Monday, December 15, 2014

လောင်ကျွမ်းခြင်း


(က)
ဟုတ်ကနဲ့ လောင်တယ်
တစ်ကူးတစ်က ငြိမ်းသတ်ရန်မလို
စစခြင်းကတည်း အရှိန်ပြင်းသလိုလို
ဒါပေမဲ့ တစ်ခဏအတွင်း သူ့ဘာသာ ငြိမ်းသွားတယ်
ဘာဆိုဘာမှ မကျန်ခဲ့။

(ခ)
တစ်ငွေ့ငွေ့နဲ့လောင်တယ်
ကြာရှည်လောင်ကျွမ်းတယ်
ပြာဖြစ်သွားသည်အထိ အသုံးဝင်တယ်
ရေဖြင့်လောင်းလျှင် ငြိမ်းတယ်
မလောင်ကျွမ်းရသေးတဲ့ အပိုင်းအစတွေ စိုပြီးကျန်ခဲ့တယ်။


(ဂ)
အပေါ်ယံငြိမ်သက်နေတယ်
ဟိုးအောက်ခြေမှာ လှိုက်လောင်ပြီး အပူရှိန်ပြင်းတယ်
မလောင်ရန် ကာကွယ်တားဆီး၍မရ
အပူလွန်ကာမှ လောင်နေမှန်း သိတယ်
ငြိမ်းသတ်ရန် အလွန်ခက်ခဲတယ်။

(ကခဂ)
ကိုယ်တို့လည်း လောင်ကျွမ်းရအောင်။
အချစ်အတွက်…
ခင်မင်မှုအတွက်…
သံယောဇဉ်အတွက်…
ယုံကြည်မှုအတွက်…
လိင်ကိစ္စအတွက်…
ဘာအတွက်… ညာအတွက်…ပေါ့
လောင်ကျွမ်းကြရအောင်လေ။
ဒါပေမဲ့
ကောက်ရိုးမီးလို လောင်ကျွမ်းမှာလား။
ဖွဲမီးလို လောင်ကျွမ်းမှာလား။
ကျောက်မီးသွေးပုံကမီးလို လောင်ကျွမ်းမှာလား။
ဘယ်လိုလောင်ကျွမ်းကြမလည်း။                     ။


ကိုဇေ
December 10, 2014
7:55PM


No comments: