Wednesday, August 5, 2015

ရေဘေး - ၂





အဲဒီကျောင်းသားတွေ
အဲဒီလူငယ်တွေ
လက်ဖက်ရည်ဆိုင်ထိုင်ဖို့ လမ်းပေါ်ထွက်တယ်
ဘီယာဆိုင်ထိုင်ဖို့ လမ်းပေါ်ထွက်တယ်
ဂိမ်းဆိုင်သွားဖို့ လမ်းပေါ်ထွက်တယ်
လူငယ်သဘာဝ လမ်းပေါ်ထွက်ကြတယ်

အဲဒီကျောင်းသားတွေ
အဲဒီလူငယ်တွေ
စစ်အာဏာရှင်ကို ဖီဆန်ဖို့ လမ်းပေါ်ထွက်တယ်
မတရားဥပဒေတွေ ဆန့်ကျင်ဖို့ လမ်းပေါ်ထွက်တယ်
ဒီမိုကရေစီအရေးအတွက် လမ်းပေါ်ထွက်တယ်
လူ့အခွင့်အရေးအတွက် လမ်းပေါ်ထွက်တယ်

ဟော ခုလည်း လမ်းပေါ်ထွက်ရပြန်ပြီ
တစ်နိုင်ငံလုံးက ရေဘေးသင့်ပြည်သူတွေ
ကူညီဖို့တဲ့...

စာသင်ခန်းထဲက အချိန်တွေ
ဂိမ်းဆော့ရမဲ့အချိန်တွေ
ရည်းစားနဲ့ ချိန်းတွေ့မဲ့အချိန်တွေ
ကိုယ်ပိုင်အချိန်တွေ ပေးဆပ်ရင်း
အဲဒီကျောင်းသားတွေ
အဲဒီလူငယ်တွေ
ရေဘေးသင့်ပြည်သူတွေအတွက်
အရှက်အကြောက်မရှိဘဲ
လမ်းပေါ်မှာ
အလှူခံဖို့
ထွက် ကြ တယ်...။    


ကိုဇေ
August 4,2015 at 3:36PM

(မြန်မာနိုင်ငံ နေရာအနှံ့အပြားတွင် ဖြစ်ပေါ်နေသော ရေဘေးအတွက် ခံစားချက်များ)

No comments: