Friday, May 31, 2013

ကောင်းတာလုပ်လျှင် ကောင်းတာဖြစ်မည်...

လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုကျော် ၁၉၉၇ ခုနှစ်တုန်းက ကျွန်တော်နေခဲ့ဘူးတဲ့ ဝဂီဆိုတဲ့ ရပ်ကွက်လေး မဖျက်ခင်မှာ သူငယ်ချင်းတွေနဲ့ အမှတ်တရလေးတွေ ရေးပေးကြရင်းနဲ့ ကျွန်တော့သူငယ်ချင်းတစ်ယောက်က အောက်ပါအတိုင်း ရေးပေးခဲ့ဘူးပါတယ်….



သူပြောတာလည်းမှန်သလိုလိုပါပဲ.. ဆယ်စုနှစ်တစ်စုနီးပါးလောက် မှန်တယ်လို့ထင်ခဲ့မိပါတယ်… ဒါပေမဲ့ ကျွန်တော် ဒီထက်ပိုသိသွားတဲ့အချိန်…

“ကောင်းတာလုပ်ရင် ကောင်းတာဖြစ်မယ်”


ကျွန်တော်အဲစကားကို ရဲရဲဝံ့ဝံ့ပြောရဲသွားပါပြီ…

ကိုနေဘုန်းလတ် ချပြခဲ့ဘူးတဲ့ equation လေးတစ်ခုရှိပါတယ်…

  • 1+2+3+x+y+z = 6+x+y+z


1+2+3 ဆိုတာကတော့ ယခုဘဝမှာပြုလုပ်ထားတဲ့ ပစ္စုပံကံဆိုပါတော့။ x+y+z ကတော့ ကျွန်တော်တို့ကျင်လည်ခဲ့ဘူးတဲ့ အတိတ်ဘဝပေါင်းများစွာက ကုသိုလ်ကံ အကုသိုလ်ကံတွေဆိုပါတော့။ လူအချို့ကပြောကြတယ်… ငါကောင်းတာလုပ်ရက်သားနဲ့ ဆိုးတာတွေပဲ ဖြစ်လာတယ်.. မကောင်းတာလုပ်တဲ့သူတွေကျတော့ ကောင်းတာတွေချည်းဖြစ်လာတယ်တဲ့… ဟုတ်ပါတယ်.. ကျွန်တော်တို့ ဂင်္ဂါဝါလုသဲစုမက ပွင့်တော်မူခဲ့ပြီးသော ဘုရားတွေဆီမှာ ကျွတ်တန်းမှ မဝင်ခဲ့တာ။ ကျွန်တော်တို့ အကုသိုလ်တွေ အရမ်းများနေလို့ပေါ့.. အဲအင်္သချေသော ဘဝပေါင်းများစွာမှာ ကျွန်တော်တို့ ဘာအကုသိုလ်ကံတွေလုပ်ခဲ့လည်း… ကျွန်တော်တို့ မြင်လည်းမမြင်ရဘူး၊ သိလည်းမသိနိုင်ဘူးလေ။ 

ကျွန်တော်တို့ကောင်းတာလုပ်လို့ ကောင်းတာမဖြစ်တာမဟုတ်ပါဘူး။ မကောင်းတဲ့အတိတ်ကံ x+y+z ကအရမ်းများနေလို့ ကောင်းတဲ့အကျိုးမပေးသေးတာပါ။ ခုလက်ရှိလုပ်ထားတဲ့ ကောင်းမှုနဲ့ အတိတ်ကကျန်ခဲ့တဲ့ မကောင်းမှု တို့ကျေလို့ equation zero ဖြစ်သွားရင် ကောင်းတဲ့ကံတွေအကျိုးပေးပါလိမ့်မယ်။ အရေးကြီးတာက ကျွန်တော်တို့ ကောင်းတာလုပ်နေဖို့ပါပဲ။ ကျွန်တော်တို့ အတိတ်ဘဝကံကိုချည်း အပြစ်ပုံချဖို့လည်း မလိုပါဘူး။ တစ်ကယ်လက်ရှိအကျိုးပေးဆုံးကတော့ ပစ္စုပန်ကံ ဖြစ်ပါတယ်… ကျွန်တော်တို့ ကောင်းတာဖြစ်ချင်ရင် ပစ္စုပန်မှာ ကောင်းတာများများလုပ်ဖို့လိုပါတယ်…

ဆရာမင်းခက်ရဲ ကလည်း လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုကျော်လောက် ၂၀၀၂ ခုနှစ် ဇွန်လ (၃) ရက်နေ့တွင် ထုတ်ဝေခဲ့သည့် ၀ိမုတ္တိဂျာနယ် အမှတ်စဉ် (၂) မှာ ကံကံ၏အကျိုး နဲ့ ပတ်သက်ပြီးတော့ ခုလို ရေးခဲ့ဘူးပါတယ်။

ကံနှစ်မျိုးရှိ၏။ အတိတ်ဘ၀ကံနှင့် ပစ္စုပ္ပန်ကံပင်။ အတိတ်ဘ၀ကံကား ပဋိသန္တေစိတ်ကိုသာ အကြီးမားဆုံး ပြဌန်းနိုင်၍ ကျန်ဘ၀ တစ်လျှောက်လုံးတွင် လွှမ်းမိုးခြယ်လှယ်နိုင်မှုနည်း၏။ ကျန်ဘ၀ တစ်လျှောက်လုံးက ကိုယ်တိုင်စွမ်းဆောင်မှု ရှိမှ ပြီးမြောက်အောင်မြင်မည်ဟုသော ပစ္စုပ္ပန်ကံနှင့်ဆက်၏။ ကံ ဥာဏ် ၀ီရိယနှင့် ရှင်သန်၏။ ရေများလျှင် ရေနိုင်၏။ မီးများလျှင် မီးနိုင်၏။ အတိတ်ဘ၀ကံမည်မျှ ကြီးမားပါစေ၊ လက်ရှိဘ၀တွင် အစွမ်းကုန် ကြိုးပမ်းခြင်းဖြင့် ပယ်ချနိုင်၏။

  ကျွန်တော့်မှာ မွေးဖွားလာကတည်းက ကံ၏အပြဌန်းခံရပြီးဖြစ်သည်။ ထိုကံအား ယခု လက်ရှိတွင် ကျွန်တော်တို့ ပြောင်းလဲနိုင်သည်။ မည်မျှဆိုးရွားသော ပြဌန်းမှုဖြစ်ပါစေ၊ ကျွန်တော်တို့ ပြောင်းလဲနိုင်ခဲ့ကြသည်ချည်း ဖြစ်၏။ သို့သော် အတိတ်ကံဆိုးများကို ပယ်ရှားရာတွင် ကိုယ့်အားကိုယ်ကိုး စွမ်းဆောင်ရန် လိုအပ်ပါမည်။

  ဗုဒ္ဓဘာသာ၏ အခြေခံတရားက ကံ ကံ၏အကျိုးဖြစ်သည်။ ကံ ကံ၏အကျိုးဆိုသည်မှာ ကောင်းတာလုပ်လျှင် ကောင်းတာဖြစ်၍ မကောင်းတာလုပ်လျှင် မကောင်းတာ ဖြစ်မည်ဟုဆိုသည်။ ထိုသို့ဆိုပြီး ထိုင်နေပါက ဘာမှ ဖြစ်မလာမည်မှာ သေချာပါသည်။ ကိုယ့်အားကိုယ်ကိုး၍ မိမိတို့ ပြီးမြောက်စေလိုသော အလုပ်ကို လုပ်ဆောင်ကြရန် သဘောလည်းပါ၏။

မမေ့မလျှော့နေကြရန်လည်းပါ၏။  မကောင်းတာလုပ်၊ မကောင်းတာဖြစ်၊ ဒါကြောင့် “ကောင်းတာ၊ မှန်တာ၊ တရားတာ” လုပ်ရန် မမေ့မလျော့တိုက်တွန်းခြင်းလည်း ဖြစ်သည်။ ကံ ကံ၏အကျိုးကား ကိုယ်အားကိုယ်ကိုးရန် တိုက်တွန်း၏။ ၄င်းသည် ကိုယ်ပိုင်စွမ်းဆောင်ချက်ဖြင့် ကောင်းမွန်ပြည့်စုံသော ကိုယ့်ကြမ္မာကိုယ်ဖန်တီးရန် နှိုးဆော်ခြင်းမျိုးသာ ဖြစ်ပါတော့သည်။


ခုချိန်မှာတော့ ကျွန်တော့်သူငယ်ချင်း အုပ်စိုးသင်းရဲ့စကားကို ကျွန်တော်ပြင်ပြီး ပြောပါရစေ။

ကောင်းတာလုပ်လျှင်ကောင်းတာဖြစ်မည်။ မကောင်းတာလုပ်လျှင် မကောင်းတာဖြစ်မည်။



May 31,2013 တွင်ကျရောက်သော ချစ်သူငယ်ချင်း အုပ်စိုးသင်း ၏ ၃၂ နှစ်ပြည့်မွေးနေ့အမှတ်တရ…



ကိုဇေ
May 31, 2013
5:02 PM

No comments: