Tuesday, October 14, 2014

မျှော်လင့်ချက်သာမထားခဲ့ရင်



မျှော်လင့်ချက်သာမထားခဲ့ရင် ♫ ♫
ကိုယ်ဒီလိုခံစားရမယ်မထင်ဘူး ♪ ♪

ကိုယ့်နားထဲ ကိုငှက်ရဲ့သီချင်းသံလေး တိုးဝင်လာတယ်။ ကိုယ်လိုက်ပါ စီးမျောရင်း ကိုယ့်အတွေးကို နယ်ချဲ့မိတယ်။

မျှော်လင့်ချက်တဲ့…
အချို့ကပြောကြတယ်… လူဆိုတာ မျှော်လင့်ချက်နဲ့ အသက်ရှင်နေကြတာတဲ့။
အချို့ကပြောကြတယ်… မျှော်လင့်ရတာ သိပ်ကိုပင်ပန်းတဲ့အလုပ်တဲ့။
အချို့ကပြောကြတယ်… မျှော်လင့်သလို ဖြစ်မလာရင် အရမ်းနာကျင်ခံစားရတယ်တဲ့။

အဲဒီခံစားချက်တွေကို ခြုံကြည့်လိုက်ရင် ကိုယ်တို့လူတွေဟာ နာကျင်ခံစားရဖို့အတွက် တစ်ကူးတစ်က အပင်ပန်းခံပြီး အသက်ရှင်နေကြတာလား… ? ? ?

အချို့က သူများကို နှစ်သိမ့်ကြတယ်။ ကိုယ့်ကိုယ်ကို နှစ်သိမ့်တာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။
ဘယ်အရာကိုမှ သိပ်ပြီးမမျှော်လင့်ပါနဲ့တော့တဲ့။
သိပ်ပီးတော့ နားထောင်ကောင်းတဲ့စကားလုံးလေး လိုလို ဘာလိုလို…။
ဒါပေမဲ့ မျှော်လင့်ချက်ဆိုတာကို ဘယ်သူများ ငြင်းပယ်နိုင်လို့လည်း။ လူဆိုတာ အတ္တရှိတယ်လေ။ ပုထုဇဉ်တွေချည်းပဲ။ ပြီးတော့ ဒီလောက် ဂင်္ဂါဝါလုသဲစုမကပွင့်ခဲ့သော ဘုရားရှင် အဆက်ဆက်လက်ထက်မှာတောင် ကျွတ်တန်းမ၀င်ခဲ့ဘဲ ဒီလောက် သံသရာအရှည်ကြီး မိုက်လုံးကြီးလို့ ဒီအတ္တကြီးကို စွဲမက်တွယ်ကပ်နေကြတဲ့သူတွေလေ… ကိုယ်ဆက်တွေးမိတယ်။

ကိုယ့်ပတ်ဝန်းကျင်က မိဘတွေဟာ (အများစုဟာ) သားသမီးတွေကို ကိုယ့်အတ္တနဲ့ယှဉ်ပြီး တစ်ခုခု မျှော်လင့်တတ်ကြတယ်။ သားသမီးကောင်းစားဖို့ ဆိုတဲ့အကြောင်းပြချက်ကောင်းလေးပါပေမဲ့ သူတို့အတ္တနဲ့တော့ ယှဉ်ခဲ့တာချည်းပဲလေ။ ဒါပေမဲ့ ခေတ်ကာလခြင်း စိတ်ခြင်း တွေးပုံခြင်း မတူကြတဲ့ သူတွေကြားမှာ မိဘရဲ့ မျှော်လင့်ချက်ဟာလည်း သားသမီးက ချိုးဖျက်ခဲ့သလို သားသမီးရဲ့ မျှော်လင့်ချက်မှန်သမျှဟာလည်း မိဘရဲ့အတ္တကြားမှာ ပျောက်ကွယ်ခဲ့ရတယ်။ လူဆိုတာ ကိုယ့်အတ္တနဲ့ကိုယ် ရှင်သန်နေကြတာလေ။ တစ်ခါတစ်ရံ ကိုယ့်အတ္တဟာ သူတစ်ပါးအတွက်လည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ကိုယ်ကသူ့အတွက် ဆိုတာနဲ့ သူကသူ့အတွက် ထားတဲ့အတ္တခြင်း ထိပ်တိုက်တည့်တည့်တိုက်မိတဲ့အခါ… တိုက်မိပြီဆိုမှတော့ နာကျင်မှာပေါ့လို့..။ ပြီးတော့ အနာတရလည်း ဖြစ်မှာပဲလေ။ ဒီတော့လည်း ဒီစကားလေးနဲ့ ပြန်နှစ်သိမ့်ရတာပေါ့။



မမျှော်လင့်ရဲသည့် အချစ်တွေနဲ့ ရင်မှာချစ်ခဲ့ပြီးသည့်နောက်မှာ ♫ ♫
♫ ♫  ကြင်နာတတ်သော အသည်းဟာ ဖြတ်တောက်မရတဲ့ ကြိုးတွေနဲ့
အခိုင်အမာ ငြိတွယ်ခဲ့ပြီပဲ ♫ ♫
♫ ♫ ရင်ခုန်တတ်သောအချစ်သာ ငါ့နှလုံးသားမီးအိမ်ငယ်
မျှော်လင့်ခြင်းနဲ့တောက်ပ အသက်ဝင်ခဲ့ ♫ ♫

ကိုယ့်ညီလေး တစ်ယောက်ပြောဘူးတဲ့ စကားလေးတစ်ခွန်း ကိုသတိရမိတယ်။ လူသားခြင်းပေါင်းစည်းခြင်း အနုပညာတဲ့။ မပေါင်းစည်းနိုင်ခဲ့လို့ ကွဲကွာသွားတဲ့အခါ သူများတွေ သုံးကြတဲ့ ရေစက်တို့ ဘာတို့ အတိတ်ဘ၀ ကုသိုလ်ကံတို့ စတဲ့ ကိုယ့်သိမှုနယ်ပယ်အပြင်က ကိစ္စတွေ၊ ကိုယ်လိုက်မတွေးနိုင်တဲ့အရာကို ကိုယ့်ဖြစ်တည်မှုမှာ သတ်မှတ်လိုက်တဲ့ ကိစ္စတွေ ကိုကိုယ်အယုံအကြည်မရှိဘူး။ သေချာပါတယ်။ လူသားနှစ်ဦးပေါင်းစည်းဖို့ ကြိုးစားရင်း ကွဲကွာခဲ့သည်ရှိသော် အနဲနဲ့ အများတော့ ခံစားရမှာပဲလေ။ အဲဒီအနည်းအများဆိုတာက မျှော်လင့်ချက် ဘယ်လောက်ထားခဲ့သလည်း ဆိုတဲ့အပေါ်တော့ မူတည်မှာပေါ့။ မျှော်လင့်ချက်လုံးဝ မထားခဲ့ပါဘူုးလို့တော့ မပြောပါနဲ့။ ကိုယ့်ကိုယ်ကို လိမ်ရတာ အရမ်းပင်ပန်းလှပါတယ်လေ။

ဘာကို မျှော်လင့်တာလည်း
ဘယ်အတိုင်းအတာအထိ မျှော်လင့်တာလည်း
ဘယ်အချိန်အထိ မျှော်လင့်မှာလည်း
နဲလား များလား… မျှော်လင့်ချက်ဆိုတာ အတ္တကို အခြေခံတယ်။
တစ်ယောက်နဲ့ တစ်ယောက် ဘာမှ မျှော်လင့်စရာ မရှိသေးတဲ့ အခြေအနေ သို့မဟုတ် ပေါင်းစည်းဖို့ မကြိုးစားခင် အခြေအနေ မှာတော့ သူ့အတ္တသူနေ ကိုယ့်အတ္တကိုယ်နေပေါ့…။ စပြီးပေါင်းစည်းဖို့ ကြိုးစားတယ်ဆိုကတည်းက လူချင်း၊ အချစ်ခြင်းတင်မှ မဟုတ် အတ္တခြင်းပါ ပေါင်းရတော့မှာပဲလေ။ ကိုယ်ကလေးဘ၀တုန်းက ပြောဘူးခဲ့တဲ့ စကားတစ်ခွန်းရှိတယ်။ မာနနဲ့ အတ္တသာ နှစ်ယောက်ကြားမှာ မရှိရင် ဘယ်အတွဲမှ မဝေးဘူးလို့… တော်တော်ကို စိတ်ကူးယဉ်ဆန်ခဲ့တဲ့ကိုယ်ပဲ။ ဒီလိုပျက်လုံးမျိုး ကိုယ်တွေးဖြစ်ခဲ့သေးတယ်ပေါ့လေ။ ကိုယ့်ဖြစ်တည်မှုနဲ့ သူ့ဖြစ်တည်မှုဟာ တူညီစရာအကြောင်းမှ မရှိတာ။ အတ္တချင်းလည်း ဘယ်တူပါ့မလည်း…။ တစ်ယောက်နဲ့ တစ်ယောက် လျှော့ပေးပြီး ညှိနှိုင်းယူကြပေမဲ့… ကိုယ်တို့ရဲ့ ရွေးချယ်ခွင့် တစ်နည်း ဖြစ်တည်မှုကို မူတည်ပြီး ဖြစ်လာတဲ့ အနှစ်သာရတွေအတွက် ဆန့်ကျင်ဘက်တွေရှိမှာပဲလေ။ ကိုယ်တို့ ကိုးကွယ်တဲ့ ဘာသာတရား၊ ကိုယ်တို့ ဖြစ်တည်တဲ့ လူမျိုး၊ ကိုယ်တို့ နေထိုင်တဲ့ နိုင်ငံ… ဒါတွေက ကြီးသွားပါပြီ။ ဒီထက်သေးသေး လေးတွေ အများကြီးရှိဦးမှာပါ။ ဒါတွေ အကုန်ညှိနှိုင်းနိုင်မလား၊ မတူနိုင်ရင်တောင် အချင်းချင်း လက်ခံပေးနိုင်မလား။ ပါတ်ဝန်းကျင် လူ့အဖွဲ့အစည်းရဲ့ ဓလေ့ထုံးစံတွေကို ပစ်ပယ်ပြစ်နိုင်ပြီလား။ တစ်စုံတစ်ခုမှာ လွဲချော်ခဲ့ရင်တော့ လည်း ဒီစကားလေးနဲ့ပဲ ဖြေသိမ့်ပေါ့….

ငါဟာဘ၀နဲ့ရင်းကာချစ်ခဲ့ ဘ၀နဲ့ရင်းကား ဆုံးရှုံးခဲ့ပြီပဲ
မျှော်လင့်ချက်သာ မထားခဲ့ရင်…

တစ်ခါတစ်လေ ကိုယ်တို့လူတွေ ရူးနေတာ တစ်ခုလည်း ရှိတတ်သေး…။ မဖြစ်နိုင်တာ တစ်ခုကို မျှော်လင့်မိတာလေ။ မဖြစ်နိုင်မှန်းကို စိတ်ကလက်ခံတဲ့အတွက် မျှော်လင့်ချက်က အရမ်းကြီးတော့ ကြီးမနေပါဘူး။ သေးသေးလေးပါ။ တစ်ခါတစ်လေ အဲဒီသေးသေးလေးတွေက ပိုနာတတ်တယ်လေ။

မျှော်လင့်ချက်သာ မထားခဲ့ရင်
ကိုယ်ဒီလို ငိုကြွေးရမယ်မထင်ဘူး

ကိုငှက်ဟာလည်း ကိုယ့်ကိုယ်ကို နှစ်သိမ့်တဲ့ သီချင်းတစ်ပုဒ်ကို ဆိုညည်းခဲ့တာပါ။ မထားခဲ့ရင်ဆိုပေမဲ့ ထားခဲ့တယ်လေ။ အဲတော့ ခံစားရတယ်၊ ငိုကြွေးရတယ်၊ နာကျင်ရတယ်။ ကိုယ်တို့လူတွေဟာ နာကျင်ခံစားရဖို့အတွက် တစ်ကူးတစ်က အပင်ပန်းခံပြီး အသက်ရှင်နေကြတာလေ။ နိဗ္ဗာန်ရောက်ကြောင်းတရားတွေ အားမထုတ်သေးဘူး မဟုတ်လား။ ဒီသံသရာမှာ ဆက်ပြီးကျင်လည်ချင်သေးတယ်ဟုတ်။ အဲတော့ မျှော်လင့်ခဲ့ပါ။ မျှော်လင့်နေပါ။ မျှော်လင့်ဆဲပါ။


(ကိုယ့်ညီမလေးတစ်ယောက်ရဲ့ စတေးတပ်တစ်ခုမှာ ကွန့်မန့်သွားပေးပြီးတဲ့နောက် အဲဒီသီချင်းလေးကို ကြားယောင်မိတယ်။ ဒါနဲ့ နားထောင်မိပြီး သီချင်းလေးနဲ့အတူ စီးမျောရင်း ကိုယ့်အတွေးတွေ တောင်ရောက် မြောက်ရောက် ရောက်ခဲ့တယ်။ ဒီတောင်ရောက်မြောက်ရောက် အတွေးတွေကို ဦးနှောက်က ဘာသာပြန်ပေးတဲ့အတိုင်း Key Board ပေါ်ကလက်ချောင်းတွေ လှုပ်ရှားသွားတယ်။ ဒါနဲ့ပဲ ဒီစာလေးတွေ ဖြစ်လာတယ်။ ဒီလောက်ပါပဲ။ လက်ခံတာ ငြင်းပယ်တာကတော့ ဒီစာလေးကို ဖတ်သွားသူတွေရဲ့ စိတ်ပါ။ ကိုယ်နဲ့ ထပ်တူကျဖို့ လုံးဝ မမျှော်လင့်ခဲ့ပါဘူးလို့… )


ကိုဇေ
October 14, 2014 (Tuesday)
1:15AM

No comments: