ငယ်ငယ်က
ကြားဖူးတဲ့ ပုံပြင်လေးတစ်ပုဒ်ရှိပါတယ်။ တစ်ခါက တိုင်းပြည်တစ်ပြည်မှာ အရမ်းချမ်းသာကြွယ်ဝတဲ့
ဘုရင်ကြီးတစ်ပါး ရှိပါသတဲ့။ အဲဘုရင်ကြီးမှာ သူ့တစ်သက်ဘယ်လိုသုံးသုံး သုံးလို့မကုန်နိုင်တဲ့စည်းစိမ်တွေပိုင်
ဆိုင်ထားသတဲ့။ တစ်နေ့တော့ ဘုရင်ကြီးဟာ သူ့စည်းစိမ်တွေ ဘယ်သူများကုန်အောင်သုံးနိုင်မလည်းဆိုတာ
စမ်းချင်တဲ့စိတ်နဲ့ ပထမဆုံး အရက်သမား တစ်ယောက်ကို ခေါ်ပြီး သုံးစေသတဲ့။ အရက်သမားဟာ ရှိသမျှ
အကောင်းဆုံး ဆိုတဲ့ အရက်တွေဝယ်သောက်တယ်။ ဒါပေမဲ့ အရက်သမားဟာ အံဖတ်စို့ပြီးသေသွားတယ်။
ဘုရင်ကြီးရဲ့ စည်းစိမ်တွေဟာ အရာတောင် မယွင်းဘူးတဲ့။ ဒုတိယတစ်ယောက် အနေနဲ့ ဘိန်းစားကိုခေါ်ပြီး
သုံးစေသတဲ့။ ဘိန်းစားဟာလည်း ဘိန်းဘယ်လောက်ပဲရှူရှူ နောက်ဆုံး နှလုံးရပ်ပြီးသာ သေသွားတယ်၊
ဘုရင်ကြီးရဲ့စည်းစိမ်တွေဟာလည်း အရာမယွင်းခဲ့ဘူး။ နောက်ဆုံးလောင်းကစား သမားတစ်ယောက်ကို
ခေါ်လိုက်သတဲ့။ အဲလောင်ကစားသမားဟာ ဘုရင်ကြီးရဲ့ စည်းစိမ်တွေတင်မက နန်းတော်ကြီးကိုပါပေါင်ပြီး
ဖဲရိုက်ပြစ်လိုက်တာ တစ်ခဏ အတွင်းမှာပဲ ဘုရင်ကြီးဟာ စည်းစိမ်တွေဆုံးရှုံးရုံမက နန်းတော်ကြီးပါ
ပါသွားတယ်တဲ့…။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
“ကျွန်တော်သိသော ဘောလုံး လောင်းကစား”
ဘောလုံးလောင်းကစားဟူသည်
ဥရောပမှ Premier League, La Liga, Serie A, Champion League ….. စသည်တို့ကို အပေါ်အသင်း
နှင့် အောက်အသင်းခွဲကာ ပေါက်ကြေးအတိုင်း လောင်းကစားခြင်းဖြစ်သည်။ ထို့အပြင် ဆက်စပ်၍
လောင်းကစား၍ရသော နှစ်သင်းသွင်းဂိုးပေါင်းခန့်မှန်းခြင်း၊ ဂိုးခန့်မှန်းခြင်း.. စသည်တို့လည်းပါသည်။
ကြေးဆိုသည်ကား ဥပမာ ပြောရလျှင် ပို၍နိုင်ခြေရှိသော အသင်းမှ နေ၍ သရေကျလျှင် အရှုံး၊ တစ်လုံးသွင်းလျှင်
တစ်ဝက်နိုင်၊ တစ်လုံးသွင်းလျှင် ပြားခြောက်ဆယ်အရှုံး (၆၀%) စသည်ဖြင့် ပေးကာ မိမိကြိုက်ရာ
အပေါ် သို့ အောက်အသင်းမှနေ၍ နေခွင့်ရှိသည်။ သို့သော်ဒိုင်မှ အကောက်ဟုဆိုကာ သင်နိုင်သော
ပိုက်ဆံ၏ ၅% ကိုဖြတ်၏။ သင်တစ်သောင်းလောင်း၍ အပြည့်နိုင်လျှင်ကား သင်အရင်း တစ်သောင်းနှင့်
အလျှော်အဖြစ် ကိုးထောင့်ငါးရာ သာနိုင်မည်ဟု ဆိုလိုခြင်းဖြစ်ပါသည်။
ဘောလုံးနှင့်ပတ်သက်လျှင်တော့
ကျွန်တော် တော်တော်သိခဲ့သည်၊ ကြုံခဲ့ဘူးသည်ဟုပြော၍ရသည်။ ကျွန်တော်ပထမဆုံး စကြုံဖူးခြင်းကား
2000ခုနှစ် champion league တွင် Liverpool Vs Dinamo Kiev တို့ပွဲတွင်ဖြစ်သည်။ ထိုပွဲတွင်
ကြေးကား Liverpool မှ တစ်လုံးနှစ်ဆယ်နိုင်ပေါက်၍ 1-0 ဖြင့်နိုင်သွား၏။ ထိုအချိန်ကား
ကျွန်တော့်နှင့် တော်တော်ခင်သော သူငယ်ချင်းတစ်ယောက်သည် ဒိုင်တစ်ဦးထံမှ ကော်မရှင်ယူ၍
လက်ခွဲကိုင်နေသဖြင့် သူ့ထံမှ အသိများစွာရခဲ့၏။
ကော်မရှင်
ဆိုသည်ကား ထိုလက်ခွဲဒိုင်မှနေ၍ ဒိုင်ကြီးမှချပေးသော ကြေးအပေါ်တွင် နှစ်ဖက်လောင်းကြေးတွင်
ပို၍များနေသော အသင်းမှ ပိုနေသော ကြေးအား ဒိုင်ထံတွင်တင်ပေးရခြင်းဖြစ်သည်။ ထို့အတွက်
ဒိုင်မှ အလျှော် 1% အစား 2% ကော်မရှင်ပြန်ပေး၏။ ထို့အပြင် လောင်းကြေးညီသော ပိုက်ဆံများအတွက်မူ
ကော်မရှင် 5% စလုံးရ၏။ ထို့အပြင် လည်လျှင်လည်သလို ကြေးခိုး၍လည်းရသည်။ ကြေးခိုးခြင်းကား
လူကြိုက်များသော အသင်းမှနေ၍ ဒိုင်မှပေးထားသော ကြေးအား အနည်းငယ်ဟ၍ ကစားခြင်းဖြစ်သည်။
ဥပမာ. မန်ယူနှင့်အခြားအသင်းတစ်သင်းကန်ပါက မန်ယူမှ ပရိသတ်များနိုင် သဖြင့် ဒိုင်မှ တစ်လုံးလျှင်
ပြား၈၀ နိုင်ဖွင့်ပေးလိုက်ခြင်းကို မိမိမှ တစ်လုံးပြား ၇၀ နိုင်အဖြစ် ကစားလိုက်ခြင်းဖြစ်သည်။
အကျိုးကား အကယ်၍ မန်ယူမှ ၁ဂိုးအသာဖြင့်နိုင်လျှင် ဒိုင်မှ ပြား၈၀ လျှော်မည်ဖြစ်သော်လည်း
မိမိမှ ၁၀ ပြားအား စား၍ ပြား ၇၀ သာပေးလျှော်ရန်လိုခြင်းဖြစ်သည်။
ဘောလုံးနှင့်ပတ်သက်ပြီး
ထဲထဲဝင်ဝင်ရှိခဲ့သည်မှာ 2002ခုနှစ် ဂျပန်နှင့်တောင်ကိုရီးယားတို့တွင် ပူးတွဲကျင်းပသော
ကမ္ဘာ့ဖလားမှ အစပြုခဲ့ပါသည်။ ဘောလုံးပွဲဝါသနာပါသော တတိယနှစ် နည်းပညာတက္ကသိုလ်ကျောင်းသား
ကျွန်တော်သည် ကမ္ဘာ့ဖလား ကျင်းပစဉ် တစ်လအတွင်း ကျောင်းတစ်ရက်မှ မတက်ခဲ့ဘဲ တစ်ပွဲမကျန်ကြည့်ခဲ့သည်။
ထို့အတွင်း သူငယ်ချင်းတစ်ဦး၏ အစ်ကိုမှ ကျွန်တော် ဘောလုံးပွဲကြည့်သောရုံထံတွင် ဒိုင်မရှိသဖြင့်
ဒိုင်ကိုင်မည်ဟု ကမ်းလှမ်းသည်။ ကျွန်တော်နှင့်လည်း ခင်သဖြင့် ကော်မရှင်လုပ်ပေးပါရန်
ပြောသဖြင့် ကျွန်တော်လက်ခံလိုက်သည်။ ဆီနီဂေါ မှ လက်ရှိချန်ပီယံ ပြင်သစ်ကို တစ်ဂိုးဖြင့်နိုင်သည့်ပွဲမှ
အစပြု၍ ကမောက်ကမရလာဒ်တော်တော်များများ ထွက်ခဲ့သော ကမ္ဘာ့ဖလားလည်းဖြစ်သည်။ ကျွန်တော်လည်း
ပညာတော်တော် တတ်ခဲ့ပါသည်။ နေ့စဉ်နေ့တိုင်း ဘောလုံးပွဲတစ်ပွဲနှင့်တစ်ပွဲကြား အချိန်များတွင်
အရက်အကောင်းစားများ သောက်နိုင်သည်။ ပိုက်ဆံအများကြီး မစုမိခြင်းမှာ အသောက်အစားဝါသနာကြောင့်ဖြစ်သော်လည်း
ငယ်စဉ်ထိုအချိန်က အတော်ပျော်ခဲ့မိသည်။ ဘရာဇီးဗိုလ်စွဲကာ မထင်မှတ်ထားသော တောင်ကိုးရီးယား
စတုတ္ထနေရာအထိ ရခဲ့သော ထိုကမ္ဘာ့ဖလားသည် ကျွန်တော့်ကို ပိုက်ဆံရှာနည်း တစ်ရပ်သင်ပေးခဲ့သည်။
(ဒိုင်လည်း တော်တော်နိုင်ခဲ့ပေမဲ့ နောက်မှသိခဲ့ရသည်မှာ သူနိုင်သမျှ တစ်ဖက်မှ သူ့မိန်းမ
ဘိုးတော်အားကိုးနှင့် ပြောင်းပြန်လိုက်လောင်းခဲ့သည်များ၊ နှလုံးထီရှုံးခဲ့သည့် အကြွေးများကို
လိုက်ရှင်ပေးရသဖြင့် သူ့အိတ်ထဲကတောင် စိုက်ရသည်ဟူ၏)
ထို့နောက်ကြုံလျှင်ကြုံသလို
ဘောလုံးနှင့်ပတ်သက်၍ကား အဆင်ပြေခဲ့သည်။ 2004 ဇွန်လ ကျွန်တော် စာမေးပွဲပြီးသောနေ့ကား
EURO 2004 ပေါ်တူဂီတွင်ကျင်းပသော နေ့နှင့်တစ်ရက်တည်း။ တိုက်တိုက်ဆိုင်ဆိုင် ကျွန်တော့်သူငယ်ချင်းတစ်ယောက်
မိန်းမယူကာ တောင်ဒဂုံတွင် အိမ်ငှားထား၏။ ထိုအိမ်တွင်
ရှစ်ပေစလောင်းဆင်၍ ဘောလုံးပွဲရုံဖွင့်ထားသည်။ ကောင်မရှင်ပါကိုင်မည်ဟု ဆိုကာ အတွေ့အကြုံရှိသော
ကျွန်တော့်အားလှမ်းခေါ်သည်။ ထိုသို့ဖြင့် ကျောင်းပြီးစ ကျွန်တော် ဘောလုံးလောကထဲသို့
ရောက်ခဲ့၏။ ဂရိမှ အဖွင့်ပွဲတွင် အိမ်ရှင်ပေါ်တူဂီအား ၂-၁ ဖြင့်နိုင်ကာ ဖွင့်လှစ်ခဲ့သော
EURO တွင် အပြင်တွင် ကမောက်ကမ ဖြစ်မည့်ကိစ္စများ ထိုစဉ်က မတွေးမိခဲ့။ ၂ပတ်ကျော် ကြာမြင့်ပြီး
မည်သူမှ ထင်မှတ်မထားသည့် ဂရိ ဗိုလ်စွဲကာ လောင်းကစားသမားများ ခွက်ခွက်လန်အောင် ရှုံးခဲ့ပေမဲ့
ကျွန်တော်တို့ ကော်မရှင်အတွက်က ပုံမှန်အတိုင်း။ ဒိုင်ပဲ နိုင်နိုင်၊ ထိုးသားပဲနိုင်နိုင်
ကျွန်တော်တို့က ပွဲစားလေ။ လည်ရင်လည်သလို ကြုံရင်ကြုံသလို ကြေးခိုးခြင်းမှလည်း အတော်အတန်ကျန်ခဲ့သည်။
EURO 2012 ပြီးတော့ ဆက်တိုက်ဆိုသလို တရုတ်တွင် ကျင်းပခဲ့ပြီး ဂျပန်ဗိုလ်စွဲခဲ့သော အာရှဖလား။
အဲဒီအချိန်မှာ အချို့ကြေးကြီးသော ထိုးသားများသည် အကြွေးဖြင့်ထိုးသည်။ ဒိုင်နှင့်ကလည်း
တစ်ပါတ်မှ တစ်ခါရှင်းရသည်ဖြစ်ရာ ပြသနာကြီးကြီးမားမားမရှိ။ ရှိတော့လည်း စုပြုံလာခဲ့သည်။
ကျွန်တော့် သူငယ်ချင်း ယောက်္ခမ မှအကြွေး တော်တော်များနေချိန်တွင် သူ၏ သစ်လုပ်ငန်း အရှုံးပေါ်ခဲ့သည်။
ထို့အပြင် အရမ်းယုံကြည်စိတ်ချရသော ကြေးကြီးထိုးသား တစ်ယောက် နှလုံးထီမှုဖြင့်အဖမ်းခံရချိန်တွင်
သူ့ထံမှ ရစရာတော်တော်များများ ရှိခဲ့၏။ ဒိုင်ကိုကြည့်ကောင်းအောင် ပြောပြလည်း ဒိုင်က
အရင်အကြွေးမရှင်းမီတွင် နောက်ထပ် ထပ်ပြီး မပေးဟုဆိုလာသည်။ အရင်ရထားတဲ့ ကော်မရှင်များ
မှာလည်း သောက်ခြင်းစားခြင်း သုံးခြင်းဖြုန်းခြင်းဖြင့် သိပ်လည်း အဖတ်မတင်ခဲ့။ အခက်အခဲက
ထိုအချိန်မှစခဲ့သည်။ ကြေးကြီးသမားများအတွက်က အကြွေးဆိုတာ ရှောင်လွဲလို့မရ။ တရားဝင်မဟုတ်သဖြင့်
ရဲကိုပေးရသော လိုင်းကြေးကလည်းရှိသေး။ ဒီလိုနှင့် အရမ်းအဆင်ပြေမည်ထင်သည့် အလုပ်သည် စိုးရိမ်ကြောင့်ကြမှုများစွာဖြင့်…။
ဘောလုံးရာသီစပြီး ၃ လခန့်အကြာ နောက်ဆုံးတော့ ကျွန်တော့်သူငယ်ချင်း သူ၏ ဘောလုံးပွဲရုံကိုပိတ်၍
စက်ပစ္စည်းများအားလုံး ရောင်းချခဲ့ရသည်။ ထိုအိမ်အား ပြန်အပ်ပြီး အခြားတစ်နေရာ သို့ပြောင်းသွားခဲ့သည်။
ကျွန်တော်တို့ အတွက် ဘာမှ မကျန်ခဲ့။ ထိုအချိန်မှ စ၍ ဘောလုံးလောင်းကစားနှင့် ကျွန်တော်လည်း
အဆက်ပြတ်ခဲ့သည်။
နောက်ပိုင်းတွင်
ပွဲချိန်အတွင်း ဂိုးပေါင်းခန့်မှန်းခြင်းနှင့် ပွဲအပြီး ရလာဘ်ခန့်မှန်းခြင်းတို့ ပျောက်သွား၍
မောင်းဟုခေါ်သော လောင်းနည်းတစ်မျိုးပေါ်ခဲ့ကြောင်းကိုတော့ ဘောလုံးပွဲကြည့်ရတာ ဝါသနာပါသော
ကျွန်တော်သိခဲ့ရသည်။ ခြေဦးတော့ ယောင်လို့တောင် ပြန်မလှည့်ဖြစ်ခဲ့တော့။
ဘောလုံးပွဲ၏ ဖြစ်နိုင်ချေသည်
ချဲ၊ နှလုံးထီတို့နှင့်စာလျှင်တော့ သာသည်ဟုဆိုရမည်။ တည့်ပေါက်သော ပွဲတစ်ခု ဆိုပါတော့။
ဖြစ်နိုင်ချေ နိုင်ခြင်း၊ ရှုံးခြင်း နှင့် သရေကျခြင်းတို့တွင် သရေကျခြင်းတည်းဟူသော
သူလည်းမနိုင် ကိုယ်လည်း မနိုင်ကိစ္စကို ဖယ်ထားလိုက်ပါက သင်တစ်ထောင်လောင်းလျှင် တစ်ထောင်နိုင်ခြေ
1:2 ရှိ၍ ရှုံးနိုင်ခြေ 1:2 ရှိသဖြင့် မျှသည်ဟု ယေဘူယျ တွက်နိုင်သော်လည်း ဒိုင်မှ ကော်မရှင်အဖြစ်
၅% ကိုဖြတ်ထားသည်။ ထို့ကြောင့် သင်ကြေးတူလောင်းထားသော တစ်ပွဲနိုင်၍ တစ်ပွဲရှုံးလျှင်
ထိုကြေး၏ 5% သည်ကား အမြဲရှုံးနေမည်ဖြစ်သည်။ နိုင်သောပိုက်ဆံကိုလည်း သင်နိုင်သောအခါ ဘာများအဖတ်တင်မည်နည်း။
သင်သုံးလိုက်ရတာတော့ အဖတ်တင်နိုင်ပေမဲ့ သင်ရှုံးသောအခါ သင့်အိတ်ကပ်ထဲမှ စိုက်ရမှာလေ။
================================
“ကျွန်တော်သိသော ချဲထီ”
ချဲထီဆိုတာက
ထိုင်းနိုင်ငံတွင် လဆန်းတစ်ရက်နေ့ နှင့် ၁၅ ရက်နေ့တွင်ဖွင့်သော ထိုင်းနိုင်ငံ၏ တရားဝင်ထီ
မှ နောက်ဆုံး သုံးလုံးကို ခန့်မှန်းကာ အလောင်းအစားပြုလုပ်ခြင်းဖြစ်သည်။ ကျွန်တော်သိသလောက်
၁၉၈၈ အရေးအခင်းမတိုင်မီ ကျွန်တော် မူလတန်းကျောင်းသားဘဝကတည်းက ချဲထီအကြောင်းကြားဘူးခဲ့ခြင်းဖြစ်သည်။
၀၀၀ မှ ၉၉၉ အထိ ဂဏန်း၁၀၀၀ အတွင်း အလောင်းအစားပြုလုပ်ရခြင်းဖြစ်ကာ ပေါက်သောဂဏန်းအတွက်မူ
အဆ (၅၀၀) မှ (၆၀၀) ကြားဒိုင်မှ ပေးလျှော်သည်။ ကျွန်တော့်ဘဝတွင် ချဲကို အပျင်းပြေတော့
ထိုးကြည့်ခဲ့ဘူးတယ်။ တစ်ခါမှတော့ မပေါက်ဘူးခဲ့။ ၂၀၀၀ နောက်ပိုင်းတွင် ဂဏန်းတစ်လုံးအပါမှန်အောင်မှန်းနိုင်လျှင်
သုံးဆ၊ ဂဏန်းတစ်လုံးအား နေရာအတိအကျ မှန်းနိုင်လျှင် ၈ဆ အထိလျှော်သော ဒိုင်များရှိခဲ့ဘူးသည်။
ဖြစ်နိုင်ခြေအရ တစ်ကွက်ထိုးလျှင်
1:1000 chance ရှိသည်။ သို့သော် ဒိုင်မှပေးလျှော်သည့်အခါ အဆ ငါးရာသာ ရှိသည်။ ဆိုပါစို့
သင် အကွက်ငါးရာထိုးလျှင် သင်ပေါက်ဖို့အတွက် chance မှာ 1:2 သာရှိသလို မပေါက်ဖို့
chance မှာလည်း 1:2 သာရှိသည်။ ထို့ကြောင့် သင်ပေါက်ခဲ့လျှင်တောင် သင်၏ အရင်းသာရှိသည်။
ဘယ်လိုပဲ တွက်တွက် ကိုယ့်အတွက် တစ်ဝက်ရှုံးနေသော ချဲထီကို ကျွန်တော် စိတ်မဝင်စားခဲ့။
================================
“ကျွန်တော်သိသော နှစ်လုံးထီ”
၂၀၀၀
ပတ်ဝန်းကျင်က မြန်မာထီသည် လဆန်းတစ်ရက်နေ့မှ ခုနစ်ရက်နေ့အထိ တစ်လလျှင် (၇) ရက်ဖွင့်သည်။
ထိုစဉ်က အကြီးဆုံးဆုမဲမှာ သိန်း(၅၀) ဆုဖြစ်သည်။ ထိုတစ်ရက်လျှင် တစ်ဆုထွက်သော သိန်း(၅၀)
ဆု အက္ခရာနှင့် ဂဏန်း(၆) လုံးမှ နောက်ဆုံး ဂဏန်း (၂) လုံးကို နှလုံးထီဟူ၍ ခန့်မှန်းကာ
လောင်းကစား လုပ်ခဲ့ကြသည်။ မှန်လျှင် အဆ (၈၀) လျှော်သည်။
ထိုနှစ်လုံးထီ
ခေတ်စားစဉ်ကာလအတွင်းက နှလုံးထီဖွင့်ချိန် နံနက် (၉) နာရီဆိုလျှင် ဈေးသည်လည်း ဈေးမရောင်းတော့၊
ဆိုက်ကားသမားလည်း ဆိုက်ကားမနင်းတော့။ ထိုမျှအထိ လူတော်တော်များများ စွဲလန်းခဲ့ကြသည်။
နှလုံးထီ မထိုးဘူးလျှင် ခေတ်မမှီဟုပင် ဆိုရမလိုပင်။ လောင်းကစားကို မြန်မာနိုင်ငံတွင်
တရားဝင်ခွင့်ပြုခြင်းမရှိပေမဲ့ လိုင်းကြေးဟု ခေါ်သော ရဲများ နှင့် အာဏာပိုင် အဖွဲ့အစည်း
အချို့ကို ဒိုင်များမှ ပိုက်ဆံပေးကာ လက်ဖက်ရည်ဆိုင်၌ပင် အတင့်ရဲစွာ လောင်းကစားလုပ်ကြ၏။
၂၀၀၃ ပတ်ဝန်းကျင်တွင် ဖြစ်မည်ထင်သည်။ (အတိအကျ မမှတ်မိတော့) တစ်လလျှင် ခုနှစ်ရက်ဖွင့်သော
မြန်မာထီအား လဆန်းတစ်ရက်တွင်ပင် အပြီးဖွင့်ရန် ပေါ်လဆီပြင်လိုက်သော အခါတွင်မှ ထိုနှလုံးထီပျောက်ခဲ့သည်။
သို့သော် နောက်ဆုံး ၂ လအတွင်း စည်းပွားပျက်ခဲ့သူတွေအများကြီး။ တိုက်ရောင်း ကားရောင်း
ရွှေရောင်းအထိ စည်းပွားပျက်ခဲ့သည်။ အကြောင်းမှာ နောက်ဆုံး ၂ လမတိုင်ခင် တစ်လ၌ (၆) နှင့်
(၇) ဂဏန်းနှစ်လုံး ပျောက်ခဲ့သည်။ ထို့ကြောင့် အချို့သောသူများသည် ၆ (သို့) ၇ ပါသော
ပတ်လည်ဂဏန်း ၁၉ လုံးကို ဆတိုးတိုးကာ လိုက်ကြ၏။ သို့သော် နောက်ဆုံးအကြိမ်နောက်ဆုံးရက်အထိ
ထို ၆ နှင့် ၇ ထွက်လာခဲ့ခြင်းမရှိ။ သင်္ချာနည်းအရ တစ်နေ့ထွက်မည်မှန်သော်လည်း ထိုနှစ်လုံးထီဆိုသော
လောင်းကစားမှာ မရှိတော့။
ကျွန်တော်လည်း
ပုံမှန်မဟုတ်တောင် တစ်ခါတစ်ရံထိုးဖြစ်ခဲ့ပါသည်။ မှတ်မှတ်ရရ တစ်ညနေ ကျွန်တော်တို့ သူငယ်ချင်းများ
လက်ဖက်ရည်သောက်နေချိန်တွင် အရမ်းကပ်စီးနဲသော သူငယ်ချင်းတစ်ယောက် ကျွန်တော်တို့ဝိုင်းအား
ဝင်ရှင်းပေးခဲ့သည်။ ထို့ကြောင့် ကျွန်တော်တို့ အဖွဲ့သည် ထိုဝိုင်းရှင်းရန်ပိုက်ဆံများအား
ထိုသူငယ်ချင်း နာမည်အား အတိတ်ကောက်၍ (ကိုဟိန်း = ၂၆) ဆိုကာ နှစ်လုံးထီ ထိုးခဲ့သည်။
နောက်နေ့ ထိုဂဏန်းထွက်သည်။ သို့သော် ဒိုင်မှာ ထွက်ပြေးသွားခဲ့၍ ကျွန်တော်တို့ အလျှော်
မရခဲ့။ အရင်းသာ ဆုံးခဲ့သည်။ ဒိုင်မှာထွက်မပြေးဘဲ မလျှော်ဘူးကွာဟု ပြောလျှင်လည်း ကျွန်တော်တို့
ဘာတတ်နိုင်မည်နည်း။ အစကတည်းက တရားမဝင်သော လောင်းကစားကို မည်သူ့ထံသွားရောက်တိုင်တန်းမည်နည်း။
ထိုသူ့ကို မလျှော်ရကောင်းလားဟု သတ်လိုက်လျှင်လည်း သတ်သောသူသာ လူသတ်မှုနှင့်ထောင်ကျမည်သာ
ဖြစ်သည်။
မြန်မာနှစ်လုံးထီပျောက်ပြီး
နောက်ပိုင်းတွင်ကား ပို၍ပင်ဆိုးလာခဲ့သည်ဟု ဆိုရမည် ဖြစ်သည်။ ထိုင်းစတော့အိပ်ချိန်း
ပိတ်ချိန်တွင် ထိုမှ ဂဏန်းများထဲမှ တစ်လုံးစီယူ၍ နှစ်လုံထီဟု လောင်းကစားလုပ်ကြ၏။ ဘယ်လိုဘယ်ပုံယူလည်းဆိုတာတော့
ကျွန်တော် သေချာနားမလည်။ ပထမ ညနေပိုင်းတွင်သာ လောင်းကစားခဲ့ရာမှ နောက်ပိုင်းတွင် နေ့လည်
တွင်ပါ လောင်းကစားသည်ဟု ကြားမိပါသည်။ ဒီတစ်ခါတော့ ကျွန်တော် သိလည်းမသိချင်တော့ အကင်းရှင်ဆုံးနေခဲ့သဖြင့်
ဘယ်သူတွေ ဘယ်လိုဖြစ်ခဲ့လည်း ပင်မသိတော့။
ဖြစ်နိုင်ခြေအရ တစ်ကွက်ထိုးလျှင်
ပေါက်နိုင်ခြေမှာ 1:100 ရှိသည်။ သို့သော် ဒိုင်မှ အဆ ရှစ်ဆယ်သာ လျှော်ပါသည်။ ထို့ကြောင့်
သင်အကွက်ရှစ်ဆယ်ထိုးလျှင်တောင် သင်ပေါက်နိုင်ခြေမှာ 4:5 သာရှိသေးသည်။ သင်လွဲနိုင်ခြေ
1:5 ရှိသေးသည်။ ထို့ကြောင့် သင့်မှာအမြဲ 1:5 အရှုံးရှိသည်။ (ဒါတောင် ဒိုင်လျော်ခြင်း
မလျော်ခြင်း ကိုထည့်တွက်မထား)
================================
“ကျွန်တော်သိသော ဖဲ”
ဖဲနှင့်ပတ်သက်၍
ကျွန်တော် ၆ တန်းနှစ် ၁၉၉၃ ခုကတည်းက ရပ်ကွပ်အတွင်းရှိ ဆယ်တန်းအောင်စ အစ်ကိုကြီးတစ်ယောက်၏
ပညာသင်ဖြစ်ခဲ့သည်။ သူ့ကို ဖဲနှင့်အကျိုးပေးသည်ဟု ပြောကြသည်။ သို့သော် ညီလို အစ်ကိုလိုခင်သော
ကျွန်တော်တို့ကို ဖဲလိမ်နည်းများ ဖဲခိုးနည်းများကို ထိုစဉ်ကတည်းက ပြောပြခဲ့သည်။ ထို့အပြင်
မျက်နှာထားသည်လည်း အရေးကြီးကြောင်း သင်ပေးခဲ့သည်။ သူသည် ဖဲမရိုက်ရန် မတားခဲ့။ သို့သော်
သူ့ဆီမှာ လျို့ဝှက်ချက်များစွာကို သိခဲ့ရသော ကျွန်တော်တို့ သူငယ်ချင်း တစ်ဖွဲ့လုံး
ဖဲသမား မည်သူမျှ ဖြစ်မလာခဲ့။ (ကျွန်တော်တွင် စိတ်ထားတစ်ခုရှိသည်။ ဖဲရိုက်သောအခါ အရှုံးခံနိုင်သော
ပိုက်ဆံကို တွက်၍ ထိုပိုက်ဆံထက်ဘယ်တော့မှ ပိုမရိုက်၊ ထို့ကြောင့်လည်း ကြီးကြီးမားမား
တစ်ခါမှမရှုံးခဲ့။)
ဖဲကစားနည်းကား
အမျိုးမျိုးရှိသည်။ ကိုးမြည်း၊ ဘူကြီး၊ တွမ်တီဝမ်း၊ ရှမ်းကိုးမြည်း၊ ပိုကာ၊ ရှိုး စသည်တို့မှာ
အများဆုံးဆော့သော ကစားနည်းများဖြစ်သည်။ ရှမ်းကိုးမြည်း နှင့် ရှိုးသည်ကား အကြမ်းဆုံး၊
အလျှော်အစားအကြီးဆုံး၊ ခုသူဌေး ခုခွေးဖြစ်နိုင်သော ကစားနည်းများဖြစ်သည်။ ဖဲလိမ်ရိုက်တဲ့သူ
မရှိတဲ့ ကျောင်းကဖဲဝိုင်းများမှာတောင် သိန်းပေါင်းများစွာ ရှုံးခဲ့သော သူများရှိသည်။
သိန်းပေါင်းများစွာနိုင်ခဲ့သော သူများရှိမည်ဆိုလျှင်ပင် လောင်းကစားသမား၏ ပိုက်ဆံ အနဲဆုံး
အရက်ဆိုင် ကေတီဗွီ တို့လောက်ဆီတော့ ရောက်သွားတာပေါ့နော်…။
ဖဲနှင့်ပတ်သက်၍
အားလုံးလည်း သိပြီးဖြစ်သဖြင့် ရှည်ရှည်ဝေးဝေးမပြောချင်တော့။ ကျွန်တော်သည်ပင် အခွင့်အခါ
ရလျှင် သူငယ်ချင်းများ အလုံးကြေးသုံးဆယ် ဒေါင်းကြေး တစ်ရာ ဖြင့် တစ်ညလုံးပိုကာ ဒေါင်းချင်ပါသေးသည်။
နိုင်တဲ့သူ မနက်စာ ကျွေးရမည်ဟူသော စည်းကမ်းနှင့်အတူ…။
“ကျွန်တော်သိသော အခြားလောင်းကစားများ”
ကျွန်တော်
တရုတ်ပြည်မှ လာသော အကြွေစေ့ဂိမ်းများ၊ ရွှေဘောလုံးဟု ခေါ်သော လောင်းကစားနည်း စသည်တို့ကို
လည်း ကြုံခဲ့ဘူးပါသည်။ ၄င်းတို့မှာ လိမ်နည်းစစ်စစ်များသာ ဖြစ်ပါသည်။ Zero IC ရိုက်ထားသော
အကြွေစေ့စက်သည် တစ်ပြားမှ မလျှော် အစားချည်းသက်သက်ဟု ထိုလုပ်ငန်းတွင် အကျွမ်းတဝင်ရှိလှသော
သူငယ်ချင်းမှ ရှင်းပြခဲ့ဘူးပါသည်။ လိုသလို ထိန်းချုပ်၍ရသော လိမ်နည်းတွင် လောဘဇောကပ်ကာ
ရှုံးနိမ့်ခဲ့သူများစွာ ရှိခဲ့ပါသည်။ ထို့အပြင်မြန်မာနိုင်ငံ၌ကား လောင်းကစား စုံလှ၏။
စာမှာလည်း အတော်ရှည်ပြီဖြစ်၍ အကျယ်မချဲ့တော့။
================================
လောင်းကစားနှင့်ပတ်သက်၍
နောက်ဆုံးပြောချင်သည်မှာ ဘာမှသေချာမှုမရှိခြင်းပင်ဖြစ်ပါသည်။ ကျွန်တော် မြင်မိသမျှ လောင်ကစားလုပ်၍
ဘဝပျက်သောသူသာ တွေ့ခဲ့ရသည်။ ချမ်းသာသွားသော သူအနည်းငယ်ရှိသည့်တိုင် ထိုသူတို့သည် စိတ်အမှန်တစ်ကယ်
ချမ်းသာရဲ့လားဟုတွေးကြည့်မိပါသည်။ ကျိန်းသေ နိုင်နေသော လောင်းကစားနည်းပင်လျှင် ဒိုင်မလျှော်လျှင်
ဘာမှလုပ်၍မရသော RISK တစ်ခုရှိသည်။ ဖြစ်နိုင်ခြေအရတွက်လျှင်လည်း မိမိဘက်မှ အရှုံးကြီးပဲရှိသည်။
ထို့ကြောင့် လောင်းကစားကို တတ်နိုင်သမျှ ရှောင်ကျဉ်နိုင်ကြပါစေကြောင်း ဆန္ဒပြုရင်း ကျွန်တော်သိခဲ့သမျှအား
ပြန်လည်မျှဝေ ခြင်းဖြစ်ပါသည်။
July
4,2013 (Thursday)
6:19PM
No comments:
Post a Comment