သတိရခြင်းတွေက
ငါသောက်တဲ့
လက်ဘက်ရည်ခွက်ထဲမှာ
ရှိတယ်။
တစ်ခါတစ်ခါ
ဘာလုပ်လုပ်
အဆင်မပြေတတ်သူရဲ့
စိတ်ညစ်မှုမျိုး
ငါ့ကိုမှာ ညှိုးရက်တယ်...။
မေ့မရဘူး ဆိုရင်လဲ
ငါပိုတယ်.
မင်းထင်တယ်
ငါ့ကိုမယုံကြည်သူလေးရဲ့
အေးစက်စက်ကောင်းကင်ပေါ်က
လနဲ့
ငါချစ်တဲ့
ညတွေက
ငါ့ကို အိပ်မက်ပေးမတဲ့
သည်မျှနဲ့
ကျေနပ်ခဲ့ရသူပါ...။
ထာဝရ...တဲ့
ငါချစ်တဲ့
နှင်းဆီတစ်ပွင့်
ကြမ္မာအသင့်
ကြွေလွင့်ခဲ့ရချိန်များ
ဟို.... တိမ်မွေ့ယာပေါ်က...
ငှက်
နာကျင်ခံခက်
သွေးပျက်သောဂီတ
အတောင်ပံ တစ်ခုနဲ့
နှလုံးသား
ကြေမွပျက်ဆီးခဲ့ရချိန်မှာ
ထာဝရ...ကို
ငါမုန်းတယ်...။
တံခါးခေါက်သံထင်ရဲ့
ဝင်ခဲ့ကြဟေ့...
ငါ့ရှေ့ကနေ
ညတွေအတွက်
မသိတတ်တဲ့
မျက်လုံးစိမ်းတွေအတွက်
မယုံကြည်ရတဲ့
မျှော်လင့်ချက်တွေအတွက်
ပတ္တာတံခါးဖျက်
ဝင်ခဲ့ကြ။
ကြည့်ကြ
ဘဝရဲ့ အဆိပ်သစ်သီး
ငါ ကိုက်မြည်းကြည့်လိုက်စမ်းမယ်...။
မသေချာခြင်းတွေသာ
ငါ့ဘက်မှာ
ရှိနေပေါ့...။
ရိုးသားမှုတစ်ခုနဲ့
မင်းကို ငါချစ်ခဲ့
ဘဝကို ငါမြတ်နိုးခဲ့
ဟိုး... အနတ္တကောင်းကင်မှာ
အစက်အပြောက်တစ်ခုက
အရာမထင်သလိုမျိုး
မှားယွင်းမှုများစွာနဲ့
ပင်လယ်ကိုငါဖြတ်ကူးမယ်
အားလုံးကို
စွန့်လွှတ်ရရင်တောင်မှ
သတိရခြင်းကို
ငါပိုင်တယ်
ယုံကွယ်...။ ။
ဒတ္တ
1987 Feb,
စပယ်ဖြူ
မူရင်းကဗျာကို ကိုကြည်စိုး၏ Facebook မှ ကူးယူမျှဝေပါသည်။