Saturday, June 29, 2013

ကောင်းခြင်းလား ဆိုးခြင်းလား

_ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ ဖြစ်ရပ်များစွာ ရှိပါတယ်။ (Event)

_ ကျွန်တော်တို့ဟာ လူသားတွေ ဖြစ်နေတဲ့အတွက် အတ္တဆိုတာ ရှိပါတယ်။ (Ego)

_ ကျွန်တော်တို့ အတ္တတွေရဲ့နောက်မှာ စိတ်ခံစားချက်တွေ ဖြစ်ပေါ်လာတတ်ပါတယ်။ (Emotion)

_ ကျွန်တော်တို့ စိတ်ခံစားချက်တွေအတွက် ကျွန်တော်တို့ဟာ ထွက်ပေါက်တစ်ခု ရှာတတ်ပါတယ်။ (Exit)


_ ကျွန်တော်တို့ဆီကို အကျိုးဆက်အနေနဲ့ တန်ပြန်သက်ရောက်မှုများရှိလာပါတယ်။ (Effect)





ဖြစ်စဉ် (၁)
*********

( i )  ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ ရည်းစားနဲ့ပြန်လို့ အသဲကွဲတဲ့ ဖြစ်ရပ်တွေအများကြီးရှိပါတယ်။ ခုလည်း အဲဖြစ်ရပ်များစွာ ထဲကတစ်ခုပါပဲ။ သူ့နဲ့ သူ့ကောင်မလေး စကားကတောက်ကစ များပြီးတဲ့နောက် ကောင်မလေးက သူ့ကို လမ်းခွဲသွားတယ်လေ။

( ii ) သူကသူများအတွဲတွေ ပြတ်ခဲ့ရင် အမြဲနှစ်သိမ့်အားပေးနေကြလေ။ ပြီးတော့ ဒီကောင်မလေးက သူရဲ့အချစ်ဦး။ အသဲကွဲတယ်ဆိုတာ သူဘာလည်းမသိဘူးလေ။ သူများတွေ အသဲကွဲတာက ကိုယ်ကိုယ်တိုင် ကွဲတာမှ မဟုတ်တာကို။ အဲသူလည်း ကြုံရော ငါ့ကောင်မလေးဆိုတဲ့ ငါစွဲ.. တစ်နည်းအားဖြင့် အတ္တက ပါလာတာပေါ့။ လူဆိုတာကလည်း ခက်သား။ ကိုယ်မကြုံရမချင်း အရာရာဟာ အသေးအဖွဲ့ပဲလေ။ ခုတော့ သူ့ခဗျာ ကိုယ့်ကိုယ်ကို ဘယ်လို နှစ်သိမ့်ရမှန်းမသိတော့ဘူး။

( iii ) သူငယ်ချင်းတွေက သူ့ကိုပြန်နှစ်သိမ့်တယ်။ သူခုတော့ တစ်ကယ်ခံစားနေရပြီပေါ့။ ဘယ်စကားမှ နားမဝင်တော့ဘူး။ သူ့တုန်းက သူများတွေကို ဘာလိုနှစ်သိမ့်ခဲ့တယ်ဆိုတာ ခုတော့ သူသတိမရတော့ဘူး..။ အချို့ကလည်း သူ့ကို အကြံပေးရှာပါတယ်။ အသဲကွဲရင် အရက်နဲ့စိမ်ပြီးဖြေတဲ့။

( iv ) ဒီလိုနဲ့ သူအရက်သောက်ဖြစ်သွားတယ်။ အမယ် မဆိုးဘူးပဲ။ ဒီလိုနဲ့ အရက်က သူ့အဖော်ဖြစ်လာခဲ့တာပေါ့။ ဒါပေမဲ့ အရက်သာ သောက်နေရတာ… ကောင်မလေးကိုက မေ့လို့လည်းမရဘူး။ အဲမူးလာရင်ပိုပိုတောင် သတိရလာသေးတယ်။ ဒီလိုနဲ့ တစ်ရက်တော့ သူသောက်တာ အရမ်းများသွားခဲ့တယ်။ သောက်ပြီးသကာလ ကောင်မလေးကို သတိရစိတ်ကပိုလာ။ အဲဒီကနေပြီး . . .

( v ) အရက်တူတူသောက်နေတဲ့ သူငယ်ချင်းတွေနဲ့ ကောင်မလေးအိမ်ဘက်ရောက်လာခဲ့တယ်။ သူ့ပါးစပ်က ကောင်မလေးနာမည် တစ်ကြော်ကြော်ခေါ်လို့။ ပြန်လာပါ.. ဘာညာပေါ့။ မင်းမရှိဘဲ နေလို့မရဘူးပေါ့။ သူငယ်ချင်းတွေက သူ့ကို အဲလိုမလုပ်ဖို့ ဖျောင်းဖျတယ်။ အဲလိုဖျောင်းဖျတဲ့သူတွေက အဲအချိန်မှာ သူ့ရန်သူတွေဖြစ်ကုန်ပြီပေါ့။ သူ့မှာ ဆင်ခြင်ထုံတရား မရှိတော့ဘူးလေ။ နောက်ဆုံး ရပ်ကွက်လူကြီးတွေကပါ လာဆွဲတယ်။ သူမရည်ရွယ်လိုက်ပါဘူး။ သူ့ကိုဆွဲလို့ရုန်းလိုက်တာပါ။ ဒါပေမဲ့ ဖျောင်းကနဲ့ အသံတစ်ခု နဲ့အတူ သူသတိထားမိလိုက်တာက ရပ်ကွက်လူကြီးမျက်နှာကို သူရိုက်မိလိုက်တယ်။ အဲ နောက် . . . သူ့ကို ရဲစခန်းဝိုင်းခေါ်သွားတာပေါ့နော်…။ သူသတိထားမိတဲ့အချိန်မှာ သူတွေးကြည့်တယ်။ သူရပ်ကွက်လူကြီးကို ရိုက်တဲ့အတွက် အမှုရင်ဆိုင်ရတော့မယ်။ သူ့မိဘတွေ နာမည်ပျက်တော့မယ်။ သူ့ကို ကောင်မလေးက အရှက်ခွဲပါတယ်ဆိုပြီး စိတ်နာပြီး ဘယ်တော့မှ အဖက်လုပ်မှာ မဟုတ်တော့ဘူး။ သူငယ်ချင်းတွေကြားထဲလည်း အရူးဖြစ်ပြီ။ အားလုံးသူ့မှာ ကောင်းကွက် တစ်ကွက်မှ မရှိဘူး။ သူအခု အသိဝင်ခဲ့ပေမဲ့… ပြင်ဆင်ခွင့်ဘာမှ မရှိတော့ဘူး။

===================================================


ဖြစ်စဉ် (၂)
********

( i )  ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ လူတွေသေနေကြတယ်။ မွေးပြီး သေတာ သိပ်ပြီးအထူးအဆန်းတော့ လည်းမဟုတ်ပါဘူး။ သတင်းစာဖတ်တိုင်း နာရေးကြောငြာတွေ တွေ့နေပေမဲ့… အော်သူတို့ သေသွားပါလားပေါ့။ ကိုယ်နဲ့မှ မဆိုင်တာ။ ဒါပေမဲ့ ကျမ်းကျမ်းမာမာ ရှိတဲ့ သူ့အဖွား ရုတ်တရက် နှလုံးသွေးကြောပေါက်ပြီး ဆုံးသွားပြီဆိုတဲ့ တယ်လီဖုန်း ဝင်လာတဲ့အခါ…။

( ii ) သူ့အပေါ်အရမ်းအလိုလိုက်တဲ့ အဖွား။ သူ့အပေါ်အရမ်းကောင်းတဲ့အဖွား။ သူ့ကိုအရမ်းဂရုစိုက်တဲ့အဖွား။ သူ့… သူ့… သူ့… သူ့…. အဖွားလေ…။ သူများအဖွားမှ မဟုတ်တာ။

( iii ) ငါ့အဖွားကို ငါဘယ်တော့မှ ပြန်မရနိုင်တော့ဘူးဆိုတဲ့ စိတ်ခံစားချက်..။ မျက်ရည်ဆိုတာ နာကျင်မှုကို ကိုယ်စားပြုတယ်ဆိုပေမဲ့ သူမျက်ရည်မကျခဲ့ပါဘူး။ ဒါပေမဲ့ မျက်ရည်ကျရတဲ့ ထိခိုက်ကြေကွဲမှုမျိုးထက်တော့ သူမလျှော့ပါဘူး။ တစ်ဆက်တည်းမှာပဲ အော် လူတွေသေနေတာကို ငါဝမ်းနည်းနိုင်ပေမဲ့ သေခြင်းဟာ ငါနဲ့လည်း ဆိုင်ပါလားဆိုတဲ့ အတွေး သူဝင်လာခဲ့တယ်။ အနိစ္စပါတကား။ သူခံစားနေရတဲ့ နာကျင်ကြေကွဲမှုတွေက ဒုက္ခတွေပါလား။ ငါ၏ အသက်သည် မမြဲ၊ ငါ၏ သေခြင်းတရားသည်သာ မြဲ၏။ အစိုးမရခြင်းကား အနတ္တ။

( iv ) သူ့ရဲ့စိတ်ခံစားမှုတွေကို သက်သာစေဖို့ အတွက် သူမိုးကုတ်ဝိပနာ စခန်းကိုရောက်ခဲ့တယ်။ နှာသီးဖျားက လေအဝင် အထွက်ကို အာရုံထားပြီးအားထုတ်။ အဲအချိန်ကျမှ အာရုံတွေက များလိုက်တာနော်။ များလာတဲ့ အာရုံတွေနောက် ရောက်သွား၊ သတိပြန်ကပ်၊ ဒီလိုနဲ့ပဲ သိတဲ့စိတ်တွေကို အသေးစိတ် သေချာသိခွင့်ရလာ။ အဲလိုသိနေတာကိုက ဝေဒနာ။ ဒီသံသရာထဲက မရုန်းနိုင်မချင်းတော့ ဒီဝေဒနာတွေ ခံစားနေရဦးမှာပေါ့။

( v ) ဒီအတွက် အကျိုးဆက်အရ သူဘယ်အရာကို ဖြစ်ဖြစ် တရားသဘောအရ ဆင်ခြင်နိုင်ခဲ့ပြီလေ။ အဘွားသေသလို သူလည်း တစ်နေ့ သေရမှာပါလား။ ငါချစ်တဲ့သူတွေလည်း သေရမှာပါပဲလား။ ငါမုန်းတဲ့သူတွေလည်း သေရမှာပါပဲလား။ ဖြစ်ပြီးရင် ပျက်ရမယ်။ ပျက်ပြီးရင် အသစ်တစ်ဖန် ပြန်ဖြစ်ရမယ်။ လောကကြီးမှာ မတည်မြဲခြင်းတစ်ခုပဲ တည်မြဲတာပါပဲလား။ ဒီသဘောတွေကို ဆင်ခြင်မိသွားတဲ့နောက်ပိုင်း သူလူတိုင်းနဲ့ အဆင်ပြေအောင် ပေါင်းတတ်သွားတယ်။ အလုပ်မှာ အဆင်မပြေတာလည်း သူ့မှာ မရှိတော့ဘူး။ မိသားစု စီးပွားရေးကျခဲ့တာလည်း သူမတုန်မလှုပ်နေတတ်ခဲ့ပြီ။ သူ ဗုဒရဲ့ လမ်းစဉ်ကို နားလည်သဘောပေါက်ခဲ့ပြီ။






ဖြစ်စဉ် နှစ်ခုဟာကွဲပြားပေမဲ့ မူလလမ်းကြောင်ဖြစ်တဲ့ Event + Ego + Emotion + Exit = Effect ဆိုတဲ့ ညီမျှခြင်းအတွင်းမှာပါပဲ။ ကျွန်တော်တို့ ဖြစ်ရပ်တွေကို ရှောင်လွဲလို့မှ မရနိုင်တာ။ ငါနိုင်ဆိုင်တဲ့ဖြစ်ရပ်တွေလည်း ကြုံတွေ့လာမှာပဲ။ ပုထုစဉ်လူသားပီပီ စိတ်ခံစားမှုတွေလည်းရှိနေဦးမှာပဲ။ နောက်ဆုံးထွက်ပေါက်တစ်ခု ရှာလိုက်ပြီဆိုရင် နောက်ဆက်တွဲ သက်ရောက်မှုတွေဟာလည်း ထွက်ပေါက်ကြောင့် ကောင်းခြင်း၊ ဆိုးခြင်း ဆိုပြီး ကွဲသွားမှာပဲ။

ဖြစ်ရပ်ပေါ် အခြေခံပြီး ကျွန်တော်တို့ ကောင်သော သက်ရောက်မှုတွေပဲရပြီး ဆိုးသော သက်ရောက်မှုတွေ မရအောင် လုပ်ယူလို့ ရနိုင်ပါတယ်။ ဖြစ်ချင်တဲ့ ဖြစ်ရပ်တစ်ခုခု ဖြစ်လာပါစေ။ ငါဆိုတဲ့ အတ္တစွဲလေးကို လျှော့ချကြည့်ပါ။ ငါဆိုတာ လျှော့သွားရင် စိတ်ခံစားမှုဟာလည်း အလိုအလျှောက် လျှော့သွားပါလိမ့်မယ်။ ပြီးတော့ ထွက်ပေါက်တစ်ခုခု ရှာတော့မယ်ဆိုရင် WISDOM ဆိုတဲ ပညာဥာဏ်နဲ့ ချိန်ထိုးကြည့်ပါ။ အဲအခါမှာ ကျွန်တော်တို့ ရဲ့ ထွက်ပေါက်ဟာ အပြု သဘောဆောင်တဲ့ ထွက်ပေါက် ဖြစ်သွားမှာပါ။ ထွက်ပေါက်ဟာ အပြုသဘောဆောင်တာနဲ့အမျှ ဆက်ဖြစ်လာမဲ့ တန်ပြန်သက်ရောက်မှုတွေဟာလည်း အပြုသဘောဆောင်သော တန်ပြန်သက်ရောက်မှု ( positive effect) တွေပဲ ဖြစ်လာမှ မလွဲပါပဲ။


(Event + Ego < ) + Emotion + (wisdom +) Exit = (+ve) Effect



ဒီထက်ပိုတဲ့ ငါစွဲများနိုင်တဲ့ ဖြစ်ရပ်တွေ (ဥပမာ - ငါ့နိုင်ငံ၊ ငါ့လူမျိုး၊ ငါ့ပါတီ၊ ငါ့ဘာသာ….) မှာ ငါဆိုတဲ့ အတ္တစွဲကို လျှော့ကာ စိတ်ခံစားမှုကို သတိကပ်၍ ပညာနှင့်ယှဉ်သော ကောင်းသော ထွက်ပေါက်မှ တစ်ဆင့် ကောင်းသော အကျိုးသက်ရောက်မှုများ ဆီသို့ ဖြစ်ပါစေလို့ ဆန္ဒပြုလျှက်….


June 28, 2013 (12:17 AM)

June 28, 2013 တွင်ကျရောက်သော ကိုနေမျိုးကျော် (ခေါ်) ကိုနေဘုန်းလတ်၏ ၃၃ နှစ်ပြည့်မွေးနေ့အမှတ်တရ။ သူချပြခဲ့တဲ့ Idea လေးတစ်ခုအပေါ်အခြေခံ၍ အတွေးထပ်ဆင့် ပွားထားခြင်းဖြစ်ပါသည်။



No comments: