Wednesday, March 20, 2013

အဖြူရောင်ကို ကျဲပက်ကြည့်ခြင်း

နှင်းတွေက ဖြူသေးရဲ့လား '' လိုင်ဇာ ''
ဘာတစ်ခုမှ မခမ်းနားဘူး
အကြောက်တရားပေါ်က အမုန်းအမုန်းပေါ်မှာ ဒဏ်ရာ
ကဗျာဆရာကတော့ ကဗျာဆရာလိုပဲ
မေးခွန်းပေါ် သံသယဆင့်
သူတို့ .. ညတွေ
သူတို့ .. နေ့တွေ
အိပ်ရေးမ၀တဲ့ မျက်ဝန်းနုနုတွေထဲ
အမဲလိုက် ကကြိုးကကွက်
အနုပညာတော့ ဘယ်ဆန်နိုင်ပါ့မလဲကွယ် ... ၊
သွေးရူး သွေးတန်း
သွေးသံ ရဲရဲ
အပိုင်းပိုင်း အပြတ်ပြတ်
ယမ်းငွေ့ပေါက်ကွဲ
ဒါ .. ကျူးလွန်သူရဲ့ အမုန်းလား
ဖိနှိပ်ခံသူတို့ရဲ့ အမုန်းလား
သေခြင်းတရားနဲ့ ကစားတဲ့စစ်
ဘယ်သူပစ်ချခဲ့တဲ့ ဘ၀တွေလဲ
ကဗျာဆရာကတော့ မေးခွန်းပေါ် မေးခွန်းဆင့်
သူတို့ခမျာ အမုန်းပေါ်မှာ ဒဏ်ရာ ... ၊
အိမ်ရှင်ကို ဧည့်သည်က စော်ကားတာလား
ဧည့်သည်ကို အိမ်ရှင်က စော်ကားတာလား
တကယ်ဆို ...
အသွေးတူ အသားတူ
ကြည်ဖြူခဲ့တဲ့သမိုင်း ... ရိုင်းပြီလား
ခရီးဆုံးရင် .... ဘယ်လဲ
စစ်မီးတို့ ဟုန်းဟုန်းတောက်မြူးရာ
အဲဒါ ... ငါတို့ရင်ဘတ်တွေပဲ
သေခြင်းတရားနဲ့ တို့တွေက အမြွှာဆိုခဲ့ရင်
သူတို့က ရင်ခြင်းဆက်အမြွှာ
စစ်ဆိုတာ ဘယ်သူက ဘယ်သူ့ကိုမှ မနိုင်ဘူး
ခင်ဗျားတို့ အလျော်အစားက
နှလုံးသားစစ်စစ်နဲ့ ဘ၀တွေ
သံသရာဆိုတာ ပွဲပြီးထပြန်ခွင့်မရှိတဲ့ခရီး
ဘုရားသခင်ဆီ သွားရာလမ်းကလည်း
သွေးစွန်းအင်္ကျီဝတ်ခွင့်မရှိ ...
ဘယ်သူသေ သေ အာဏာရူး ငတေတစ်စုကတော့
မာမြဲ မာဆဲ မာလျှက် ...
ခင်ဗျားတို့ပစ်တဲ့ ကျည်တန်ဖိုးနဲ့
ကချင်ပြည်နယ်တရိုး
ရွှေမိုးတွေ ရွာလို့ရတယ် ... ၊
ဆိုရင် ...
အေးချမ်းမှုနဲ့ မျက်ဝန်းတွေကို တည်ငြိမ်စေ
ယုံကြည်မှုနဲ့ ဘ၀တွေကို တောက်ပစေ
ကရုဏာနဲ့ အနာဂတ်ကို နွေးစေ
ကချင်ပြည်နယ်က နှင်းတွေ ဖြူပါစေ ..
ကချင်ပြည်နယ်က ဆောင်း အေးပါစေ ..
ဘုရားသခင်နဲ့ နီးပါစေ ..
အာမင် ... ။ ။

သုထက်မှူး

Original Source : http://www.thanlwin.com/beta/index.php/poem/257-splashthewhite


No comments: