးနဲ့ တွက်ချက်
ဦးနှောက်ထဲက… စက်ယန္တရား
အကျိုးအပျက်နဲ့
တန်ဖိုးအနဂ္ဂ နှိုင်းယှဉ်၊
သံယောဇဉ်...ပါးပါးလွှာလွှာ မရှိ
ချစ်မြတ်နိုးခြင်း ပြိုးပြိုးပြက်ပြက်မတွေ့

ဘဝကို
ကောင်းကင်ယံ ပလ္လင်အငွေ့နဲ့
ပျော်မွေ့လိုတဲ့ ဆန္ဒရှင်
မိန်းကလေးများ...လို
ချစ်သူကို
အကျိုးအမြတ်ရှာဖွေရာ
ငွေလုပ်တဲ့ စက်ရုပ်ကြီးလို
မထင်မှတ်ဘဲ
သံယောဇဉ် မျက်လုံးလေးနဲ့... ကြည့်
ကြင်နာခြင်းအသည်းနှလုံးနဲ့... ထွေးပိုက်
ဦးနှောက်ထဲက ယန္တရားကို
အမှိုက်ပုံးထဲ...ပို့
အမုဒယကုန်း မို့မို့လေးအထက်က

ချစ်မြတ်နိုးခြင်း တစ်ခုတည်းနဲ့
ကိုယ့်လက်ကို ရဲရဲတွဲ
စွဲစွဲမြဲမြဲ ချစ်သူအဖြစ်
ကိုယ့်ကိုရွေးချယ်ခဲ့တဲ့အတွက်
(ကိုယ့်…လက်တစ်ဖက်နဲ့
မင်းကိုအလေးပြု)
ကျေးဇူးတင်ခြင်း အပြည့်အဝနဲ့
ကိုယ်… သာဓုခေါ်ပါရစေ… Honey။

အပြစ်တွေခဏခဏလုပ်တတ်တဲ့
မင်းရင်ထဲက… ကောင်လေးက
ကိုယ်ပါ… Honey။

ခဏခဏ… နွဲ့နွဲ့ဆိုး
မကြာ…မကြာ… ရန်တွေဖြစ်
ငါးမိနစ်လောက်သာ
ကိုယ်ဒေါသဖြစ်ခွင့်ရခဲ့တဲ့…
ကိုယ်…
မျိုချထားတဲ့ ကောင်မလေးက
မင်း…တစ်ယောက်တည်းပါ Honey။

အဖေ အမေကို ချစ်တဲ့… သံယောဇဉ်တွေ
ကိုယ့်ကိုပေးပါ။
ဆွေမျိုးသားချင်းတွေကို ချစ်တဲ့…သံယောဇဉ်တွေ
ကိုယ့်ကိုပေးပါ။
မင်းရဲ့
ရင်ခွင်နဲ့ သက်ဆိုင်သမျှ
အရာအားလုံး
ကိုယ့်ကိုပေးပါ။
ကိုယ့်ဆီကတော့
မင်းတစ်ခုပဲ ရပိုင်လိမ့်မယ် Honey။
အဲဒါကတော့…

“ရော့”
မင်းကိုသတိရတိုင်း
တမ်းတလွမ်းဆွတ်တဲ့ အခါတိုင်း
ပါးပြင်ပေါ်ကို ခဏခဏပြုတ်ကျခဲ့တဲ့
ကိုယ့်ရဲ့
မျက်ဝန်းထဲက မိုးရာသီတစ်ခုလေ။
(၃၀.၆.၉၉)

မင်း…
ကိုယ့်ကို ထားသွားမှာပါ Honey။
မင်း… ပန်ဖို့
တစ်နေ့ကို ပန်းတစ်ပွင့်
ဆက်သခွင့် မရသလို
တယ်လီဖုန်းက တစ်ဆင့်
မင်းနဲ့
(တစ်နေ့တစ်ခါ)
စကားပြောခွင့် မရရှိနိုင်ခဲ့တာ…
ကိုယ့်အတွက်တော့ ရင်နာစရာပါကွယ်။

မိုးလုံ…လေလုံ တိုက်အိမ်ထဲက
တယ်လီဖုန်းလေး နံဘေးမှာ
မင်း… ရှိနေတတ်မှန်း သိပေမဲ့…
မိုးရေတွေ ရွဲရွဲစိုပြီး
လမ်းဘေးက တယ်လီဖုန်းနံပါတ်တွေကို
ချမ်းချမ်းစီးစီး
တုန်တုန်ရင်ရင်နဲ့
ဖိနှိပ်နေရတဲ့
ကိုယ့်ရဲ့… အညတရ အဖြစ်ဆိုးကို
မိုးရွာထဲမှာ ထီးမိုးပြီး
အနားမှာ လာရပ်ကြည့်ပါအုံး Honey ရေ။

ငါးမိနစ်လောက်
မင်း…အသံကြားရဖို့အတွက်
နှစ်နာရီလောက်…ကိုယ့်စိတ်တွေ
မောခဲ့ရတာတွေ၊
စကားပြောခွင့် မရမှာစိုးလို့
အထိတ်ထိတ် ဖြစ်ခဲ့ရတဲ့
ကိုယ့်… ရင်ခုန်ခြင်းတွေ
မင်းကြားနာနိုင်ဖို့
စကားပြောခွက်ကို
ကိုယ်ရဲ့
ဘယ်ဘက်ရင်ဘတ်နဲ့သာ
ဖိကပ်ထားချင်ပါတယ် Honey။

ကိုယ့်…အနာဂတ်တွေကို
တစ်စစီ ဖဲ့ခြွေနိုင်စွမ်းတဲ့
မင်းဟာ…
ကဝေမလေးပါ။
ကိုယ်နဲ့
မခွဲနိုင်ဘူးလို့သာပြောတယ်။
မင်းခြေလှမ်းတွေက
ကိုယ့် အိပ်ပျက်ညတွေရဲ့
ဟိုဘက်မှာပါလားကွယ်။

တောင်တွေကို
ဖြတ်ကျော်ဖို့ မလိုပါဘူး။
တောတွေကို
ဖြတ်လျှောက်ဖို့ မလိုပါဘူး။
ပင်လယ်ပြင်ကို
ကူးခတ်လာဖို့ မလိုပါဘူး။
ဘတ်(စ်)ကားကျပ်ကျပ်တစ်စီးကို
အချိန်လုပြီး စီးနင်းလာခဲ့ရင်
မင်း… သံယောဇဉ်ရှိတယ်ဆိုတဲ့
ကိုယ့်ရဲ့ အခန်းကျဉ်းလေးဆီကို
မင်း… ရောက်လာနိုင်ပါတယ်… Honey။

တစ်နှစ်ဟောင်းရင်
တစ်နှစ်ပြောင်းတဲ့အကြောင်း…
ပိတောက်ပန်းတွေက
ခေါင်းလောင်းထိုး… မြည်သံပေး
နွေရဲ့အဖွင့်တေးကို
သီဆိုလေ့ရှိတယ်။
မင်း ရင်ထဲက
ကိုယ့်…ပိတောက်ပန်း…
ဟောင်းနွမ်းသွားပြီ ဆိုပါစို့
ပိတောက်အကြွေတွေကို
အနောက်လေနဲ့… စွန့်ပစ်
ပိတောက်အသစ်…တစ်ခတ်ပန်
အဲဒီ…
မနက်ဖြန်ဆိုတဲ့
တစ်နှစ်အကူးကို မရောက်ခင်
ကိုယ်…. ရူးနေချင်တယ် Honey။

“ကိုယ့်ကို ထားပစ်ခဲ့မှာနော်” ဆိုတဲ့
မင်းရဲ့ ကျီစယ်စကား
ကိုယ့်နားထဲမှာ ခါးလိုက်တာ။

မင်း… သတိရတဲ့အခါ
ကိုယ့်ကို အမြန်ဆုံး ဆက်သွယ်ဖို့
ကိုယ့်အခန်းကျဉ်းထဲက
စားပွဲပေါ်မှာ…
တယ်လီဖုန်းတစ်လုံးလောက်
တင်မထားနိုင်တာကိုတော့
ကိုယ်…. အားနာပါတယ် Honey။
နီးနီးလေးနဲ့ ဝေးနေရသလို
ဝေးရင်း….ဝေးရင်းနဲ့
မနီးစပ်တော့မှာ… ကိုယ်…စိုးတယ်။

Honey!
မင်းဟာ ငှက်ကလေးတစ်ကောင်
ဆိုပါတော့။
မင်းမပျော်ပိုက်တော့မယ့်
ကိုယ့်ရင်ထဲက ပျံသန်းဖို့
(ကိုယ့်လက်ချောင်းတွေဟာ)
ပိုက်ကွန်မဖြစ်စေရဘူး…ဆိုတာ
စိတ်ချလက်ချ မင်း… ယုံကြည်ပါ။

မင်းက ငါးကလေးတစ်ကောင်
ဆိုပါတော့။
မင်း မကူးခတ်လိုတော့တဲ့
ကိုယ့်ရင်ဘတ်ထဲက ခုံထွက်ဖို့
(ကိုယ့်ပါးစပ်ဖျားဟာ)
ငါး မျှားချိတ်လို မဖြစ်စေရဘူး… ဆိုတာ
ယုံယုံကြည်ကြည် မင်းစိတ်ချပါ။

မင်းက ပန်းလေးတစ်ပွင့်
ဆိုပါတော့။
မင်း… မပွင့်လန်းလိုတော့တဲ့
ကိုယ့်ရဲ့… နှလုံးသားဥယျဉ်ထဲက
ရွှေ့ပြောင်းဖို့
(ကိုယ့်ဆန္ဒများဟာ)
ပန်းခြွေမဲ့ နွေဥတုလို၊ မဖြစ်စေရဘူး… ဆိုတာ
စွဲစွဲမြဲမြဲ… မင်းစိတ်ချပါ။

မင်းက နတ်သမီးလေးတစ်ပါး
ဆိုပါတော့။
မင်း…မကခုန်လိုတော့တဲ့
ကိုယ့်အိပ်မက်ထဲက ပြန်သွားဖို့
(ကိုယ့်မျက်လုံးများဟာ)
အိပ်မက်က လန့်နိုးသလို
မျက်လုံးတွေ၊ ဖွင့်မကြည့်ဘူးဆိုတာ
နှုတ်ဆက်တော့မှ… မင်းယုံကြည်ပါ။

မင်းနဲ့ တွေ့ဆုံဖို့
အမြဲတန်း မျှော်လင့်နေမိသလို…
မင်းရဲ့
စွန့်ပစ်ခြင်းကို ခံယူဖို့
ကိုယ်… မျှော်လင့်ထားတယ်ဆိုတာ
မင်း…မှတ်ထားပါ Honey။
(၁.၇.၉၉)

ကိုယ့်ကို
မင်း…တွေ့မြင်ချင်တဲ့အခါ
မင်းရဲ့ရှေ့မှာ
ခြေစုံလာရပ်ဖို့
ကိုယ်… ဝန်မလေးတတ်ပါဘူး။
ဒါပေမဲ့လေ…
ကိုယ်…
မြင်တွေ့ချင်လွန်းတဲ့အခါ…
မင်း… ဘယ်ရောက်နေပါသလဲ Honey။

Honey ရေ…
ကိုယ်ဟာ…
ကမ္ဘာမြေကြီးပေါ်က
အက်တမ်သေးသေးလေး တစ်ခုပါ။
မင်းဟာ…
ကိုယ်နဲ့ ကိုယ့်ကမ္ဘာကြီးကို
လွှမ်းခြုံထားတဲ့…
ဘဝရဲ့ ကောင်းကင်ပါကွယ်။

မင်း….
ဘယ်ဆီကို ရွေ့လျားသွားချင်သလဲ
ကိုယ်နဲ့… ဝေးရာ
မင်း… ပျံသန်းဖို့အတွက်
ကိုယ့်ရဲ့… လက်နှစ်ဖက်ဟာ
မင်း…အသုံးပြုစရာ
အတောင်ပံ တစ်စုံပါကွယ်။

ကောင်းကင်လေးရေ…
မင်း…အမိန့်ပေးပါ
မင်း… တောင်းဆိုပါ
မင်း… သွားရာလမ်းခရီးတိုင်းအတွက်
ဟောဒီ လက်နှစ်ဖက်ကို
တစ်ချက်လောက် ဆန့်တန်းလိုက်ရုံနဲ့
မင်း…တစ်ကိုယ်လုံး
လုံခြုံသွားမှာပါ။

ကိုယ်… မင်းကို အမိန့်ပေးတဲ့အခါ
မင်း…ရယ်မောတယ်။
မင်း…ကိုယ့်ကို အမိန့်ပေးတဲ့အခါ
ကိုယ်… ဦးညွတ်တယ်။

ဝေးနေရဆဲမှာ…
ခံစားရသူချင်းအတူတူ
ဘယ်သူက
ပိုလွမ်းနေမယ်လို့
မင်း… ထင်မြင်ပါသလဲ။
မင်းက ပိုလွမ်းတယ်လို့
ပြောတဲ့အခါ….
ကိုယ့်အလွမ်းတွေကို ခေါက်သိမ်းပြီး
မင်းရဲ့
အလွမ်းစကားတွေကိုပဲ နားထောင်မယ်။

ဘာထူးဆန်းလို့လဲ
ချစ်သူတွေ ဝေးနေရတဲ့အခါ
သတိတရ
လွမ်းတတ်ကြတာပဲဟာ။

ဒါပေမဲ့…
ကိုယ့်အလွမ်းတွေက ထူးဆန်းတယ် Honey။
နှစ်ဆယ့်လေးနာရီ အပြည့်
မင်းကို….
တစ်စက္ကန့်မျှ မေ့လို့မရဘူး။

ကြိုတင်ပြင်ဆင်ပါရစေကွယ်…
မင်း… မုန်းမယ်ဆိုရင်
မင်းရဲ့ အနီးအပါးက… ခါထုတ်ဖို့
ကိုယ့်အတောင်ပံတွေကို
အရင်ဆုံး ရိုက်ချိုးပါ။
အချစ်… ရှိနေသမျှ
လွမ်းနေမိမှာပါပဲ၊
အသည်း…ရှိနေသမျှ
စွဲနေမိမှာပဲ၊
ဘဝ… ရှိနေသမျှ
လှပစေချင်တာပါပဲ၊
ကိုယ့်ရဲ့ဘဝ
(အညတရဟာ)
မင်းရှိမှ လှပရမှာပါကွယ်။

မင်းရဲ့ ကောင်းကင်က
ကိုယ့်ကို ခါချလိုက်မယ့်အခါ…
ကိုယ့်ရဲ့ ဝိညာဉ်ဟာ
ကိုယ့်ရဲ့ အတောင်ပံတွေ ရှိနေသမျှ
နိုးထ ပျံသန်းပြီး…
ကောင်းကင်ဆီကိုသာ
ပြန်လာမှာပါကွယ်။

ကောင်းကင်ကြီး တည်ရှိနေသမျှ
ကိုယ်ဟာ…
လွတ်လပ်စွာ ပျံသန်းခွင့်ရတဲ့
အချစ်ငှက်တစ်ကောင်
ဖြစ်ရပါလို၏… Honey။
ကောင်းကင်ရဲ့ အနီးအနားကို
ကိုယ့်ရဲ့ အတောင်ပံ ခပ်ပါးပါးနဲ့
တွယ်ကပ်ခွင့် မရနိုင်ပေမဲ့
ကောင်းကင်နဲ့ ကိုယ့်အကြားက
သံယောဇဉ် မျှင်မျှင်လေးကြောင့်
ကောင်းကင်ကို မြင်နေရရင်ပဲ
(ပျံဝဲနေသမျှ)
ကိုယ်… ကျေနပ်လှပါပြီ။

ဟင်းလင်းပြင်ကြီး တစ်ခုမှာ
ဦးခေါင်းပေါ်ကို မော့ကြည့်လိုက်တိုင်း
ကောင်းကင်ကို မြင်နေရသလို…
လွမ်းဆွတ်နေတဲ့ အချိန်တိုင်း
ရင်ဘတ်ထဲကို ငုံ့ကြည့်လိုက်ရင်
မင်း မျက်နှာလေးကိုသာ
မြင်နေပါတယ်…. Honey။
(၂.၇.၉၉)

ကံက…ခွဲလို့
ကွဲနေကြသလား။
အခြေအနေမပေးလို့
ဝေးနေရသလား။
အိပ်ရာဝင်ဖို့ ပြင်ဆင်လိုက်တိုင်း
ကိုယ့် ဘယ်ဘက်လက်ရုံးမှာ…
Honey ပြုံးနေတယ်။
အဲဒါကြောင့်ပဲ
ကိုယ်
အိပ်မပျော်တော့ဘူးကွယ်။

မနက်လင်းလို့
မျက်နှာသစ်ဖို့ ပြင်ဆင်လိုက်တိုင်း
ရေမျက်နှာပြင်ပေါ်မှာ…
မင်း… အရိပ်လေးထင်လာတယ်။

ဘုရား…တရား အားရုံပြု
စိတ်တစ်ခုတည်း စုစည်း…
ကြေးစည်ထုပြီး… တရားထိုင်လိုက်တဲ့အခါ
မင်းကို…
မေ့နိုင်မှာပါ… Honey။

ချစ်သူ အချင်းချင်း
ရင်ချင်း အတူတူ၊ လွမ်းချင်း… အမျှ
ခံစားနေကြရပါလျက်…
(ဘာဝနာပွားများ)
မေ့ဖို့ကြိုးစားလိုက်ရင်
ကိုယ်…
ဘယ်တရားပါ့မလဲနော်…။

မမေ့ချင်ဘူး
အိပ်မက်ဦးရယ်။
စူးကနဲ့ လှိုက်ဖို
ပြိုက်ခနဲ့ ငိုရှိုက်
လောင်မြိုက်… အလွမ်း
ငရဲခန်းကို
ပုလဲပန်းလို့သာ ထင်တော့တယ်။
(၃.၇.၉၉)

မင်းရဲ့ နဖူးလေးမှာ
ကိုယ့်ရဲ့… လိပ်ပြာလေးတစ်ကောင်
နားခိုဖူးသလို
မင်းရဲ့
ခြေဖမိုးအပေါ်ကို
ကိုယ့်ရဲ့… မျက်ရည်စက်တွေ
ပြုတ်ကျခဲ့ဖူးတယ်။

အဲဒီနေ့က
မင်း…ကိုယ်လုံးလေးကို
ကိုယ်…ဆွဲခါလှုပ်ရမ်း
(ရင်ထဲမှာဝ
မုန်တိုင်းတွေ ကြမ်းသွားတဲ့နေ့လေး။

Honey !
ကိုယ်ဟာ …
မင်းရဲ့ အချစ်ဦး မဟုတ်ဘူးဆို။
အဖျားကျိုးသွားတဲ့ သစ်ကိုင်းထက်က
ထပ်မံ ပြူထွက်လာတဲ့
စိမ်းနုနု ပရစ်ဖူးလေးကိုသာ
ကိုယ်ကတော့…
အချစ်ဦးလို့ သိတ်မှတ်တယ်။
ဒါပေမဲ့…
Honey… ရယ်။

ကိုယ်…တွယ်ယှက်ခဲ့တဲ့
မင်းရဲ့ လည်တိုင်လေးအနားမှာ…
ကိုယ်… မြတ်နိုးခဲ့တဲ့
မင်းရဲ့ ဆံပင်ရှည်ရှည်တွေကြားမှာ…
ကိုယ်… မေးတင်ခဲ့တဲ့
မင်းရဲ့… ပခုံးစွန်းအထက်မှာ
ကိုယ်… ငေးကြည့်ခဲ့တဲ့
မင်းရဲ့… နှုတ်ခမ်းပါးပါးပေါ်မှာ
ကိုယ်… သင်းပျံ့ခဲ့တဲ့
မင်းရဲ့… နံသာရင်ပြင်လေးပေါ်မှာ
ကိုယ်… နှင်းအပ်ခဲ့တဲ့
မင်းရဲ့ နဖူးပြင်လေးဆီမှာ…
ဘယ်အချိန် ဘယ်အခါက
ဘယ်လိပ်ပြာ ဘယ်လိုဝဲပြီး
ကိုယ့်အသည်းတွေကို
ကြိုတင်ထုတ်ယူသွားသလဲကွယ်။

ခလုပ်တစ်ချက် တိုက်ခဲ့ဖူးတာကို
ကိုယ်… အပြစ်မဆိုပါဘူး။
ခလုပ်… ခဏခဏ တိုက်မှာကိုသာ
ကိုယ်… စိုးရိမ်တာပါ Honey ။

ခလုပ်ထိရင် အမိတကြသတဲ့
အကယ်၍များ…
ခလုပ်ထိလို့ သတိရတဲ့အခါ
ကိုယ့်ကိုသာ တလိုက်စမ်းပါ Honey ။

ရပ်ကွက်ထဲက…
ပါးကွက်ကြားနဲ့ ဆင်းရဲသားကောင်မလေးတွေ
အပါအဝင်
Honey တို့လို
ခေတ်ကိုခုံမင်၊ ဂုဏ်အင်မြင့်မား
ခေတ်ရှေ့ကို တွားသွားကြမယ့်
ကောင်မလေးတွေ အဆုံး
အားလုံးကို ခလုပ်တိုက်ဖို့
ဘီယာဆိုင်တွေက
မှောင်မိုက်နေတယ်…. Honey ။

မက်ဒေါနားကို ကြိုက်တယ်
ဖိုဖီကိတ်ကို ကြိုက်တယ်
ဘရွတ်ရှီးကို ကြိုက်တယ်
(ဒါပေမဲ့)
မြန်မာပြည်က…
မြန်မာမလေး… Honey ကိုပဲ
ကိုယ်…. ချစ်တယ်။
လက်ဖက်ရည်ဆိုင်မှာ
ကောင်မလေးတွေထိုင်လို့
ယဉ်ကျေးမှုကြီး၊ မယိမ်းယိုင်သေးပါဘူး။
ဂျင်းဘောင်းဘီ ရှည်ရှည်ဝတ်ပြီး
ခေတ်ကို ကြိုဆိုကြရုံနဲ့
ကောင်မလေးတွေ မရိုင်းပြသေးပါဘူး။
တိုနံ့နံ့အဝတ်အစားတွေနဲ့
မှိန်ဖျော့ဖျော့ အလင်းရောင်အောက်က
ခေတ်သစ်ထန်းတောကြီးထဲမှာ…
မြန်မာမလေးတွေ မရောက်မချင်း
ကိုယ်… မင်းကို
မစိုးရိမ်လိုပါဘူး…. Honey ။

ကြံရည်နဲ့ ဘီယာ
မှားမသောက်မိပါစေနဲ့… Honey။
အန်ကယ်နဲ့ အန္တရာယ်
မျက်စိမလည် မိပါစေနဲ့… Honey/

မင်းကိုယ့်ကိုချစ်တယ်ဆိုတာ
ကိုယ်.. ယုံပါတယ်။
ကိုယ်… မယုံကြည်တာက
မင်းတို့… လူကုံထန်အသိုင်းအဝိုင်းရဲ့
လွတ်လပ်ပွင့်လင်းတယ်ဆိုတဲ့
“ခလုပ်” ဓားသွားတွေကိုပါပဲ…။

ကိုယ်တို့ရပ်ကွက်ထဲမှာ
ဆံပင် နီကြောင်ကြောင်
ကောင်မလေးတွေရှိတယ်။
သူတို့ကို… မုန်းတယ်။

ကိုယ်တို့ရပ်ကွက်အနီးက
ပန်းရံလုပ်ငန်းထဲက
မဆလာသယ်တဲ့ ကောင်မလေးတွေရဲ့ ဆံပင်
နီကြင်ကြင်ပါပဲ။
သူတို့ကို… ကိုယ်… လေးစားတယ်။
ဆံပင်ဆေး ဆိုးတယ်ဆိုတာ
ဘိလပ်မြေသယ်တဲ့ ကောင်မလေးတွေရဲ့
ဖက်ရှင်ပါကွယ်။

Honey !
ဆံပင်ဆေးမဆိုးနဲ့။

ဝေးနေကြဆဲ.. အချိန်မှာ
ကိုယ့်စကားကို နားထောင်ပါ။
မျက်လုံးပေါင်းများစွာ…
ပျားအစွဲကို စောင့်ဆိုင်းနေတဲ့
မုတ်ဆိတ်ပေါင်းများစွာ…
ဟသာင်္ကို အိုးမဲသုတ်ပြီး
ရေဘဲလုပ်ရောင်းတဲ့
စားတော်ကဲကြီးပေါင်းများစွာ
သနပ်ခါးကို အရည်ဖျော်နေကြတဲ့
မိတ်ကပ်ချစ်သူကြီးများ… များစွာ
များစွာ… များစွာတို့ရဲ့
စောင့်ရှောက်မှုဘေးမှ
ချစ်သူလေး ကင်းဝေးပါစေ။

ဆေးလိပ်ငွေ့များ.. ဘီယာရနံ့များ
… … …
… … …
အားလုံးနဲ့ဝေးရာ
ဟိုးကောင်းကင်ပြင်ကြီးထက်
ချစ်သူလေးကို
ခေါ်ယူပျံသန်းပါရစေ။

ကျွန်ပ်အား…
အတောင်ပံတစ်စုံပေးပါ
ဘုရားသခင်…။             ။
(၆.၇.၉၉)

(ချစ်သူသို့)



No comments: