Tuesday, July 15, 2014

၃၂သင်း၊ ၇၃၆ ယောက်၊ ၃၁ရက်၊ ၆၄ပွဲ၊ ၁၇၁ ဂိုး (သို့မဟုတ်) 2014 FIFA World Cup အားပြန်လည်ခံစားခြင်း



၎ နှစ်တစ်ကြိမ် FIFA မှကြီးမှူးကျင်းပသော ကမ္ဘာ့ဖလားပွဲကြီးကား ဇွန်လ (၁၂) ရက် ၂၀၁၄ တွင် ဆမ်ဘာတေးသံတို့ လွှမ်းခြုံထားသော တောင်အမေရိကမြေ၌ ဆိုက်ရောက်လာခဲ့ချေပြီ…။ စုစုပေါင်း ပါဝင်ယှဉ်ပြိုင်သည်မှာ ၃၂ သင်းဆိုသော်လည်း ဘရာဇီးသို့ ရောက်ရန် ကမ္ဘာ့နိုင်ငံပေါင်း ၂၀၃ နိုင်ငံမှ ခြေစစ်ပွဲ အဆင့်ဆင့်ကစားကာ နောက်ဆုံးဇကာတင် ကျန်ရစ်ခဲ့သော အသင်းများသာ ဖြစ်ခဲ့တယ်လေ… အဲဒါပြောတာ… FIFA ဆိုတာ ဘယ်လိုပဲ ဝေဖန်ခံနေရ နေရ၊ ကုလသမ္မဂ္ဂထက်တောင် အဖွဲ့ဝင်နိုင်ငံပိုများတဲ့ အဖွဲ့အစည်းလေ။ ကမ္ဘာသူ ကမ္ဘာသားတွေ ဘောလုံးကို ဘယ်လောက်ရူးသွပ်လည်း ဆိုတာလည်းပြတာပေါ့..  ကိုယ်လည်း တစ်ယောက်အပါအ၀င်ပါပဲ…။ ဆာအိုပေါ်လိုက ဖွင့်ပွဲကလည်း မြိုင်မြိုင်ဆိုင်ဆိုင်ပါပဲ။  ကိုယ်လည်း မလွတ်တန်းစောင့်ကြည့်လို့… ကိုယ်စိတ်ဝင်စားခဲ့တာ တစ်ခုပဲရှိခဲ့တယ်… သစ်ပင်တွေ သစ်ပင်တွေ သစ်ပင်တွေ သစ်ပင်တွေ … အချို့ကပြောကြတယ် sea game ဖွင့်ပွဲလောက်တောင်မလှဘူးတဲ့၊ ကိုယ်ကတော့ မထင်၊ မီးရှူးမီးပန်းဆိုတာက ပိုက်ဆံပေးရင် ၀ယ်လို့ရတယ်လေ၊ သစ်ပင်ဆိုတာက ခုတ်လိုက်ရင် ခဏလေးပေမဲ့ တစ်ပင်ရှင်သန်ဖို့အတွက် နှစ်ပေါင်းများစွာ ထိန်းသိမ်းစောင့်ရှောက်ရတာ၊ ဘရာဇီးသားတွေဟာ သူတို့ပိုင်ဆိုင်တဲ့ သယံဇာတတွေကို ချခင်းပြသွားတယ်.. ကိုယ် ကြည်နူးမိသလို ကိုယ့်နိုင်ငံက သယံဇာတတွေ အတွက်လည်း ၀မ်းနည်းမိရဲ့.. ကိုရွှေတရုတ်တို့ကတော့ ဘေဂျင်းအိုလံပစ်အတွက် မြစ်ဆုံကိုဗန်းပြ သစ်ပင်ကြီးတွေကို အမြစ်ကတူး ဆေးသွင်းပြီး သယ်သွားတာတွေကို လည်း သတိရမိရဲ့…။



(ဘောလုံးပွဲတွေကို တစ်ပွဲခြင်းထက် အုပ်စုတစ်ခုချင်းဆီအတွက်ပဲ ကိုယ်ပြန်ခံစားလိုက်တော့မယ်) 




Group - A (Brazil, Croatia, Mexico, Cameroon)



12.6.2014; မှာ အဖွင့်ပွဲကို အိမ်ရှင် Brazil နဲ့ Croatia တို့ စကန်တယ်… ဒီနှစ်ကမ္ဘာ့ဖလားရဲ့ ထူးခြားချက်.. Brazil အတွက်လည်း မှတ်တမ်းတစ်ခု… အဖွင့်ဂိုးကို နောက်ခံဘယ်အစွန်လူ မာဆယ်လိုက own goal သွင်းပေးခဲ့တယ်လေ.. ဒီဂိုးဟာ ကမ္ဘာ့ဖလားရဲ့ အဖွင့်ဂိုးထဲမှာ ပထမဆုံး own goal ဖြစ်သလို ဘရာဇီးအတွက်လည်း သူတို့ရဲ့ ကမ္ဘာ့ဖလား သမိုင်းမှာ ပထမဆုံး own goal… ဒါပေမဲ့ နေမာဆိုတဲ့ ဘရာဇီးတို့ရဲ့ သူရဲကောင်း အားလုံးရဲ့ မှီခိုအားထားရာ မျှော်လင့်ချက်ကောင်းကင်လေးကြောင့် သူတို့ ပြန်လာခဲ့တယ်လေ.. ပွဲပီးတော့
#Brazil 3 v 1 #Croatia.

13.6.2014; မှာ ဒုတိယပွဲအဖြစ် Mexico နဲ့ Cameroon, ဒီပွဲမှာတော့ စည်းကျပ်ဒိုင်က Mexico သွင်းတဲ့ဂိုး ၂ ဂိုးကို လူကျွံဘောဆိုပြီး ငြင်းပယ်ခဲ့တယ်လေ.. ဒါပေမဲ့ ခြေသာတဲ့ Mexico ကပဲ တစ်ဂိုးတော့ ရအောင်သွင်းပြီး အနိုင်သုံးမှတ်ယူသွားတယ်…
#Mexico 1 v 0 #Cameroon

17.6.2014; မှာတတိယပွဲအဖြစ် Brazil နဲ့ Mexico တို့ကစားတယ်… ဒီပွဲမှာ သူရဲကောင်းတစ်ယောက်ပေါ်ခဲ့တယ်… သူက Mexico ရဲ့ ဂိုးသမား Ochua တဲ့… သူ့ရဲ့လက်စွမ်းနဲ့ Brazil လိုချင်တဲ့ အမှတ်သုံးမှတ်ထဲက တစ်မှတ်ကို ဒိုင်စားစေပြီး သူတို့ တစ်မှတ်ခွဲယူခဲ့တယ်။
#Brazil 0 v 0 #Mexico

18.6.2014; စတုတ္ထပွဲမှာတော့ Croatia က ခြေအသာ ကစားကွက်အသာနဲ့ပဲ Cameroon ကို ၄ ဂိုးပြတ်သွင်းလို့… ပထမဆုံးသော အနီကဒ်ကိုတော့ Cameroon က အဲလက်ဆောင်းက ယူခဲ့တယ်လေ…။ Cameroon ကတော့ အိမ်ပြန်ဖို့ စာရင်းပေါက်ခဲ့တာပေါ့
#Croatia 4 v 0 #Cameroon

23.6.2014; မှာ အုပ်စုနောက်ဆုံးနှစ်ပွဲကို တစ်ချိန်တည်းကစားတယ်လေ… ဘရာဇီးကတော့ သာသာယာယာနဲ့ ပဲ Cameroon ကို ဂိုးပြတ်အနိုင်ယူလို့ အုပ်စုပထမ နေရာကို ယူခဲ့တယ်.. နေမာကလည်း သုံးပွဲမှာ လေးဂိုးသွင်းခဲ့တယ်လေ။ တစ်ချိန်တည်းမှာပဲ သရေကျရုံနဲ့ နောက်တစ်ဆင့်တက်မဲ့ Mexico က Croatia ကို ထိုက်ထိုက်တန်တန်နဲ့ အနိုင်ယူ Brazil နဲ့ အမှတ်တူ ဂိုးကွာခြားချက်လျှော့နည်းခဲ့လို့ အုပ်စု ဒုတိယ နဲ့ နောက်တစ်ဆင့် တက်ခဲ့တယ်လေ
#Brazil 3 v 1 #Cameroon
#Mexico 3 v 1 #Croatia


Group – B (Spain, Netherlands, Chili, Australia)



13.6.2014; ရေပန်းအစားဆုံး နှစ်သင်း အရင်ဆုံးတွေ့တယ်… စပိန်က ပိုင်နက်တီကနေ ဂိုးစသွင်းတယ်… ဒါပေမဲ့ သေသပ်လှပတဲ့ ဗန်ပါစီရဲ့ ခေါင်းတိုက်ဂိုးနဲ့ ပြန်ချေသွားတယ်… ဒုတိယပိုင်းကတော့ upset တစ်ခုပဲ titi tika ကျဆုံးတာလား… ဒဲ့ဘောပဲ update မလုပ်တတ်တာလား… key player တွေ အသက်ကြီးကုန်တာလား… အဖြေကိုရှာမတွေ့ခင်မှာပဲ လိမ္မော်ရောင်တပ်သားတွေဟာ 2010 Final က ရှုံးကျွေးကို လှလှပပ ဆပ်သွားခဲ့တယ်လေ… 
#Spain 1 v 5 #Netherlands

တစ်နေရာသာခြားပြီး ကန်တဲ့ ဒုတိယပွဲမှာတော့ ဖျက်မြင်းဆိုတဲ့ Chili က Australia ကို အနိုင်ကန်လို့…  Australia လည်း အဲလောက် မညံ့ခဲ့ပါဘူး… Chili က ပိုကောင်းခဲ့တာပါ
#Chili 3 v 1 #Australia

18.6.2014; မှာ တတိယပွဲအဖြစ် Netherlands နဲ့ Australia ကန်တယ်… Australia ရဲ့ တိုက်ပွဲဝင်စိတ်ဓာတ်… တင်ကာဟေး ရဲ့ ပြီးပြည့်စုံ သေသပ်တဲ့ ဂိုးတစ်ဂိုး အပါအ၀င် နှစ်ကြိမ်တိုင် ရှေ့ကဦးဆောင်ခဲ့ပေမဲ့ လိမ္မော်ရောင်တပ်သားတွေရဲ့ တတိယဂိုးနဲ့ အတူအိမ်ကို အစောဆုံးပြန်ဖို့ အတွက် လက်မှတ်ယူခဲ့ရတယ်လေ… တစ်ဖက်ကလည်း Netherlands ဟာ အုပ်စုအဆင့်ကို အရင်ဆုံး ကျော်နိုင်တဲ့ အသင်းဖြစ်ခဲ့တယ်လေ
#Netherlands 3 v 1 #Australia

စတုတ္ထပွဲ သို့မဟုတ် စပိန်အတွက် မျှော်လင့်ချက်… နွားရိုင်းတွေဟာ Chili တို့ရဲ့ လျှင်မြန်မှုအောက်မှာ ပထမပိုင်း ၄၅ မိနစ်အတွင်းမှာပဲ ၂ ဂိုးပေးပြီး အသက်ငင်ခဲ့တယ်…။ ဒုတိယပိုင်းမှာလည်း ပြန်မလာနိုင်ခဲ့ဘူးလေ။ ကမ္ဘာ့ဖလားရဲ့ လက်ရှိချန်ပီယံဟာလည်း 2006 ချန်ပီယံ အီတလီတို့ 2010 မှာ အိမ်ပြန်စောခဲ့တာထက် ဆိုးရွာတဲ့ အခြေအနေနဲ့ အိမ်ပြန်စောခဲ့ပြီပေါ့… နွားရိုင်းတွေကို အားလုံးက ဆီမီးအထိ မျှော်လင့်ခဲ့တာလေ.. တစ်ပွဲစီ အကျန်မှာ ဒီသေမင်းတမာန်အုပ်စုက အဖြေကြိုထွက်ခဲ့တယ်လေ…
#Spain 2 v 0 #Chili

23.6.2014; Netherlands နဲ့ Chili တို့ ပထမနေရာ လုပွဲမှာတော့ ၃ ပွဲ ၉ မှတ်ဆိုတဲ့ ရလာဒ်နဲ့ အတူ လိမ္မော်ရောင် တပ်သားတွေ အုပ်စုဗိုလ်ဖြစ်ခဲ့တယ်။ Spain ကတော့ သိက္ခာဆယ် ၃ မှတ်ကို အရယူခဲ့တယ်… ဒေးဗစ်ဗီလာဟာလည်း တစ်ဂိုးသွင်းပြီး သူ့ရဲ့ နိုင်ငံကစားသမားဘ၀ကို လက်ပြ နှုတ်ဆက်ခဲ့တယ်လေ။
#Netherlands 2 v 0 #Chili
#Spain 3 v 0 #Australia


Group – C (Columbia, Ivory Coast, Japan, Greece)



Columbia ရေပန်းအစားဆုံး ဖြစ်ပေမဲ့ ခြေအမျှဆုံးလို့ သတ်မှတ်ထားတဲ့အုပ်စု… ဘယ်အသင်းတက်မလည်း ခန့်မှန်းရ ခက်တဲ့ အုပ်စု…

June 14, 2014; ပထမပွဲအဖြစ် Columbia က Greece ကို ၃ ဂိုးပြတ်နှိပ်ကွပ်ခဲ့တယ်.. ခြေလည်းသာတယ်… ပြီးတော့ Euro 2004 က Greece လည်း မဟုတ်တော့ဘူးလေ… ဒုတိယပွဲကတော့ ဒေသစံတော်ချိန် ည ၁၀ နာရီ မြန်မာစံတော်ချိန် နံနက် ၇ နာရီခွဲ မှာကန်ခဲ့တယ်.. ထူးထူးခြားခြားအချိန်မှာ ထုတ်ကန်တဲ့တစ်ပွဲ… FIFA က Japan ဈေးကွက်အတွက် ရုပ်သံနဲ့ ညှိတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်… ဒါပေမဲ့ Japan ကတော့ ကံမကောင်းခဲ့… ပထမပိုင်း ရထားတဲ့ တစ်ဂိုးကို ဒုတိယပိုင်းမှာ ခြေပဂိုးနဲ့ အနိုင်ဂိုးတွေ ပေးခဲ့ရတယ်လေ…။
#Columbia 3 v 0 #Greece
#Ivory Coast 2 v 1 #Japan

June 19, 2014; James Rodriguez ဆိုတဲ့ ချာတိတ်လေးဟာ ဖယ်ကာအို မပါနိုင်တဲ့ တိုက်စစ်ကို အကောင်းဆုံး ဦးဆောင်မှုပေးခဲ့တယ်.. နှစ်ပွဲကန် ၆ မှတ်နဲ့ အုပ်စုကနေ ကျွတ်ခဲ့တယ်လေ…။ Japan နဲ့ Greece တို့ကတော့ ခံစစ်ခြင်းအားပြိုင်ခဲ့တာလား တိုက်စစ်ခြင်း အညံ့ပြိုင်ခဲ့တာလား မကွဲပြားခဲ့…။ ကျန်သုံးသင်းလုံးဟာ နောက်ဆုံးပွဲအထိတော့ အသက်ရှိဆဲ
#Columbia 2 v 1 #Ivory Coast
#Japan 0 v 0 #Greece

June 24, 2014; အုပ်စုနောက်ဆုံးပွဲစဉ်မှာတော့ နေမျိုးအနွယ် သူရဲကောင်းတို့ မျှော်လင့်ချက်တွေဟာ သမ္ဘာ နဲ့ အဆုံးသတ် ကွာခြားမှုမှာ အဆုံးသတ်ခဲ့တယ်… သုံးပွဲ ကိုးမှတ်တဲ့ အက်စ်ကိုဘာ… ခင်ဗျား ရင်ထဲ လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်က ၀င်ခဲ့တဲ့ ကျဉ်ဆန်တွေအတွက် ခင်ဗျားမျိုးဆက်သစ်တွေ တာဝန်ကျေခဲ့တယ်။
တစ်ဖက်မှာလည်း အာဖရိက - ဥရောပ အားပြိုင်ပွဲ… သရေဆိုရုံနဲ့ နောက်တစ်ဆင့် တက်နေတဲ့ အာဖရိကသားတွေအတွက် နောက်ဆုံးမိနစ်ဟာ ကျိန်စာသင့်ခဲ့တယ်။ ပိုင်နက်တီတဲ့… ဇုနတ်မင်းကြီးပေးတဲ့ လက်ဆောင်လားပဲ… နောက်ဆုံးမိနစ်ဟာ ရင်ခုန်သံတွေ ဆူညံခဲ့တယ်လေ…
#Columbia 4 v #Japan
#Ivory Coast 1 v 2 #Greece


Group – D (Italy, England, Uruguay, Costa Rica)



June 14, 2014 ဆွာရက်မပါရင် ဥရုဂွေးဆိုတာ အဆိပ်မရှိတော့ဘူးလားလို့ ထင်စရာပွဲ… Costa Rica ရဲ့ ကြိုးစားမှုကို အသိအမှတ်ပြုဖို့ အဲဒီပွဲ အဲဒီအချိန်တုန်းကတော့ စောလွန်းခဲ့သေးတယ်လေ… upset တစ်ခုလို့ပဲ ထင်ထားခဲ့တာပေါ့
#Uruguay 1 v 3 #Costa Rica

အားလုံးက ဒီပွဲကို ဒီအုပ်စုမှာ ပထမနေရာ လုမဲ့ပွဲလို့ အဲဒီတုန်းက ထင်မှတ်ခဲ့တာပေါ့…။ England မညံ့ပါဘူး… Italy ကပိုကောင်းခဲ့တာပါ.. အထူးသဖြင့် သက်ကြားအို ပီယာလိုကြီးဟာ ကွင်းလည်မှာ တည်တည်ငြိမ်ငြိမ်နဲ့ ဘောလုံးကို ထိုင်ဖြန့်ခဲ့တဲ့ သမ္ဘာ… ဒုတိယပိုင်းအစ Why Always Me? ဆိုတဲ့ မေးခွန်းတွေကြားက ခြေမဆိုးတဲ့ လူဆိုးတစ်ကောင်ရဲ့ ခေါင်းတိုက်ဂိုးကို ရအပြီး အီတလီခံစစ်ဆိုတာ ဒီလိုဆိုတာ ပြခဲ့တဲ့ပွဲ…
#Italy 2 v 1 #England

June 19, 2014 ဇာတ်လမ်းက ခုမှစတာ…  တစ်ကယ်တော့ သူငယ်ချင်းတစ်ယောက်တင်ထားတဲ့ status လိုပါပဲ Premier League ဆိုတာ အငှားယောက်ျားနဲ့ ရတဲ့ကိုယ်ဝန်ပါတဲ့… Premier League ရဲ့ ဂိုးသွင်းအများဆုံး တိုက်စစ်မှုး ပြန်ပါလာခြင်းဟာ နေမ၀င်အင်ပါရာရဲ့ နိဂုံးချုပ်ခြင်းပေါ့…။ သူ့နာမည်က Lois Suarez တဲ့.. လှပသေသပ်တဲ့ခေါင်းတိုက်ချက်နဲ့ ဦးဆောင်တယ်.. ရွန်နီရဲ့ ကမ္ဘာ့ဖလား ပထမဆုံးသော သွင်းဂိုး သို့မဟုတ် ခြေပဂိုးဟာ အသင်းဖော် စတီဖင်ဂျရတ်ရဲ့ အမှားတစ်ချက်ကို အကောင်းဆုံး အသုံးချရင်းနဲ့ပဲ… (အဲဒီအချိန်ထိ နေပြန်ထွက်ဖို့ မျှော်လင့်ချက်ရဲ့ရဲ့လေးက Italy က Costa Rica ရော Uruguay ကိုပါ အနိုင်ကန်.. သူတို့က Costa Rica ကို ဂိုးပြတ်သွင်းပေါ့.. )
#England 1 v 2 #Uruguay

Costa Rica ဆိုတာ တစ်ကယ်တော့ အိမ်ဖြည့်အသင်းလေးပါ (အားလုံးအထင်မှာပေါ့လေ)… ဒါပေမဲ့ သူတို့က အိမ်ဖြည့်ဖို့ လာကန်ခဲ့တာ မဟုတ်ဘူးတဲ့… (အဲဒီအကျိုးဆက်က နေမ၀င်အင်ပါရာလည်း တစ်ကယ်နေ၀င်သွားခဲ့တယ်လေ…) သူတို့ဟာ ပြိုင်ဘက်ကို မကြောက်ဘူး.. ပိတ်မကန်ဘူး.. ကစားကွက်တစ်ခုအောက်မှာ စနစ်တကျဆော့ခဲ့တယ်… Italy သားတွေကလည်း 30’C ဆိုတဲ့ အပူချိန်အောက်မှာ မလူးသာ မလှုပ်သာ… ၂ ပွဲကန် ၆ မှတ်တဲ့…  ဒီနိုင်ပွဲဟာ သူတို့ကို အထင်စကြီးဖို့ ဖြစ်လာခဲ့တာပေါ့…
#Italy 0 v 1 #Costa Rica

June 24, 2014
အိမ်ပြန်စောတဲ့ England တို့ဟာ တစ်သင်းလုံးကို အပြောင်းအလဲလုပ်ပြီး training လာဆင်းခဲ့ပေမဲ့ Costa Rica ဆိုတာလည်း ခြေထောက်မပါတဲ့ အသင်းမှ မဟုတ်တာ… ၁ မှတ်ရရုံနဲ့ အုပ်စုဗိုလ်သေချာသူတို့အတွက် အရမ်းလည်း အပင်ပန်းမခံခဲ့ပါဘူး… သိက္ခာဆယ်နိုင်ပွဲလိုချင်သူတွေသာ သရေတစ်မှတ်ဆိုတာနဲ့ ဘဲဥကွဲခဲ့ရတာပါ…
အဲဒီအချိန်မှာပေါ့.. တစ်ဖက်မှာ Italy က သရေနဲ့ နောက်တစ်ဆင့်တက်မယ်.. Uruguay က နိုင်မှတက်မယ်… Italy က ခံစစ်ဆော့တယ်.. သူတို့ပင်ပန်းနေပုံပါပဲ… ဒါပေမဲ့ ဂိုဒင်ဆိုတာ အက်သလစ်တီကို လာလီဂါချန်ပီယံဖြစ်အောင် ဂိုးသွင်းပေးခဲ့တဲ့ နောက်ခံလူ… ရီးရဲယ်ရဲ့ ချန်ပီယံလိဂ်အိပ်မက်ကို နာကျင်အချိန်ပိုအထိ ခြောက်လှန့်ခဲ့တဲ့သူ… ဆွာရက်ဂိုးမသွင်းဘူး… ဒါပေမဲ့ သူ့ကို Vampire တစ်ကောင်ဝင်ပူးခဲ့ပါတယ်… တတိယအကြိမ်မြောက် ၀င်ပူးခြင်းပါ.. ချီလီနီ ပခုန်းထက်က သွားရာကို ဒိုင်သူကြီးက လစ်လှူရှုခဲ့တယ်လေ…(နောက်ဆက်တွဲပြစ်ဒဏ်က နိုင်ငံတကာပွဲ ဆယ်ပွဲပယ်၊ ဘောလုံးနဲ့ လေးလပတ်သက်ခွင့်မရှိ၊ ဒဏ်ငွေပေါင်တစ်သိန်းသုံးသောင်းတဲ့) ပွဲပြီးတော့ Italy တို့လည်း ကမ္ဘာ့ဖလား နှစ်ကြိမ်ဆက် အုပ်စုကနေ ပြန်ခဲ့ရပေါ့
#England 0 v 0 #Costa Rica
#Uruguay 1 v 0 #Italy


Group – E (France, Switzerland, Ecuador, Honduras) 



June 15, 2014; အဖွင့်ပွဲတွေက သိပ်တော့ မထူးခြားခဲ့… ရေပန်းအစားဆုံး France ရော ဒုတိယ ရေပန်းအစားဆုံး Switzerland ပါ ပြိုင်ဘက်တွေကို အလဲထိုးခဲ့တယ်လေ…
#Switzerland 2 v 1 #Ecuador
#France 3 v 0 #Honduras

June 20, 2014; တစ်ကယ်က ကြက်ဖကြီးကို အဲလောက် ဘယ်သူမှ အထင်မကြီးခဲ့ပါဘူး… ဥက္ကဌကြီးရဲ့ နိုင်ငံကိုတောင် စုစည်းမှုပိုင်းမှာ ပိုအားကောင်းတယ်လို့ သတ်မှတ်ထားခဲ့ကြတာလေ…။ ဒါပေမဲ့ အဲဒါက အထင်.. အဲဒီအထင်တွေကို ဗြောင်းပြန်ဖြစ်အောင် ကြက်ဖကြီးက လုပ်ပြလိုက်တယ်..။ ဂျီးရော့ဟာ အာစင်နယ်ပရိတ်သတ်တွေအတွက် နတ်ဆိုးတစ်ပါး ဖြစ်ခဲ့ပေမဲ့ ခုနိုင်ငံအသင်းမှာ ပြနေတဲ့ ခြေစွမ်းက အားရစရာ… တစ်ဖက်မှာလည်း တောင်အမေရိကသားတွေဟာ မျှော်လင့်ချက်တစ်ခုကို ဆုတ်ကိုင်ဆဲ မြောက်အမေရိကသားတွေကတော့ ပြိုင်ပွဲကို လက်ပြခဲ့ပြီလေ
#France 5 v 2 #Switzerland
#Ecuador 2 v 1 #Honduras

June 25, 2014; Swiss တွေကတော့ ကိုယ့်တာဝန်ကိုယ်ကျေပွန်ရင်တောင်မှ တစ်ဖက်က အဖြေကြည့်ရဦးမှာဆိုတော့ မျှော်လင့်ချက်မရှိတဲ့ Honduras တွေကို အပြတ်အသတ် နှိပ်ကွပ်ခဲ့သလို တစ်ဖက်မှာလည်း နိုင်ပွဲလိုအပ်နေတဲ့ Ecuador ဟာ ကြက်ဖကြီးကို လည်လိမ်မချိုးနိုင်ခဲ့ဘူးလေ.. တစ်ကယ်တော့ ဆယ်ယောက် ဆယ့်တစ်ယောက်ဆိုတဲ့ အချိန်မှာ ကြက်ဖကြီးက ပြန်ခွတ်မသွားတာပဲ ကံကောင်း… အဲတော့လည်း ဘိုင်ဘိုင်ပေါ့…။
#Switzerland 3 v 0 #Honduras
#France 0 v 0 #Ecuador


Group – F (Argentina, Bosnia, Nigeria, Iran)



June 15, 2014; Argentina ဟာ Barcelona မဟုတ်တဲ့အတွက် Messi ဟာ နှစ်ဆ ပင်ပန်းခဲ့ရတယ်… Man of the Match တဲ့ ရသင့်ပါတယ် ရထိုက်ပါတယ်.. Bosnia ရဲ့ ကြိုးစားမှုကိုလည်း အသိအမှတ်လည်း ပြုထိုက်ပါတယ်.
#Argentina 2 v 1 #Bosnia

June 16, 2014; ခံစစ်အကောင်းလား တိုက်စစ်အညံ့လား..  ဒီကမ္ဘာ့ဖလားရဲ့ ပထမဆုံး ဂိုးပေါက်ပျောက်ခဲ့ရတဲ့ပွဲ
#Iran 0 v 0 #Nigeria

June 21, 2014; Iran ဆိုတာ အလီဒါရီရဲ့ ခေတ်လွန် အာရှမှာတောင် ငုတ်နေခဲ့တာ ကြာပါပြီ.. ဒါပေမဲ့ Argentina ဆိုတဲ့ Great Players တွေနဲ့ စုဖွဲ့ထားတဲ့ အသင်းကို မိနစ်ကိုးဆယ်လုံး ထိန်းချုပ်လို့… Messi ဟာ သူ့ရဲ့တစ်ကိုယ်တော် စွမ်းရည်နဲ့ ပွဲပြီးကာနီးမှ လိုအပ်တဲ့ ဂိုးတစ်ဂိုးကို ရှာဖွေနိုင်ခဲ့တယ်လေ…။ Bosnia ဟာလည်း အာဖရိက သိမ်းငှက်တွေထက် ရေပန်းပိုစားခဲ့ပေမဲ့ အစောပိုင်းကတည်းက သွင်းထားတဲ့ တစ်လုံးတည်းသော ဂိုးကို မချေနိုင်ဘဲ ဒူးထောက်ပြီး ကမ္ဘာ့ဖလားကို လက်ပြခဲ့ရတယ်လေ…။
#Argentina 1 v 0 #Iran
#Nigeria 1 v 0 #Bosnia

June 25, 2014; Messi ရဲ့ သုံးပွဲဆက် Man of the Match, သုံးပွဲမှာ လေးဂိုး… ဒါပေမဲ့  သိန်းငှက်တွေရဲ့ ခုခံမှုမှာ တော်တော်ကြိုးစားခဲ့ရတယ်လေ။ သိမ်းငှက်တွေလည်း Iran ရဲ့ တစ်ဖက်က ရှုံးပွဲကြောင့် နောက်တစ်ဆင့် တက်လှမ်းခဲ့တယ်လေ။ တစ်ဖက်မှာလည်း Iran တို့ဟာ နောက်ဆုံးမျှော်လင့်ချက် ဖြစ်ပေမဲ့ Bosnia နဲ့ တိုက်စစ်မပြိုင်နိုင်ခဲ့ဘူးလေ.. သူတို့ရခဲ့တဲ့ တစ်ဂိုးကတော့ 2004 ကမ္ဘာ့ဖလားမှာ ၀င်ကန်တဲ့ ၃၂ သင်းလုံး ဂိုးသွင်းခဲ့တယ်ဆိုတဲ့ မှတ်တမ်းတစ်ခု စိုက်ထူဖို့ ဖြစ်လာခဲ့တာပေါ့…။
#Argentina 3 v 2 #Nigeria
#Bosnia 3 v 1 #Iran


Group – G (Germany, Portugal, USA, Ghana)



အားလုံးက တစ်ညီတစ်ညွတ်တည်း သတ်မှတ်ကြတယ်။ Group of Death တဲ့။ ဘာမဆို ဖြစ်သွားနိုင်တဲ့ အုပ်စု။ တစ်ကယ်လည်း ဘာမဆို ဖြစ်ခဲ့ပါတယ်။

June 16, 2014; အများမျှော်လင့်တာက အုပ်စု ပထမနေရာလုမဲ့ပွဲ… ဖြစ်သင့်တာက နောက်ဆုံးပွဲမှ ကန်သင့်တာပေါ့… Germany က သာတယ်.. ဒါပေမဲ့ ဒီရလာဘ်တော့ မမျှော်လင့်ခဲ့ကြပါဘူး… ဒီနှစ်ကမ္ဘာ့ဖလားရဲ့ ပထမဆုံး Hat Trick ရှင်ပေါ်ထွက်ခဲ့တယ်။ Thomas Muller တဲ့.. သူက False Nine Role ကနေ ကစားသွားတယ်လေ… သူဟာ တောင်ပံလည်းဆော့နိုင်သလို နောက်ချန်တိုက်စစ်မှုးလည်း ဆော့တယ်.. လိုအပ်ရင် long striker လည်း ဆော့ခဲ့ပါသေးတယ်… ကမ္ဘာ့အကောင်းဆုံးဆုရှင် C Ronaldo အတွက်တော့ အိပ်မက်ဆိုးပဲ… Portugal ဟာ Real Madrid မဟုတ်ခဲ့ဘူးလေ.. ပိုဆိုးတာက ပီပီဟာ မလုပ်သင့်တာ တစ်ခုလုပ်ပြီး အနီကဒ်ထိခဲ့တာပါပဲ….  German တွေဟာ အဖနိုင်ငံတော်အတွက် အကောင်းဆုံး ကြိုးစားခဲ့တယ်လေ…။
#Germany 4 v 0 #Portugal

June 17, 2014; အန်ကယ်ဆန်ဟာ အာဖရိကသားတွေကို နှိပ်ကွပ်ပီး Portugal ရဲ့ အရှုံးအပေါ်မှာ အခွင့်ကောင်းယူဖို့ အဆင်သင့်ဖြစ်ခဲ့တယ်လေ…။
#USA 2 v 1 #Ghana

June 21, 2014; ဒီပွဲနိုင်ရင် အုပ်စုက စောစောစီးစီး တက်ပြီဆိုပေမဲ့ ဂါနာသားတို့ဟာ နောက်ဆုံးအချိန်အထိ အခက်တွေ့အောင် စွမ်းဆောင်နိုင်ခဲ့တယ်.. ကလိုဆေးတဲ့.. ရှေ့ကမ္ဘာ့ဖလား သုံးကြိမ်မှာ ၁၄ ဂိုးသွင်းလို့ ဒီပွဲမှာ ခြေပဂိုး တစ်ဂိုးသွင်းပေးပြီး ဘရာဇီးရဲ့ ဂန္တ၀င် ရော်နယ်ဒိုရဲ့ ကမ္ဘာ့ဖလား ၁၅ ဂိုးဆိုတဲ့ စံချိန်ကို လိုက်မှီခဲ့တယ်လေ။ ဒီပွဲသရေဆိုတာ နှစ်သင်းလုံးအတွက် မျှတတဲ့ ရလာဒ်ပါ။
#Germany 2 v 2 #Ghana

June 22, 2014; အန်ကယ်ဆမ်ဟာ ဘက်စကတ်ဘော နဲ့ ဘောစ့်ဘောတင် ဆော့တတ်တာမဟုတ်ဘူး ဘောလုံးလည်း ကန်တတ်ပြီဆိုတာ ကို သက်သေပြခဲ့တဲ့ပွဲ.. ငဇင်ကာရဲ့ ဘက်တော်သားတွေကို နောက်ဆုံးမိနစ်အထိ အနိုင်ယူပြီး နောက်တစ်ဆင့် တက်ဖို့ ဖြစ်လာခဲ့ပေမဲ့ နောက်ဆုံးမိနစ် ခြေပဂိုးကြောင့် နဲနဲလေးတော့ေ၀၀ါးသွားတယ်… ငဇင်ကာရဲ့ အပေါင်းအပါတွေလည်း မျှော်လင့်ချက်လေးက မှုန်ပြပြ.. ရေးတေးတေး ၀ါးတားတားးး
#USA 2 v 2 #Portugal

June 26, 2014; ဒီတစ်ခါလည်း မူလာပါပဲ…. ၃ ပွဲမှာ ၄ ဂိုးမြောက်ဂိုးကိုသွင်းလို့  အန်ကယ်ဆန်ရင်ခုန်ခဲ့ရသေးတယ်လေ။ တစ်ဖက်မှာလည်း အခြေအနေကောင်းနေသေးတဲ့ ဂါနာဟာ လွဲချော်မှုများစွာနဲ့အတူ အမှားတစ်ခုကြောင့် အရှုံးပေးလိုက်ရတယ်လေ။ ပေါ်တူဂီကတော့ ဆေးမမှီတော့ပါဘူး။
#Germany 1 v 0 #USA
#Ghana 1 v 2 #Portugal



Group – H (Belgium, Russia, Korea Republic, Algeria)
  


June 17, 2014; Belgium ဟာ အကောင်းဆုံးဖျတ်မြင်းလို့ အားလုံးက မျှော်လင့်ခဲ့တယ်။ ထိပ်တန်း league မှာရှိတဲ့ အရည်အသွေးရှိ ကစားသမားကောင်းတွေနဲ့ စုဖွဲ့ထားတာကို… ဒါပေမဲ့ စုစည်းမှု အပိုင်းမှာ Algeria ကို မမှီခဲ့ဘူး… မာဆိုးမကြိုက်ခဲ့တဲ့ လူ့အဖွဲ့အစည်းရှိခဲ့ဘူးတဲ့ နိုင်ငံ… ခုတော့ Belgium ကိုတုန့်ပြန့်ကစားသွားပုံများ… သူတို့ ကံဆိုးသွားတာက ပွဲအဖြေကို ပြောင်းနိုင်တဲ့ Super sub တွေ Belgium ရဲ့ အရံခုံတန်းမှာရှိပြီး အချိန်မှီထလာခဲ့တာလေ။ 2002 ရဲ့ အာရှသူရဲကောင်းတွေဟာ ဒီတစ်ခါတော့ အာရှတစ်ဝက်ပါပီး ဥရောပထဲရောက်နေတဲ့ နိုင်ငံကို မနိုင်သလို မရှုံးခဲ့ဘူးလေ။
#Belgium 2 v 1 #Algeria
#Russia 1 v 1 #Korea Republic


June 22, 2014; ကိုမာဆိုးကို ခဏတာရူးသွပ်ပြီး လုပ်မိလုပ်ရာ လုပ်အောင် ပူပြင်းခဲ့တဲ့ နိုင်ငံ… ဘောလုံးသမိုင်းကြောင်း မကောင်းပေမဲ့ ဇီဒန်းအပါအ၀င် ပြင်သစ်ကစားသမား အများစုဟာ made in Algeria လေ .. Korea ဟာ K-Pop မှာသာ နာမည်ကြီးတာပါ.. ဘောလုံးမှာတော့ အိမ်ရှင်မဟုတ်ရင် ဘာမှ မဟုတ်ခဲ့ပါဘူးလေ… တစ်ဖက်မှာလည်း အရံခုံက ထလာတဲ့ Origi ဆိုတဲ့ ချာတိတ်လေး သွင်းဂိုးနဲ့ Belgium တို့ ၂ ပွဲအပြီးမှာပဲ အုပ်စုက လွတ်ခဲ့ပြီပေါ့…။
#Algeria 4 v 2 #Korea Republic
#Belgium 1 v 0 #Russia

June 26, 2014; Belgium ဟာ သုံးပွဲကန် ကိုးမှတ်ဆိုပြီး သူတို့ဆက်လက်ချီတက်လာမဲ့အကြောင်း ကြော်ငြာလိုက်တယ်… Russia ဟာ နိုင်မှဖြစ်မယ်ဆိုပေမဲ့ သရေတစ်မှတ်ရရင် အဆင်ပြေနေတဲ့ Algeria တွေရဲ့ စိတ်ဓာတ်ကို မကျော်ခဲ့ပါဘူး။
#Belgium 1 v 0 #Korea Republic
#Russia 1 v 1 #Algeria





Round of 16

အာရှအသင်းတွေ အကုန်ကျန်ခဲ့တယ်။ တောင်အမေရိက ခြောက်သင်းက ငါးသင်း တက်လာတယ်။ (ကံဆိုးစွာနဲ့ လေးသင်းက ထိပ်တိုက်တွေ့တယ်)၊ မြောက်အမေရိကက လေးသင်းမှာ သုံးသင်းတက်လာတယ်။ အာဖရိက ငါးသင်းမှာ နှစ်သင်းတက်လာတယ်။ ဥရောပ ဆယ့်သုံးသင်းမှာ ခြောက်သင်းတက်လာတယ်။ ရှုံးရင် ထွက်ရမယ်ဆိုတဲ့ ဒီအဆင့်ကိုတော့ အုပ်စုဒုတိယတွေအားလုံး ကျော်လွှားနိုင်ခြင်း မရှိခဲ့။ သူတို့ချိန်ခဲ့တာ တစ်ခုက နောက်ဆုံး အချိန်အထိ အရှုံးမပေးတတ်တဲ့ စိတ်ဓာတ်။ ပြီးတော့ မိနစ်ကိုးဆယ်ဟာလည်း မလောက်ငခဲ့တဲ့ ပွဲတွေများခဲ့တယ်လေ။

June 28, 2014; တောင်အမေရိက အသင်းအချင်းချင်းအားပြိုင်တဲ့ပွဲ.. နိုင်တဲ့သူအချင်းချင်းပဲ ဆက်တွေ့မှာဆိုတော့ အကောင်းဘက်က ကြည့်ရင် Semi- Final ကို တစ်သင်းကျိန်းသေရောက်ပြီဆိုတဲ့ သဘောပေါ့…။ Brazil ကို Chili က အကောင်းဆုံး တုန့်ပြန်ကစားလို့ မိနစ် ၁၂၀ အထိ တစ်ဖက် တစ်ဂိုးစီ သရေ.. ပိုင်နက်တီမှာတော့ အရှုံးပေးခဲ့ရတယ်လေ။ ဆွာရက်မပါတဲ့ Uruguay ဟာလည်း James Rodriguez ရဲ့ သေသပ်လှပတဲ့ ၂ ဂိုးအောက်မှာ ၀ပ်ဆင်းခဲ့ရတယ်။ တစ်ဂိုးက ကမ္ဘာ့ဖလားရဲ့ အလှဆုံး ဂိုးအဖြစ် စာရင်းဝင်ခဲ့တယ်။
#Brazil 1 v 1 #Chili (Pen 3-2)
#Columbia 2 v 0 #Uruguay

June 29, 2014; တက်ကနီလာတစ်ရှောခ့်ဟာ ကမ္ဘာ့အကောင်းဆုံးဘီယာတွေကို အကောင်းဆုံး တုန့်ပြန်ရင်း နောက်ဆုံးမိနစ်အထိ မူးယစ်ရီဝေစေခဲ့တယ်။ တစ်ဂိုးအသာကို ထိန်းကစားရင်း Ochua ရဲ့ အကောင်းဆုံး ကာကွယ်မှုတွေဟာ ရှနိုက်ဒါနဲ့ ကန်ချက်ကြောင့် အချိန်ပိုရောက်ဖို့ ဖြစ်လာပေမဲ့… ရော်ဘင်ဟာ ကောင်းပါတယ်။ တစ်ခုပဲ ပိုင်နက်တီရှာတတ်တဲ့ အကျင့်လေးတော့ရှိတယ်လေ။ နာကျင်အချိန်ပိုမှာ ပေးလိုက်ရတဲ့ ပိုင်နက်တီအတွက် တော့ ကြေကွဲစရာပေါ့။ တစ်ဖက်မှာလည်း Costa Rica နဲ့ Greece တို့ဟာလည်း မိနစ် ၁၂၀ နဲ့ အဖြေမထွက်ခဲ့ဘူးလေ။ နာကျင်အချိန်ပိုမှာ အသက်ဆက်မဲ့ ခြေပဂိုးကို ဇုနတ်မင်းရဲ့ သားတော်တွေသွင်းခဲ့ပေမဲ့ ပိုင်နက်တီမှာတော့ Costa Rica တို့ သမိုင်းတစ်ခု ရေးထိုးခဲ့တာပေါ့။
#Netherlands 2 v 1 #Mexico
#Costa Rica 1 v 1 #Greece (Pen 5-4)


June 30, 2014; ကြက်ဖကြီးက သိမ်းငှက်ကို ခွပ်ပြစ်လိုက်တယ်လေ။ သိမ်းငှက်တွေ အမြင့်ပြန်ဖို့ အစွမ်းကုန် ကြိုးစားပေမဲ့ ကြက်ဖတွေရဲ့ အဆုံးသတ်ပိုင်းမှာ ကျဆုံးခဲ့ပေါ့။ Germany တွေကလည်း Algeria ရဲ့ တုန့်ပြန်မှုအောက်မှာ မိနစ်ကိုးဆယ် ဂိုးပေါက်ရှာမတွေ့ခဲ့။ အချိန်ပိုမှာတော့ နှစ်သင်းပေါင်း သုံးဂိုးသွင်းလို့ တစ်ဂိုးပိုသွင်းတဲ့ သူတို့နောက်တစ်ဆင့်တက်။ အာဖရိက နှစ်သင်းဟာ သူတို့ တတ်နိုင်တဲ့ အပိုင်းကနေ နောက်ဆုံး အချိန်အထိ တုန့်ပြန်ပြီး မတတ်သာလို့ တစ်ရက်တည်းမှာပဲ ကွာတာတက်ခွင့်ကို လက်လွှတ်ခဲ့ရပေါ့။
#France 2 v 0 #Nigeria
#Germany 2 v 1 #Algeria


July 1,2014; တစ်ပွဲကို တစ်ဂိုးအသာနဲ့ သုံးပွဲကန် သုံးပွဲနိုင်တဲ့ Argentina ဟာ ကစားကွက်ပိုင်းမှာ ဘာအားရစရာမှ မရှိသေးပါဘူး… သူတို့ အတွက် Messi သာမရှိရင်… မိနစ်ကိုးဆယ်လုံးလုံးလည်း ဘယ်သူ့ဘယ်သူမှ ဂိုးပေါက်ရှာမတွေ့ခဲ့.. ဒီလိုနဲ့ အချိန်ပို မိနစ် သုံးဆယ်ဆက်… ပိုင်နက်တီ ရောက်တော့မယ်လို့ ထင်ထားတုန်း Messi က ဖန်တီး Di Maria က အဆုံးသတ်… ခုလိုကျတော့လည်း Barcelona နဲ့ Real Madrid က ပေါင်းစည်းခဲ့ရတာပေါ့…။ တင်ဟောင်းဝပ်တဲ့… ကမ္ဘာ့ အကောင်းဆုံး ဂိုးသမား မဟုတ်ပေမဲ့ ကမ္ဘာ့ဖလားမှာ တစ်ပွဲတည်း ၁၅ ကြိမ်ဆိုတဲ့ စံချိန်တင် ကာကွယ်မှုရခဲ့တဲ့ ဂိုးသမား… နှစ်သင်းလုံးဟာ တိုက်စစ်ခြင်းပြိုင်သလို ခံစစ်ခြင်းပါ ပြိုင်ခဲ့လို့ မြိုင်ခဲ့တဲ့ အကြိတ်အနယ် ပွဲတစ်ပွဲ… မိနစ်ကိုးဆယ်မှာ ဂိုးပေါက်မတွေ့ပေမဲ့ အချိန်ပိုမှာတော့ အန်ကယ်ဆမ်တို့ အရှုံးပေးခဲ့ရတယ်လေ… ၁၇ ကြိမ်မှာ ၁၅ ကြိမ်ကာကွယ်ခဲ့တဲ့ တင်ဟောင်းဝပ်အတွက်တော့ စံချိန်မှတ်တမ်းတစ်ခုနဲ့ အတူအိပ်မက်ဆိုးပါတွဲမက်ခဲ့ရတာပေါ့။ 
#Argentina 1 v 0 #Switzerland
#Belgium 2 v 1 #USA


Quarterfinals

ဥရောပ တစ်စုံ၊ တောင်အမေရိက တစ်စုံ၊ ပြီးတော့ တောင်အမေရိက v ဥရောပ၊ ဥရောပ v မြောက်အမေရိက အားပြိုင်ပွဲ…။ အားလုံးမျှော်လင့်သလို ဖြစ်ခဲ့တဲ့ ကွာတာဖိုင်နယ်… အထက်အသင်းတွေ အမှားကင်းခဲ့တာရယ် အောက်အသင်းတွေ ကံကြမ္မာဖေးမမှု မရခဲ့တာရယ်ကြောင့်ပေါ့…။

July 4, 2014; တောင်အမေရိကအချင်းချင်း အထာတွေကလည်း သိထားတာကို…။ Columbia တို့ကြိုးစားခဲ့တယ်။ Brazil တို့နိုင်ခဲ့ပေမဲ့ ကြီးစွာသော ဆုံးရှုံးမှုတစ်ခု .. တစ်သင်းလုံးရဲ့ key က နေမာ… ခုကျောဒဏ်ရာရခဲ့တယ်. ကျန်ပွဲတွေလွဲခဲ့ရပြီ။ Silva လည်း တစ်ဝါထိလို့ တစ်ပွဲပယ်ခဲ့ပြီလေ။ James Rodriguez ကလည်း တစ်ဂိုးသွင်းလို့ ၆ ဂိုးတဲ့…။ ရွှေဖိနတ်အတွက် ကျန်သူတွေကို စောင့်နေတယ်လေ…။
#Brazil 2 v 1 #Columbia

July 4, 2014; ဟမ်းမဲပြန်ပါလာတယ်… ထောင့်ကန်ဘောကို ခေါင်းတိုက်သွင်းသွားတယ်… ပြီးတော့ ကျန်ပွဲချိန်တစ်လျှောက်လုံး အဲဒီတစ်ဂိုးကို ထိန်းကန်သွားတယ်။ ကြက်ဖ လည်ကျိုးသွားခဲ့တယ်။.
#France 1 v 0 #Germany

July 5, 2014; လိမ္မော်ရောင်တပ်သားတွေဟာ သမိုင်းသစ်ရေးထိုးချင်တဲ့ Costa Rica နဲ့အတွေ့မှာ မျက်ကလူးဆန်ပြာ ဖြစ်ခဲ့ရတယ်လေ..။ မိနစ် တစ်ရာ့နှစ်ဆယ်လုံးလုံး ဂိုးပေါက်ရှာမတွေ့ခဲ့။ ဗန်ဟာလ်းဆိုတဲ့ နည်းပြကလည်း အကွက်အဆန်းတစ်ခုလုပ်လိုက်သေးတယ်လေ။ ပိုင်နက်တီ ကန်ခါနီးမှာ ဂိုးသမားလဲလိုက်တယ်.. သူလဲလိုက်တဲ့ တင်ခရူးဟာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ဖြစ်သွားတယ်လေ။ Costa Rica တို့ ဒုတိယအကြိမ် မြောက်ပိုင်နက်တီမှာ ကံမကောင်းပေမဲ့ အလေးစားဆုံး ခြေစွမ်းကို ပြသွားလေရဲ့
#Netherlands 0 v 0 #Costa Rica

July 5, 2014; ဒီတစ်ခါသူရဲကောင်းက ဟီဂူအင်… အာဂျင်တိုင်းတွေရဲ့ ငါးပွဲဆက် တစ်ဂိုးအသာနဲ့အနိုင်… ခြေစွမ်းဟာ စိတ်ဝင်စားဖို့ မကောင်းသေးပေမဲ့ အစောပိုင်းသွင်းထားတဲ့ တစ်ဂိုးနဲ့ပဲ သမ္ဘာနဲ့ထိန်းပြီး လိုအပ်တဲ့ နိုင်ပွဲကို ပုံဖော်နေနိုင်တဲ့ အခြေအနေဟာလည်း အားရစရာပါပဲ
#Argentina 1 v 0 #Belgium


Semi-Finals

June 8, 2014; နေမာမပါတဲ့ ရှေ့တန်းဟာ နောက်ဆုံးမိနစ်မှ ခြေပဂိုးတစ်ဂိုးပဲ ရခဲ့သလို ဆေးလ်းဗားမပါတဲ့ နောက်တန်းဟာလည်း တစ်ပါတ်စာ ဂိုးအလှူကြီးပေးခဲ့ရပေါ့..။ တစ်ကယ်တန်းက ခြေစွမ်းပိုင်းမှာ အပြတ်အသတ်တော့ သာခဲ့တာ မဟုတ်ပါဘူး… စိတ်ဓာတ်ကျသွားတဲ့ အခိုက်မှာ ပုံစံကောင်းပြနိုင်သွားတာပါ… စောစောစီးစီးပါပဲ.. မူလာတဲ့ ဂျိမ်းစ်နောက်ကို အမှီလိုက်ဖို့အတွက် တစ်ဂိုးအလို သို့ သူ့ရဲ့ ငါးဂိုးမြောက်ဂိုး…။ ပြီးတော့ ကလိုဆေး ရော်နယ်ဒိုရဲ့ ၁၅ ဂိုးဆိုတဲ့ စံချိန်ကို ကျော်ကာ ၁၆ ဂိုးနဲ့ စံချိန်သစ်တစ်ခုရေးထိုးလို့… ပြီးတော့ ဆီမီးဖိုင်နယ် လေးကြိမ်ဆက် ဂိုးသွင်းတဲ့ ကစားသမားလေ။ ဘရာဇီး စိတ်ဓာတ်ကျသွားတဲ့ အခိုက်လေးပါပဲ… ၆ မိနစ်အတွင်းမှာ နောက်ထပ်သုံးဂိုးပေးလိုက်ရတယ်လေ. ခရူးစ် က နှစ်ဂိုး ခါဒီဂျာက တစ်ဂိုး.. မိနစ်သုံးဆယ်မှာတင် 5-0 တဲ့.. ပရိတ်သတ်တွေဟာလည်း မျက်ရည်တွေ အပြည့်..။ ဒုတိယပိုင်းမှာတော့ လူစားဝင်လာတဲ့ ရှိုးရာက နောက်နှစ်ဂိုးသွင်းလို့ အချိန်ပိုမှ အော်စကာက အရှက်ပြေဂိုးလေး သွင်းနိုင်တော့တယ်။ ကိုယ်ဒီပွဲမှာ သတိထားကြည့်ခဲ့တာ ပရိတ်သတ်တွေပဲ..။ သူတို့နိုင်ငံမှာ သူတို့ အသင်း အရှက်တကွဲရှုံးနေတယ်… အရှုံးကို မျက်ရည်တွေနဲ့ ကြေကွဲစွာ လက်ခံတယ်။ ကိုယ်မြင်ယောင်ကြည့်မိပါတယ်… Indonesia က ဆီးဂိမ်းမှာ ကိုယ်တို့တွေကို တစ်ဂိုးထဲနဲ့ အနိုင်ယူသွားတုန်းကလေ…. ခုတော့ ဘရာဇီးမြေမှာ ဘောလုံးကွင်းထဲ ရေသန့်ဗူးဆိုတာလည်း မကြားခဲ့။ ဘောပွဲရှုံးလို့ ပတ်ရမ်းတာလည်း မကြားခဲ့ရ…။ အဲဒီစိတ်ဓာတ်လေးတွေဟာ professional ဘောလုံးပွဲကြည့်တဲ့သူတွေ အတူယူသင့်တဲ့ စိတ်ဓာတ်တွေ…။ ဂျာမာန်တွေဟာလည်း အိမ်ရှင်ပရိတ်သတ်တွေ အပေါ်စာနာစိတ်အပြည့်နဲ့ အလွန်အကျူးအောင်ပွဲမခံခဲ့…။
#Brazil 1 v 7 #Germany

June 9, 2014; Argentina ဟာဒီပွဲမှာ မတူတဲ့ ပုံစံကောင်းတစ်ခု ပြနိုင်ခဲ့တယ်လေ။ ရော်ဘင်ရဲ့ တောင်ပံတိုက်စစ်ကို ဖြတ်တောက်နိုင်ခဲ့တယ်။ ဒါပေမဲ့ မက်ဆီဟာ သူနဲ့ တွဲကစားဖို့အတွက် long sticker ကောင်းမရခဲ့…။ မိနစ်ကိုးဆယ်မှာ ဘဲဥမကွဲခဲ့တဲ့အတွက် နှစ်သင်းလုံးဟာ ပိုင်နက်တီကိုပဲ ဦးတည်လို့ကစားခဲ့တယ်လေ။ ဒီတစ်ခါလည်း လိမ္မော်ရောင်တပ်သားတွေ ဒုတိယအကြိမ်မှာ သူတို့အနိုင်ယူခဲ့တဲ့ ကော်စတာရီကာလိုပဲ ကံမကောင်းခဲ့။ ဂိုးသမားမလဲခဲ့တာလည်း တိုက်ဆိုင်မှုပဲလား။ ဘာပဲ ဖြစ်ဖြစ် ပိုင်နက်တီရောက်ရင်တော့ ဂိုးသမားဟာ ဘယ်တော့မှ ဗီလိန် မဖြစ်ခဲ့ပါဘူး။ ဖြစ်ချင်းဖြစ် သူရဲကောင်းပဲ ဖြစ်ခဲ့တာလေ။
#Netherlands 0 v 0 #Argentina (Pen 2-4)


Third Place Play-Off

  June 12, 2014; အားလုံးကတော့ အိမ်ရှင်တွေကို သိက္ခာဆယ် အတွက် တတိယနေရာကို မျှော်လင့်ထားကြပေမဲ့…။ သူတို့မှာ နိုင်ချင်တဲ့ စိတ်ဓာတ်ကို ပျောက်ဆုံးနေခဲ့သလိုပဲ။ တရားခံရှာလို့မရတဲ့ တိုက်စစ်အတွက် ဖရက်ဒ်နေရာမှာ ဂျိုကို အစားထိုးခဲ့ပေမဲ့ ဘရာဇီးရှေ့တန်းဟာ နေမာတစ်ယောက်ပဲ ဂိုးသွင်းတတ်တာလားဆိုတာ မေးခွန်းတစ်ခုပဲ။ ရော်ဘင်ရဲ့ တိုးအားနဲ့ပဲ ဆေးလ်ဗားဟာ ပိုင်နက်တီ တစ်လုံးပေးခဲ့လိုက်တယ်။ ပထမပိုင်းမပြီးခင်မှာပဲ ဒုတိယဂိုး၊ နာကျင်အချိန်ပိုမှာ ပွဲသိမ်းဂိုးနဲ့ အိမ်ရှင်တို့ နှစ်ပွဲမှာ လက်နှစ်ဖက်စာ ဂိုးတွေပေးခဲ့ရတယ်။
#Brazil 0 v 3 #Netherlands

Final

သမိုင်းဝင် Maracana ကွင်းကြီးထဲမှာ သမိုင်းသစ်ရေးထိုးတဲ့နေ့…။ ဥရောပ နဲ့ တောင်အမေရိက အားပြိုင်တဲ့ပွဲ။ ပွဲက ဖျော်ဖြေမှုအပြည့် ပေးနိုင်ခဲ့တယ်လေ။ တစ်သင်းက ခံစစ်လုံအောင်လုပ်ပြီး ပိုင်ဆိုင်ထားတဲ့ ကမ္ဘာ့အကောင်းဆုံး ကစားသမားရဲ့ တိုးအားနဲ့ ကောင်တာဆော့တယ်။ တစ်သင်းက စုစည်းမှုအပြည့်နဲ့ ဘောလုံးပိုင်ဆိုင်မှုကို ဦးစားပေးပြီး ဖိအားပေးတယ်။ နှစ်သင်းလုံးဟာ နိုင်ဖို့ထက် ရှုံးမှာ ကြောက်နေကြသလိုပါပဲ။ သူတို့နှစ်သင်းအားပြိုင်မှုဟာလည်း ပုံမှန် မိနစ်ကိုးဆယ်နဲ့ မလောက်ငခဲ့။ ဒီလိုနဲ့ အချိန်ပို မိနစ်သုံးဆယ်ဆက်ခဲ့တယ်။ Mario Gotze တဲ့။ သူက အရန်ခုံကနေ ထလာခဲ့တာလေ။ ၁၁၃ မိနစ်အရောက်မှာတော့ သေသပ်လှပတဲ့ အဆုံးသတ်နဲ့ အတူ တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းပေးသွားခဲ့တယ်လေ။ တစ်ကယ်တော့ တောင်အမေရိကမြေဆိုတာ ဥရောပအသင်းတွေကို သတ်ကွင်းပါ။ ဒါပေမဲ့ ၂၄ နှစ်အကြာမှာ Germany တို့ စံချိန်ချိုးဖျက်ခဲ့ပြီပေါ့။ အရှေ့အနောက် ပေါင်းစည်းပြီးနောက်ပိုင်း စတုတ္ထအကြိမ်မြောက် ဖလားနဲ့ အတူ ကမ္ဘာ့ဖလားရဲ့ ဒုတိယအအောင်မြင်ဆုံးအသင်းတဲ့။ တစ်ဦးချင်းဆုတံဆိပ်များစွာ၊ ကလပ်အောင်မြင်မှုများစွာရခဲ့ဘူးတဲ့ Messi အတွက်တော့ တစ်ခုတည်းသော လိုအပ်နေသေးတဲ့ အိပ်မက် လက်တစ်ကမ်းအကွာအထိ ရောက်ခဲ့ပေမဲ့ ဖြစ်မလာခဲ့။ Congratulations GERMANY ! ! !
#Germany 1 v 0 #Argentina



အနှစ်ချုပ်လိုက်တော့ ချန်ပီယံက Germany၊ ဒုတိယက Argentina၊ တတိယက Netherlands

တစ်ဦးချင်းဆုတံဆိပ်အနေနဲ့
ရွှေလက်အိတ်ဆုက ဂျာမနီဂိုးသမား နူအာ၊
ရွှေဘောလုံးဆုက အာဂျင်တီးနားတိုက်စစ်မှုး မက်ဆီ၊
ရွှေဖိနတ်ဆုက ၆ ဂိုးသွင်းနိုင်တဲ့ ကိုလံဘီယာက ဂျိန်းစ်ရိုးဒရိဂွတ်စ်၊
အတိုးတက်ဆုံး လူငယ်ဆုက ပြင်သစ်က ပေါ့ဘာ တို့ရသွားခဲ့တယ်။



၃၂သင်း၊ ၇၃၆ ယောက်၊ ၃၁ရက်၊ ၆၄ပွဲ၊ ၁၇၁ ဂိုး အပြီး… ၂၀၁၈ ကျရင် Russia မြေမှာ ပြန်လည်ဆုံစည်းကြပါဦးစို့။


ကိုဇေ



July 11, 2014 တွင်စတင်ရေး၍ July 15, 2014 10:43AM တွင်အဆုံးသတ်သည်။
Reference: My Facebook Status
Photo: FIFA 

No comments: