Friday, August 29, 2014

ကိုယ့်ကိုယ်ကို မုန်းမိခြင်း


ကိုယ့်ရဲ့သိမှုအတွင်းက အမှန်တရားအချို့ကို
သိနေမိတဲ့ အတွက်လည်း
ကိုယ့်ကိုယ်ကိုမုန်းတယ်။

ဖြစ်ချင်တာရယ်၊ ဖြစ်သင့်တာရယ်၊ ဖြစ်နေတာရယ်
တိုက်ဆိုင်မနေတဲ့ အတွက်လည်း
ကိုယ့်ကိုယ်ကို မုန်းတယ်။

သူတစ်ပါးကို မလိမ်ညာပေမဲ့
ကိုယ့်ကိုယ်ကို ညာမိနေတဲ့အတွက်လည်း
ကိုယ့်ကိုယ်ကို မုန်းတယ်။

ချစ်ခြင်းမေတ္တာကို
အရမ်းငတ်မွတ် နေမိတဲ့အတွက်လည်း
ကိုယ့်ကိုယ်ကိုမုန်းတယ်။

ကိုယ့်ရဲ့ပျော်ရွှင်မှုဟာ အခြားသူတစ်ဦးအပေါ်
သွားမှီတည်မိနေတဲ့ အတွက်လည်း
ကိုယ့်ကိုယ်ကိုမုန်းတယ်။


နောက်ဆုံး…
ကိုယ့်ရဲ့ဖြစ်တည်နေမှုအတွက်လည်း
ကိုယ့်ကိုယ်ကိုမုန်းတယ်။


ကိုဇေ

August 28, 2014
လှည်းတန်းဂုံးတံတားအောက် Night Out ထွက်မိရာမှအတွေး


Tuesday, August 12, 2014

လက်ဖက်ရည်ဆိုင်ထိုင်ခြင်း


လက်ဖက်ရည်တစ်ခွက်မှာပြီး
ကလေးလုပ်သားနဲ့မြည်းတယ်
လူကြီးလူကောင်းငါတို့။           ။


မောင်မြတ်သူ

Thursday, August 7, 2014

လှည်းတန်း


လိုင်းပေါက်ကနေ ရန်ကုန်တက္ကသိုလ် စိန်ရတု ဖြစ်လာခဲ့တဲ့နေရာ…
  • လှည်းတန်း


၁၉၉၆ ဒီဇင်ဘာမှာ သမိုင်းမှတ်တိုင်စိုက်ထူခဲ့တဲ့နေရာ...
  • လှည်းတန်း


အောင်ချမ်းသာဆိုတဲ့ လမ်းဟာ မြေပုံပေါ်က ပျောက်သွားခဲ့တဲ့နေရာ…
  • လှည်းတန်း


တစ်ဆက်ရှင်စာ တည်းခိုခန်း မရှိသေးတဲ့နေရာ...
  • လှည်းတန်း


ခြံတွေတစ်ခြံမှ မရှိတော့ပေမဲ့ ဦးထွန်းလင်းခြံလမ်းလို့ ခေါ်တဲ့နေရာ…
  • လှည်းတန်း


တစ်နေကုန်ဆူညံသလောက် ညကိုးနာရီခွဲကျော်ရင် သူမဟုတ်သလိုနေတဲ့နေရာ…
  • လှည်းတန်း


သူတောင်းစားတစ်ယောက်ဟာ အင်ဂျင်နီယာတစ်ယောက်ထက် ၀င်ငွေပိုကောင်းတဲ့နေရာ...
  • လှည်းတန်း


အရက်သမားတွေပေါသလောက် အရက်ဆိုင် ရှားမြဲရှားဆဲနေရာ…
  • လှည်းတန်း


ဂိုးရှိုးစတိုးကနေ စိန်ဂေဟာအထိ ရောင်းကောင်းခဲ့ ရောင်းကောင်းဆဲနေရာ…
  • လှည်းတန်း


ပလက်ဖောင်းပေါ်ကနေ ၈လွှာတိုက်ခန်းပေါ်အထိ စီးပွားဖြစ်တဲ့နေရာ…
  • လှည်းတန်း


သမီးရည်းစားတွေ kissing ရိုက်ဖို့အတွက်ဂုံးကျော်တံတားကြီး ဆောက်ပေးခဲ့တဲ့နေရာ…
  • လှည်းတန်း


ခေတ်တွေဘယ်လောက်ပြောင်းပြောင်း ဘယ်တော့မှ မရင့်ကျက်ခဲ့တဲ့နေရာ…

  • လှည်းတန်း


ကိုဇေ
( August 6, 2014 ညဘက်မှာ Facebook မှာတင်ခဲ့တဲ့ Status တွေ ပြန်စုစည်းထားတာပါ။ ကိုယ်ကိုယ်တိုင်က လှည်းတန်းနဲ့ နီးတဲ့နေရာ တစ်ချိန်က ၀ဂ္ဂီရိပ်သာ ယခု ပြည်ရိပ်မွန်အိမ်ရာ မှာ အကြာကြီးနေခဲ့ဘူးတာကို။ ကိုယ့်ရဲ့ ငယ်ဘ၀ဟာလည်း လှည်းတန်းမှာ ဖြတ်သန်းခဲ့သလို… လူပျိုပေါက် အရွယ်ဟာလည်း လှည်းတန်းမှာပဲ ဖြတ်သန်းခဲ့တာပါ။ ယခုထက်တိုင် လှည်းတန်းကို တစ်ပါတ် အနဲဆုံး တစ်ခါလောက် မှ မလာရရင် မနေနိုင်လောက်တဲ့နေရာ။ ခေတ်တွေ ပြောင်းလဲ ကိုယ်ချစ်ခဲ့ ချစ်ဆဲ ချစ်မြဲ ချစ်နေဦးမဲ့ လှည်းတန်း…။ ခုချိန်မှာ လှည်းတန်းမှာ နေတဲ့သူတွေဟာ ကြံတောသင်္ချိုင်းတို့၊ လိုင်းပေါက်တို့၊ အောင်ချမ်းသာလမ်းတို့၊ ဂိုးရှိုးစတိုးတို့ဆိုတာတွေ သိမှာမဟုတ်တော့ပါဘူး။ ဆက်ပြီးရေးမယ်ဆို ရေးစရာတွေအများကြီး။ ဒါပေမဲ့ ပျင်းတာရော၊ ရှည်သွားရင် ထုံသွားမှာ ဆိုးလို့ရော၊ ဒီမျှ ဒီမှာပဲ အဆုံးသတ်လိုက်ပါတော့မယ်။ )

Monday, July 21, 2014

ပျော်ရွှင်မှု Vs နာကျင်မှု


ငါပျော်တယ်ဆိုတာ ငါသိပ်မငိုရတဲ့နေ့တွေပဲ ဖြစ်မှာပါ...

ရှိန်း


ပျော်ရွှင်မှု... ပျော်ရွှင်မှု ဆိုတာဘာလည်း... ငါ့ကိုယ်ငါ ပြန်မေးကြည့်မိတယ်.. မင်းအခု နာကျင်နေတယ် မဟုတ်လား... မင်းနာကျင်နေတဲ့ အချိန်တွေမှာ ကြည်နူးမိတဲ့ အချိန်တွေ၊ သာယာမိတဲ့ အချိန်တွေကို ပြန်စဉ်းစားကြည့်မိလိမ့်မယ်... အဲဒါ ပျော်ရွှင်မှုပဲ... ပျော်ရွှင်မှုဆိုတဲ့ အရာက ကြုံတွေ့နေရတဲ့ ပစ္စုပ္ပန်မှာ ဘာမှန်းမသိသာဘူးလေ... သမရိုးကျလေးပဲ ဖြတ်သန်းသွားလိုက်တာ... ပြီးတော့ ဘယ်လိုတည်မြဲအောင် ထိန်းသိမ်းထားရမလည်းဆိုတာလည်း မတွေးခဲ့မိဘူးလေ... အဲ နောင်တစ်ချိန် နာကျင်မှုနဲ့ ကြုံတဲ့အခိုက်မှ အော် ငါပျော်ခဲ့ဘူးပါလားဆိုပြီး ပြန်လည် ခံစားမိတာ...ဒါပေမဲ့ အဲအချိန်မှာ မပျော်ရွှင်နိုင်တော့ဘူး...  အဲလိုဆို နာကျင်မှုဆိုတာကရော... နာကျင်မှုဆိုတာကလား... အမ်း အတိတ်တုန်းက နာကျင်စရာ ကြုံကြုံချင်းမှာလည်း နာကျင်ခဲ့တယ်... ပစ္စုပ္ပန်မှာလည်း နာကျင်ဆဲပဲ.. အဲ အနာဂတ်ရောက်သွားလို့ ပြန်တွေးမိလိုက်တိုင်းလည်း တစ်စိမ့်စိမ့် နာကျင်နေရဦးမှာပဲလေ... 

ဘဝဆိုတာ ပျော်ရွှင်ရန် တိုတောင်းလွန်းပြီး နာကျင်ရန် ရှည်လျားလွန်းပါတယ်လေ...။ 


ကိုဇေ

ဖြူနှင်းဖွေးကဗျာတစ်ပုဒ်မှရသော အတွေးတစ်စ

Friday, July 18, 2014

Invictus - အနိုင်မခံ


Invictus

Out of the night that covers me,
Black as the Pit from pole to pole,
I thank whatever gods may be
For my unconquerable soul.

In the fell clutch of circumstance
I have not winced nor cried aloud.
Under the bludgeoning of chance
My head is bloody, but unbowed.

Beyond this place of wrath and tears
Looms but the Horror of the shade,
And yet the menace of the years
Finds, and shall find, me unafraid.

It matters not how strait the gate,
How charged with punishments the scroll,
I am the master of my fate:
I am the captain of my soul.

William Ernest Henley (1849–1903)

===================================

အနိုင်မခံ

ငါ့အား ဖုံးလွှမ်းထားသော လကွယ်သန်းခေါင်
ဤအမှောင်အတွင်းမှနေ၍ အနိုင်မခံ အရှုံးမပေးတတ်သော

ငါ၏ စိတ်ဓါတ်ကို ဖန်ဆင်းပေးသည့် နတ်သိကြားတို့အား ငါကျေးဇူးတင်၏ ။
လောကဓံတရားတို့၏ ရက်စက်ကြမ်းကြုတ်သော လက်ဆုပ်တွင်းသို့
ကျရောက်နေရငြားသော်လည်း ငါကား မတုန်လှုပ် မငိုကြွေး
ကံတရား၏ ရိုက်ပုတ်ခြင်း ဒဏ်ချက်တို့ကြောင့်
ငါ၏ ဦးခေါင်းသည် သွေးသံတို့ဖြင့် ရဲရဲနီ၏ ညွတ်ကား မညွတ်
ဤလောဘ၊ဒေါသတို့ ကြီးစိုးရာဌာန၏ အခြားမဲ့၌ကား
သေခြင်းတရားသညါ ငံ့လင့်လျက်ရှိ၏ ။
သို့သော် ငါ့အား မတုန်လှုပ်သည်ကို တွေ့ရအံ့ ။
နောင်ကိုလည်း ဘယ်တော့မှ မကြောက်သည်ကိုသာ တွေ့ရအံ့ ။
သုဂတိသို့ သွားရာ တံခါးဝသည် မည်မျှ ကျဉ်းမြောင်းသည်ဖြစ်စေ
ယမမင်း၏ ခွေးရေပုရပိုက်၌ ငါ့အပြစ်တို့ကို မည်မျှပင် များစွာ
မှတ်သားထားသည်ဖြစ်စေ ငါကား ဂရုမပြု
ငါသာလျှင် ငါ့ကံ၏ အရှင်သခင်ဖြစ်၍
ငါသာလျှင် ငါ့စိတ်၏ အကြီးအကဲ ဖြစ်သတည်း။ ။

ဗိုလ်ချုပ်အောင်ဆန်း 

(အိုးဝေမဂ္ဂဇင်း၊ အတွဲ ၆ အမှတ် ၁၊၁၉၃၆ ခု)

Tuesday, July 15, 2014

၃၂သင်း၊ ၇၃၆ ယောက်၊ ၃၁ရက်၊ ၆၄ပွဲ၊ ၁၇၁ ဂိုး (သို့မဟုတ်) 2014 FIFA World Cup အားပြန်လည်ခံစားခြင်း



၎ နှစ်တစ်ကြိမ် FIFA မှကြီးမှူးကျင်းပသော ကမ္ဘာ့ဖလားပွဲကြီးကား ဇွန်လ (၁၂) ရက် ၂၀၁၄ တွင် ဆမ်ဘာတေးသံတို့ လွှမ်းခြုံထားသော တောင်အမေရိကမြေ၌ ဆိုက်ရောက်လာခဲ့ချေပြီ…။ စုစုပေါင်း ပါဝင်ယှဉ်ပြိုင်သည်မှာ ၃၂ သင်းဆိုသော်လည်း ဘရာဇီးသို့ ရောက်ရန် ကမ္ဘာ့နိုင်ငံပေါင်း ၂၀၃ နိုင်ငံမှ ခြေစစ်ပွဲ အဆင့်ဆင့်ကစားကာ နောက်ဆုံးဇကာတင် ကျန်ရစ်ခဲ့သော အသင်းများသာ ဖြစ်ခဲ့တယ်လေ… အဲဒါပြောတာ… FIFA ဆိုတာ ဘယ်လိုပဲ ဝေဖန်ခံနေရ နေရ၊ ကုလသမ္မဂ္ဂထက်တောင် အဖွဲ့ဝင်နိုင်ငံပိုများတဲ့ အဖွဲ့အစည်းလေ။ ကမ္ဘာသူ ကမ္ဘာသားတွေ ဘောလုံးကို ဘယ်လောက်ရူးသွပ်လည်း ဆိုတာလည်းပြတာပေါ့..  ကိုယ်လည်း တစ်ယောက်အပါအ၀င်ပါပဲ…။ ဆာအိုပေါ်လိုက ဖွင့်ပွဲကလည်း မြိုင်မြိုင်ဆိုင်ဆိုင်ပါပဲ။  ကိုယ်လည်း မလွတ်တန်းစောင့်ကြည့်လို့… ကိုယ်စိတ်ဝင်စားခဲ့တာ တစ်ခုပဲရှိခဲ့တယ်… သစ်ပင်တွေ သစ်ပင်တွေ သစ်ပင်တွေ သစ်ပင်တွေ … အချို့ကပြောကြတယ် sea game ဖွင့်ပွဲလောက်တောင်မလှဘူးတဲ့၊ ကိုယ်ကတော့ မထင်၊ မီးရှူးမီးပန်းဆိုတာက ပိုက်ဆံပေးရင် ၀ယ်လို့ရတယ်လေ၊ သစ်ပင်ဆိုတာက ခုတ်လိုက်ရင် ခဏလေးပေမဲ့ တစ်ပင်ရှင်သန်ဖို့အတွက် နှစ်ပေါင်းများစွာ ထိန်းသိမ်းစောင့်ရှောက်ရတာ၊ ဘရာဇီးသားတွေဟာ သူတို့ပိုင်ဆိုင်တဲ့ သယံဇာတတွေကို ချခင်းပြသွားတယ်.. ကိုယ် ကြည်နူးမိသလို ကိုယ့်နိုင်ငံက သယံဇာတတွေ အတွက်လည်း ၀မ်းနည်းမိရဲ့.. ကိုရွှေတရုတ်တို့ကတော့ ဘေဂျင်းအိုလံပစ်အတွက် မြစ်ဆုံကိုဗန်းပြ သစ်ပင်ကြီးတွေကို အမြစ်ကတူး ဆေးသွင်းပြီး သယ်သွားတာတွေကို လည်း သတိရမိရဲ့…။



(ဘောလုံးပွဲတွေကို တစ်ပွဲခြင်းထက် အုပ်စုတစ်ခုချင်းဆီအတွက်ပဲ ကိုယ်ပြန်ခံစားလိုက်တော့မယ်) 

Saturday, July 12, 2014

သူငယ်ချင်း


မင်းချစ်သူရပြီလား
တနင်္ဂနွေတွေမှာ လျှောက်လည်ပါ
ဘုရားတူတူသွားပါ
ရုပ်ရှင်ကားသစ်တင်ရင် သွားကြည့်ပါ
အင်းယားကန်ဘောင်မှာ အနမ်းတွေချွေပါ
ရင်ခုန်ပါ၊ ကြည်နူးပါ၊ ပျော်ရွှင်ပါ၊
ပြီးတော့ ငါတို့ကိုမေ့ထားပါ။

မင်းအသဲကွဲလာပြီလား
ဒီညနေ လာခဲ့ပါ
ရှက်ကီတူတူသောက်ရင်း
တော်ကီထူထူပွားကြရအောင်
ပြီးတော့ ငါ့နားနှစ်ဖက်ဟာ
မင်းရင်ဘတ်ကြီး သွန်ချဖို့ အဆင်သင့်ပါ…

ကိုဇေ

July 10, 2014

Friday, July 4, 2014

ကမ္ဘာမကျေ New Version


တရားပျောက်လို့ ဥပဒေကင်းကွာလို့နေ တို့ပြည်
များလူခတ်သိမ်း ဆင်းရဲစေဖို့
ရှိသမျှသယံဇာတ ရောင်းစားလို့နေ တို့ပြည်
ပြည်ထောင်စုအမွေ
အကုန်ရောင်းစားပေ
တ ရုတ် သို့ လေ...

ကမ္ဘာမကျေ မြန်မာပြည်
ဒါတို့ပြေ ဒါတို့မြေ ဦးပိုင်တို့မြေ
ဒါတို့ပြေ ဒါတို့မြေ တပ်ပိုင်တဲ့မြေ
တို့ပြည် တို့မြေ ကျုးကျော်သူပြည်သူများကို
ဘူဒိုဇာနဲ့ ထိုးလေ
တို့တာဝန်ပေ အဘခိုင်းလို့လေ...။


ကိုဇေ

Friday, June 27, 2014

အလွမ်းသစ်ပင်


အချစ်ဖြင့် မျိုးစေ့ချ

သံယောဇဉ်ဖြင့် ရေလောင်း

အနမ်းဖြင့် ပေါင်းသင်

ယုယခြင်း မြေသြဇာကျွေး






အချိန်ကာလ တစ်ခုလွန်မြောက်ပြီးနောက်

"အလွမ်း" ဆိုသော သစ်ပင်လေးသည်

ဖွင့်ထွားရှင်သန်လာပါလိမ့်မည်။                       ။


ကိုဇေ
June 25, 2014 (Wednesday)

Monday, June 23, 2014

ဘောလုံးပွဲ


မိနစ်ကိုးဆယ်အတွင်း
ဘောလုံးတစ်လုံးကြား
လူနှစ်ဆယ့်နှစ်ယောက်
စနစ်တကျ ဗျာများ

ရသာကိုးပါ တစ်ပါးမကျန်
တစ်လှည့်စီပေးစွမ်းရင်း
ကမ္ဘာသားတွေကို ဖျော်ဖြေဖို့။               ။


ကိုဇေ

June 22, 2014 

Thursday, June 19, 2014

လူသားတစ်ဦး၏ ဖြစ်တည်မှု


အဖေ မသိဘူး
အမေ မသိဘူး
ဘာသာ မသိဘူး
လူမျိုး မသိဘူး
နိုင်ငံ မသိဘူး
အသားအရောင် မသိဘူး
Gender မသိဘူး
ချမ်းသာခြင်း မသိဘူး
ဆင်းရဲခြင်း မသိဘူး
စစ်ပွဲ မသိဘူး
ငြိမ်းချမ်းရေး မသိဘူး
ဒီမိုကရေစီ မသိဘူး
အာဏာရှင် မသိဘူး
ဘာဆို ဘာမှ မသိဘူး…
သူကိုယ်တိုင် ရွေးချယ်ခဲ့တာမှ မဟုတ်တာ။
“အူဝဲ” လို့ ငိုရင်း
ဒီကမ္ဘာမြေပေါ် သူရောက်လာတယ်။            ။

ကိုဇေ

June 16, 2014 (Monday) 1:27AM

Monday, May 26, 2014

ထီထိုးခြင်း (၂)


ကိုယ်ကြိုမသိတဲ့
အက္ခရာတစ်လုံးနဲ့
ဂဏန်းခြောက်လုံးအတွက်
ဗေဒင်မမေးဘူး
ရက်ကောင်းမရွေးဘူး
" ညီမလေးရေ...
ငါးစောင်တွဲထဲက တစ်တွဲလောက်ပေးပါ "
ကိုယ်တတ်နိုင်တဲ့ ဘီယာတစ်ပုလင်းစာနဲ့
တစ်လစာ စိတ်ကူးယဉ်လို့ရခဲ့ပြီလေ...
မပျော်တတ်တဲ့ ကိုယ့်အတွက်
လေ ထဲ တိုက် အိမ် ဆောက် လို့။             ။

ကိုဇေ

May 26, 2014 (Monday)

သူမအတွက် ဆုတောင်း (၃)


နင်ငါ့ကို ချစ်သည်ဖြစ်စေ
နင်ငါ့ကို မချစ်သည်ဖြစ်စေ
နင့်ကို လူတိုင်းက ချစ်ပါစေ

ငါ ဆုမွန်ချွေသည်။            ။

ကိုဇေ

အင်တာနက်


အဝေးမှ အရာများကို
နီးကပ်သွားစေ၍
အနီးမှ အရာများကို
ဝေး …………………………… ကွာ ………………………. သွား စေ သည်။


ကိုဇေ

Monday, May 12, 2014

တစ်ကြောင်းတည်း


တစ်ယောက်နဲ့တစ်ယောက်ပေါင်း
တစ်ကြောင်းတည်းနဲ့ ကဗျာဖြစ်
ဒါ… အချစ်

တစ်ယောက်နဲ့ တစ်ယောက်လွဲ
တစ်ကြောင်းတည်းနဲ့ အသဲကွဲ
ဒါ… ကဗျာ… ပဲ

တစ်ယောက်နဲ့ တစ်ယောက်ဝေး
တစ်ကြောင်းတည်းနဲ့ ကဗျာရေး

ဒါ… အလွမ်းတေး


တိမ်မိုးဝေ၊ ကိုဇေ၊ ဇောက်ထိုး

အလွဲ


ကိုယ်နဲ့သူမကြား
တစ်ဒီဂရီလောက်လေးပဲ
လွဲခဲ့တာပါ…
ဒါပေမဲ့
သမုဒ္ဒရာ တစ်ခုစာခြားမှ
ကိုယ်သတိထားမိတယ်လေ
ဘယ်လောက်ပိန်းလိုက်တဲ့ကိုယ်လဲ…။

ကိုဇေ
May 11, 2014 (Sunday) 1:25AM


Thursday, May 8, 2014

ဆံသဆရာ


ဒီတစ်ခေါင်းက ဘိုကေ
ဒီတစ်ခေါင်းက ပန့်ခ်ကေ
ဒီတစ်ခေါင်းက အထောင်
ဒီတစ်ခေါင်းက ရှေ့တစ်လက်မနောက်ပြောင်
ဒီတစ်ခေါင်းကို ဆေးနီဆိုး
ဒီတစ်ခေါင်းကို ရွှေအိုရောင်
ကြိုက်တဲ့ကေ ကြိုက်တဲ့အရောင်လာထား
အဆင်ပြေစေရမယ်

ဒါပေမဲ့
သူ့ခေါင်းမှာတော့ ဆံပင်တွေ ဘုတ်သိုက်ဖြစ်ကာ ရှည်လို့
သူက တစ်ဦးတည်းသော ဆံသဆရာ လေ။              ။


ကိုဇေ

May 7, 2014 (Wednesday) 7:58 PM

Monday, May 5, 2014

သံသရာ


ကမ္ဘာဘယ်လိုလည်လည်
မလည်လည်
ကမ္ဘာရပ်သွားသွား
ပျက်သွားသွား
ငါတို့
တပျော်တပါးကြီး
ကိုယ်လည်စရာရှိတာ
လည် ကြ မယ် ။             ။

ကိုဇေ

May 4,2014 (Sunday) 9:03PM

Friday, May 2, 2014

မေ (၂) ၂၀၀၈ သို့အမှတ်တရ


နာဂစ်တဲ့

လှိုင်းလုံးကြီးတွေစီးလို့

ဧရာဝတီရဲ့ ရင်ခွင်ထဲ

ခမ်းရမ်းရမ်းလေနဲ့အတူ

သူရောက်လာခဲ့ပြီး

အသက်နဲ့ ဘဝတွေယူ

မျက်ရည်စနဲ့ အနိတ္ထာရုံတွေ

သူချန်ထားခဲ့တယ်...။


ကိုဇေ

ထီတိုက်ခြင်း


ဘဝမှာ မပိုင်ဆိုင်ဘူးတာတွေ

တစ်လစာ စိတ်ကူးယဉ်သမျှ

ထီပေါက်စဉ်လေး ကြည့်အပြီးမှာ

လွတ် ကျ ကွဲ ကြေ သွားခဲ့တယ်...။



ကိုဇေ