Friday, July 26, 2013

သင်တစ်ယောက်တည်းသာ ဝင်ခွင့်ပြုသည်…။

အေးစက်သောအခန်းထဲမှ ထုတ်ခဲ့ပါ
မိတ်ကပ်လှလှ ပြင်ပေးပါ
အဝတ်အသစ် တစ်စုံလွှမ်းခြုံပေးပါ
ပန်းများခြံရံလျှက် ခန်းမထိပ်တွင်ထားပေးပါ
ဇာခြင်ထောင် အပါးလေး ဖုံးအုပ်ထားပါ
အမွှေးတိုင်များ လှိုင်နေအောင် ထွန်းထားပါ
မိတ်ဆွေ သင်္ဂဟများ လာရောက်ကြည့်ရှုကြပါ
ဆွေမျိုးပေါက်ဖော်များ ဝမ်းနည်းလျှင် ငိုကြွေးပါ (စိတ်မခိုင်လျှင် ကူငိုပေးကြပါ)
အသက်ငယ်သူများ (နောက်ဆုံးအနေနဲ့) ကန်တော့ကြပါ။

သက်မှတ်ချိန်ကြပါပြီ…
ခေါင်းတလားအတွင်းပြောင်းထည့်ပါ
ထမင်းထုတ်လေးပါထည့်ပေးပါ
ကူးတို့ခပါ အာခံတွင်းသို့ ထည့်ပေးပါ
ကြေးစည်သမားနှစ်ယောက် ရှေ့ဆုံးကသွားပါ
ပန်ခွေကိုင်သူများ တန်းစီ၍လိုက်ပါ
မိသားစုဝင်များ တွန်းလှည်းဘေး ငိုကြွေးရင်း လိုက်ကြပါ
သတ်မှတ်နေရာတွင် ရေအိုးကိုခွဲခဲ့ပါ။

ရောက်ပြီ…
ပန်းခွေများ စင်ပေါ်တွင်တင်ခဲ့ပါ
ရင်ဘတ်ပေါ်မှပန်းတစ်ပွင့် အိမ်ယူသွားပါ
အခေါင်းမပိတ်မှီ နောက်ဆုံးတစ်ခေါက်ကြည့်ကြပါ
သဂြိုလ်ခွင့်လက်မှတ်လေးတော့ အပ်ခဲ့ပါ
စိတ်မချလျှင် လူလေးယောက်အတွင်းသို့လိုက်ခဲ့ပါ
ကြည့်ကောင်းအောင် ငါးရာ တစ်ထောင် မစလိုက်ပါ။

တံခါးဖွင့်လိုက်ပြီ…
အသက်ဘယ်လောက်လည်း မမေးပါ
ကျား၊မ၊ LGBT မခွဲခြားပါ
ရုပ်ရည်ရူပကာ မကြည့်ပါ
ပညာတတ်ကြောင်းထောက်ခံချက်များမလိုပါ
ဘာကောင်ကြီးလည်းစိတ်မဝင်စားပါ
စည်းစိမ်ဘယ်လောက်ရှိလည်း ထားခဲ့ပါ
ချစ်သူများ မုန်းသူများ အားလုံးနေခဲ့ပါ။
မီးသဂြိုလ်စက်အတွင်းသို့ သင်တစ်ယောက်တည်းသာ ဝင်ခွင့်ပြုသည်။
တံခါးပြန်ပိတ်လိုက်ပြီ။
ခေါင်းတိုင်မှ မီးခိုးဖြူလွှလွှလေးများ ထွက်လာပါလိမ့်မည်။

.
July 26, 2013 (Friday) 12:32AM


No comments: