Thursday, January 16, 2014

၁၉လမ်း ဋိကာ


အဲဒီလမ်းလေးပေါ့
နေညိုချိန်ဆို သူ့သွင်ပြင်က
ခပ်နံ့နံ့ အပျိုရိုင်းလေးတစ်ယောက်လိုပဲ...
ကျွန်တော်တို့အတွက်လည်း
ဘယ်နှစ်ခါမြောက်ပဲရောက်ရောက်
ရည်းစားဦးနဲ့ ပထမဆုံး ချိန်းတွေ့သလို
ရင်ခုန်သံတွေ သစ်လွင်ဆဲပဲ…
အဲဒီလမ်းလေးက အဆင့်အတန်းမခွဲခြားဘူး…
လူကြီးမင်း အချို့က
ယမကာ လာရောက်သောက်သုံးတယ်
လူကြီးမင်း အချို့က
ပေါင်တံဖွေးဖွေး လေးတွေကို အမြည်းလုပ်တယ်
ပေါင်တံဖွေးဖွေးလေးတွေကလည်း
အကင်စုံကို အမြည်းလုပ်တယ်
အချို့က နိုင်ငံရေးသံစဉ်
အချို့က အသဲကွဲသံစဉ်
အချို့က အနုပညာသံစဉ်
သံစဉ်တွေဘယ်လို ကွဲပြား ကွဲပြား
အရာရာဟာ စည်းချက် ညီနေတယ်။
မြေပဲပြုတ်ရောင်းသံ နဲ့
ကိုခိုင်ထူး သီချင်းသံဟာလည်း
ဒီလမ်းလေးရဲ့ အမှတ်သင်္ကေတဖြစ်တယ်။
သန်းခေါင်ကျော်သည် အထိ စည်ကားဆဲလမ်းကလေး…

အဲ… နောက်နေ့မိုးလင်းချိန်လာကြည့်လိုက်
ရည်းစားဦးကို ကလေး ၂ ယောက်နဲ့
ရုတ်တရက်တွေ့လိုက်ရသလို
ရင်ခုန်သံတွေ ပြောင်းသွားမယ်… ။              ။

ကိုဇေ
January 16, 2014 (Thursday) 4:13PM


No comments: