ကျနော်
လေးတန်းတုန်းက ပဲခူးတိုင်း သဲကုန်းမြို့နယ်ထဲက ပုတီးကုန်းဆိုတဲ့ မြို့လေးမှာ။ ကျနော့်အမေက
ပုတီးကုန်းသူ။ ၁၉၈၈ အရေးအခင်းအပြီးမှာ ပုတီးကုန်းက အဖွားဆီ ခဏပြောင်းလာရင်း အဲဒီမှာပဲ
နှစ်တန်း ဒုတိယနှစ်ကနေ ပြန်တက်ခဲ့တယ်။ ကျောင်းက အ.မ.က သီရိဇေယျာမှာ။ ၁၉၉၁ ခုနှစ်။ ကျောင်းမှာ
ကျောင်းအုပ်ကြီးအပါအ၀င် ဆရာ/ဆရာမ ၅ ယောက်ပဲရှိတယ်။
ကျနော်
လေးတန်းတုန်းက မာမာ (ကျနော့်အမေကို ကျနော် အဲဒီလိုခေါ်တယ်) က မုန့်ဖိုးတစ်နေ့တစ်ကျပ်ပေးတယ်။
အဲဒီခေတ်တုန်းကတော့ တော်တော်များတဲ့ ပမာဏလို့ ပြောလို့ရတယ်။ ကျောင်းမှာ မုန့်ဈေးတန်းမရှိဘူး။
နေ့လည်ဆို ထမင်းအိမ်ပြန်စားရတယ်။ အဲဒီပိုက်ဆံတွေ ကျနော် သုံးပြစ်ခဲ့လား စုမိသလားဆိုတာ
မမှတ်မိဘူး။
ကျနော်လေးတန်းတုန်းက
ကျောင်းက ၀ါတွင်းဆို အဖိတ်နေ့ နဲ့ ဥပုသ်နေ့ ပိတ်တယ်။ မှတ်မှတ်ရရ ၀ါတွင်းတစ်ခုသော တနင်္ဂနွေ
အိမ်ပြန်ထမင်းအစား မြန့်မာ့အသံက ရွှေဂေါင်းပြောင်ကား လာနေတယ်။ နေ့ခင်းကျောင်းပြန်တက်ချိန်အထိ
မပြီးဘူး။ ကျနော်က ကျောင်းပြန်မသွားဘူးဆိုပြီး အတင်းဂျီကြတယ်။ မာမာက အတင်းလွှတ်ပေမဲ့
ဖွားဖွားကြီးက ကလေးရုပ်ရှင်ကြည်ပါစေဆိုလို့ ကျနော် ကျောင်းမသွားဘဲ ဆက်ကြည့်ဖြစ်တယ်။
ညနေကျ ကျနော် နေ့ခင်း ကျောင်းပြန်မတက်လို့ ဆိုပြီး ဆရာမကြီး (ကျောင်းအုပ်) နဲ့ ဆရာမလေး
အိမ်လိုက်လာတယ်။ ဆူသွားလား ဘာလားဆိုတာတော့ မမှတ်မိဘူး။
ကျနော်လေးတန်းတုန်းက သီရိဇေယျာတစ်လမ်းထိပ်က
ကျနော်တို့ အိမ်ရှေ့နားက ရေကန်မှာ ငါးလာမြှားကြတယ်။ ငပြေမတွေ။ သူတို့မိတဲ့ငါးကို နို့ဆီခွက်ထဲ
ထည့်ထည့်ထားတယ်။ ကျနော်က အဲဒီနို့ဆီခွက်တွေထဲက ငါးတွေကို လစ်ရင်လစ်သလို ပြန်ပြန်လွှတ်ပေးဘူးတယ်။
ကျနော့် (ဆုံးသွားတဲ့) အဖိုး (သူက ဆန်စက်လုပ်ငန်းရှင် တစ်ဖြစ်လည်း နိုင်ငံရေးသမားဟောင်း)
နဲ့ ကျနော့ဦးလေး အကြီးဆုံး (သူက ပုတီးကုန်း ရ၀တက အတွင်းရေးမှုးလေ) အရှိန်ကြောင့်ပဲထင်တယ်။
ကျနော် ဘာပဲ လုပ်လုပ် မပြောကြဘူး။
ကျနော်လေးတန်းတုန်းက ဂျင်မပေါက်တတ်ဘူး၊
(ခုထိလည်း မပေါက်တတ်ခဲ့ဘူး) ကျနော့်မှာ BMX လေးတစ်စီးရှိတယ်။ ကျနော် သုံးတန်းတုန်းက
အစ်မ၀မ်းကွဲသင်ပေးလို့ စက်ဘီးစီးတတ်ခဲ့တာလေ။ (အဲဒီတုန်းက ငှားပြီးသင်ပေးတာ၊ ဒူးပြဲပြီးမှ
တတ်ခဲ့တာ၊ စက်ဘီးစီးတတ်တော့ ကျနော် စက်ဘီးဝယ်ပေးဖို့ ပူစာရင်း BMX လေးရခဲ့တာ)။ ညနေတိုင်းလိုလို
စက်ဘီးပတ်စီးတယ်။ ကျနော် စက်ဘီးစီးရတာ ၀ါသနာပါတယ်။ ကျနော် စက်ဘီးစီးတာ အရမ်းကြမ်းတယ်လို့
ပြောကြတယ်။
ကျနော်လေးတန်းတုန်းက ညနေဆို အစ်ကိုကြီးတွေက
အိမ်နားက ဘောလီဘောကွင်းမှာ ဘောလီဘောပုတ်ကြတယ်။ ကျနော်က တစ်ခါတစ်လေ ဒိုင်လုပ်ပေးတယ်။
ပွဲပြီးရင် ကျနော့်ကို မစိမ်းမွှေးဆိုင်မှာ ဆန်ပြုတ်တိုက်တဲ့အခါ တိုက်တယ်။ ဗိုလ်ရုံမှာ
အကြော်လိုက်ကျွေးတဲ့အခါ ကျွေးတယ်။
ကျနော်လေးတန်းတုန်းက ကျနော့ထက် တစ်တန်းလား
နှစ်တန်းလားမသိ ငယ်တဲ့ တစ်ကျောင်းတည်း တစ်လမ်းထဲနေတဲ့ ဆော့ဖော်ဆော့ဖက် ဝေမောင်ဆိုတဲ့
ကောင်လေး ဆုံးသွားတယ်။ ကျနော် ညဘက် ငိုမိသေးတယ်။
ကျနော်လေးတန်းတုန်းက ကျောင်းပိတ်ရက်တွေဆို
ကြက်ခတ်တန်းဆိုတဲ့ ရွာလေးက ဘုန်းကြီးကျောင်းမှာ သွားသွားဆော့တတ်တယ်။ အဲဒီကျောင်းမှာ
ကျနော်တို့ ရဟန်းခံပေးထားတဲ့ ဦးဇင်းလေးရှိသလို ကျနော်လည်း ကိုရင်ဝတ်ခဲ့ဘူးတယ်လေ။ ဘုန်းဘုန်းက
အခြားကိုယ်ရင်တွေဆို ဆူတယ်၊ရိုက်တယ်။ ကျနော့်ကို ဘယ်တော့မှ မဆူ၊ မရိုက်ဘူး။
ကျနော် လေးတန်းတုန်းက ကျနော့် ၁၀နှစ်ပြည့်မွေးနေ့မှာ
တစ်ကျောင်းလုံးကို ဆပ်ကြိုတိုက်တယ်။ ကျောင်းက ဆရာ၊ ဆရာမတွေကို နေ့လည်စာ အိမ်မှာ ထမင်းကျွေးတယ်။
ကျနော့်ကို အကျီ အနက်မှာ အ၀ါရောင်အရုပ်လေးတွေနဲ့ရယ်၊ ဘောင်းဘီတို အ၀ါလေးရယ် လက်ဆောင်ပေးသွားတယ်။
ကျနော် လေးတန်းတုန်းက အတန်းထဲမှာ အမြဲ အဆင့်
(၁) သို့ (၂) ရတယ်။ ကျနော် နဲ့ အေးအေးငြိမ်းဆိုတဲ့ ကောင်မလေး နဲ့ တစ်ယောက်တစ်လှည့်။
အဆင့် (၃) ကိုအမြဲတန်းရတာက ၀င်းဝင်းယုဆိုတဲ့ တရုတ်မလေး။ ကျနော့်ကို ဆရာမတွေရော ရပ်ကွက်ထဲက
အစ်ကိုတွေကပါ အဲဒီ ကောင်မလေးနှစ်ယောက်နဲ့ အမြဲစတယ်။ ကျနော် ဘာမှ နားမလည်ခဲ့ဘူး။
ကျနော်လေးတန်းတုန်းက အတန်းတင် စာမေးပွဲကြီးက
အစိုးရစစ် စာမေးပွဲ။ စာမေးပွဲဖြေတော့ ကိုယ့်ကျောင်းမှာကိုယ် အခြားကျောင်းက ဆရာမတွေ
လာစောင့်တယ်။ ကျနော် နဲ့ ရင်းနှီးတဲ့ ဆရာမတွေ မဟုတ်တော့ အားငယ်မိခဲ့သေးတယ်။
ကျနော်
လေးတန်းအောင်တော့ ကျနော်တို့ မိသားစု ရန်ကုန်ပြောင်းခဲ့တယ်။
ကိုဇေ
ဖေဖော်ဝါရီ (၁၅) ရက်၊ ၂၀၁၆ ခုနှစ်၊ နေ့လည် ၄နာရီ ၁၅ မိနစ်။
(သတိရမိတာများရှိရင် နောက်မှ
ထပ်ဖြည့်ပါဦးမည်)
No comments:
Post a Comment