Monday, August 12, 2013

လူဆိုတာ သေဖို့အတွက် အကြောင်းပြချက် တစ်ခုတော့လိုတယ်…။

လူဆိုတာ မွေးလားကတည်းက သေဒဏ်ကျခံပြီးသား…။ အသက်မှာ စပယ်ယာလည်း မပါဘူး။ နှစ်ခါပြန်သေချင်လို့လည်း မရဘူး။  ဒါပေမဲ့ ကိုသေမင်းက လူတွေကို ဘယ်နေ့ ဘယ်နေရာမှာ ဘယ်လို သေရမယ်ဆိုတာကို ကြိုပြောမထားဘူး။ အဲတော့ ကိုယ်မသေသေးခင်မှာ လူတွေက သေခြင်းအကြောင်းကို မစဉ်းစားဘဲနေလို့ရတယ်…။ မေ့မေ့လျှော့လျှော့ နေလို့ရတယ်။ သူများတွေသေတာပဲ ငါသေသေးတာမှမဟုတ်တာဆိုပြီး ခပ်ပေါ့ပေါ့ပဲနေကြတယ်။ ရှင်သန်ခြင်းမှာ အကြောင်းပြချက် အမျိုးမျိုးနဲ့ပေါ့…။ ဒါပေမဲ့ သေဖို့ အတွက်တော့ အကြောင်းပြချက်တွေ အများကြီးမလိုပါဘူး။ တစ်ခုပဲလိုတယ်။ ဘယ်လိုနည်းနဲ့သေမှာလည်း။

၂၀ ရာစုအစောပိုင်းကာလတွေမှာ ပလိပ်ဆိုတဲ့ ကပ်ရောဂါတစ်ခုကြောင့် မြို့တွေပျက်၊ ရွာတွေပျက်လောက်အောင်ကို လူပေါင်းများစွာ အသက်ဆုံးရှုံးခဲ့ရတယ်။ ဆေးပညာရှင်တွေဟာ အဲရောဂါဆိုးကြီးကို ကျော်လွန်နိုင်အောင် ကြိုးစားကြတယ်။ သူတို့အောင်မြင်ခဲ့ကြတယ်။ လူတွေဟာ ၂၁ ရာစုမှာ ပလိပ်ရောဂါနဲ့ မသေတော့ဘူး။ ဒါပေမဲ့ အဲအချိန်တွေတုန်းက AIDS လို့ခေါ်တဲ့ ရောဂါမပေါ်သေးဘူး။ ၂၀ ရာစုနှောင်းပိုင်းမှာ AIDS ဟာ ကြောက်မက်ဖွယ်ရောဂါတစ်ခု ဖြစ်လာခဲ့တယ်။ အဲအတွက် ပညာရင်တွေဟာ ဒီရောဂါကို ကျော်လွန်အောင် ကြိုးစားကြတယ်။ ခုဆိုရင် HIV ကိုပျောက်အောင်ကုနိုင်တဲ့ အဆင့်အထိ ဖြစ်သွားပြီး မကြာခင်ကာလမှာ အဲရောဂါကို အမြစ်ပျောက်အောင် ကုသွားနိုင်ပါလိမ့်မယ်။ ဒါပေမဲ့ ကိုသေမင်းက လူတွေကို သေဒဏ်ပေးဖို့ အကြောင်းပြချက်တစ်ခုတော့ အမြဲလိုတယ်လေ။ ကိုသေမင်း ရဲ့ မိတ်ဖက် သဘာဝတရားကြီးက အဲအခါမှာ ကိုသေမင်းအတွက် အကြောင်းပြချက်ပေးဖို့ ဆေးပညာရှင်တွေ ရှာမတွေ့သေးတဲ့ ရောဂါဆန်းတစ်ခုနဲ့ လူသားတွေကို မိတ်ဆက်ပေးဦးမှာပဲ…။ တစ်ချိန်တုန်းက တီဘီဆိုတဲ့ အဆုတ်ရောဂါဟာ ခုဆိုရင် ကလေးကစားစရာရောဂါ ဖြစ်သွားပြီလေ။ ဆရာဝန်ဆိုတာလည်း ရောဂါတစ်ခုကို ပျောက်ကင်းအောင်တော့ ကုပေးနိုင်ပါလိမ့်မယ်။ ဒါပေမဲ့ ကိုသေမင်းနဲ့မတွေ့အောင်တော့ သူတို့လည်း စွမ်းဆောင်ပေးနိုင်မှာ မဟုတ်ပါဘူး။ သူတို့ကိုယ်တိုင်လည်း တစ်နေ့ကျရင် သေကြရဦးမှာလေ။

လူဆိုတဲ့ သတ္တဝါကလည်း အသစ်အဆန်းတွေ အရမ်းလိုချင်တာလေ…။ အဲတော့လည်း တစ်ဖက်က သေနည်း အသစ်အဆန်းတွေနဲ့ အမြဲသေနေရတာပေါ့။ ကိုသေမင်းအတွက်လည်း အကြောင်းပြချက် အသစ်အဆန်းတစ်ခု အမြဲရှိနေတာပေါ့။ ကိုသေမင်းကတော့ လူတော်၊ လူဆိုး၊ လူကောင်း၊ လူမိုက်၊ လူကြီး၊ လူငယ်၊ ကလေး၊ ဘာဆိုဘာမှ မခွဲခြားဘူး။ လူတော်လူကောင်း လူ့လောကကို အကျိုးပြုနေတဲ့သူဆိုပြီး လူဆိုးလူမိုက်လူရမ်းကား အယောက်၁၀၀ လောက်ရဲ့ အသက်တွေကို ကြိုနှုတ်ပြီး သူ့ဆီထပ်ပေါင်းမပေးဘူး။ သေခြင်းတရားဆိုတာ သင်္ချာပုဒ်စာ တစ်ပုဒ်မဟုတ်သလို၊ စီးပွားရေး လုပ်ငန်းတစ်ခုလည်း မဟုတ်ဘူး။

လူမှာ မွေးလာပြီးကတည်းက သေခြင်းဆိုတဲ့ အကြွေးကို တစ်နေ့ ပြန်ဆပ်ရမှာပဲလေ။ ကိုသေမင်းက သူတောင်းချင်တဲ့ အချိန်၊ သူတောင်းချင်တဲ့နေရာမှာ သူတောင်းချင်တဲ့ ပုံစံနဲ့တောင်းမှာပဲ။ ကိုသေမင်းမှာ အကြောင်းပြချက်ရှိပြီးသား။ ကားတိုက်ပြီး အကြွေးဆပ်ခိုင်းမလား၊ AIDS နဲ့ပဲ အကြွေးဆပ်ခိုင်းမလား၊ ကင်ဆာနဲ့ပဲ အကြွေးဆပ်ခိုင်းမလား၊ ကျဉ်ဆံမှန်ခိုင်းပြီးပဲ အကြွေးဆပ်ခိုင်းမလား၊ ရေနစ်ပြီးပဲ အကြွေးဆပ်ခိုင်းမလား၊ မီးလောင်ပြီးပဲ အကြွေးဆပ်ခိုင်းမလား၊ … ကျွန်တော် တစ်ထိုင်တည်း စဉ်းစားလို့ မရနိုင်တဲ့ နည်းအမျိုးမျိုးရှိပြီးသား။ ကိုသေမင်းကို အကြွေးဆပ်ဖို့ တစ်နည်း သေဖို့အတွက် အကြောင်းပြချက် တစ်ခုတော့လိုတယ်…။

ကျွန်တော်တို့ ကိုယ့်အကြောင်းပြချက်နဲ့ ကိုယ် ကိုသေမင်းကို အကြွေးဆပ်လို့တော့မရဘူး။ လူဆိုတာ သေဖို့ကို နောက်ဆုံး အချိန်ထိ ငြင်းဆန်နေတယ်လေ။ ကြိုးကွင်းစွပ်ပြီး သေလိုက်မယ်တို့ အဆိပ်သောက်ပြီး သေလိုက်မယ်တို့ဆိုပြီး သတ်သေဖို့ ကြိုးစားတိုင်းလည်း အောင်မြင်တာမှ မဟုတ်တာ။ ကိုသေမင်းက ခင်ဗျားသေခြင်းကို လက်ခံဦးမှ ဖြစ်မှလေ။ ခင်ဗျားမှာ နှလုံးရောဂါရှိလို့ နှလုံးရောဂါနဲ့ပဲ သေရပါမယ်လို့ အကြောင်းပြချက်ကို တရားသေမှတ်ယူထားလို့ မရပါဘူး။ ကိုသေမင်းက ခင်ဗျားဆိုင်ကယ်စီးနေတုန်း စက်ချို့ယွင်းလာတဲ့ လေယာဉ်ပျံကို တိုက်ခိုင်းပြီး သေချင်သေခိုင်းမှာလေ…။ ကိုသေမင်းက Complain တက်ခွင့်ပေးမထားပါဘူး။ ကိုသေမင်းရဲ့ အကြောင်းပြချက်တွေမှာ လျို့ဝှက်ချက်တွေ ရှိပြီးသားပါ။

လူသားဟာ သေခြင်းဆိုတဲ့ ကိစ္စကို မဖြေရှင်းနိုင်သေးသလို သေခြင်းရဲ့ နောက်ကွယ်မှာ ဘာရှိမလည်းဆိုတာကိုလည်း ကြောက်တတ်တယ်လေ။ ဘာသာတရားတိုင်းက ကျွန်တော်တို့ကို ရှင်သန်ချိန်မှာ ငြိမ်းချမ်းစွာနေထိုင်နိုင်ဖို့ လူသားဆန်ဖို့ကို သွန်သင်ထားရုံသာမက သေခြင်းကို ကောင်းစွာရင်ဆိုင်ရဲအောင်လည်း သွန်သင်ထားပါတယ်။ တစ်ချိန် ကိုသေမင်း အကြောင်းပြချက်တစ်ခု နဲ့ လာခေါ်မဲ့ အချိန်ကို စောင့်ရင်း ကျွန်တော်တို့ ဘာသာတရားတွေရဲ့ အဆုံးအမတွေအောက်မှာ လူသားဆန်စွာ ငြိမ်းချမ်းစွာနဲ့ အသက်ရှင်နေလို့ရပါတယ်။ ဘယ်လိုနည်းနဲ့ သေမှာလည်းဆိုတာ ကိုသေမင်းပဲ ဆုံးဖြတ်ပါလိမ့်မယ်။ ဘယ်လိုနည်းနဲ့ ရှင်မှာလည်း ဆိုတာ ကျွန်တော်တို့ ဆုံးဖြတ်ကြတာပေါ့။ ကိုသေမင်းက သေဖို့အတွက်ပဲ အကြောင်းပြချက်လိုတာပါ။ ရှင်ဖို့ အတွက်အကြောင်းပြချက်ဟာ သူ့အလုပ်မဟုတ်ပါဘူး။ ကျွန်တော်တို့ ကိုယ့်အလုပ်ကိုပဲ ကိုယ်လုပ်ကြရအောင်ဗျာ။ သေဖို့အတွက် အကြောင်းပြချက်ကို ကိုသေမင်း သူ့ဖာသာရှာပါလိမ့်မယ်။ လူဆိုတာ သေဖို့အတွက် အကြောင်းပြချက်တစ်ခုတော့လိုတယ်လေ။


ကိုဇေ

August 12, 2013 (12:31PM) 

2 comments:

Ko Nyi Nyi Taunggyi said...

စာအရေးအသားတွေကောင်းတယ်ဗျာ ၊ စိတ်မဆိုးရင် Page Layout ကို ကျွန်တော့်အကြိုက်ပြင်ပေးချင်လို့ ပြောပြမယ်နော် .... Word File မှာ စာရေးပြီးရင် စာလုံးချဲတဲ့ space ကို 2.5 လောက်ထားပြီးမှ Blog ကို Copy & Paste လုပ်တင်ရင် စာဖတ်ရတဲ့သူ ဖတ်ရတာလဲ ရှင်းတယ် .... မျက်လုံးလဲ မငြောင်းဘူး .... နောက်တစ်ခု က စာလုံးတွေကို ညီအောင်းမစုနှဲ့ဗျ .... ဘလော့ပေါ်လဲရောက်ရော စာလုံးပေါင်းတွေလွဲ ပြီး ဒေါင့်တွေကပ်ကုန်တယ် ... စာက ကောင်းပြီး ဖတ်မကောင်းလို့ ဝင်ရေးသွားပါတယ် .... ကျေှးဇူးတင်စွာဖြင့်
ကိုညီညီ - တောင်ကြီး

http://konyinyitaunggyi.blogspot.com/

( မသိတာရှိရင် လဲ အဆင်ပြေရင် မေးချင်ပါတယ် )

Ko Zey said...

ဟုတ်ကဲ့ ခုလို အကြံပေးတာ ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျ... ကျွန်တော် blog မှာ word file ကနေ ကော်ပီကူးတင်တာဆိုရင် အဆင်ပြေပေမဲ့ Facebook ကနေ ကော်ပီကူးရင် နောက်မှာ အဖြူတန်းနဲ့ high light ဖြစ်နေလို့... layout change လိုက်တာလည်း အဆင်မပြေဘူး... ဘယ်လိုကြောင့်ဆိုတာ သိရင် ညွှန်ပြပေးစေချင်ပါတယ်ခင်ဗျ...။